ဖေဖော်ဝါရီ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ သောင်းကနင်းဖြစ်လာပြီး မြန်မာ့စီးပွားရေးမှာလည်း ဆိုးရွားစွာထိခိုက်ကျဆင်းလာသည်။ စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ အခက်အခဲများအကြောင်း ဖရွန်းတီးယားမြန်မာက ဇူလိုင်လဆန်းပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့သည်။
အာဏာသိမ်းပြီး ငါးလအတွင်း ၎င်းတို့ အဓိကရင်ဆိုင်နေရသော အခက်အခဲများမှာ အထူးသဖြင့် သွင်းကုန်များတွင် ကုန်ကျစရိတ်များလာခြင်း၊ ငွေသား ရှားပါးလာခြင်းနှင့် သယ်ယူပို့ဆောင်ရေး စသည့် အခက်အခဲများ ဖြစ်သည်။ မသေချာ၊ မရေရာမှုများနှင့် မတည်ငြိမ်မှုများကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အစီအစဉ်ဆွဲမရ ဖြစ်ကြရသည်။
ဖရွန်းတီးယားမြန်မာသည် လုပ်ငန်းနယ်ပယ် အသီးသီးမှလူပုဂ္ဂိုလ်ခြောက်ဦးနှင့် တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများနှင့် အနာဂတ်အတွက် ခန့်မှန်းချက်များကိုမေးမြန်းခဲ့သည်။ အင်တာဗျူးများကို ပိုမိုရှင်းလင်းစေရန် တည်းဖြတ်ထားပါသည်။
ကိုပေါက် (Global အလူမီနီယမ်နှင့် မှန်၊ အိမ်တွင်းတပ်ဆင်ရေးလုပ်ငန်းရှင်၊ ရန်ကုန်)
“ကျနော်လုပ်ငန်းအတွက် အကြီးမားဆုံး အခက်အခဲကတော့ ကုန်ကြမ်းပစ္စည်းတွေ စျေးတက်ကုန်တာပဲ။ အထူးသဖြင့် မှန်ပေါ့။ ပြီးခဲ့တဲ့နှစ်က မှန် တစ်စတုရန်းပေကို ၈၅၀ကျပ်ပဲ ပေးရတယ်။ အခု (ကျပ်) ၂၀၀၀ ကျော်နေပြီ။
ကျနော်ကတော့ ဘဏ်ကိစ္စ ပြဿနာမရှိဘူး။ ဖောက်သည်က ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေချေချင်လည်း ရတယ်။ ကုန်ကြမ်းရောင်းတဲ့သူက ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေ လက်မခံနိုင်ရင် ကျနော်ငွေသားနဲ့ ပေးလိုက်တယ်”
“ကုန်ကြမ်းတွေရဲ့ စျေးက မတရားတက်လာတယ်။ နိုင်ငံခြားက တင်သွင်းတာတွေ ရပ်လိုက်လို့လေ။ ဒါက အဓိကပြဿနာပဲ။ ဒါပေမဲ့ လူတွေအိမ်ဆောက်နေသမျှ ကျနော့်အလုပ်ကရှိနေမှာပါ။
အနာဂတ်မှာ ဘာတွေ မျှော်မှန်းရမလဲမသိဘူး။ ဘာဖြစ်လာမယ် ဆိုတာလည်းမသေချာဘူး။ ဒီတော့ အရမ်းကြီး မျှော်လင့်မထားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲကောင်းတယ်”
“အနာဂတ်မှာ ဘာတွေ မျှော်မှန်းရမလဲမသိဘူး။ ဘာဖြစ်လာမယ် ဆိုတာလည်းမသေချာဘူး။ ဒီတော့ အရမ်းကြီး မျှော်လင့်မထားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲကောင်းတယ်”
ကိုပေါက် (Global အလူမီနီယမ်နှင့် မှန်၊ အိမ်တွင်းတပ်ဆင်ရေးလုပ်ငန်းရှင်၊ ရန်ကုန်)
ကိုတာတာ (မိုဘိုင်းဖုန်း ပြုပြင်ရေးဆိုင်ပိုင်ရှင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်)
“အခုအချိန်မှာတော့ ကျနော့်အလုပ်က ရပ်လုမတတ်ပဲ။ အရင်ကဆို ဖုန်းပြင်ဖို့ လာအပ်ရင် ဖုန်းက ဘာဖြစ်တာ ဘယ်လောက်ကြာမယ်၊ ဘယ်လောက် ကုန်ကျမယ် စသည်ဖြင့်ပြောရတယ်။ အခုတော့ ကုန်ကျစရိတ်တွေက ကြီးနေတော့ ကျနော်ကလာပြင်သူကို ဖုန်းက အပြစ်အနာအဆာ ရှိနေလည်း ဒီအတိုင်းပဲ ဆက်သုံးဖို့တောင်အကြံပေးရတယ်။ ဘာလို့လဲဆိုတော့ ပြင်ရင်ကုန်ကျစရိတ်က ပိုများမယ်။ ပြီးတော့ အခုအချိန်က ငွေသားရှားပါးနေတယ်လေ။
ကျနော်က ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေချေတာကို လက်မခံနိုင်ဘူး။ လာပြင်တဲ့ လူတွေကလည်း ငွေသားမပေးချင်ဘူး။ ဟိုတလောက ဖုန်းပြင်တဲ့နေရာမှာသုံးတဲ့ software တစ်ချို့ဝယ်တာ စျေးက ၃၈၀,၀၀၀ (ကျပ်) လို့ ရေးထားတယ်။ ကျနော်က ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေချေလို့ရမလားမေးတော့ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေချေမယ်ဆို ၄၂၀ ,၀၀၀ (ကျပ်) ပေးရမယ်တဲ့။ ကျနော်လည်း မတတ်နိုင်ဘူး။ ဝယ်လိုက်ရတယ်။ ကျနော်က ငွေသားကို လက်ထဲများများ ကိုင်ထားချင်တာကိုး”
“တခြား ကုန်ကြမ်းတွေလည်း စျေးတက်ကုန်တယ်။ ကျနော် အရင်က ၃၅ ,၀၀၀ (ကျပ်)နဲ့ ဝန်ဆောင်မှုပေးတဲ့ အလုပ်အခုမလုပ်နိုင်တော့ဘူး။ လိုအပ်တဲ့ ကုန်ကြမ်းက ၄၀, ၀၀၀ ကျော် ပေးနေရတယ်။ အရင်က ၂၅ ,၀၀၀ (ကျပ်)ကနေ စျေးတက်လာတာ။ ဖုန်းပြင်တဲ့နေရာမှာ ကုန်ကြမ်းပစ္စည်းတွေ စျေးတက်လာလို့ ဖုန်းပြင်ခတွေ စျေးကြီးလာကြောင်း ဖောက်သည်တွေကို ရှင်းပြရတယ်။
ပြီးတော့ လာပြင်တဲ့ လူတွေလည်း နည်းသွားတယ်။ လူတွေက အပြစ်အနာအဆာရှိတဲ့ ဖုန်းကိုပဲ မပြင်ဘဲ ဆက်သုံးနေကြတယ်။ ဒါမှမဟုတ် ရောင်းပြီး စျေးပေါတဲ့ ဖုန်းဝယ်ကိုင်ကြတယ်။ ဒါကြောင့် second hand ဖုန်း အရောင်းစျေးကွက်က ပိုသွက်လာတယ်။
ပြီးခဲ့တဲ့နှစ်က ကျနော်ဆိုင်သစ်ထပ်ဖွင့်ဖို့ စီစဉ်ခဲ့တာ။ အခုတော့ ဒီဆိုင်မပြုတ်အောင်တောင် မနည်းရပ်တည်နေရတယ်။ ကျနော်က ဆိုင်ဝန်ထမ်း သုံးယောက်ကိုလည်း လစာပေးရတယ်။ ဆိုင်ငှားခလည်း ပေးရတယ်။ ကျနော်ဆက်တော့ ရပ်တည်နိုင်ပေမဲ့ အမြတ်တော့မရဘူး။ ကျနော်ဒီအလုပ်ကို ဆက်လုပ်နေတာက ဒီလုပ်ငန်းကို မစွန့်လွှတ်ချင်လို့ပါ”
နေမျိုးထက် (ရွှေဆိုင်ပိုင်ရှင်၊ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းဗဟိုအမှုဆောင်ကော်မတီဝင်)
“လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေမှာ ရွှေဆိုင်တွေက အဓိကအလုပ်နှစ်ခုပဲ လုပ်တယ်။ ရွှေလက်ဝတ်ရတနာတွေကို ဝယ်ပြီး အခေါက်ရွှေတွေ ပြန်ရောင်းတာပဲ။
ရွှေဆိုတာ မရှိ ဝမ်းစာ၊ ရှိ တန်ဆာဆိုတဲ့ မြန်မာစကားပုံနဲ့အညီ အခုအချိန်မှာ လူအများအပြားက အလုပ်မရှိကြတော့ ကျနော်တို့က သူတို့ရဲ့ ရွှေတွေကို ပြန်ဝယ်ပေးရတယ်။ အခု ရွှေလာဝယ်တဲ့လူ တစ်ယောက်မှ မရှိတော့ပေမဲ့ ကျနော်တို့က ရွှေတွေကို နေ့တိုင်းပြန်ဝယ်ပေးနေရတယ်”
“ဒီလိုပဲ ငွေကြေးတတ်နိုင်သူတွေက ၂၄ကာရက်ရှိတဲ့ အခေါက်ရွှေတွေကို အိမ်မှာငွေသားမထားချင်လို့ လာဝယ်နေကြတယ်။ အခေါက်ရွှေတုံးက ပြန်ရောင်းတဲ့အခါ လက်ခ အနုတ်မခံရဘူး။ စျေးတက်ရင် မြတ်တောင် မြတ်နိုင်တယ်။ ဒါကြောင့် တတ်နိုင်သူတွေက ရွှေလက်ဝတ်ရတနာတွေထက် အခေါက်ရွှေတုံးကို လိုက်ဝယ်နေကြတယ်။ လူတွေက အခေါက်ရွှေတွေကို လိုက်စုနေတာက ငွေကြေးစနစ်နဲ့ ဘဏ်စနစ် ပြိုလဲသွားမှာကို စိုးရိမ်လို့ပါ။
အခု အခြေအနေတွေကြောင့် ကျနော်တို့ရဲ့ လုပ်ငန်းလည်ပတ်ပုံ ထိခိုက်လာတယ်။ ရွှေဆိုင်ဖွင့်ချိန်က ပိုတိုတောင်းသွားတယ်။ လုံခြုံရေးကို ပိုဂရုစိုက်ရတယ်။ဘဏ်တွေ သိပ်အလုပ်မလုပ်တော့ ကျနော်တို့က ငွေသားကိုပဲ အဓိက အားထားရတယ်။ ဒီတော့ လုံခြုံရေး ပိုလိုအပ်တယ်။
ကျနော်တို့ လုပ်ငန်းကို အများကြီး မထိခိုက်ပေမဲ့ လုပ်ငန်းကတိုးတက်မှုတော့ နှေးသွားတယ်။ ဒါပေမဲ့ တခြား စီးပွားရေးကဏ္ဍတွေထက်တော့ သာပါသေးတယ်”
“ကိုဗစ်-၁၉ တတိယလှိုင်းအတွက် စိုးရိမ်မိတယ်။ ပထမနဲ့ ဒုတိယလှိုင်းတုန်းကတော့ အွန်လိုင်းကနေ ရောင်းတာအဆင်ပြေတယ်။ အခု အွန်လိုင်းကနေ ရောင်းဖို့လည်း မဖြစ်နိုင်တော့ဘူး။ အခုတတိယလှိုင်းမှာ ရွှေလုပ်ငန်းက နှေးကွေးနေမှာပဲ။
ဒီလို မသေချာ မရေရာတဲ့ အချိန်မျိုးမှာ ဘယ်သူမှ ဘာမှ မမျှော်လင့်နိုင်ဘူး။ ကျနော်တို့ ရွှေလုပ်ငန်းရော တခြားလုပ်ငန်းတွေ အားလုံးရော ဒီလိုဆက်လည်ပတ်နိုင်အောင် ကြိုးစားဖို့ပဲ ရှိတယ်”
ဦးရဲမင်းအောင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)
“ဒီအချိန်ကတော့ နိုင်ငံစီးပွားရေး ကဏ္ဍအားလုံးမှာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်ပါပဲ။ အကြီးဆုံး စိန်ခေါ်မှုကတော့ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍပါပဲ။ အကြောင်းကတော့ ငွေပေးချေရာမှာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရလို့ပါပဲ။ တခြားစိန်ခေါ်မှုတွေမှာတော့ လုံခြုံရေး၊ ထောက်ပို့နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ပါဝင်ကြပါတယ်။
ဒီနှစ် နွေစပါး အထွက်ကျပါတယ်။ ဧပြီလကုန်ပိုင်းမှာ ပြည်ပတင်ပို့မှု အတော်ကောင်းခဲ့ပေမဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ပြည်ပရောင်းချရမှု ထူးထူးခြားခြား မရှိခဲ့ပါဘူး”
“ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ဆန်စက်တွေဆက်လက်လည်ပတ်နေခဲ့ပါတယ်။ ကန့်ကွက်ဆန္ဒပြမှုတွေ၊ နှိမ်နှင်းမှုတွေ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာတောင် တခြားလုပ်ငန်းတွေ ရပ်တန့်ပိတ်ထားရတဲ့ အချိန်မှာ လူထုဆီက ဝယ်ယူစားသုံးမှုက ရှိနေတော့ နိုင်ငံအနှံ့မှာ ဆန်စျေးကွက်ကတော့ ဖွင့်ထားရတာပါပဲ။
ပြည်ပတင်ပို့မှုမှာ အကြီးဆုံး စိန်ခေါ်မှုကတော့ ပင်လယ်ရေကြောင်းပို့ဆောင်ရေးနဲ့ ထောက်ပို့စရိတ် မြင့်မားလာမှုပါပဲ။ အီးယူစျေးကွက်အတွက် ထောက်ပို့နဲ့ ပို့ဆောင်ရေးစရိတ်က အဆမတန်မြင့်တက်သွားပါတယ်။ တက်သွားတာက ၁၀ ရာနှုန်း၊ ၂၀ ရာနှုန်း ပြောတာမဟုတ်ဘူး။ သုံးဆ၊ လေးဆ ခုန်တက်သွားတာ။ ကျနော်တို့က နိုင်ငံရေးအခြေအနေအပြောင်းအလဲကို တခြားကဏ္ဍတွေထက် ပိုပြီးခံရတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ပ သင်္ဘောလိုင်းတွေက မြန်မာပြည်ကိုမလာဖို့ ဆုံးဖြတ်ခဲ့ကြလို့ပါပဲ”
“စက်တင်ဘာလကုန်မှာ ကုန်ဆုံးမယ့် ဒီဘဏ္ဍာရေးနှစ်မှာ ဆန်တန်ချိန် နှစ်သန်း ပြည်ပတင်ပို့နိုင်မယ်လို့ မျှော်လင့်ခဲ့တာ အခုတော့ ဒီလျာထားချက် ပြည့်မီနိုင်တော့မှာမဟုတ်ပါဘူး။ ဒီနေ့အထိ ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ဒသမ၄သန်းပဲ တင်ပို့ရသေးတယ်။ အရင်ဘဏ္ဍာရေးနှစ် အလားတူကာလ တင်ပို့နိုင်ခဲ့မှုနဲ့ ယှဉ်လိုက်ရင် ပြည်ပဆန်တင်ပို့မှု ၃၀ရာနှုန်းလောက် ကျဆင်းသွားတာ တွေ့ရတယ်။
ပြည်ပဝယ်လိုအားက အပြောင်းအလဲ သိပ်မရှိပါဘူး။ အီးယူနိုင်ငံတွေက ကျနော်တို့ဆန်ကို ဝယ်နေဆဲပါပဲ။ အဓိက အခက်အခဲက သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပို့ ကုန်ကျစရိတ်တွေပါ။
လယ်သမားတွေအဖို့ကတော့ ဓာတ်မြေသြဇာစျေးတွေ မြင့်တက်လာတဲ့ ဒဏ်ခံကြရတယ်။ ဓာတ်မြေသြဇာစျေးက မနှစ်ကထက် ၄၀ရာနှုန်း မြင့်တက်လာတယ်။ လယ်သမားတွေ ဓာတ်မြေသြဇာကို လုံလောက်အောင် မသုံးနိုင်ကြရင် စပါးအထွက်ကို ထိခိုက်မှာပဲ”
“နောက်တစ်ခုက ဆန်စက်ပိုင်ရှင်တွေရဲ့ ပြဿနာ။ ဘဏ်က သူတို့ငွေတွေ ထုတ်မရဘူး။ သူတို့မှာ လယ်သမားတွေဆီက စပါးဝယ်တော့ ဘဏ်မိုဘိုင်း ငွေလွှဲစနစ်နဲ့ ပေးချေလို့ရတာမဟုတ်ဘူး။ ဆန်ကုန်သည်တွေလည်း အလားတူပြဿနာနဲ့ ရင်ဆိုင်နေကြရတာပါပဲ။
ကျနော်တို့ဘဏ်စနစ်ကို စဉ်းစားကြည့်ရင် လူတွေက ယုံကြည်မှု မရှိကြတော့တာပဲ။ ဒီတော့ အစိုးရအနေနဲ့ လူတွေရဲ့ယုံကြည်မှုနဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်မှု ပြန်ရအောင်တော့ လုပ်ဆောင်နိုင်ဖို့ လိုနေပြီ။
ကျနော်ကတော့ အစိုးရကို ကောင်းမွန်တဲ့ စီးပွားရေး ပေါ်လစီနဲ့ အစီအစဉ်တွေချမှတ်ပြီး အမြန်လုပ်ဆောင်စေချင်တယ်။ စတင် အကောင်အထည်ဖော်ဖို့ လိုနေပြီ။ ဒီလို အကောင်အထည်ဖော် လုပ်ဆောင်ရာမှာ လူတိုင်းပါဝင်လာရင် စီးပွားရေး ပြန်ကောင်းလာမှာပဲ။ ဒီလို ဖြစ်မလာရင်တော့ မြန်မာလူထုတွေ နောက်ထပ် အခက်အခဲတွေနဲ့ ရင်ဆိုင်တွေ့ကြုံကြရဦးမှာပဲ”
ဦးဇော်ထိုက်အေး (ဥက္ကဋ္ဌ၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း)
“ကျနော်တို့က အမြတ်အစွန်း မရသလောက်ပါပဲ။ ဖောက်သည်တွေက ငွေသား မပေးနိုင်ဘူး။ ဒစ်ဂျစ်တယ် ငွေပေးချေမှုကိုပဲ လက်ခံရတယ်။ နိုင်ငံခြားကနေ ကားတွေဝယ်တော့ အမေရိကန်ဒေါ်လာ ငွေသားပေးရတယ်။ ဒါကပြဿနာပဲ။
ဒစ်ဂျစ်တယ်ငွေပေးချေမှုနဲ့ ကားရောင်းရတာက လွယ်တယ်။ ဒါပေမဲ့ ရောင်းဖို့ကားဝယ်တဲ့အခါ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေချေဖို့ခက်တယ်။ ကားသစ်ဖြစ်ဖြစ်၊ used (တစ်ပတ်ရစ်) ကားဖြစ်ဖြစ် အတူတူပဲ။
ကားတံဆိပ်အသစ်တွေ ထပ်ပြီး တင်သွင်းနေတယ်။ ဒီတော့ ပြိုင်ဆိုင်မှုက ပိုများလာတယ်။ ရောင်းလိုအား များလာပေမဲ့ ဝယ်လိုအားက တက်မလာဘူး။ ဒီတော့ ကားအရောင်းအဝယ်လုပ်သူတွေ အခက်တွေ့တယ်”
“ပြီးခဲ့တဲ့နှစ်ကနဲ့တော့ လုံးဝမတူဘူး။ ကိုဗစ်-၁၉ စဖြစ်အပြီး အရောင်းအေးသွားပြီးနောက် ရောင်းအားက အလျင်အမြန် ပြန်နာလန်ထူနိုင်ခဲ့တယ်။ ဒီနှစ်တော့ ပြန်နာလန်ထူနိုင်မယ့်ပုံမပေါ်ဘူး။ အခုရောင်းအားက မနှစ်ကရောင်းအားရဲ့ ၅၀ရာနှုန်းတောင် မရှိဘူး။ အရောင်းအဝယ်သမားတွေက ပြီးခဲ့တဲ့နှစ်တွေက ဝယ်ထားတဲ့ကားတွေကိုပဲ ပြန်ရောင်းနေရတယ်။ အရောင်းအဝယ် အေးနေတာရယ် ငွေသားအခက်အခဲရယ် စတာတွေကြောင့် ထပ်ပြီးကားတွေ မတင်သွင်းနိုင်ဘူး
အရောင်းအဝယ် ပြန်ကောင်းလာပြီး ငွေသားအခက်အခဲ ပြေလည်သွားရင် အခက်အခဲအများစုကို ဖြေရှင်းသွားနိုင်မှာပါ။ ပြန်နလံမထူနိုင်ဘူးဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေအားလုံး ဒုက္ခရောက်ကြမှာပဲ”
ဦးမြင့်စိုး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း)
“ကျနော်တို့လုပ်ငန်းကဏ္ဍက နှစ်စဉ်လုပ်ဆောင်ရတဲ့ အထည်ရာသီနှစ်ခုထဲက တစ်ခုကို လွတ်သွားပြီ။ ဖေဖော်ဝါရီမှာ ဆောင်းတွင်းဝတ်ဖို့အဝတ်အထည်တွေ ချုပ်ပြီး ပထမရာသီကို စတင်တယ်။ ဆောင်းရာသီမှာ နွေရာသီနဲ့ မိုးရာသီမှာဝတ်ဖို့ အထည်တွေ ချုပ်ရတယ်။
ဖေဖော်ဝါရီမှာ နိုင်ငံရဲ့အခြေအနေ ရုတ်တရက်ပြောင်းလဲသွားတော့ ဆောင်းရာသီအဝတ်တွေ ဝယ်မယ့်လူတွေက မဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာသင်္ဘောတွေ မြန်မာဆိပ်ကမ်းမှာ ကပ်လို့မရလို့ပဲ။
ဒီနောက် မတ်လမှာ အထည်ချုပ်လုပ်ငန်းတွေ အများကြီးရှိတဲ့ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြပွဲတွေ အများကြီးဖြစ်လာတယ်။ ကျနော်တို့အော်ဒါတွေဖျက်သိမ်းခံရပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ တရုတ်နဲ့ တခြားနိုင်ငံတွေ ရောက်သွားတယ်”
“မေလ၊ ဇွန်လနဲ့ ဇူလိုင်လတွေက ကျနော်တို့ အလုပ်အများဆုံးလတွေပဲ။ ဒါပေမဲ့ ဒီနှစ်မှာ ဘာအော်ဒါမှမရတော့ တစ်ချို့စက်ရုံတွေက ယာယီ သို့မဟုတ် အပြီးတိုင် ပိတ်သိမ်းလိုက်ကြတယ်။
ဒီတော့ အလုပ်အကိုင်ထောင်ပေါင်းများစွာ ဆုံးရှုံးသွားရတယ်။ အထည်ချုပ်လုပ်ငန်းကဏ္ဍက အလုပ်အကိုင် ၅၀၀,၀၀၀ ကျော်ကို ပေးထားတာပါ။ ဒါပေမဲ့ အခုတော့ အလုပ်အကိုင် ၃၅၀,၀၀၀ လောက်ပဲ ကျန်တော့တယ်။ ၂၀ ရာနှုန်းလောက် ကျဆင်းသွားတာပေါ့။
စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း တခြားလုပ်ငန်းကဏ္ဍတွေလိုပဲ ကျနော်တို့လည်း မသေချာမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံရဦးမှာပဲ”