တနင်္သာရီဒေသရှိ ဘုတ်ပြင်းမြို့နယ်အတွင်း ကင်းပုစွန်နှင့်အခြားရေနေသတ္တဝါများကို ဖမ်းဆီးရန် ထွက်ခွာလာသည့် အလုပ်သမားများကို ဒီဇင်ဘာ ၁၈ရက်က မြင်တွေ့ရစဥ်။ (မောင်ထင် | ဖရွန်းတီးယား)

မှောင်ခိုသမားများ၏နိဗ္ဗာန် – တနင်္သာရီတွင် တဟုန်ထိုးမြင့်တက်လာသည့် ပင်လယ်စာတရားမဝင်ကုန်ကူးမှု

စစ်ကောင်စီက အကောက်ခွန်စစ်ဆေးမှု တင်းကျပ်လိုက်သောအခါ တနင်္သာရီဒေသမှ ထိုင်းနိုင်ငံသို့ ပင်လယ်စာ မှောင်ခိုကုန်သွယ်မှု ပိုမိုမြင့်တက်လာသည်။ ထိုမှောင်ခိုကုန်သွယ်မှုတွင် မြန်မာရေတပ်ကလည်း ပါဝင်ပတ်သက်နေသည်။

မောင်ထင် ရေးသားသည်။

ကပ္ပလီပင်လယ်ပြင်တွင် အရှိန်ပြင်းပြင်း ခုတ်မောင်းနေသော စက်လှေတစ်စီးပေါ်တွင် ခြုံစောင်များရစ်ပတ်လျက် အအေးဒဏ်ကို အံတုကာ လူငယ်၁၄ဦး လိုက်ပါလာကြသည်။ ဒီ‌ရေတောစပ်တစ်ခုသို့ရောက်သော် လှေမောင်းက စက်သတ်လိုက်ပြီး “ထကြတော့”ဟု လိုက်ပါလာသူများကို အော်ဟစ်လှုပ်နှိုးလိုက်သည်။ အသက်၂၀ဝန်းကျင် ဇနီးမောင်နှံနှစ်ဦး LED မီးလုံးများနှင့် လှေပေါ်မှ ဆင်းသွားပြီး ဒီရေတောစပ်တစ်ခုဆီသို့ ချဉ်းကပ်သွားသည်။ စက်လှေကမူ ကမ်းရိုးတစ်လျှောက် ဆက်လက်ခုတ်မောင်းသွားသည်။

လှေပေါ်လိုက်ပါလာသူများလည်း ပဲ့ထိန်းနှိုးသံကြောင့် အိပ်နေရာမှ လန့်နိုးလာကြပြီး ကပ်းစပ်တစ်လျှောက် ကြိုတင်သတ်မှတ်ထားရာ နေရာများသို့ တစ်သုတ်ပြီး တစ်သုတ် ခုန်ဆင်းသွားကြသည်။ အရုဏ်တက်ချိန်တွင် ၎င်းတို့သည် ဒီရေတောရေတိမ်ရာ အရပ်များတွင် ကင်းပုစွန်နှင့် သွေးဂုံးများ ရသမျှကို ပလက်စတစ်ဖော့ပုံးများဖြင့် ကောက်ယူစုဆောင်းကြသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်တစ်လျှောက်ကို အမှီပြုရသော ဤလုပ်ငန်းများအဖို့ လုပ်ငန်းခွင်ဝင်ချိန်ဟူ၍ အတိအကျမရှိ။ ဒီရေ အတက်၊ အကျ အပေါ်မူတည်၍ အလုပ်ဆင်းကြရသည်။ အချို့ရက်များတွင် နံနက်၁နာရီခန့်ကတည်းက အလုပ်ဆင်းရသည်။ လွန်ခဲ့သည့် ဒီဇင်ဘာတွင် ဖရွန်းတီးယားက ထိုဒေသသို့ သွားရောက်လေ့လာခဲ့ရာ ဒီရေတက်လာသဖြင့် အဆိုပါလုပ်သားများသည် နံနက်၁၀နာရီခန့်တွင် အလုပ်သိမ်းလိုက်ကြသည်။ အလုပ်သိမ်းချိန်တွင် လှေသမားပြန်လည်ရောက်ရှိလာပြီး ၎င်းတို့သည် ဖမ်းယူရရှိသည့် ရေထွက်ကုန်များကို လက်ကားဒိုင်များသို့ သွားရောက်ရောင်းချကြသည်။

အလုပ်သမားတစ်ဦးသည် တစ်ရက်လျှင် ငွေကျပ် ၅,၀၀၀မှ ၂၅,၀၀၀ ခန့်အထိ ဝင်ငွေရှိသည်။ ဇွန်မှ စက်တင်ဘာအတွင်း မိုးရာသီကာလဆိုလျှင် ကင်းပုစွန်ပိုမိုပေါများသဖြင့် တစ်ရက်လျှင် ငွေကျပ်တစ်သိန်းအထိ ဝင်ငွေရှိသည်။ ဤအလုပ်သည် ငွေစအနည်းငယ်ဖြင့် အလွယ်တကူ လုပ်နိုင်သောအလုပ်ဖြစ်သည်။ ဥပမာအားဖြင့် ဖော့ပုံးတစ်ပုံးကို ကျပ်၄၀,၀၀၀‌‌ပေး၍ ဝယ်ယူနိုင်ပြီး လက်ငင်းငွေမချေနိုင်ပါက အရစ်ကျလည်း ဝယ်ယူနိုင်သည်။ ပင်လယ်စာအဝယ်ဒိုင်များသည် အလုပ်သမားများကို သယ်ယူပို့ဆောင်ရန် စက်လှေများ ငှားရမ်းပေးလေ့ရှိသည်။ သို့သော် တစ်ခါတရံ ၎င်းတို့ကိုယ်တိုင် ကင်းပုစွန်နှင့် ဂုံးများ ရှာဖွေလေ့ရှိသည်။

ငွေရလွယ်သဖြင့် ချို့တဲ့သည့် မိသားစုများသည် ၎င်းတို့၏ သားငယ်၊ သမီးငယ်များကို ထိုလုပ်ငန်းခွင်များသို့ ‌ဝင်‌ရောက်လုပ်ကိုင်စေကြသည်။ “ကျနော်ကျောင်းတက်ချင်ပေမဲ့ အိမ်မှာ အလုပ်လုပ်မယ့်လူ နည်းသွားမှာစိုးတယ်။ အခုအဖေရယ်၊ အစ်ကိုရယ်၊ ကျနော်ရယ်က အိမ်မှာ အဓိက ငွေရှာတဲ့သူတွေပေါ့”ဟု ကိုပြည့်က ပြောသည်။ ကိုပြည့်သည် သတ္တမတန်းတွင် ကျောင်းထွက်၍ ဤလုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ပြီး ယခုတွင် အသက်၁၅ပြည့်ပြီဖြစ်သည်။

မိသားစုတွင် လေးယောက်မြောက်သားကိုပြည့်သည် သူ့ထက်ငယ်သော မောင်နှမငါးဦးအတွက် ကျောင်းစရိတ်နှင့် အိမ်အတွက်ပါ အပိုဝင်ငွေ ရှာရသည်။ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် လက်ကားအဝယ်ဒိုင်များသည် ကိုပြည့်အပါအဝင် ဒေသခံကင်းပုစွန် (ပကမ်းဟုလည်း ခေါ်သည်)နှင့် ဂုံးကောက်သူများထံက ရေထွက်ကုန်များ ဝယ်ယူပြီး ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့သည်။ ကင်းပုစွန်၊ ကျောက်ပုစွန်၊ သွေးဂုံး၊ မြင်းခွာဂဏန်း၊ ကင်းမွန်နှင့် အခြားဒေသငါးနှင့်ပင်လယ်စာများကို ထိုင်းနိုင်ငံမှ ဈေးကောင်း‌ပေးဝယ်သည်။

“ထိုင်းကို စက်လှေနဲ့ပဲ အကုန်လုံးပို့တာ”ဟု ၎င်းက ပြောသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒီရေတောများတွင် ကင်းပုစွန်နှင့်သွေးဂုံးများကို ဖမ်းရန် သွားရောက်နေသည့် ကလေးငယ်များအပါအဝင် အခြားအလုပ်သမားများကို ဒီဇင်ဘာ ၁၈ရက်က မြင်တွေ့ရစဥ်။ (မောင်ထင် | ဖရွန်းတီးယား)

တင်းကျပ်လာတဲ့ အကောက်အခွန်

တနင်္သာရီ၏ မြောက်ပိုင်းကမ်းရိုးတန်းဒေသ ထွက်ကုန်များကို ကုန်းလမ်းဖြင့် တင်ပို့၍ တောင်ဘက် ဘုတ်ပြင်းကဲ့သို့ မြို့နယ်များမှ ရေထွက်ကုန်များကို ရေလမ်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ကြသည်။ ကုန်းလမ်းဖြင့်ဆိုလျှင် ထီးခီးနှင့် မောတောင်တို့မှ ထိုင်းသို့ တင်ပို့ပြီး ရေလမ်းဖြင့်ဆိုလျှင် ကော့သောင်းမှတစ်ဆင့် ရနောင်းသို့ တင်ပို့သည်။ ရေလမ်းကြောင်းဖြင့်ဆိုလျှင် ကုန်သည်များသည် ကော့သောင်း ကော့သောင်းအာဏာပိုင်များအား လာဘ်ထိုးလေ့ရှိသည်။ လာဘ်ထိုးခြင်းဖြင့် ရေလုပ်ငန်းဥပဒေကို လက်တစ်လုံးခြား ပြုလုပ်နေသည့်အပြင် အခွန်ပေးရမည့်ငွေများ ၎င်းတို့၏ အိတ်ကပ်ထဲသို့ ထည့်နေသည်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ဘဏ္ဍာရေးချွတ်ခြုံကျသဖြင့် အခွန်ဝင်ငွေတိုးမြှင့်လာစေရန် စစ်ကောင်စီက အခွန်ကောက်ခံမှုကို ပြန်လည်တင်းကျပ်ခဲ့သည်။ ထိုသို့တင်းကျပ်မှုကြောင့် မှောင်ခိုကုန်သွယ်မှု ရုတ်ချည်းမြင့်တက်လာသည်။ ဒေသခံကုန်သည်များကမူ အာဏာသိမ်းမှုမတိုင်ခင်နှစ်များက အရပ်သားအစိုးရ လက်ထက်တွင် ကုန်သွယ်မှုကို ဥပဒေဘောင်အတွင်းသို့ တဖြည်းဖြည်းသွတ်သွင်းခဲ့သည့် တိုးတက်မှုများ ဆုတ်ယုတ်သွားခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။

အာဏာသိမ်းမှုမတိုင်ခင်က ပို့ကုန်များကို အခွန်ကောက်ခံရာမှာ စက်လှေလုပ်ငန်းရှင်များနှင့် ကော့သောင်းမြို့ရှိ အာဏာပိုင်များအကြား “အပြန်အလှန် နားလည်မှုယူထား”ကြောင်း ထိုင်းဘက်သို့ စက်လှေဖြင့်ပစ္စည်းများ တင်ပို့ရာတွင် နှစ်၂၀ကျော် အတွေ့အကြုံရှိပြီဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးအောင်က ပြောသည်။

“အရင်တုန်းက ငါးလုပ်ငန်းနဲ့ အကောက်ခွန်ဦးစီးဌာနတွေက အပေါ်ယံလောက်ပဲ စစ်ကြတယ်။ ဒါပေမဲ့ အခုစစ်တပ်က အရာရှိတွေက ငါးလုပ်ငန်းဦးစီးအဖွဲ့ထဲ ပါလာတော့ လုပ်ရကိုင်ရတာ အတော်လေးကို ကျပ်လာတယ်”ဟု ၎င်းက ပြောသည်။

ယခင်ကဆိုလျှင် ကုန်သည်များသည် ၎င်းတို့အမှန်တကယ် တင်ပို့သည့် ကုန်ပစ္စည်းပမာဏ၏ သုံးပုံတစ်ပုံခန့်ကိုသာ စာရင်းတင်ခဲ့ကြသည်ဟု ဦးအောင်ကဆိုသည်။ ကုန်ပစ္စည်းများကို တိတိကျကျ စစ်ဆေးရမည့်အစား အကောက်အခွန်အရာရှိများသည် လာဘ်ငွေယူထားပြီး ကုန်သည်များ လျှော့ပေါ့တင်ပြသည့် စာရင်းအတိုင်းသာ အခွန်ကောက်ခံလေ့ရှိကြောင်း ၎င်းကဆိုသည်။ သို့သော် အာဏာသိမ်းမှုနောက်ပိုင်း အာဏာပိုင်များသည် စက်လှေများရှိ ပင်လယ်စာပုံးများ၊ ကုန်လှောင်ကန်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာကြောင်း ၎င်းကပြောသည်။

“အခုတော့ အသေအချာ၊ အတိအကျ လိုက်စစ်လာတယ်။ အခွန်လည်းတိုးပြီးကောက်လာကြတယ်”ဟု အမည်မဖော်လိုသည့် ငါးလုပ်ငန်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဖရွန်းတီးယားသို့ ပြောသည်။

ထို့ပြင် အာဏာသိမ်းမှုနောက်ပိုင်း အခွန်ပေးဆောင်ရမှုကလည်း မြင့်တက်လာကြောင်း ကော့သောင်းမြို့က ကင်းမွန်ငါးကုန်သည် ဦးရန်နိုင်ကပြောသည်။ “အာဏာမသိမ်းခင်က ကင်းမွန်ဗန်း ၅၀၀ ပို့မယ်ဆိုရင် ထိုင်းဘတ် ၂၀,၀၀၀ (မြန်မာငွေ ကျပ်သိန်း၂၀ခန့်)က အများဆုံးပဲ။ အခုတော့ ဘတ်၆၀,၀၀၀ (ကျပ်သိန်း၆၀ခန့်) လောက်အထိ တက်သွားပြီ”ဟု ၎င်းက ပြောသည်။

“အခုတော့ လှေပေါ်ပါလာသမျှ အကုန်အခွန်ကောက်တော့ အမြတ်သိပ်မကျန်တော့ဘူးလေ”ဟု ၎င်းက ပြောသည်။

ထို့ပြင် တဖြည်းဖြည်းကုန်ခမ်းစပြုလာသည့် နိုင်ငံခြားအရန်ငွေ ပြန်လည်ဖြည့်တင်းရန် စစ်ကောင်စီက ကြိုးပမ်းလာသောအခါ တင်ပို့ကုန်များအပေါ်တွင် ဘဏ္ဍာရေးဝန်ထပ်ပိသွားသည်။ ပြည်ပမှ ဝင်ရောက်လာသော မည်သည့်နိုင်ငံခြားငွေကိုမဆို ဝင်ရောက်ပြီး ၂၄နာရီအတွင်း မြန်မာကျပ်ငွေသို့ လဲလှယ်ရမည်ဟု စစ်ကောင်စီက ၂၀၂၂၊ ဧပြီတွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ကျပ်ငွေတန်ဖိုးကို အဆမတန် မြှင့်တင်ထားသည့် ပုံသေငွေလဲနှုန်းမူဝါဒကို အသက်သွင်းလိုက်သောအခါ ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေသည် အရှုံးပြတော့သည် (ထိုစဉ်က ပြင်ပငွေလဲဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်၃၀၀၀ကျော် မြင့်တက်နေချိန်တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ကျပ်၂,၁၀၀သာ သတ်မှတ်ခဲ့ရာ လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှု ကြီးမားခဲ့သည်)။ နောက်ပိုင်းတွင် စစ်ကောင်စီက ဗဟိုဘဏ်နှုန်းနှင့် လဲလှယ်ရမည့် ပမာဏကို လျှော့ချခဲ့ပြီး လက်ရှိတွင် ပို့ကုန်ရငွေ၏ ၅၀ရာခိုင်နှုန်းကိုသာ ထိုနှုန်းထားဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားသည်။ သို့တိုင် ပို့ကုန်လုပ်ငန်းရှင်များ အတွက်မူ အရှုံးပေါ်နေဆဲဖြစ်သည်။

အလုပ်မဖြစ်သည့် မူဝါဒများက ပို့ကုန်လုပ်ငန်းများအတွက် ဆိုးကျိုးသက်ရောက်မှုရှိကြောင်းကို ကော့သောင်းမြို့ရှိ တရားဝင်ကုန်သွယ်မှု စာရင်းဇယားများက သက်သေပြနေသည်။ စုစုပေါင်းပို့ကုန်ပမာဏသည် ၂၀၂၁တွင် တစ်လလျှင် အမေရိကန်‌ဒေါ်လာ ၂၇သန်းအထိ ရှိခဲ့သော်လည်း ယမန်နှစ်၊ ဧပြီနှင့် နိုဝင်ဘာအတွင်း တစ်လလျှင် ဒေါ်လာ၁၂သန်းအထိ ကျဆင်းသွားသည်။

တနင်္သာရီကမ်းရိုးတန်းမှတဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ကင်းမွန်များကို မှောင်ခိုသွင်းရန် လှေပေါ်တွင် ပြင်ဆင်နေကြသည့် အလုပ်သမားများကို ဒီဇင်ဘာ ၁၃ရက်က မြင်တွေ့ရစဥ်။ (မောင်ထင် | ဖရွန်းတီးယား)

ရေငန်ပိုင် ဦးရှင်ကြီး

အခွန်ကောက်ခံမှု တင်းကျပ်လိုက်ခြင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်းက ရေထွက်ကုန် တင်ပို့သူများကို ကုန်ကျစရိတ်ပိုသက်သာစေပြီး အလုပ်သိပ်မရှုပ်သည့် မှောင်ခိုလမ်းကြောင်းပေါ်သို့ တွန်းပို့လိုက်သလို ဖြစ်သွားခဲ့သည်။ “ရေငန်ပိုင် ဦးရှင်ကြီး”များ၏ ကျေးဇူးကြောင့်  မှောင်ခိုလမ်းကြောင်းမှ တင်ပို့သည်ဆိုသော်လည်း အန္တရာယ်နည်းပါးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ထင်တိုင်းကြဲခွင့်ရှိနေသည့် မြန်မာ့ရေတပ်ကို “ရေငန်ပိုင် ဦးရှင်ကြီး”ဟု ညွှန်းဆိုခဲ့သည်။ ၂၀၁၉တွင် မြန်မာ့ပင်လယ်ရေကြောင်းဥပဒေကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းစဉ် ၎င်းက အထက်ပါအတိုင်း ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာ့ပင်လယ်ပြင်တွေကို ငါးဖမ်းသမားတွေက မပိုင်တော့ဘဲ ရေငန်ပိုင် ဦးရှင်ကြီးတွေက ပိုင်နေကြတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

ရေတပ်က လာဘ်စားသည့်ကိစ္စ သတင်းမီဒီယာ စာမျက်နှာများပေါ်သို့ ရောက်ရှိလာသောအခါ ရေတပ်၏ ငွေကြေးတောင်းခံမှု လျော့ကျသွားကြောင်း ဒေသခံ ပင်လယ်ရေထွက် တင်ပို့သူများက ဖရွန်းတီးယားသို့ ပြောသည်။ သို့သော် အာဏာသိမ်းမှုအလွန်တွင် လာဘ်စားမှု ပြန်လည်မြင့်တက်လာသည်ဟု ၎င်းတို့က ဆိုသည်။

ကော့သောင်းမြို့ရှိ အကောက်ခွန်ဦးစီးဌာန၏ စည်းကြပ်မှုကို ရှောင်လွှဲလိုသည့် ကုန်သည်များကမူ ရေတပ်ကို နည်းပေါင်းစုံဖြင့် လာဘ်လာဘ ဆက်သကြသည်။ ကုန်ပစ္စည်းများ မှောင်ခိုသယ်ယူပို့ဆောင်ခြင်း မပြုမီ ကြားပွဲစားများမှတစ်ဆင့် လာဘ်ငွေများကို ကြိုတင်ပေးသွင်းနိုင်သည်။ အမှတ်မသားမပါသည့် ရေတပ်ပိုင် မြန်နှုန်းမြင့်စက်လှေ (စပိဘုတ်)များက တနင်္သာရီမြောက်ပိုင်းရှိ အဓိကဆိပ်ကမ်းမြို့ဖြစ်သည့် မြိတ်မှ ထိုင်းနိုင်ငံ၊ ရနောင်းအထိ ပေါက်ရောက်သော တရားမဝင် ပင်လယ်ရေလမ်းကြောင်း ၁၄နေရာအထိကို စောင့်ကြပ်နေတတ်သည်။ ထိုပင်လယ်ရေလမ်းကြောင်းများကို အသုံးပြု၍ ရေတပ်ကိုလာဘ်ထိုးခြင်းဖြင့် ကော့သောင်းမြို့က အကောက်ခွန်ဌာနကို ရှောင်လွှဲပြီး ပင်လယ်ရေထွက်ကုန်များကို ရနောင်းသို့ တရားမဝင် တင်ပို့ကြခြင်း ဖြစ်သည်။

အဆိုပါ ရေငန်ပိုင် ဦးရှင်ကြီး၏ အာဏ္ဏဝါဂိတ်စခန်းများက တရားဝင်ကုန်သွယ်သည့် စက်လှေများကို တစ်စီးလျှင် ငွေကျပ် တစ်သိန်းအထိ ကောက်ခံပြီး တရားမဝင်စက်လှေများကိုမူ ငွေကျပ် တစ်သိန်းခွဲမှ နှစ်သိန်းအထိ ကောက်ခံသည်။ အာဏာမသိမ်းခင်အချိန်ကဆိုလျှင် တရားဝင်စက်လှေတစ်စီးသည် ၅၀,၀၀၀ကျပ်နှင့် တရားမဝင်စက်လှေဆိုပါက တစ်သိန်းကျပ်သာ ပေးဆောင်ရသည်ဟု ဦးအောင်ကဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်းပိုင်း ပေးရသည့် ထိုနှုန်းထားက ပိုမိုမြင့်တက်လာသော်လည်း တရားဝင်ဆောင်ရသည့် ပို့ကုန်အခွန်များနှင့်ယှဉ်လျှင် မပြောပလောက်သည့် ပမာဏဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့စစ်တဲ့နေရာရောက်ရင် ကျနော်ကတော့ ခိုးဝင်မှာလို့ပဲ ပေါ်တင်ပြောလိုက်တယ်”ဟု  ဦးအောင်က ပြောသည်။ “ပိုက်ဆံတောင်းရတာ ပိုလွယ်တော့ သူတို့ကလည်း မှောင်ခိုလှေတွေကို ပိုသဘောကျတယ်။ ရေတပ်က ငွေပဲလိုချင်တာဆိုတော့ သူတို့ဖမ်းမှာကို ကိုယ်က စိတ်ပူစရာမလိုဘူးလေ”ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ကော့သောင်းမြို့နယ်အတွင်းရှိ ပုလဲလုပ်ကွက်များတွင် တာဝန်ကျနေသည့် ရေတပ် တပ်ဖွဲ့ဝင်များသည် တရားမဝင်ကုန်ကူးသည့် လှေများကို တစ်လလျှင် ကျပ်၃၀,၀၀၀ကောက်ခံပြီး အဆိုပါလုပ်ကွက်များအနီးမှ ဖြတ်သန်းသွားလာခွင့်ပြုထားသည်။ သို့သော် ကင်းလှည့်နေသည့် ရေတပ်သင်္ဘောများနှင့် ပက်ပင်းတိုးသည့် အခါမျိုးတွင်မူ ငွေကြေးအပိုထပ်ဆောင်း ပေးရတတ်သည်။ တစ်ခါတရံတွင် ထိုရေတပ် တပ်ဖွဲ့ဝင်များက ငွေအစား ဓာတ်ဆီ ရှစ်ဂါလန် ပုံးတစ်ပုံး တောင်းတတ်သည်။

တရားမဝင်ကုန်သွယ်မှုသည် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအကြား အသွားအပြန်တည်ရှိနေသည့် သဘောရှိသည်။ ထိုင်းသို့ ပင်လယ်စာများ တရားမဝင်တင်ပို့သည့် စက်လှေများသည် ထိုင်းမှ ကော့သောင်းသို့လည်း ဓာတ်ဆီများ မှောင်ခိုနည်းဖြင့် ပြန်လည်တင်သွင်းလေ့ရှိပြီး ထိုဓာတ်ဆီများကိုပင် သယ်ယူပို့ဆောင်ရေးနှင့် ရေတပ်ကို လာဘ်ထိုးရာတွင် အသုံးပြုကြသည်။ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖရွန်းတီးယားသတင်းဌာနသည် မှောင်ခိုလှေတစ်စင်းနှင့်အတူ ခရီးစဉ်တစ်ခုအတွင်း လိုက်ပါခဲ့ရာ အဆိုပါစက်လှေသည် ထိုင်းနိုင်ငံထုတ် ဓာတ်ဆီတိုင်ကီများကို တရားမဝင်တင်သွင်းရန် ကော့သောင်းမြို့အနီးက ဝယ်ယူခဲ့သည်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ နိုင်ငံခြားအရန်ငွေ ခမ်းခြောက်လာသဖြင့် စက်သုံးဆီပြတ်လပ်မှုဒဏ်ကို နိုင်ငံတစ်ဝန်း ကြုံတွေ့ခဲ့ရသော်လည်း တနင်္သာရီတိုင်းတွင်မူ ထိုင်းမှမှောင်ခိုတင်သွင်းမှုကြောင့် ဓာတ်ဆီ ပြတ်လပ်ခဲ့ခြင်း မရှိပေ။ သို့သော် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုဒဏ်ကိုမူ တစ်ပြေးညီ ခံစားကြရသည်။

ပဋိပက္ခနှင့် စီးပွားရေးကျပ်တည်းမှုကြောင့် မြန်မာမှ ထိုင်းသို့ အလုပ်သမားများ ရွှေ့ပြောင်းမှုမြင့်တက်နေချိန်တွင် ပင်လယ်စာအပြင် အခြားအဖိုးတန်မှောင်ခိုပို့ကုန်မှာ လူသားများပင်ဖြစ်သည်။ တစ်စီးလျှင် လူ၁၀ဦးမှ ၁၅ဦးအထိ ပါသော မော်တော်ယာဉ်ငါးစီးခန့်သည် ကော့သောင်းမြို့မြောက်ဘက် ခရာဘူရီမြစ်ကမ်းတစ်လျှောက်က ကျေးရွာများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ နေ့စဉ်နီးပါး တရားမဝင် ဝင်ရောက်နေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။ ရွှေ့ပြောင်းလုပ်သား ၁၅ဦးလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးကို မောင်းနှင်လာသော ယာဉ်မောင်းသည် ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ်အကြားက စစ်ကောင်စီ၏ ခမောက်ကြီး စစ်ဆေးရေးဂိတ်အရောက်တွင် တာဝန်ကျတပ်သားကို လူအရေအတွက်ပြောပြီး လာဘ်ငွေပေးလိုက်သည်ကို ဖရွန်းတီးယားက မြင်တွေ့ခဲ့ရသည်။

လူကုန်ကူးသည့်လုပ်ငန်းသည် မြိုးမြိုးမြက်မြက်ရသည့် အလုပ်ဖြစ်သည်။ ထိုသို့ ကုန်ကူးရာတွင် လူကုန်ကူးခံရသူ၏ နေရပ်၊ ကျေးရွာမှအစ ထိုင်းနိုင်ငံအတွင်းက ၎င်းအလုပ်လုပ်မည့် နေရာအထိ ပေါက်‌ရောက်သော ကြားခံပွဲစား အဆင့်ဆင့်ပါဝင်သည်။ ဖရွန်းတီးယားက မေးမြန်းခွင့်ရခဲ့သည့် ယာဉ်မောင်း၏ အဆိုအရ ထိုင်းသို့ တရားမဝင် သွားရောက်သူများသည် ပွဲစားများကို အပြီးအစီး ကျပ်သိန်း၄၀အထိ ပေးရကြောင်း ပြောသည်။

တနင်္သာရီဒေသမှ ပင်လယ်စာထွက်ကုန်များကို ရနောင်းတွင် လေလံတင်ရန် ခင်းကျင်းပြသထားသည်ကို ဒီဇင်ဘာ၁၄ရ်က မြင်တွေ့ရစဥ်။ (မောင်ထင် | ဖရွန်းတီးယား)

ပင်လယ်စာခဝါချမှု

အာဏာသိမ်းမှုအလွန် တစ်နိုင်ငံလုံး စီးပွားရေးချွတ်ခြုံကျသည့်တိုင် အခြားဒေသများနှင့်ယှဉ်လျှင် လက်နက်ကိုင်ပဋိပက္ခနည်းပါး၍ ပြန်လည်ဦးမော့လာသည့် မှောင်ခိုကုန်သွယ်မှုကြောင့် ပင်လယ်စာကုန်ကူးသူ လက်ကြီးသမားများသည် ထိုဒဏ်ကို သိပ်မခံစားရပေ။

“အေးအေးချမ်းချမ်း လုပ်ကိုင်စားလို့ရနေသေးတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမယ်”ဟု ဦးအောင်က ပြောသည်။ “အရင်က မြိတ်ဆိပ်ကမ်းမှာ တရားဝင်ကုန်ကူးလှေ ၁၀စီးလောက်ရှိပေမဲ့ အခု တစ်စီးမှ မရှိတော့ဘူး။ အကုန်လုံး ရေတပ်နဲ့ညှိပြီး တရားမဝင်လုပ်ကြတော့တာပါ”ဟု ၎င်းက ပြောသည်။

ပင်လယ်စာလုပ်ငန်းရှင်များနှင့် လက်ဝါးချင်းရိုက်သည့်တိုင် မြန်မာ့ရေတပ်သည် ထိုလုပ်ငန်းရှင်များ အဓိက မှီခိုအားထားရသည့် ဆင်းရဲသား ဒေသခံ၊ ရေလုပ်ငန်းလုပ်ကိုင်သူများကိုမူ အနိုင်ကျင့်၊ ဗိုလ်ကျဆဲဖြစ်သည်။

“သူတို့ (ရေတပ်)က တစ်ခါတလေ ရွာကိုလာတယ်။ တားမြစ်ထားတဲ့ ရေထွက်ကုန် ကောက်တဲ့သူတွေကို ဖမ်းတယ်။ ဒဏ်ငွေရိုက်တယ်”ဟု ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ်ကျွန်းစု ရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။ ရေတပ်အရာရှိများသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ပလဲနံသင့်ကြောင်း ၎င်းကဆိုသည်။ ၎င်းဆိုသည့် တားမြစ်ရေထွက်ကုန်များတွင် ပင်လယ်မျှော့ (ဒေသအခေါ် ရေဘောလုံး)ပါဝင်ပြီး ထိုင်းတွင် ဈေးကောင်း ပေးဝယ်သဖြင့် တားမြစ်ထားသည့်တိုင် တရားမဝင် ရှာဖွေတင်ပို့ကြသည်။

ထို့ပြင် မှောင်ခိုတင်ပို့သည့် ပင်လယ်ရေထွက်ကုန် ပေါများလာသဖြင့် လက်ကြီးသမား ကုန်သည်များ မြိုးမြိုးမြက်မြက်ရသည့်တိုင် ဒေသခံရွာသားများ၏ ဝင်ငွေမှာ လျော့ကျသွားသည်။ “ကုန်ပစ္စည်းတွေက များနေတော့ ဈေးကျပြီး အမြတ်လည်းသိပ်မကျန်တော့ဘူး”ဟု ဘုတ်ပြင်းမြို့နယ်အတွင်းက ကျွန်းစုရွာတစ်ခုတွင် နှစ်၃၀ကျော် ကင်းမွန်ဖမ်းလာသည့် ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ရေထွက်ကုန်တရားမဝင်တင်ပို့သည့် မြန်မာလုပ်ငန်းရှင်များသည် အခွန်အားလုံးကိုတော့ မရှောင်ရှားနိုင်ပေ။ ရနောင်းမြို့သို့ ရောက်သောအခါ ၎င်းတို့သည် ထိုင်းအကောက်ခွန်ဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့ကို အခွန်ပေးဆောင်ရသည်။ စက်လှေတစ်စီးလျှင် ထိုဌာနနှစ်ခုလုံးကို ထိုင်းဘတ်၁,၀၀၀ခန့် (မြန်မာငွေ တစ်သိန်းခန့်) အခွန်ဆောင်ရကြောင်း ရနောင်းငါးလေလံဈေးတွင် အလုပ်လုပ်နေသည်မှာ နှစ်ပေါင်း၃၀ ကျော်ပြီဖြစ်သည့် ကိုတူးတူးက ပြောသည်။ အခွန်ဆောင်သဖြင့် လှေသားများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ရနောင်းနှင့် အနီးတစ်ဝိုက်ခရိုင်များသို့ သွားရောက်ခွင့်ရှိသည့် ခုနှစ်ရက်သက်တမ်းရှိ နေထိုင်ခွင့်ကတ်ပြားများထုတ်ပေးသည်။

ထိုသို့ တရားဝင်အခွန်ဆောင်သည့်တိုင် ပင်လယ်စာတင်ပို့သည့် မှောင်ခိုလှေများသည် ထိုင်းငါးလုပ်ငန်း ဦးစီးဌာနကိုမူ ကြောက်ရသည်။ ယင်းဌာနက မြန်မာပြည်မှ တင်သွင်းလာသည့် ရေထွက်ကုန်များသည် ဥပဒေနှင့်အညီဖမ်းဆီးကြောင်းနှင့် တရားဝင်တင်သွင်းကြောင်း အထောက်အထားဖြစ်သော ငါးဖမ်းခွင့်လက်မှတ်နှင့်အညီ ဖမ်းဆီး၊ တင်ပို့ခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးလေ့ရှိသည်။ တရားမဝင်ငါးဖမ်းမှုမြင့်တက်ခြင်းနှင့် ရက်စက် ကြမ်းကြုတ်သော အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၂၀၁၅တွင် ဥရောပသမဂ္ဂက ထိုင်းနိုင်ငံမှ တင်ပို့သည့် ပင်လယ်စာထွက်ကုန်များကို (အများစုမှာ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသည်) ပိတ်ပင်ရန် ခြိမ်းခြောက်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်ခံရပြီးနောက်ပိုင်း ထိုင်းအစိုးရက ထိုစနစ်ကို စတင်ကျင့်သုံးခဲ့သည်။

“ထိုင်းငါးလုပ်ငန်းဦးစီးဌာနက အရာရှိတွေနဲ့တွေ့ရင် စက်လှေပေါ်ပါတဲ့သူတွေကို အကုန်ဖမ်းပြီး လှေရော၊ ကုန်ရော အကုန်သိမ်းတဲ့အပြင် ထောင်ပါကျနိုင်တယ်”ဟု ကင်းမွန်ကုန်သည် ကိုရန်နိုင်က ပြောသည်။ ထိုသို့ဖမ်းမိပြီဆိုလျှင် သိမ်းဆည်းသည့် စက်လှေနှင့် ရေထွက်ကုန်ပစ္စည်းများကို ပြန်မပေးဘဲ ထိုင်းအစိုးရက လေလံစနစ်ဖြင့် ပြန်လည်ရောင်းချကြောင်း ၎င်းကဆိုသည်။

မှောင်ခိုလှေများသည် ငါးလုပ်ငန်းဦးစီးဌာန၏ ဖမ်းဆီးခံရခြင်းမှ ရှောင်လွဲရန် ရနောင်းဆိပ်ကမ်းသို့ ညဘက်မှသာ ဆိုက်ကပ်ကြပြီး အကောက်ခွန်နှင့် ဆိပ်ကမ်းအာဏာပိုင်များကိုမူ ပွဲစားကတစ်ဆင့် အခွန်အခ ပေးဆောင်ကြသည်။ ထို့နောက် အမှောင်ထုကို အကာအကွယ်ယူ၍ တင်ဆောင်လာသည့် ရေထွက်ကုန်များကို ဆိပ်ကမ်းရှိ ကုန်လှောင်ရုံများသို့ သယ်ဆောင်ပြီး နံနက်၇နာရီ ငါးလေလံဈေးမဖွင့်မီ တရားဝင်ဖမ်းဆီးထားသော ငါးများနှင့် ရောနှောလိုက်ကြသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် ဆိပ်ကမ်းရှိ ကုန်လှောင်ရုံများအတွက် အန္တရာယ်များသည်ဟု ကိုရန်နိုင်က ဆိုသည်။ “တကယ်လို့သာ ငါးလုပ်ငန်းဦးစီးဌာနက တွေ့ရင် ဆိပ်ခံဂိုဒေါင်လည်း အရေးယူတာ ခံရတယ်။ တစ်ချို့ ဆိပ်ခံဂိုဒေါင်တွေက မှောင်ခိုလှေတွေ ဆိုက်တာ လက်မခံကြပေမဲ့ အများစုကတော့ လက်ခံကြတယ်”ဟု ၎င်းက ပြောသည်။

ငါးလေလံဈေးတွင် လေလံဝင်ဆွဲသည့် ကုန်သည်များအဖို့မူ ထိုပင်လယ်စာများကို ပြန်လည်ရောင်းချရန် နည်းလမ်းနှစ်သွယ်ရှိသည်။ ငါးဖမ်းခွင့်အသိအမှတ်ပြုလက်မှတ် (Catch Certificate) မလိုသည့် ဘန်ကောက်နှင့် အခြားဒေသများရှိ ဈေးများသို့ ပြန်လည်ရောင်းချနိုင်သလို နိုင်ငံခြားသို့ ထိုင်းမှ ငါးတင်ပို့သည့် စက်ရုံများသို့လည်း ထပ်ဆင့်ရောင်းချနိုင်သည်။ ထိုင်းပင်လယ်စာပို့ကုန်စက်ရုံများက ငါးဖမ်းခွင့်လက်မှတ်တောင်းသော်လည်း လေလံဈေးတွင် တရားဝင်နှင့် တရားမဝင် ပင်လယ်စာများကို ရောနှောလိုက်ခြင်းဖြင့် ကုန်စည်အားလုံးသည် တရားဝင်ရောင်းချခွင့်ရှိသော ရေထွက်ကုန်များဖြစ်သွားသည်။

“ထိုင်းမှာတော့ သူတို့က အကုန်ဝယ်မှာပဲ”ဟု ကိုတူးတူးက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar