ကျပ် ခုနစ်ဘီလျံကဲ့သို့အမှုများ ထပ်ပေါ်လာရန်ရှိနေ

နေပြည်တော်၊ မေ ၄

အစိုးရအပြောင်းအလဲကာလတွင် မကွေးတိုင်းဒေသကြီး၌ ကျပ်ခုနှစ်ဘီလျံနှင့်အတူ မော်တော်ယာဉ်အချို့ စာရင်းပျောက်နေမှုကို စိစစ်တွေ့ရှိခဲ့သည့် ဖြစ်စဉ်မျိုး အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ထပ်မံပေါ်ပေါက်ရန် အလားအလာရှိနေတယ်လို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က Frontier ကို ပြောပါတယ်။

“အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အစတွေ ထွက်နေတယ်။ အဲဒီအစတွေဟာ ဘယ်လောက်ထိ ခိုင်မာမလဲ၊ ဘယ်လောက်ထိ ကြီးမယ်၊ ဒါတွေဟာ တစ်ဖြည်းဖြည်းနဲ့ လာပါလိမ့်မယ်” လို့ နေပြည်တော်၊ စည်ပင်သာယာဧည့် ရိပ်သာအတွင်းရှိ ၎င်းနေထိုင်ရာအခန်းရှေ့မှာ ယနေ့နံနက်ပိုင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် Frontier ရဲ့ မေးမြန်းမှုကို ဦးဝင်းထိန်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက်မှာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘုန်းမော်ရွှေက ဝန်ကြီးချုပ်အသစ်ထံ တာဝန်မလွှဲပြောင်းမီ၊ စာရင်းပျောက်သွားခဲ့သည့် ငွေများအနက် ကျပ် ၁ ဒသမ ၇ ဘီလျံကို ကိုင်တွယ်သုံးစွဲခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းကလည်း စာရင်းစစ်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီက ဘယ်လို ဆောင်ရွက်ရန်ဖို့ရှိလဲဆိုတာကိုတော့ “ပါရင်လည်း ပါတဲ့အတိုင်းအတာအရတော့ သူတို့တာဝန်ယူရမှာပဲ”လို့ ဦးဝင်းထိန်က ပြန်ဖြေပါတယ်။

အသက် ၆၀ အရွယ် ဦးလှဆန်းကတော့ အဆိုပါကိစ္စမှာ သူပါဝင်ပတ်သက်မှု မရှိပဲ စာရင်းစစ်အဖြစ် သူပါဝင်နေတာကိုလည်း ငွေကြေးအရှုပ်တော်ပုံ ပေါ်ပေါက်ချိန်မှသာ သိရှိရတာဖြစ်တယ်လို့ Frontier ကို ပြောကြားထားပါတယ်။

မကွေးတိုင်းဒေသကြီးရဲ့ ကျပ် ခုနစ်ဘီလျံ ပျောက်ဆုံးမှုကို တရားစွဲဆိုခြင်းမပြုတာကတော့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေးတာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ဒါတွေကျွန်တော်တို့ အချိန်မရွေး နောက်ကြောင်းပြန်လှန်လို့ရတယ်။ သို့သော်မလုပ်ချင်ဘူး။ အမျိုးသား ရင်စေ့ရေးကို ဦးစားပေးလို့” လို့ သူက ပြောပါတယ်။

မကွေးတိုင်းကိစ္စဟာ အစိုးရအလွှဲအပြောင်းကာလအပြီး ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ကိစ္စဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ မျက်မြင်သက်သေတွေ၊ ပါဝင်ပတ်သက်သူတွေကို ပြည်ထဲရေးနဲ့ အထူးစုံစမ်း စစ်ဆေးရေး (စသုံးလုံး)တို့က လပေါင်းများစွာ စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းရှင်များထံမှ ဝန်ဆောင်ခအဖြစ် ကောက်ခံထားတဲ့ ကျပ် ၇ ဒသမ ၄၅၉ ဘီလျံကို အစိုးရသစ်ထံ လွှဲပြောင်းပေးခဲ့ခြင်းမရှိဘူးဆိုတာကို သိရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီငွေတွေအနက် ကျပ်သုံးဘီလျံကျော်ဟ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် အလှူငွေနဲ့ ရွှေသုခ အသေးစားငွေချေးလုပ်ငန်းစတဲ့ အသင်းအဖွဲ့တွေဆီကို နည်းမျိုးစုံနဲ့ ရောက်သွားခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွေက ဖော်ပြကြပါတယ်။ ကျန်ရှိတဲ့ ကျပ်လေးဘီလျံကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ထားတယ်လို့ သိရတဲ့အတွက် ဘယ်လိုလုပ်ငန်းတွေလဲဆိုတာသိဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ငွေကြေးတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ မော်တော်ယာဉ်တွေကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ လှူဒါန်းခဲ့တယ်လို့ စစ်ဆေးမှုတွေအရ သိရှိခဲ့ရတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ ထိုကိစ္စမှာ ပါတီနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ တုံ့ပြန် ပြောဆိုခဲ့သလို စွပ်စွဲပြောဆိုနေမှုတွေကို ဥပဒေကြောင်းအရ တုန့်ပြန်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ရွှေသုခ အသေးစားငွေရေးကြေးရေး လုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းကတစ်ဆင့် မော်တော်ယာဉ် လေးစီးနဲ့ ဘက်ဟိုးယာဉ်တစ်စီးကို မကွေးတိုင်းဒေသကြီး အစိုးရထံ ဧပြီ ၂၉ ရက်နေ့က ပြန်လည်အပ်နှံခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ကျပ် ခုနစ်ဘီလျံအနက် ရွှေသုခအသေးစားငွေရေးကြေးရေးလုပ်ငန်းကို လွှဲပြောင်းပေးခဲ့တဲ့ ကျပ် ၁ ဒသမ ၅၇ ဘီလျံကိုလည်း နှစ်သုတ်ခွဲပြီး ဇူလိုင်လ နောက်ဆုံးသီတင်းပတ်မတိုင်မီ မကွေးတိုင်းအစိုးရအဖွဲ့ထံ ပြန်ပေးမယ်လို့ ဦးဘုန်းမော်ရွှေက ဧပြီ ၂၇ ရက်နေ့မှာ လက်ရှိဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ စာပို့ အကြောင်းကြားထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar