Liveblog 2- စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ

နိုင်ငံအဝှမ်းဖြစ်ပေါ်နေသည့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖရွန်းတီးယားမြန်မာက အချိန်နှင့်တစ်ပြေးညီ တင်ဆက်လျက်ရှိပါသည်။ နောက်ဆုံးရသတင်းများကို သိရှိနိုင်ရန် ဤ Liveblog ကို စောင့်မျှော်ဖတ်ရှု အားပေးကြပါရန် စာဖတ်ပရိတ်သတ်များကို အသိပေးအပ်ပါသည်။

ဖရွန်းတီးယားမြန်မာက တင်ဆက်သည်။

ည ၈နာရီ

ဒီမိုကရေစီတိုက်ပွဲအတွက် အသက်ပေးသူတို့အား စမ်းချောင်းတွင် အောက်မေ့သတိရ၍ မေတ္တာပို့သခဲ့

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသော မြန်မာနိုင်ငံအရပ်ရပ်က အရပ်သားပြည်သူသူရဲကောင်းများအတွက် မေတ္တာပို့သ ဆုတောင်းသည့် အခမ်းအနားတစ်ခုကို ယနေ့၊ ည၇နာရီခန့်က စမ်းချောင်းမြို့နယ်၊ မအူပင်လမ်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဆုတောင်းပွဲတွင် “ကျဆုံးသွားသောသူရဲကောင်းများအတွက်” ဟူသော စာတမ်းကို မီးညှိထားသော ဖယောင်းတိုင်များဖြင့်ပုံဖော်ကာ၊ ၎င်းတို့၏ ပုံများရှေ့တွင် ပန်းများ၊ ဆီမီးများထွန်းကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်။

အခမ်းအနားအစတွင် ကျဆုံးသူတို့အတွက် ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြင့် တစ်မိနစ်ငြိမ်သက်ပြီးနောက်၊ မေတ္တာပို့ခြင်း၊ မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အာဏာရှင်စနစ် ကျဆုံးပါစေကြောင်း ကြွေးကြော်သံများလည်း ရွတ်ဆိုခဲ့ကြသည်။


နေ့လယ် ၃နာရီ

ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားတဲ့ ဘူတာရုံလမ်းက ဆန္ဒပြပွဲ၊ သံလမ်းမှာတော့ လူတစ်ဦးဒဏ်ရာရ

ရန်ကုန်၊ အင်းစိန်လမ်းမကြီး သံလမ်းမှတ်တိုင်အနီးတွင်မူ ၁,၀၀၀ဝန်းကျင်ခန့်ရှိသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က နေ့လယ် ၂နာရီဝန်းကျင်ခန့်တွင် ရာဘာကျည်ဆန်များသုံး၍ လူစုခွဲဖြိုခွင်းခဲ့သည်။

ဖြိုခွင်းမှုအတွင်း အဖမ်းခံရသူမရှိသော်လည်း ဆန္ဒပြသူတစ်ဦးတွင်မူ ရာဘာကျည်ဆန်ထိမှန်၍ ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့သည်။

အင်းစိန်လမ်းမကြီးနှင့် ဘူတာရုံလမ်းအနီးတွင်မူ ဆန္ဒပြသူများသည် နေ့လယ် ၁နာရီခွဲခန့်တွင် လူစုခွဲသွားကြပြီဖြစ်သည်။ လူစုခွဲအပြီး အချို့က သံလမ်းမှတ်တိုင်က ဆန္ဒပြသူများနှင့် သွားရောက်ပူးပေါင်းခဲ့သည်။


နေ့လယ် ၁နာရီ 

အင်းစိန်မြို့နယ် အခြေအနေ

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်တွင် ဆန္ဒထုတ်ဖော်သူများက အင်းစိန်-ပေါက်တောဝလမ်းအားကွန်တိန်နာယာဉ်များဖြင့်လမ်းများကိုပိတ်၍ စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေသည်။ဆန္ဒထုတ်ဖော်သူများသည် အောင်ဇေယျတံတားကိုလည်းပိတ်ထားလိုက်ပြီဖြစ်သည်။ 


နေ့လယ် ၁၂နာရီ 

မန္တလေးထိုင်သပိတ်အေးချမ်းစွာပြီးဆုံး 

ကျောင်းသား၊ဆရာ၊ဆရာမများ၊မြတောင်သပိတ်စစ်ကြောင်းနှင့်လူထုပေါင်းစုံပါဝင်သည့် ထိုင်သပိတ်ကို မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်ကြားတွင် ယနေ့နံနက် ၉နာရီ ၃၀မိနစ်က ပြုလုပ်ခဲ့သည်။ လုံခြုံရေးတင်းကျပ်မှုများကြားမှပြုလုပ်ခဲ့သည့် ထိုင်သပိတ်၏ ဘေးပတ်လည်တွင်လူငယ်များက စနစ်တစ်ကျနေရာယူကာလုံခြုံရေးပေးခဲ့ပြီး ၂၆လမ်းတွင်အနီးတွင်နေထိုင်သည့် ပြည်သူများကလည်း အရံအတားများပြုလုပ်ကာ ဝိုင်းဝန်းကူညီပေးခဲ့သည်။

“ကျွန်တော်အသက်နဲ့ ခန္ဓာတည်သရွေ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်သွားမှာပါ”ဟု မန္တလေးသပိတ်စစ်ကြောင်းကို စတင်ဦးဆောင်ခဲ့သူ ကိုတေဇာစန်းကပြောသည်။ 

ထိုင်သပိတ်အား ရဲတပ်ဖွဲ့ကလာရောက်နှိမ်းနင်းခဲ့ခြင်းမရှိဘဲ နံနက် ၁၁နာရီ ၃၀မိနစ်တွင် အေးချမ်းစွာပြီးဆုံးသွားခဲ့သည်။ ယမန်နေ့ ရဲတပ်ဖွဲ့၏ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆန္ဒထုတ်ဖော်သူ သုံးဦးသေဆုံးခဲ့သည်။ 


နံနက် ၁၁နာရီ ၃၀မိနစ် 

စမ်းချောင်းမြို့နယ်၊ကျွန်းတောလမ်းအခြေအနေ 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းတွင် ဆန္ဒထုတ်ဖော်သူလူငယ်အင်အား ၁,၀၀၀ ဝန်းကျင်အားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့်ဖြိုခွဲခဲ့သော်လည်း မိနစ်ပိုင်းအတွင်းမှာပင် လူငယ်များပြန်လည်စုရုံးနေကြသည်။ကျွန်းတောလမ်းတွင် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီကလည်း ပူးပေါင်း ဆန္ဒထုတ်ဖော်နေသည်။

လုံခြုံရေးတပ်ဖွဲ့များသည် နံနက် ၁၀နာရီဝန်းကျင်မှစတင်ခါ ၁၀မိနစ်ခြားတစ်ခါ ဖြိုခွဲမှုဖြစ်လုပ်နေပြီး လူငယ်များကလည်း သံဆူးကြိုးများ၊ကားတာယာနှင့်သဲအိတ်များကို အကာအကွယ်ယူကာ ပြန်လည်ခုခံလျှက်ရှိသည်။ ယနေ့တွင် အမျိုးသမီးလုံချည်များကိုအသုံးပြုကာအဝတ်တန်းသဖွယ် ပြုလုပ်ထားသည်ကိုလည်းတွေ့ရသည်။ လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူမရှိသေးဟု သိရသည်။ 


နံနက် ၁၀နာရီ

ပျဉ်းမနား လူငယ်သပိတ် နာရီဝက်အတွင်း ဖြိုခွဲခံရ 

ယနေ့ မနက် ၈ နာရီခွဲအချိန်ခန့်တွင်  ပျဥ်းမနားမြို့နယ်၊ မကျ​ည်း​​တောင်ရပ်ကွက်ရှိ ဗိုလ်တာရာလမ်းပေါ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေသည့် ဒေသခံလူငယ် ၂၀၀ကို နာရီဝက်အတွင်း ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ဖောက်ဖြိုခွဲလိုက်သည်။ 

ဆန္ဒထုတ်ဖော်မှုပြုလုပ်နေသည့် မိနစ်ပိုင်းမှာပင် အဆိုပါနေရာသို့ရဲတပ်ဖွဲ့ကရောက်ရှိလာပြီး လူစုခွဲရန်သတိပေးခဲ့သည်၊ထို့နောက် သေနတ်ဖြင့် အချက် ၂၀ပစ်ဖောက်ကာလူစုခွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ပစ်ခတ်ရာတွင် ရာဘာကျဉ်နှင့် အသံဗုံးများကိုအသုံးခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရသူအရေအတွက်ကို အတည်မပြုနိုင်သေးပေ။  


မတ် ၄ရက်၊ နံနက် ၉နာရီ

နာရေးကူညီမှုအသန့င်း(ရန်ကုန်)သို့ ယမန်နေ့ည၌တပ်က ဝင်ရောက်စီးနင်း၊ ရုံးပိုင်ပစ္စည်းများနှင့် စာရွက်စာတန်းများယူဆောင်သွား

မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မတ်လ (၃)ရက်နေ့ ည ၁၁နာရီဝန်းကျင်ခန့်က  စစ်တပ်က ဝင်ရောက်ကာအကြမ်းဖက်ခဲ့မှရှိခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။

ဝင်ရောက်လာသည့်  စစ်တပ်သည် ရုံးအတွင်းရှိ မြင်သမျှအကုန်ရိုက်ခွဲသည့်အပြင် အသင်းသား ဝန်ထမ်းများ၏ ဖုန်းများကိုသိမ်းကာ ရုံးပိုင် ကွန်ပျူတာများ ကင်မရာများ ဖုန်းများ စာရွက်စာတန်းများကို ယူသွားကြကြောင်း သိရသည်။

ဝင်ရောက်လာသည့်  စစ်သားများသည် ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူကို ရှာဖွေနေကြပြီး မတွေ့သဖြင့် အသင်းသားဝန်ထမ်းများအား မေးမြန်းရာမဖြေသည့်အတွက် အားလုံးကို ထိုးကြိတ် ကန်ဆောင့်သွားကြကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်သားများ၏  ရိုက်နှပ်မှုကြောင့် အသင်းသားတစ်ဦး ခေါင်းကွဲ၍ ဝန်ထမ်းတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း မည်သည့်ဝန်ထမ်းကိုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိခဲ့ကြောင်း သိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ယမန်နေ့မြောက်ဥကလာပ ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူများနှင့် ပြင်းထန်စွာဒဏ်ရာရှိသူများကို ကုသပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။


ည ၈နာရီ၊ ၂၀မိနစ်

ယနေ့ ကျဆုံးသွားသူများကို ရည်စူး၍ စမ်းချောင်းတွင် ဖယောင်းတိုင်ထွန်း၊ အောက်မေ့သတိရကြောင်း ဖော်ပြကြ

ယနေ့တွင် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များ၏ ကျည်အစစ်များသုံး၍ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးသွားသူများကို ရည်ရွယ်၍ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ဂွဈေးအနီးတွင် ရပ်ကွက်နေပြည်သူများက ယနေ့ ညနေဖယောင်းတိုင်များထွန်း၍ အောက်မေ့သတိရသည့် အစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် တော်လှန်ရေးသီချင်းတစ်ပုဒ်ဖြစ်သည့် “ကမ္ဘာမကြေဘူး”သီချင်းကိုလည်း သံပြိုင်သီဆို၍ ကျဆုံးသွားသူများကို မေတ္တာပို့သခဲ့ကြသည်။ စမ်းချောင်း (မြောက်ဘက်)တွင်လည်း ရပ်ကွက်နေလူထုက ကျဆုံးသွားသူများကို ရည်စူး၍ ပန်းစည်းချ၍ ဖယောင်းတိုင်များ ထွန်းညှိခဲ့ကြသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကိုလည်း အော်ဟစ်ခဲ့ကြသည်။

ည၈နာရီတွင်မူ ခါတိုင်းနေ့များကဲ့သို့ သံပုံးတီး၍ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖေဖော်ဝါရီ၂ရက်က စ၍ နေ့စဉ် ည၈နာရီတွင် သံပုံးတီးခြင်းကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်လျက်ရှိပြီး ယနေ့ထိတိုင် ညစဉ်မပျက်မကွက် တီးခတ်လျက်ရှိသည်။


ည ၈နာရီ၊ ၁၅မိနစ်

မုံရွာတွင် ကျည်အစစ်သုံး၍ ဆန္ဒပြသူများကို ပစ်ခတ်၊ ခြောက်ဦးသေ၍ ၃၀ကျော်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာတွင် ဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့က ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူခြောက်ဦး သေဆုံးခဲ့ပြီး ၃၀ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။

သေဆုံးသူခြောက်ဦးတွင် လေးဦးမှာ အမျိုးသားများဖြစ်ပြီး နှစ်ဦးမှာ အမျိုးသမီးများဖြစ်သည်။ ၎င်းတို့အနက် တစ်ဦးမှာ အသက်၄၀ကျော်အရွယ် ကျောင်းဆရာမတစ်ဦးဖြစ်သည်ဟု ဒေသခံတစ်ဦးက အတည်ပြုသည်။

“သေနတ်တွေနဲ့ပါ ပစ်တာ။ တော်တော်ကို ကြာတယ်။ ဒဏ်ရာရတဲ့သူ တော်တော်များတယ်”ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။ ယနေ့ နံနက်ပိုင်းက မုံရွာမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ ဘုရားနီဘုရားအနီး လူရာနှင့်ချီပါဝင်သည့် ဆန္ဒပြစစ်ကြောင်းကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ကျည်အစစ်သုံး၍ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။


ည ၈နာရီ

မြောက်ဥက္ကလာပဆေးရုံတွင် အခြေအနေစိုးရိမ်ရသူ ၁၈ဦး၊ အခြားဒဏ်ရာရသူ ၆၀ကျော်ရှိ

မြောက်ဥက္ကလာပရှိ ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းမှုများမှာ ယနေ့ညနေပိုင်းတွင် ပိုမိုပြင်းထန်လာပြီး သေဆုံးသူအများစုမှာလည်း ညနေပိုင်းပစ်ခတ်မှုအတွင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည့်အခြေအနေရှိသူ လူနာ ၁၈ဦးရှိကြောင်းလည်း သိရသည်။

ညနေပိုင်းတွင် ဆန္ဒပြသူများကို ကျည်အစစ်များအသုံးပြု၍ ဖြိုခွင်းခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် မြင်တွေ့ရသည့် ရုပ်သံဖိုင်များအရ ဆီမီးအော်တိုမက်တစ်ရိုင်ဖယ်သေနတ်များ အသုံးပြု၍ အဆက်မပြတ် ပစ်ခတ်ခဲ့သည်ကို တွေ့ရှိရသည်။

မြောက်ဥက္ကလာပဆေးရုံကြီးက ဆရာဝန်များသည် ငြိမ်းချမ်းစွာအမိန့်ဖီဆန်ခြင်း (CDM)လှုပ်ရှားမှုတွင် ပါဝင်သော်လည်း ထိခိုက်ဒဏ်ရာပြင်းထန်၍ အလွန်စိုးရိမ်ရသူများရှိသဖြင့် ယနေ့ညနေတွင် ပြန်လည် အလုပ်ဆင်း၍ လူနာများကို လက်ခံခဲ့သည်။

လက်ရှိအချိန်အထိ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသူ ၁၈ဦးနှင့် အခြားဒဏ်ရာရရှိသူဦးရေ ၆၀ကျော်ရှိကြောင်း ဆရာဝန်များက အတည်ပြုထားသည်။


ည ၇နာရီ 

ယနေ့ မြောက်ဥက္ကလာမြို့နယ်တစ်ခုတည်းတွင် ခြောက်ဦးသေဆုံး 

ယနေ့ စစ်တပ်နှင့်ရဲတို့ပစ်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကာလာမြို့နယ်တစ်ခုတည်းမှာပင် သေဆုံးသူခြောက်ဦးရှိခဲ့သည်။ သေဆုံးသူအားလုံးမှာ အမျိုးသားများဖြစ်ကြပြီး သုံးဦးမှာဦးခေါင်းကို ပစ်ခံရသဖြင့်သေဆုံးသွားခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာဆေးရုံရှိ ဆရာဝန်များကအတည်ပြုသည်။

ယနေ့ မြောက်ဥက္ကလာအဝိုင်းအနီးနှင့် သုဓ္ဓမာလမ်းမပေါ်တွင် ဆန္ဒထုတ်ဖော်သူများနှင့် လုံခြံရေးအဖွဲ့များကြား အခြေအနေတင်းမာခဲ့ပြီးနောက် တပ်မ ၇၇မှာ စစ်သားများနှင့် ရဲတပ်ဖွဲ့က ကျည်အစစ်များ၊ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုကာ ဆန္ဒပြသူများကို ဖြိုခွဲရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။


ညနေ ၆နာရီ

မြစ်ကြီးနားမြို့တွင်း ဆန္ဒထုတ်ဖော်မှုလူငယ် ၄၆ဦးဖမ်းဆီးခံရ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရာနှင့်ချီသည့် လူငယ်များသည် ယနေ့နံနက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ အခြားနေရာများကဲ့သို့ပင် မြစ်ကြီးနားမှာ လူများသည် သဲအိတ်များ၊ကားတာယာများနှင့် အမှိုက်ပုံးများကိုအကာအကွယ်ယူ၍ ကိုယ်တိုင်လုပ်ထားသည့် ဒိုင်းများဖြင့် လုံခြုံရေးအဖွဲ့များကိုခုခံခဲ့သည်။

ရဲများက မျက်ရည်ယိုဗုံးများ၊ဘာရာကျည်များအသုံးပြုကာ သုံးကြိမ်တိတိလူစုခွဲရန်ကြိုးပမ်းခဲ့သည်။လုံခြုံရေးတပ်ဖွဲ့များ၏အကြမ်းဖက်နှိမ်နင်းမှုကြောင့် ၄၆ဦးအဖမ်းခံခဲ့ကြောင်း ကချင်ပြည်နယ်အရပ်ဘက်တက်ကြွလှုပ်သည့်အဖွဲ့ကပြောသည်။ 


ညနေ ၅နာရီ

ရဲတပ်ဖွဲ့က We Love North Okkalapa လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးရိုက်နှက်၊ အဖွဲ့ဝင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်

ညနေ ၂ နာရီခွဲဝန်းကျင်တွင် လူနာအတင်အပို့လုပ်နေသော We Love North Okkalapa လူမှုကယ်ဆယ်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်တစ်ဦးတို့ကို  သုဓမ္မာလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား  ၂ နာရီကျော်ကြာ ထိန်းသိမ်းထားပြီး ပြင်းထန်ဒဏ်ရာများနှင့် လူနာနှစ်ဦးကို ညနေ ၄နာရီကျော်တွင်ပြန်လွှတ်ပေးခဲ့သည်။

ဥက္ကဌမှာ ပြင်းထန်စွာရိုက်နှက်ခံရပြီး အဖွဲ့ဝင်တစ်ဦး၏ ပေါင်ကိုရဲက သေနတ်ဖြင့်ပစ်ခဲ့သည်။ ညနေ ၄ နာရီ ခွဲဝန်းကျင်တွင်ကယ်ဆယ်ရေးအဖွဲ့သည် ဓမ္မာရုံတစ်ခုသို့ရောက်ရှိလာပြီးဆေးကုသမှု ခံယူလျက်ရှိသည်။

“ငါ့ဦးထုတ်ကျသွားလို့ ပြန်ကောက်ပြီး ဆောင်းမလို့လုပ်တော့ ဦးထုတ်ကိုမကိုင်နဲ့လို့ပြောတယ်။  ဦးထုတ်ကိုပစ်ချလိုက်တော့ သေနတ်နဲ့ ပေါင်ကို တေ့ပြီးပစ်လိုက်တာ။ ငါလဲကျသွားတာကို ဒူးထောက်ထိုင်ဆိုပြီး ထိုင်ခိုင်းတယ်။ သေသွားမယ် ပြန်ထိုင် ခုချိန်မှာ လူသတ်တာ လွယ်လွယ်လေး ဘာမှတ်လဲလို့ပြောပြီး နေပူကြီးထဲမှာထိုင်ခိုင်းတယ်။ နံပါတ်တုတ်နဲ့ ခေါင်းကိုရိုက်တယ်၊ ပါးတွေလည်းရိုက်တယ်။ ပေါင်ကသွေးတွေအရမ်းထွက်လာတော့ တပ်မတော်ကုတင် ၁၀၀ ပို့ပေးမယ်ပြောတယ်။ မသွားဘူး ကုပေးမယ့်နေရာရှိတယ်ပြောလိုက်တယ် ။အခုလည်း ပြန်မလွှတ်ပေးချင်ဘူး မနည်းပြောပြီးပြန်လွတ်လာတာ”ဟု သေနတ်ဖြင့်အပစ်ခံရသူကပြောသည်။ 


နေ့လယ် ၂နာရီ ၃၀မိနစ်

စမ်းချောင်းမြို့နယ်၊ ပဒုံမာလမ်းလက်ရှိအခြေအနေ


နေ့လယ် ၂နာရီ ၂၀မိနစ်

ယနေ့ အင်းစိန်မြို့နယ်တွင်း ဆန္ဒထုတ်ဖော်မှုမြင်ကွင်းများ


နေ့လယ် ၂နာရီ

ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရ

စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့သည် ယနေ့၊ နေ့လယ် ၁နာရီဝန်းကျင်ခန့်တွင် ဗဟိုလမ်းပေါ်က ဆန္ဒပြသပိတ်ကို ဖြိုခွင်းခဲ့သည်။ ဗဟိုလမ်းတစ်လျှောက် အသံဗုံးများပစ်ခွဲ၍ ဆန္ဒပြသူများကို လူစုခွဲရန် ဖြိုခွင်းခဲ့သည်။ ယင်းသို့ဖြိုခွင်းမှုအတွင်း အသံဗုံးအနည်းဆုံး ၁၀ကြိမ်ထက်မနည်း အသုံးပြုပစ်ဖောက်ခဲ့သည်။ ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူများသည် လမ်းကြိုလမ်းကြားများသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။ ပုသိမ်လမ်းအနီးအရောက်တွင် လှည့်ပြန်သွားသည်။ လက်ရှိအချိန်တွင် ဆန္ဒပြသူများသည် လမ်းပေါ်ထွက်၍ ပြန်လည်စုဝေးနေကြပြီဖြစ်သည်။


နေ့လယ် ၁နာရီ ၃၀မိနစ်

မန္တလေးထိုင်သပိတ်ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးသေဆုံး 

ယနေ့ နေ့လယ် ၁၂နာရီ မိနစ် ၃၀ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နှင့် ၈၄လမ်းထောင့်တွင် ထိုင်သပိတ်ဆင်နွှဲနေသည့် လူထုအားရဲနှင့်စစ်တပ်ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးသွားပြီး တစ်ဦးမှာအပြင်းအထန်ဒဏ်ရာရပြီး စိုးရိမ်စရာအခြေအနေတွင် ရှိနေကြောင်း လူမှုကူညီရေးအသင်းကြီးထံမှ သိရသည်။ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး အရေအတွက်အတိအကျကို မသိရသေးပေ။ 


နေ့လယ် ၁နာရီ

အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် မန္တလေးတွင် ထိုင်သပိတ်ပြန်လည်စတင်

နံနက် ၉နာရီ ၃၀မိနစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်း၊ဆရာ၊ဆရာမများ သပိတ်စစ်ကြောင်းနှင့်ပြည်သူများပါဝင်သည့် သပိတ်စစ်ကြောင်းတို့သည် ချမ်းအေးသာစံမြို့နယ် လမ်း၃၀နှင့် ၈၄လမ်းထောင့်တွင် ထိုင်သပိတ်ဆင်နွှဲခဲ့သည်။

၁၀နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်များအသုံးပြုကာ နှိမ်နင်းခဲ့မှုကြောင့် လူစုကွဲသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အဆိုပါနေရာ၌ပင် ထိုင်သပိတ်ပြန်လည်ဆင်နွှဲရန်လူပြန်စုနေကြပြီဖြစ်သည်။


နံနက် ၁၁နာရီ

မြောက်ဥက္ကလာသပိတ် အကြမ်းဖက်ဖြိုခွင်းခံရ၊ ဆယ်ဦးထက်မနည်းဖမ်းဆီးခံရပြီး အများအပြားဒဏ်ရာရ

နံနက် ၁၀နာရီ ၃၀မိနစ်ဝန်းကျင်တွင်  မြောက်ဥက္ကလာအဝိုင်းအနီး ဆန္ဒထုတ်ဖော်သူများအား တပ်မ ၇၇ မှ စစ်ကားများရောက်ရှိလာပြီး မျက်ရည်ယိုဗုံး ၇ချက်ခန့်ဖောက်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ဖရွန်းတီးယားသတင်းထောက်ရှေ့မှာင် ဖမ်းဆီးခံရသူလူငယ်အများအပြားရှိနေပြီး ဆယ်ဦးထက်မနည်းဟု ခန့်မှန်းရသည်။ဖမ်းဆီးခံရသူများအားအကြမ်းဖက်ရိုက်နှက်နေသည်ကိုလည်းတွေ့မြင်နေရသည်။


မတ် ၃ရက်၊ နံနက် ၁၀နာရီ 

စမ်းချောင်းမြို့နယ်တွင်းရှိ အရံအတားများအားရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှားနေ

စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းများတွင် ရပ်ကွက်နေပြည်သူများက အရံအတားများပြုလုပ်ထားသည်များအား ရဲများက လိုက်လံရှင်းလင်းလျှက်ရှိသည်။နံနက် ၈နာရီ ၃၀ မိနစ်ခန့်တွင် ပဒုံမာလမ်းပေါ်ရှိ အရံအတားများကိုရဲများကရှင်းလင်းလိုက်သည်။ နံနက် ၉နာရီဝန်းကျင်တွင်  ဗားကရာလမ်းနှင့် ကျွန်းတောလမ်းထောင့်တွင် ဆန္ဒထုတ်ဖော်သူလူငယ် ၂၀၀ဝန်းကျင်က ကားတာယာများ၊သဲအိတ်များနှင့် သံဆူးကြိုးများဖြင့် အရံအတားပြုလုပ်ကာ ဆန္ဒထုတ်ဖော်နေကြသည်။ သို့သော် ၁၀နာရီဝန်းကျင်တွင် ရဲများရောက်ရှိလာပြီး အရံအတားများအား မြေသယ်ရာတွင်သုံးသည့် ဘတ်ဟိုး(Backhoe) ဖြင့် ဖယ်ရှားလိုက်သည်။ထို့နောက် လမ်းပေါ်ရှိ ပစ္စည်းများအားဖျက်ဆီးသွားပြီး ဆန္ဒထုတ်ဖော်သူတစ်ယောက်အားဖမ်းဆီးခေါ်ဆောင်သွားသည်။


ညနေ ၃နာရီ

လုံခြုံရေးတင်းကျပ်ပေမဲ့ မန္တလေးမှာ သပိတ်စတင်ခဲ့၊ ညနေပိုင်းမှာ အကြမ်းဖက်ဖြိုခွင်းခံရ

မန္တလေးမြို့မှာတော့ အဓိကလမ်းမကြီးတွေမှာ စစ်သားနဲ့ရဲတွေ လုံခြုံရေးတင်းကျပ်စွာချထားပေမဲ့ ဆန္ဒပြသူတွေဟာ မရရအောင်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိအချိန်အထိတော့ သပိတ်စစ်ကြောင်းတွေဟာ နေရာအသီးသီးကနေ ဖြန့်ကျက်ထွက်လာကြပြီး စုဝေးခဲ့ကြပါတယ်။

“ဘယ်လိုပဲပိတ်ဆို့ထားပါစေ ကျွန်တော်တို့က မရရအောင်ထွက်မယ်။ ရတဲ့နည်းနဲ့ ပုံစံမတူဘဲ လမ်းပေါ်ထွက်မယ်။ လမ်းပေါ်ထွက်ပြီးဆန္ဒပြဖို့က အဓိကပဲ”လို့ မြတောင်သပိတ်စစ်ကြောင်းနဲ့ ပါလာသူတစ်ဦးက ပြောပါတယ်။

မြတောင်ကျောင်းတိုက်အနီးမှာ စစ်တပ်နဲ့ရဲက လုံခြုံရေးချထားပေမဲ့ ရတဲ့နည်းနဲ့ မြတောင်သပိတ်စစ်ကြောင်းဆိုပြီး စုဖွဲ့ထွက်လာတာပါ။ ဒီနေ့မှာ မြို့နယ်အလိုက် ပညာရေးစစ်ကြောင်းတွေလည်း လမ်းပေါ်ကို ထွက်လာပြီး ဆန္ဒပြကြပါတယ်။ ဒါ့ပြင် ဥပဒေစစ်ကြောင်းဆိုရင် အမရပူရမြို့နယ်မှာ စုရပ်အဖြစ်စတင်စည်းဝေးပြီး ထွက်လာကြတာပါ။

ဒါပေမဲ့ ညနေပိုင်းမှာတော့ မဟာအောင်မြေမြို့နယ်၊ မြတောင်နဲ့ မစိုးရိမ်ကျောင်းတိုက်အနီး ၃၅လမ်းတစ်ကြောလိုက်ကို စစ်တပ်နဲ့ရဲတွေက တောက်လျှောက်ပစ်ခတ်ပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။ ဒါ့ပြင် ရပ်ကွက်ထဲတွေအထိပါ လိုက်လံပစ်ခတ်ခဲ့ပြီး နေအိမ်တွေပါ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာဘယ်လောက်ပြင်းသလဲဆိုတာကိုတော့ မသိရသေးပါဘူး။


နေ့လယ် ၁နာရီ၊ ၃၀မိနစ်

ကျဆုံးသူတွေအတွက် နေပြည်တော်မှာ ဆုတောင်း

ဒီနေ့မနက် ၁၀နာရီခွဲအချိန်၊ နေပြည်တော် ပုပ္ဗသီရိမြို့နယ်ရှိ ညောင်ပင်ကြီးစုရှေးဟောင်းဘုရားမှာ ​ဒေသခံ လူငယ်အယောက်၂၀လောက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ကျဆုံးသွားတဲ့ သူတွေအတွက် ဂုဏ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“ကျဆုံးသွားတဲ့ညီအစ်ကို​မောင်နှမ​တွေအတွက် ကျွန်​တော်တို့ တတ်နိုင်သ​လောက် ဆုတောင်းပေးတာပါ။  သူတို့အတွက် အမြဲတမ်းဂုဏ်ပြုတယ်။ အရမ်းလည်းလေးစားတယ်။ ဘဝဆက်တိုင်းလည်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါ​စေနဲ့လို့ ကျွန်​တော်တို့ အမြဲတမ်းရင်ထဲမှာ ဆု​တောင်းပါတယ်”လို့ ပွဲဦးဆောင်ပြုလုပ်တဲ့သူတစ်ဦးက ပြောပါတယ်။

ဆက်ပြီးတော့လည်း ကျဆုံးသူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး လမ်းမကြီးတွေပေါ်မှာလည်း ဒီမိုကရေစီလိုလားကြောင်း စာတန်းတွေ ရေးထိုးသွားမယ်လို့ သူက ဆိုပါတယ်။

“သူတို့(စာတန်းတွေ)ကြိုက်သလောက်ဖျက်ပါစေ။ သူတို့လက်နက်တွေ ကျွန်တော်တို့ မကြောက်ဘူး။ ကျွန်တော်တို့ စာလုံးတွေ သူတို့ကြောက်နေတာပါ”လို့ သူက ပြောပါတယ်။

ဒီနေ့မှာဆိုရင် နေ​ပြည်တော်မှာ ရဲတပ်ဖွဲ့က အင်အားအများအပြားနဲ့ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လမ်းမကြီးတွေပေါ်ထွက်ကာ ဆန္ဒပြမှုတွေကတော့ လက်ရှိအချိန်မှာ နည်းပါနေပါတယ်။


မတ်၂ရက်၊ နံနက် ၁၁နာရီ၊ ၃၀မိနစ်

မတ်၂ရက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ

စမ်းချောင်း

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းပေါ်မှာတော့ လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြဖို့ မနက်၁၀နာရီလောက်ကတည်းက စတင်စုဝေးနေကြပါပြီ။ ဗဟိုလမ်းပေါ်မှာ ရဲနဲ့စစ်ကားတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင် အမှိုက်ပုံးတွေ၊ သဲအိတ်တွေနဲ့ အကာအရံတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့ပြင် မျက်ရည်ယိုဗုံးပစ်ခတ်ဖြိုခွင်းလာခဲ့ရင် ငြိမ်းသတ်ဖို့ ရေအပြည့်ဖြည့်ထားတဲ့ ပလက်စတစ်အိတ်တွေကိုလည်း လမ်းလယ်မှာ စီရရီချထားတာကိုလည်း မြင်တွေ့ရပါတယ်။ ဗဟိုလမ်းပေါ်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဓာတ်ပုံတွေကို လမ်းသွားလမ်းလာတွေ နင်းလို့ရအောင် လမ်းမကြီးပေါ်မှာ စတစ်ကာတွေနဲ့ကပ်ထားပါတယ်။

ဒါ့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး သီချင်းတွေ သံပြိုင်ဟစ်ကြွေးကြသလို အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။

အရင်နေ့တွေလိုပဲ ဆန္ဒပြလူငယ်တွေဟာ သပိတ်စစ်ကြောင်းကို သုံးခုခွဲပြီး တစ်ပြိုင်နက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ စစ်ကြောင်းသုံးခုဟာ ပဒုမ္မာလမ်း၊ ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းတွေပေါ်မှာ နေရာယူပြီး တစ်ပြိုင်နက် ကြွေးကြော်သံတွေဟစ်အော်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မနက် ၁၁နာရီကျော်ကျော်လောက်မှာတော့ ကျွန်းတောလမ်းမပေါ်က ဆန္ဒပြလူငယ်တွေကို ရဲနဲ့စစ်သားတွေက မီးခိုးဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ပြီး စတင်ဖြိုခွင်းခဲ့ပါတယ်။ ဖြိုခွင်းမှုအတွင်း အနည်းဆုံး လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။ သုံးယောက် ဒဏ်ရာရသွားပါတယ်။

ဆန္ဒပြလူငယ်တွေကို ဖြိုခွဲရာမှာ ပါဝင်တဲ့စစ်သားတွေဟာ စစ်သားများက ဆန္ဒပြလူထုကို ဆဲဆိုခဲ့တဲ့အပြင် အကာအရံတွေနဲ့ အန်အယ်လ်ဒီအလံတွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ဗားကရာလမ်းဆုံကနေ ကျွန်းတောလမ်းထဲကို ဝင်ရောက်ပြီး ဖြိုခွင်းခဲ့ပေမဲ့ ကျွန်းတောလမ်းအထဲဘက်ထိ ဝင်ရောက်လာတာမျိုးတော့ မရှိသေးပါဘူး။

လက်ရှိ မနက်ပိုင်း ၁၁နာရီ ၃၀မိနစ်အချိန်မှာတော့ လူငယ်တွေဟာ ဆက်လက်ဆန္ဒပြနေကြပြီးဗားဂရာလမ်းမကြီးပေါ်မှာတော့ စစ်သားတွေနဲ့ ရဲတွေက နေရာယူထားတာကို မြင်တွေ့ရပါတယ်။

အင်းစိန်လမ်းမကြီးပေါ်၊ ဘူတာရုံလမ်းအနီး

အင်းစိန်လမ်းမကြီးပေါ်၊ ဘူတာရုံလမ်းအနီးမှာလည်း ဆန္ဒပြလူငယ်တွေဟာ မနက်ကတည်းက စုဝေးခဲ့ကြပါတယ်။ ပလက်စတစ်ဦးထုပ်ကိုယ်စီဆောင်းထားတဲ့ လူငယ်တွေဟာ သတ္တုဒိုင်းတွေကို ကိုင်ဆောင်ထားပြီး အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြပါတယ်။

ဆန္ဒပြသူတွေဟာ အင်းစိန်လမ်းမတစ်လျှောက်ခံတပ်လို အကာအရံတွေ ပြုလုပ်ထားပြီး သံလမ်းမှတ်တိုင်၊ ဘူတာရုံလမ်းမှတ်တိုင်တွေမှာ အခိုင်အမာနေရာယူထားပါတယ်။

အင်းစိန်လမ်းမတစ်လျှောက်မှာ ဆန္ဒပြသူတွေကို မနက်၁၀နာရီခွဲလောက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ နှစ်ဖက်ပိတ်ပြီး ဖြိုခွင်းခဲ့ပါတယ်။ လက်ရှိအချိန်ထိ အဖမ်းခံရသူ ငါးဦးထက်မနည်းရှိနေပြီး မျက်ရည်ယိုဗုံးကြောင့် မူးလဲသူတစ်ဦးနဲ့ ရာဘာကျည်ထိမှန်သူ တစ်ဦးရှိခဲ့ပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲက မနေ့ကထက်စာရင် ဆန္ဒပြသူတွေကို ပိုပြီး လျင်လျင်မြန်မြန် ဖြိုခွင်းနေပါတယ်။ သံလမ်းနဲ့ဘူတာရုံလမ်းကို နှစ်ဘက်ခွပိတ်ထားတဲ့ အနေအထားဖြစ်ပြီး လမ်းတစ်လျှောက်ရပ်ထားတဲ့ ကားတွေကိုလည်း ရိုက်ခွဲခဲ့တယ်လို့လည်း ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့ရတဲ့ ဖရွန်းတီးယားမြန်မာ သတင်းထောက်က ပြောပါတယ်။

“မနေ့ကထက်ပိုမြန်လာတယ်။ ရှေ့ကိုအတင်းတိုးပြီးလိုက်တယ်၊ ရပ်ကွက်လူတွေပါဆွဲတယ်”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆန္ဒပြသူတွေဟာ ဖြိုခွင်းခံရလို့ တိမ်းရှောင်နေကြရပါတယ်။


ည ၉နာရီ

မြေနီကုန်း(မြောက်)ရပ်ကွက်တွင် နေအိမ်များကို ရဲတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ ပြည်သူနှစ်ဦး ကျည်ထိမှန်၍ ဒဏ်ရာရ

ဒီနေ့၊ နေ့လယ် ၁နာရီဝန်းကျင်လောက် စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာ အနောက်ဘက်၊ မဟာမြိုင်အတွင်း (ပြည်လမ်းနှင့် ဦးဝိစာရလမ်းအကြားက) မြေနီကုန်း(မြောက်)ရပ်ကွက်ကို ရဲတပ်ဖွဲ့က  မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ သေနတ်အစစ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ သီရိမင်္ဂလာလမ်း၊ မပိုလမ်း၊ ရှမ်းကုန်းလမ်းနဲ့ မြေနီကုန်းစျေးလမ်း အစရှိတဲ့ လမ်းတွေမှာ မျက်ရည်ယိုဗုံးတွေနဲ့ သေနတ်တွေ ပစ်ခတ်ပြီး ရှောင်တိမ်းတဲ့ ဆန္ဒပြသူတွေသာမက ရပ်ကွက်နေလူထုကိုပါ ခြောက်လှန့်ခဲ့ပါတယ်။

“သူတို့က ဒီထဲကို နေ့လည် ၁နာရီလောက်မှ စတာပဲ။ ဝင်လာပြီး တောက်လျှောက် ပစ်ခွင်းတာတွေ လုပ်တယ်”လို့ အဲဒီမြောက်ရပ်ကွက်အတွင်းမှာနေတဲ့ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

အင်အား၅၀ကျော်လောက်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေကိုပါ ပစ်ခတ်တာမျိုးရှိခဲ့ပြီး အိမ်တွေထဲအထိ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးလို့ ရပ်ကွက်နေပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

“ဒီလမ်းထဲတွေမှာ တချို့ကလေးတွေက ထိုင်သပိတ်လုပ်နေတယ်။ အဲဒါကို သူတို့က လမ်းတွေကနေ နှစ်ဘက်ခွဲဝင်လာပြီး မျက်ရည်ယိုဗုံးတွေ ပစ်တယ်။ သေနတ်တွေပစ်တယ်။ နေ့လည် ၂နာရီလောက်စပြီး ၃မိနစ် တစ်ခါလောက်ကို ပစ်တယ်”လို့ မြေနီကုန်းမြောက်ရပ်ကွက်၊ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ လမ်းတစ်ခုမှာနေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုအတွင်း ရဲတွေဟာ တစ်ချို့နေအိမ်တွေကို အိမ်ထဲအထိ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြန်လည်ပြောဆိုပါတယ်။ ဒါ့ပြင် ရဲတွေဟာ မပိုလမ်းထဲက အိမ်တစ်အိမ်ကို ရာဘာကျည်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

“အဲ့ဒီ အဲကွန်းဆိုင်ထဲကို လူငါးယောက်လောက်ပြေးဝင်သွားတယ်။ အဲဒါကို မြင်တော့ အထဲထိ လိုက်ပစ်တယ်။ ဆိုင်ပိုင်ရှင်ကို သေနတ်တွေမှန်သွားတယ်။ ပြီးတော့ အဲဒီ အထဲက လူတွေကို ဖမ်းသွားတယ်”လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုပါတယ်။

“ဖမ်းလာတဲ့လူတွေကို လမ်းမပေါ်မှာရိုက်နှက်တယ်ဗျာ။ ဒီနားမှာပဲ ခုနှစ်ယောက်လောက် အဖမ်းခံလိုက်ရတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒါ့ပြင် ညနေ၅နာရီလောက်မှာ သီရိမင်္ဂလာလမ်းပေါ်က နှစ်ထပ်အိမ်တစ်အိမ်ရဲ့ တံခါးကို ရိုက်ဖွင့်ပြီး အထဲမှာနေတဲ့ မိသားစုကို ရာဘာကျည်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပြပါတယ်။

“အဲဒီအိမ်မှာနေတဲ့ အမျိုးသားတစ်ဦးကို ရာဘာကျည်တွေ ၁၄ချက်လောက်မှန်သွားတယ်။ သုံးချက်က လည်ပင်းနားမှာ မှန်တယ်။ တော်တော် စိတ်မကောင်းစရာပါ”လို့ မြေနီကုန်း၊ မြောက်ရပ်ကွက်အတွင်းနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောဆိုပါတယ်။ 

“တအား မင်းမဲ့စရိုက်ဆန်တယ်ဗျာ။ကျွန်တော်တို့က လက်နက်မရှိတဲ့ ပြည်သူတွေပါ”လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ဝါဒဖြန့်နိုင်ငံပိုင်မီဒီယာတွေက ထုတ်လွှင့်တဲ့ ည၈နာရီသတင်းမှာတော့ မြေနီကုန်းမြောက်ရပ်ကွက်က တိုက်တစ်ခုကနေ ရဲတွေကို ရေနွေးနဲ့ပက်လို့ အမျိုးသမီးငါးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ မြေနီကုန်း၊ မြောက်ရပ်ကွက်အတွင်းက ပြည်သူတွေရဲ့ ပြောကြားမှုတွေအရတော့ ရပ်ကွက်အတွင်းကနေ အနည်းဆုံး လူ ၂၀ ခန့် ဖမ်းဆီးသွားခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သေနတ်ဒဏ်ရာရသူတွေကို ဆေးရို့ပို့ဆောင်ထားပါတယ်။


ညနေ ၃နာရီ၊ ၃၀မိနစ်

ရှေ့နေနှင့် တွေ့ဆုံခွင့်ရလိုကြောင်း တရားခွင်တွင် အတိုင်ပင်ခံပြောကြား

(ဓာတ်ပုံ – အေအက်ဖ်ပီ)

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ရုံးချိန်းမှာ သူ့ရဲ့ရှေ့နေများနဲ့ တွေ့ခွင့်ရလိုကြောင်း တရားခွင်မှာပြောဆိုခဲ့တယ်လို့ အတိုင်ပင်ခံရဲ့ ရှေ့နေကပြောပါတယ်။

ယနေ့ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ Video Conferencing နဲ့ပြုလုပ်တဲ့ ရုံးချိန်းမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီက ငှားရမ်းထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ဟာ ရှေ့နေကိုယ်စားလှယ်လွှဲစာမရသေးတာကြောင့် တရားခွင်ကို ဝင်ရောက်ရခြင်းမရှိပဲ အသံကိုပဲ နားထောင်ခွင့်ရခဲ့ပါတယ်။

“အခုက တရားစီရင်ရေးက ဟာကွက်ကြီးတစ်ခုဖြစ်နေတယ်။ ကျွန်တော်တို့က ရှေ့နေပါဝါမတင်ရတဲ့ အနေအထား၊ အဲ့ဒီတော့ သူ့ကို ကာကွယ်နိုင်ခြင်းမရှိဘူး။ အဲဒီတော့ တရားရုံးကလည်း ရှေ့နေမပါရင် ဆက်မလုပ်ဘူးဆိုတဲ့ ပုံစံမျိုးပဲ”လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ရှေ့နေကိုယ်စားလှယ်လွှဲစာ လျှောက်လွှာတင်ခြင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရဖို့ လျှောက်လွှာကို ဖေဖော်ဝါရီ၁၆ရက်ကတည်းက ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့ မှူးထံ ဥပဒေလမ်းကြောင်းအရ တရားဝင် တင်ခဲ့တာပါ။ ရှေ့နေ့ကိုယ်စားလှယ်လွှဲစာရဖို့ လူကိုယ်တိုင်သွားရောက်မေးမြန်းတာ၊ ဖုန်းနဲ့ဆက်သွယ်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပေမဲ့ ဒုတိယအကြိမ်ရုံးချိန်းပြုလုပ်ခဲ့တဲ့ ဒီနေ့အထိ တွေ့ခွင့်မရရှိခဲ့ပါဘူး။

ဒီကနေ့ သမ္မတနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရုံးချိန်မှာ တရားလိုနဲ့တရားလိုပြသက်သေတွေ စစ်ဆေးမေးမြန်းမှုတွေမပြုလုပ်ခဲ့ဘဲ အမှုတွေသာ ထပ်တိုးဖွင့်လိုက်ပါတယ်။ ဦးခင်မောင်ဇော်ရဲ့ ပြောဆိုချက်အရ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)တို့နဲ့ ထပ်တိုးတရားစွဲလိုက်တာပါ။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့ အမှုလေးမှုရှိသွားပါပြီ။ အရင်စွဲဆိုထားတဲ့အမှုတွေကတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈တို့ပဲဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နဲ့ တရားစွဲခံထားရတဲ့ သမ္မတကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ထပ်တိုးတရားစွဲလိုက်ပါတယ်။ အတိုင်ပင်ခံကို ဆက်သွယ်ရေးပစ္စည်းများကို စည်းကမ်းဖောက်ဖျက်ကာ အသုံးပြုတာကြောင့် ဆက်သွယ်ရေးဥပဒေနဲ့ စွဲခဲ့တာဖြစ်တယ်လို့ အမှုကိစ္စတွေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

နိုင်ငံခေါင်းဆောင်တွေကို ပုဒ်မ ၅၀၅(ခ)နဲ့ထပ်မံတရားစွဲဆိုရတာကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ထုတ်ပြန်ချက်တွေဟာ နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ စွဲဆိုတာဖြစ်ကြောင်း ရှေ့နေတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပုဒ်မ ၅၀၅(ခ)ကို ဒက္ခဏိသီရိခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးပုဒ်မ၆၇ကိုတော့ ရဲမှူးတစ်ဦးက တရားလိုလုပ် တရားစွဲခဲ့တာပါ။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၇မှာ “မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)မှာတော့ “မည်သူမဆို ဖေါ်ပြချက်ကိုဖြစ်စေ၊ ကောလဟာလကိုဖြစ်စေ၊ သတင်းကို ဖြစ်စေပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချီရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင်၊ ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်”လို့ ပြဋ္ဌာန်းထားပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တတိယအကြိမ်ရုံးချိန်းကိုတော့ မတ်၁၅ရက်ကို ချိန်းဆိုထားပါတယ်။


နေ့လယ် ၂နာရီ၊ ၃၀မိနစ်

ရန်ကုန်-အင်းစိန် လမ်းပေါ်တွင် ဆန္ဒပြပြည်သူတစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ရန်ကုန် အင်းစိန် လမ်းပေါ် ဆန္ဒပြသူများကို ဖြိုခွင်းရာမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူ တစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

နေ့လည် ၂နာရီလောက်က ဘူတာရုံလမ်းမှတ်တိုင်အနီး ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ထပ်မံဖြိုခွင်းခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ ဦးထုပ်အဝါရောင်၊ အကျီအဖြူရောင် ဝတ်ဆင်ထားပြီး အသက် ၃၀ ကျော် အရွယ်ဖြစ်ပါတယ်။

“သေနတ်ကို မိုးပေါ် ထောင်ပစ်တယ်။ အဲဒါ အပြီးတော့ အမျိုးသား တစ်ယောက်ကို ဖမ်းသွားတာ တွေ့လိုက်တယ်”လို့ ဖမ်းဆီးတာကို ပုန်းအောင်းနေရင်း မြင်တွေ့လိုက်တဲ့ အသက် ၂၀ ကျော် အရွယ် လှိုင်မြို့နယ်မှာနေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ “ပစ်ပြီးမှ လိုက်ဖမ်းလို့ ရဲတွေက အော်တယ်”

“ဇော် ကြေးအိုးဆိုင်ရှေ့နားမှာ ဖမ်းဆီးခံလိုက်ရတာပါ။ ဒီနေ့သိထားတာတော့ အဲ့တယောက်ပဲ ဖမ်းခံရတယ်” အသက် ၃၀ ကျော် ဆန္ဒပြအမျိုးသား တစ်ဦးက ထပ်မံအတည်ပြုပါတယ်။

ဒီနေ့ ရန်ကုန်-အင်းစိန်လမ်းပေါ် မှာ ဆန္ဒပြနေတဲ့လူတွေကို ရဲတပ်ဖွဲ့ဟာ လေးကြိမ်ခန့် မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ ပစ်ဖောက်ဖြိုခွင်းခဲ့ပါတယ်။


နေ့လယ် ၂နာရီ

စမ်းချောင်း၊ ကျွန်းတောနဲ့ ဗဟိုလမ်းပေါ်ထိ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လိုက်လံဖြိုခွင်း

ဒီနေ့ နေ့ခင်းပိုင်းမှာတော့ စမ်းချောင်းမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို လိုက်လံဖြိုခွင်းရင်း ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းအတွင်းဘက်ထိ ဝင်ရောက်လာပါတယ်။ ကျွန်းတောလမ်းပေါ်မှာဆိုရင် မကြီးကြီးလမ်းထိပ်နားအထိ ရောက်ရှိလာပြီး ဗဟိုလမ်းပေါ်မှာဆိုရင် ညောင်တုန်းလမ်းထိပ်ထိ ရောက်ရှိလာပါတယ်။

ဆန္ဒပြသူတွေဟာ လမ်းတွေကို ရဲကားတွေအပြင် လူအဝင်အထွက် ခက်ခဲအောင်လည်း ဟန့်တားတဲ့အနေနဲ့ အမှိုက်ပုံးတွေ၊ အကာအရံတွေနဲ့ တားဆီးထားပါတယ်။

ဒါ့ပြင် အသံဗုံးတွေကိုလည်း ကြိမ်ဖန်များစွာ ပစ်ခတ်ပြီး ဆန္ဒပြသူတွေကို လူစုကွဲအောင် ခြောက်လှန့်ပစ်ဖောက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ ရဲတပ်ဖွဲ့ရှေ့တိုးလာတာနဲ့အမျှ နောက်ဆုတ်ပြီး လမ်းကြိုလမ်းကြားတွေကို ဝင်ရောက်ပြေးလွှား ပုန်းခိုကြပါတယ်။

လက်ရှိအချိန်မှာတော့ အချင်းချင်း လော်စပီကာတွေနဲ့ အော်ဟစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နိုင်ချေရှိတဲ့ လမ်းကြောင်းတွေကို အော်ဟစ်သတိပေးနေကြပါတယ်။ ဖြိုခွင်းမှုအတွင်း ဒဏ်ရာရရှိသူစာရင်းကို လက်ရှိအချိန်အထိ အတိအကျမသိရသေးပါဘူး။

အရပ်ဝတ်တွေနဲ့ ရဲတပ်ဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုပြီးလည်း အချင်းချင်းအော်ဟစ်သတိပေးတဲ့အပြင် လမ်းသွယ်တွေထဲ ဝင်ရောက်ပုန်းခိုနေဖို့ ဆန္ဒပြသူတစ်ဦးက လိုက်လံပြောဆိုနေပါတယ်။

နေ့ခင်း ၂နာရီ၄၅မိနစ်အချိန်လောက်မှာတော့ မကြီးကြီးလမ်းနဲ့ ကျွန်းတောထိပ်မှာ အင်အား ၂၀ဝန်းကျင်လောက်ရှိတဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး တိုက်ခန်းပေါ်က ကြည့်ရှုနေသူအချို့ကို အပြင်မထွက်ဖို့ သေနတ်နဲ့ချိန်ပြီး အော်ဟစ်ပြောဆိုခဲ့ပါတယ်။

ဒီမတိုင်ခင် နေ့လယ် ၁၂နာရီ၊ ၁၈မိနစ်ဝန်းကျင်ကလည်း စမ်းချောင်း၊ မင်္ဂလာလမ်း၊ အရှေ့ကုန်းလမ်းတွေကို ဝင်ရောက်ပြီး တိုက်ပေါ်အထိ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဒါ့ပြင် စမ်းချောင်းလမ်းနဲ့ မင်းလမ်းအနီးက ဓမ္မာရုံတစ်ဝိုက်မှာလည်း အသံဗုံးတွေဖောက်ပြီး ခြောက်လှန့်ခဲ့ပါတယ်။


နေ့လယ် ၁၁နာရီ ၃၀မိနစ်

ဘူတာရုံလမ်းမှာ ရဲနဲ့ဆန္ဒပြသူကြားအခြေအနေတင်းမာနေ

အင်းစိန်၊ဆင်ရေတွင်းမှတ်တိုင်းအနီး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ကစတင်နှိမ်နင်းခဲ့ပြီး လက်ရှိအချိန်တွင် ဘူတာရုံလမ်းအနီးကိုရောက်ရှိလာပြီဖြစ်သည်။ ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ကြားလက်ရှိအချိန်အထိ အခြေအနေတင်းမာနေပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးကာ ပစ်ခတ်နှိမ်နင်းလျှက်ရှိသည်။ ဆန္ဒထုတ်ဖော်သူများကလည်း ရဲများအားလမ်းပေါ်တွင် အတားအဆီးများပြုလုပ်ကာ ရဲများဝင်ရောက်မလာစေရန်လုပ်ဆောင်လျှက်ရှိသည်။


မတ် ၁ရက်၊ နံနက် ၁၁နာရီ

လှိုင်၊ ဆင်ရေတွင်းမှတ်တိုင်တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့စတင်ဖြိုခွင်း

အင်းစိန်လမ်းမကြီး၊  ဆင်ရေတွင်း မှတ်တိုင်အနီး ဆန္ဒထုတ်ဖော်နေတဲ့ လူထုကို နံနက် ၁၀နာရီ ၄၅မိနစ်မှာ ရဲတပ်ဖွဲ့ကစတင်ဖြိုခွင်းမှုတွေလုပ်ခဲ့ပါတယ်။ အသံဗုံးနဲ့မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး လူစုခွဲနေတာဖြစ်ပါတယ်။ 

တစ်ကြိမ်ကိုပေါက်ကွဲသံဆယ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူအများအပြား မျက်ည်ယိုဗုံးတွေထိမှန်ခဲ့ပါတယ်။မျက်ရည်ယို ဗုံးထိမှန်သူတွေကို ရန်ကုန် အင်းစိန်လမ်းမအနီးမှာရှိတဲ့ ပြည်သူတွေက ရေတွေ၊ ကိုကာကိုလာတွေနဲ့ ကူဆေးပေးပါတယ်။

ယနေ့ နံနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေက လှည်းတန်းလမ်းဆုံအနီးမှာ နေရာယူထားတာမို့ ပြည်သူတွေဟာ ဆင်ရေတွင်းမှတ်တိုင် အနီးမှာ အတားအဆီးတွေလုပ်ပြီးဆန္ဒပြနေတာပါ။

ရဲတပ်ဖွဲ့ကတော့ စံရိပ်ငြိမ်မှတ်တိုင်အနီးမှာ ဆက်လက်နေရာယူထားတာကို တွေ့ရပါတယ်။ 


ည ၈နာရီ

ဒီနေ့ ကျဆုံးသွားသူတွေအတွက် မန္တလေးမှာ ဖယောင်းတိုင်ထွန်း၊ ပန်းတွေချ

စစ်အာဏာသိမ်းမှုတစ်လပြည့်တဲ့ ဒီနေ့၊ ဖေဖော်ဝါရီ၂၈ရက်မှာ စစ်တပ်နဲ့ရဲတွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ကျဆုံးသွားသူတွေကို ရည်စူးပြီး အောင်မြေသာစံမြို့နယ်၊ ၂၆လမ်းအနောက်ထိပ်မှာ မန္တလေးမြို့ခံတွေက ဖယောင်းတိုင်ထွန်းပြီး ပန်းစည်းတွေချခဲ့ကြတာဖြစ်ပါတယ်။


ည ၇နာရီ၊ ၁၅မိနစ်

ဆူးလေတွင် ဖမ်းခံရသူများကို ပြန်လွတ်ရန် မိသားစုဝင်များက ကျိုက္ကဆံစစ်ကြောရေးစခန်းအနီး စောင့်ဆိုင်း

ယနေ့ ရန်ကုန်၊ ဆူးလေရှန်ဂီလာဟိုတယ်အနီး စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရန် မိသားစုဝင်များက တာမွေမြို့နယ်၊ ကျိုက္ကဆံစစ်‌ကြောရေးရှေ့တွင် ရှေ့နေများနှင့်အတူ စောင့်ဆိုင်းခဲ့ကြသည်။

လက်ရှိဖမ်းဆီးခံထားရသူများမှာ သာကတေမြို့နယ်မှ ဦးရေ ၂၀၀ နီးပါးနှင့် သင်္ဃန်းကျွန်းမြို့နယ်မှ ဖမ်းဆီးခံရသူ ၇၀နီးပါးရှိသည်ဟု ရှေ့နေတစ်ဦးပြောသည်။

ဖမ်းဆီခံရသူများကို အရှေ့မျဉ်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံစစ်ကြောရေးစခန်းတွင် စစ်ဆေးလျက်ရှိပြီး ဖမ်းဆီးခံထားရသူများကို ယနေည‌နေပိုင်းတွင် ပြန်လွှတ်ပေးရန်ရှိသည်ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက ပြောသည်။

“ဒီမှာ စစ်‌ကျောရေးအနေနဲ့ပို့ထားတယ်လို့ ကျွန်တော်တို့သိထားတယ်၊ ပြန်လွှတ်ပေးမယ်လို့လည်း သိထားတယ်။ စစ်ပြီးတဲ့ အထိအပြင်မှာပဲစောင့်ပေးရမယ်‌ပြောလို့ စောင့်ပေးနေတာဖြစ်တယ် ” ၎င်းက ဆက်ပြောသည်။

စောင့်ဆိုင်းနေသည့် မိသားစုများမှ ဖမ်းဆီခံထားရသူများ ပြန်ရရန် ရှေ့နေများကို သန်းခေါင်းစာရင်းများပေးထားသည်ဟု ဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ ပြန်ပေးဆွဲခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ဝေဖန်လိုက်သည်။

“ကျွန်တော် သမီးတို့က မနက်ပိုင်းမှာ လူစုနေတုန်းပဲ ရှိသေးတယ်၊ ဖမ်းခံလိုက်ရတာ” ဟု လာရောက်စောင့်ဆိုင်းနေသည့် မိဘတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် သမီးဖြစ်သူမှာ ဟမ်းဖုန်းကိုလျို့ဝှက်ယူဆောင်သွားပြီး ရောက်ရှိနေသည့်နေရာကို ဖခင်ကို ဆက်သွယ်ခဲ့ကြောင်း ၎င်းကပြောသည်။

သမီးဖြစ်သူ ပြန်လွတ်‌ရန် ရှေ့နေဖြင့်သာ ဆောင်ရွက်မည်ပြီး ငွေကြေးဖြင့်ပြန်ရွေးချယ်ရန် လုပ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။


ည ၇နာရီ

ယနေ့ဆန္ဒပြသူများကို ကျည်အစစ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုကြောင့် ရန်ကုန်တွင် သေဆုံးသူ ငါးဦးရှိခဲ့

ယနေ့တွင် စစ်အာဏာသိမ်းအစိုးရကို ဆန့်ကျင်ဆန္ဒပြသူ ပြည်သူများကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က
ကျည်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး ၁၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်ရှိ ဆေးရုံကြီးတစ်ခုထံမှ သိရသည်။

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး၍ အဆိုပါဆေးရုံကြီးသို့ ရောက်လာသူ သုံးဦးရှိခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်။ သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း ကျည်အစစ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ အမျိုးသားတစ်ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်းအရေအတွက်ကို လက်ရှိအချိန်တွင် စုံစမ်းနေဆဲဖြစ်သည်။ ငါးဦးမြောက်သေဆုံးသူနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါဆေးရုံသို့ ယနေ့ဆန္ဒပြရင်း ရောက်ရှိလာသူ လူနာ၁၉ဦးရှိခဲ့ပြီး တုတ်ဖြင့်အရိုက်ခံရသည့်လူနာ နှစ်ဦးနှင့် မီးခိုးငွေ့ရှူရှိုက်မိ၍ အသက်ရှူကျပ်သဖြင့် ရောက်ရှိလာသူ နှစ်ဦးမှအပ ကျန်လူနာ ၁၅ ဦးမှာ ကျည်ဆံအစစ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရောက်ရှိလာသူများဖြစ်သည်။

“ဒီ၁၅ဦးစလုံးက ကျည်အစစ်နဲ့ အပစ်ခံရသူတွေဖြစ်ပါတယ်”ဟု ဆရာဝန်ကြီးတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

အဆိုပါလူနာများမှာ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဒလ၊ လှိုင်သာယာနှင့် စမ်းချောင်းမြို့နယ်များ၌ ဆန္ဒပြသူများဖြစ်ပြီး အများစုမှာ ကမာရွတ်မြို့နယ်မှဖြစ်ကြောင်း သိရသည်။ သေဆုံးသူများ မည်သည့်မြို့နယ်များမှဖြစ်သည်ကို အတိအကျ မသိရသေးဟု တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ သုံးဦးအနက် အမျိုးသားတစ်ဦးမှာ ဦးခေါင်းကို ကျည်ထိမှန်ခြင်း၊ ဒုတိယအမျိုးသားမှာ ဝမ်းဗိုက်ကို ကျည်ထိမှန်ခြင်းနှင့် အမျိုးသမီးတစ်ဦး(ရောဂါအခံရှိ)မှာ ပခုံးကို ကျည်ထိမှန်ခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဆေးရုံသို့ ရောက်ရှိလာသည့် လူနာများအနက်မှ နှစ်ဦး၏ အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထား ဖြစ်ကြောင်း တာဝန်ရှိသူ ဆရာဝန်တစ်ဦးက အတည်ပြုသည်။

ကုသပေးလျက်ရှိသည့် ဆရာဝန်များနှင့် လူနာများ၏ လုံခြုံရေးအခြေအရ စိုးရိမ်မှုရှိသော
ကြောင့် ဆေးရုံအမည်နှင့် လိပ်စာကို ထည့်သွင်းရေးသားမဖော်ပြနိုင်ပေ။

“လူနာတွေနဲ့ကုသပေးရတဲ့ ဆရာဝန်တွေအတွက်က အန်တရယ်ရှိတယ်။ ညဘက်ကြီး လာဖမ်းမလား ဆိုပြီးတော့ သူတို့ရဲ့လုံခြုံရေးကို ကျွန်တော် တို့စိုးရိမ်ရပါတယ်”ဟု တာဝန်ရှိသူ ဆရာဝန်တစ်ဦးက ပြောသည်။

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသူ လူနာ၁၅ ဦးအနက် ခွဲစိတ်ခန်းဝင်၍ကုသခံယူသူ ခုနှစ်ဦးရှိခဲ့
သည်။ အဆိုပါ လူနာများမှာ ဝမ်းဗိုက်ကျည်ထိမှန်သူ တစ်ဦး၊ လည်ပင်းထုတ်ချင်းပေါက် ကျည်
ထိမှန်သူ တစ်ဦး၊ ပခုံးကျည်ထိမှန်သူ နှစ်ဦးနှင့် ခြေထောက် ကျည်ထိမှန်သူ သုံးဦးဖြစ်သည်။

“ကျွန်မ အမျိုးသားက အခုခွဲစိတ်ခန်း ဝင်နေပါတယ်။ မနက်က လှည်းတန်းမှာ ဆန္ဒပြရင်း ပခုံး
ထိမှန်ပြီး လက်ပါကျိုးခဲ့သူဖြစ်ပါတယ်”ဟု ဦးကျော်ကျော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဆွေဆွေလင်းက ပြောသည်။

ဖေဖော်ဝါရီ၂၈ရက်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် စစ်အာဏာသိမ်းအစိုးရကို ဆန့်ကျင်ဆန္ဒပြရင်း သေဆုံးသူ ငါးဦးရှိကြောင်း သိရသည်။


ညနေ ၅နာရီ၊ ၄၅မိနစ်

စမ်းချောင်းမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပုံရိပ်များ


ညနေ ၅နာရီ

ယနေ့ မန္တလေးရဲ့ ဆန္ဒပြပွဲများနှင့် ရဲနှင့်တပ်တို့၏အကြမ်းဖက်နှိမ်နင်းမှုပုံရိပ်များ

ယနေ့ မန္တလေးတွင် သပိတ်စစ်ကြောင်းတွေကို ရဲတပ်ဖွဲ့နှင့် စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူငါးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

မနက်ပိုင်းမှာ  ၆၂လမ်းပေါ်က ကုတင် (၃၀၀)သင်ကြားရေးဆေးရုံရှေ့မှာ ပိတ်မိနေတဲ့ဆေးကျောင်းသားနဲ့ ဆရာဝန်တွေကို ကယ်ထုတ်ဖို့ကြိုးစားတဲ့လူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုတွေရှိခဲ့ပါတယ်။

အလားတူ ၆၂လမ်းနဲ့ မနော်ရဟီလမ်းထောင့်မှာ ယနေ့မနက်ပိုင်းက လူထောင်ချီပါဝင်တဲ့ သပိတ်ပေါင်းစုံစစ်ကြောင်းတွေက စုပေါင်းထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ရဲတွေနဲ့ စစ်သားတွေဟာ ဆန္ဒပြသူတွေတင်မကဘဲ လမ်းပေါ်မှာရှိနေတဲ့သူတွေကို ရာဘာကျည်၊ကျည်အစစ်နဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး လူထုကို လက်နက်နဲ့ အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။ 


ညနေ ၄နာရီ

အင်းစိန်-လှည်းတန်းလမ်းမပေါ်က ထိုင်သပိတ်ဆင်နွှဲသူတွေကို ရဲနှင့်တပ်ဖြိုခွဲ 

အင်းစိန်-လှည်းတန်းလမ်းမတစ်လျှောက်မှာ ရဲတပ်ဖွဲ့တွေဝင်လို့မအောင် အရံအတားတွေချထားပြီး အုပ်စုခွဲပြီး ထိုင်သပိတ်ပြုလုပ်နေသူကို ရဲနဲ့စစ်သားတွေကို ဝင်ရောက်ဖြိုခွင်းခဲ့တာကြောင့် လက်ရှိအချိန်မှာ လူစုကွဲသွားပါပြီ။ ဆန္ဒပြသူတွေပြေးလွှားနေချိန်မှာပဲ အရပ်ဝတ်နဲ့လူအုပ်တွေဟာ ထရပ်ကားတွေကပေါ်ဆင်းလာပြီး လမ်းဘေးမှာစုထားတဲ့အမှိုက်အိတ်တွေကို ဖြဲပြီး လမ်းပေါ်ကိုအမှိုက်တွေပစ်တင်လိုက်တယ်လို့ ဖရွန်းတီးယားရဲ့သတင်းထောက်ကပြောပါတယ်။ အမှိုက်တွေပြန့်ကျဲနေတဲ့ပုံတွေကို ရဲတပ်ဖွဲ့တွေက ဓာတ်ပုံရိုက်ယူထားပါတယ်။ 

“အမှိုက်တွေကို ဆန္ဒပြသူတွေက စည်းကမ်းမရှိထားပစ်ခဲ့တယ်ဆိုတာမျိုး ပြန်သတင်းဖြန့်ချင်လို့လုပ်တာ”လို့ ဆန္ဒထုတ်ဖော်သူတစ်ဦးကပြောပါတယ်။ 

နေ့လယ် ၄ နာရီဝန်းကျင်မှာ ဆန္ဒထုတ်ဖော်သူအနည်းငယ်သာ ကျန်ရှိနေပြီး ရဲတွေလည်း လှိုင်ရဲစခန်းဘက်ကို ပြန်လည်ဆုတ်ခွာသွားကြပါပြီ။ 


နေ့လယ် ၂နာရီ၊ ၃၀မိနစ်

ရန်ကင်းမြို့နယ်ရှိ မြန်မာပလာဇာရှေ့တွင် ဆန္ဒပြသူ ၅၀,၀၀၀ ကျော်ခန့် စုဝေးရောက်နေသည့် မြင်ကွင်း


နေ့လယ် ၂နာရီ

မန္တလေးမှာ ရဲတပ်ဖွဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူခြောက်ဦးဒဏ်ရာရှိ ၊နှစ်ဦးစိုးရိမ်ရသည့် အခြေအနေတွင်ရှိနေ 

မနက်ပိုင်း မန္တလေးမြို့မှာတော့ ဆန္ဒပြဖို့လမ်းပေါ်ထွက်တဲ့သူတွေကို လူစုမခံဘဲရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုတွေပြုလုပ်ခဲ့ပါတယ်။လက်ရှိအချိန်အထိ လူမှုကူညီရေးအသင်းကို ကျည်အစစ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူ ခြောက်ဦးရောက်ရှိလာပြီး နှစ်ဦးကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။သို့ပေမဲ့ ဒီအရေအတွက်ဟာ လူမှုကူညီရေးအသင်းကိုရောက်ရှိလာသူတွေဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်က ခြောက်ဦးထက်များပြားနိုင်လို့ မျက်မြင်သက်သေတွေဆီက အချက်အလက်တွေအရ သိရပါတယ်။ 

“ရဲတွေက ဆန္ဒပြတဲ့သူမဟုတ်ဘဲ လမ်းပေါ်မှာရှိတဲ့သူပါ ပစ်သွားတာ။ကျွန်တော့်ရှေ့မှာပဲ ရဲကားတစ်စီက ကားပေါ်ကနေ ဆိုင်ကယ်မောင်းနေတဲ့သူရဲ့ ခေါင်းကိုပစ်လိုက်တာကျွန်တော်မြင်လိုက်ရတယ်” လို့ ၆၆လမ်းပေါ်က ပစ်ခတ်မှုမှာရှိခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။ 

ရဲ နဲ့ စစ်ကားတွေက မြို့တွင်းမှာလှည့်လည်သွားလာနေပြီး ပစ်ခတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။မနက် ၁၀နာရီ ဝန်းကျင်မှာ ၆၂လမ်းပေါ်က ကုတင် ၃၀၀သင်ကြားရေးဆေးရုံရှေ့မှာ ပိတ်မိနေတဲ့ဆေးကျောင်းသားနဲ့ ဆရာဝန်တွေကို လူထုကကယ်ထုတ်ဖို့ ကြိုးစားရာမှာ ရဲတပ်ဖွဲ့က ကျည်အစစ်၊ရာဘာကျည်၊မျက်ရည်ယိုဗုံးစတာတွေနဲ့ ပစ်ဖောက် ဖြိုခွင်းခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဆေးရုံရှေ့မှာလုံခြုံတွေအပြည့်အဝနေရာယူထားဆဲဖြစ်ပါတယ်။ ၆၂လမ်းနဲ့ မနော်ရဟီလမ်းထောင့်မှာ ယနေ့မနက်ပိုင်းက လူထောင်ချီပါဝင်တဲ့ သပိတ်ပေါင်းစုံစစ်ကြောင်းတွေက စုပေါင်းထိုင်သပိတ်ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့တွေရောက်လာချိန်မှာပဲ လူစုခွဲလိုက်ကြပါတယ်။လက်ရှိအချိန်မှာတော့ လမ်းပေါ်မှာ ဆန္ဒထုတ်ဖော်သူအနည်းငယ်လျော့သွားပြီး  ရဲကားတွေကတော့ မြို့တွင်းမှာ လှည့်ပတ်သွားလာနေပါတယ်။


နေ့လယ် ၁နာရီ၊ ၁၅မိနစ်

စမ်းချောင်းမြေနီကုန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပုံရိပ်များ


နေ့လယ် ၁နာရီ၊ ၅မိနစ်

သာကေတ သပိတ်စစ်ကြောင်း လူအယောက်၃၀ခန့် ဖမ်းခံရ

သာကေတဖြစ်စဉ်တွင် သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က မနက်၉နာရီခန့်တွင် စတင်ဖြိုခွင်းခဲ့သည်။ ထိုသို့ ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူ အယောက် ၃၀ခန့်ကို လိုက်လံဖမ်းဆီးခဲ့သည်။

ယင်းသို့ဖမ်းဆီးခြင်းကြောင့် ရပ်ကွက်နေပြည်သူလူထုက ရဲတပ်ဖွဲ့ပြန်လည်ထွက်ခွာမည့် ထွက်ပေါက်များ၊ လမ်းများကို ပိတ်ဆို့ကာ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ယင်းနောက် စစ်ကားငါးစီးရောက်ရှိလာပြီး စစ်သား ၁၀၀ဝန်းကျင်က ရပ်ကွက်အတွင်း နေရာယူ လမ်းရှင်းပေးကာ ရဲတပ်ဖွဲ့ကို နေ့လယ် ၁၂နာရီ၊ ၅မိနစ်ဝန်းကျင်တွင် ပြန်လည်ခေါ်ထုတ်သွားခဲ့သည်။

ဖမ်းဆီးခံရသူများကိုမူ ရဲတပ်ဖွဲ့က ပြန်မလွှတ်ပေးခဲ့ပါ။ ခြောက်လှန့်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်များ၊ အသံဗုံးစသည်တို့ဖြင့်သာ ပစ်ခတ်ခဲ့သည်။


နေ့လယ် ၁နာရီ

နေပြည်တော်မှာ ဆန္ဒမပြနိုင်အောင် လုံခြုံရေးကို အထူးတိုးမြှင့်ချထား

စစ်အာဏာသိမ်းတာ တစ်လပြည့်ဖြစ်တဲ့ ဒီနေ့မှာတော့ နေပြည်တော်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေ စုဝေးတတ်တဲ့နေရာတွေမှာ အင်အားအပြည့်နဲ့ နေရာယူထားပါတယ်။

ဒါ့ပြင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြသူတွေကိုလည်း လိုက်လံဖမ်းဆီးနေပါတယ်။ ဖမ်းဆီးခံရသူ ရှိ၊ မရှိ အတည်မပြုနိုင်သေးပါဘူး။ လိုက်လံဖမ်းဆီးနေတဲ့အတွက် လက်ရှိအချိန်အထိ လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေ မစနိုင်သေးပါဘူး။

မနက် ၁၁နာရီခွဲအချိန်မှာတော့ နေပြည်တော်ရှိ ပျဉ်းမနား-တောင်ညိုလမ်းမကြီးပေါ်က  ဇီဇဝါပန်းအဝိုင်း အနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပျဉ်းမနားမှ နေပြည်တော်မြို့အတွင်းသို့ သွားမယ့် မော်တော်ယာဉ်တွေမှာ ဆန္ဒပြသူတွေ ပါ၊ မပါစစ်ဆေးနေပါတယ်။

အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်မှာ လူစုလူဝေးနဲ့ ဆန္ဒမပြနိုင်အောင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကို ဒီကနေ့မှာ အရင်ကထက် နှစ်ဆခန့် တိုးမြှင့်ချထားတာ တွေ့ရပါတယ်။


နေ့လယ် ၁၂နာရီ၊ ၄၇မိနစ်

လှည်းတန်းမှာ အတားအဆီးတွေ ကာရံပြီး ဆန္ဒပြနေ

လှည်းတန်းမှာတော့ ဆန္ဒပြသူတွေ စုဝေးနေဆဲပါ။ လှည်းတန်းလမ်းဘက်မှာလည်း လူထုမှာ အကာအရံတွေပြုလုပ်ပြီး ဆန္ဒပြပါတယ်။

ရဲတပ်ဖွဲ့တော့ လှည်းတန်းလမ်းမပေါ်  စိန်ဂေဟာရှေ့မှာ ပိတ်ဆို့ထားပြီး စစ်ကားငါးစီးခန့် ရပ်ထားပါတယ်။ ဒါ့ပြင် လှည်းတန်းလမ်းနဲ့ ဦးထွန်းလင်းခြံလမ်း ထိပ်ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားပါတယ်။

ဦးထွန်းလင်းခြံလမ်းထဲမှာလည်း ဆန္ဒပြပြည်သူအနည်းငယ်ရှိပါတယ်။


နေ့လယ် ၁၂နာရီ၊ ၄၂မိနစ်

အင်းစိန် – လှည်းတန်း လမ်းမတစ်လျှောက်မှာ လူထောင်ချီထိုင်သပိတ်ဆင်နွှဲနေ

ယနေ့မနက်ပိုင်းကတည်းကစတင်ပြီး ဆန္ဒထုတ်ဖော်သူတွေကို ရဲတပ်ဖွဲ့ကျည်အစစ်တွေ အသုံးပြုပြီး ပတ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေတော်တော်များများရှိနေပါပြီ။

လှည်းတန်းမှာ ရဲတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ လူထုကတော့ ပြန်လည်စုဝေးနေကြပါပြီ။ ထောင်ချီတဲ့လူတွေဟာ အင်းစိန်-လှည်းတန်းလမ်းမတစ်လျှောက်မှာ ရဲတပ်ဖွဲ့တွေဝင်လို့မအောင် အရံအတားတွေချထားပြီး အုပ်စုလိုက်ခွဲ ထိုင်သပိတ်ပြုလုပ်နေကြပါတယ်။

ဘာတာမှတ်တိုင်ကနေ ဘုရားလမ်းအထိ လမ်းမပေါ်မှာ ထီးတွေဆောင်းရင်အပူဒဏ်ကိုအံတုလို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ထိုင်သပိတ်ပြုလုပ်နေကြပါတယ်။ ဘုရားလမ်းနဲ့သံလမ်းကြားမှာလည်း ထောင်ချီတဲ့ဆန္ဒထုတ်ဖော်သူတွေက အေးချမ်းစွာထိုင်သပိတ်ဆင်နွှဲနေပါတယ်။

လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ကို နှိမ်းနင်းတာမျိုးတော့မရှိသေးပါဘူး။သို့ပေမဲ့ လှိုင်ရဲစခန်းမှာတော့ ရဲနဲ့စစ်သားအင်အားအများအပြားရောက်ရှိလို့နေပါပြီ။


နေ့လယ် ၁၂နာရီ၊ ၂၅မိနစ်

ကျွန်းတောလမ်းမှာ ဆန္ဒပြသူတွေကို ဝင်ရောက်ပစ်ခတ်

ကျွန်းတောလမ်းထဲက နေရာယူထားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်နေတဲ့ ပုံရိပ်ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ကျွန်းတောလမ်းထိပ်၊ ဗားကရာလမ်းမပေါ်က မီးသတ်ရုံးအကျော်နဲ့ ပဒုမ္မာလမ်း စတဲ့ နေရာမှာ သုံးဘက်ခွဲပြီး ဆန္ဒပြနေတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ လက်ရှိအချိန်အထိ အဲဒီနေရာသုံးခုလုံးကို ဝင်ရောက်ဖြိုခွင်းတာမျိုး မရှိသေးပါဘူး။ ဆန္ဒပြသူလူအင်အား များပြားတာကြောင့် မဝင်ရဲသေးတာဖြစ်နိုင်တယ်လို့ မြေပြင်သတင်းရယူနေတဲ့ ဖရွန်းတီးယားမြန်မာ သတင်းထောက်တစ်ဦးက ပြောပါတယ်။


နေ့လယ် ၁၂နာရီ၊ ၂၃မိနစ်

တာမွေမှာ မျက်ရည်ယိုဗုံးအပစ်ကြမ်းပေမဲ့ ဆက်လက်ဆန္ဒပြနေဆဲ

တာ​မွေမြို့နယ်၊ ဗညားဒလလမ်းမကြီးကို ဆန္ဒပြပြည်သူတွေက အကာအရံတွေနဲ့ ပိတ်ဆို့နေတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက မင်္ဂလာဈေးနဲ့ ယုဇနပလာဇာကြားမှာ နေရာယူထားပြီး ရပ်ကွက်နေပြည်သူတွေနဲ့ ကျောင်းသားပေါင်းစုံသပိတ်စစ်ကြောင်းက တစ်ဘက်တစ်ချက်ဆီမှာ နေရာယူထားပါတယ်။

မနက်ပိုင်းမှာ မျက်ရည်ယိုဗုံး ၁၀ချက်ကျော် ပစ်ဖောက်ခဲ့ပေမဲ့ ဆန္ဒပြသူတွေက ပြန်လည်စုဝေးပြီး ဆန္ဒဆက်ပြနေကြတာဖြစ်ပါတယ်။ ဖြိုခွင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသူတော့ မရှိသေးပါဘူး။ ဒါ့ပြင် အဖမ်းအဆီးဘယ်လောက်ရှိသလဲဆိုတာကိုလည်း လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။


နေ့လယ် ၁၂နာရီ၊ ၁၇မိနစ်

စမ်းချောင်း၊ ကျွန်းတောလမ်းမှာ အခြေအနေတင်းမာနေဆဲ

စမ်းချောင်းမြို့နယ်မှာတော့ ဆန္ဒပြသူတွေဟာ ကျွန်းတောလမ်းထဲမှာပဲ ရှိနေပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဗားကရာလမ်းပေါ်က နေရာတစ်ခုအကွယ်က စောင့်ဆိုင်းနေပါတယ်။

ရဲတပ်ဖွဲ့က ကျွန်းတောလမ်းထဲအထိ ဝင်ရောက်လာခြင်းတော့ မရှိသေးပါဘူး။ ဆန္ဒပြသူတွေကလည်း ကျွန်းတောလမ်းထိပ်အနီး အကာအရံတွေနဲ့ နေရာယူထားပြီး ဆန္ဒပြနေကြပါတယ်။

လက်ရှိအချိန်အထိ အသံဗုံးခြောက်ချက် ပစ်ဖောက်ပြီး လူစုခွဲထားပါတယ်။ ဒီမတိုင်ခင်မှာတော့ ဆန္ဒပြပွဲဖြိုခွင်းရာမှာ လူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာ မြင်တွေ့ခဲ့ရကြောင်း ဖရွန်းတီးယားမြန်မာသတင်းထောက် ဆိုပါတယ်။


နေ့လယ် ၁၂နာရီ၊ ၈မိနစ်

သာကေတမှာ လူ၂၀ကျော် ဖမ်းခံရ

သာကေတတွင် လူအယောက်၂၀ကျော် အဖမ်းခံရပြီး ၎င်းတို့ကို အချုပ်ကားများဖြင့် တင်ဆောင်သွားသည်ကို တွေ့ရှိရကြောင်း ဖရွန်းတီးယားမြန်မာ သတင်းထောက်က သတင်းပေးပို့ လာပါသည်။

ပစ်ခတ်ဖြိုခွင်းမှုအတွင်း အသုံးပြုခဲ့သည့် အသံဗုံး (မျက်ရည်ယိုဗုံး)အခွံအစများကိုလည်း တွေ့ရှိခဲ့ရသည်။


နေ့လယ် ၁၂နာရီ၊ ၅မိနစ်

ဘာတာမှတ်တိုင်အနီးလမ်းပိတ်ထား၊ မသင်္ကာသူနှစ်ဦးကို ရပ်ကွက်လူထုက ဖမ်းထား

လှိုင်မြို့နယ် ဘာတာမှတ်တိုင်အနီးတွင်လည်း လမ်းမကြီးကို သံစည်းရိုးအကာအရံများဖြင့် ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။

လှိုင်မြို့ နယ်အတွင်းက လူနေရပ်ကွက်တစ်ခုတွင်မူ မသင်္ကာသူနှစ်ဦးကို ရပ်ကွက်နေလူထုက ဖမ်းဆီးထားသည်။ ၎င်းတို့၏ အသုံးအဆောင်များကို စစ်ဆေးရာ လောက်လေးခွများ၊ ပေသီးများ ပါရှိနေသည်ကို သိရှိရသည်။


နေ့လယ် ၁၂နာရီ

ကျောက်တံတားမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ

ကျောက်တံတားမြို့နယ်က အနော်ရထာလမ်းမကြီးပေါ်တွင်မူ ဆန္ဒပြသူများ စုဝေးနေကြသည်။ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းလာလျှင် လုံခြုံစေရန် သတ္တုအကာအရံများ ပြင်ဆင်ထားသည်ကို တွေ့ရှိရပြီး အချို့ကလည်း ရဲတပ်ဖွဲ့က တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာများကို အလုပ်မလုပ်အောင် ဟန့်တားနေသည်ကို တွေ့ရှိရသည်။



နေ့လယ် ၁၂နာရီ

လှိုင်မှာ ရဲကားတွေ ရောက်မလာအောင် လမ်းပိတ်ဆို့၊ ဆန္ဒပြ

လှိုင်မြို့နယ်၊ ဘုရားလမ်းမီးပွိုင့်မှာ လှည်းတန်းဘက်ကို ကားတွေ မဝင်ရောက်နိုင်အောင် ဆန္ဒပြသူတွေက လမ်းမကြီးတွေကို ကျောက်တုံးတွေနဲ့ ပိတ်ဆို့ထားပါတယ်။

အဓိက ရဲကားတွေ မဝင်ရောက်နိုင်အောက် ကြိုတင်ပိတ်ဆို့ထားတာဖြစ်တယ်လို့ ဆန္ဒပြဦးဆောင်သူတစ်ဦးက ပြောပါတယ်။ ဒါ့ပြင် ဆန္ဒပြသူ ၁,၀၀၀ခန့် လှည်းတန်းဘက် ချီတက်သွားပါတယ်။


မနက် ၁၁နာရီ၊ ၃၀မိနစ်

ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်နှိမ်နင်းပေမဲ့ လှည်းတန်းမှာ လူပြန်စုပြီ

မနက်ပိုင်း လှည်းတန်းအနီး ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်နှိမ်နင်းမှုရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ဆန္ဒပြသူတွေဟာ လှည်းတန်းလမ်းမပေါ်မှ ပြန်လည်စုရုံးနေပါပြီ။

လှည်းတန်းလမ်းမပေါ်က မီးရထားခုံးကျော်တံတားကိုလည်း ဆန္ဒပြသူတွေက အကာအရံတွေနဲ့ ပိတ်ဆို့ထားလိုက်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ လှည်းတန်းဈေးအနီး စိန်ဂေဟာဈေးဝယ်စင်တာအနီးမှာ နေရာယူပြီး အသင့်ပြင်ဆင် စောင့်ဆိုင်းနေပါတယ်။


မနက် ၁၁နာရီ၊ ၂၅မိနစ်

သာကေတမှာ ဆန္ဒပြသူတွေကို ရပ်ကွက်ထဲထိ ပစ်ခတ်နှိမ်နင်း

သာကေတမှ ဆူးလေသို့ ချီတက်သည့် သပိတ်စစ်ကြောင်းကို ယနေ့နံနက် သာကေတ(၇)ရပ်ကွက်၊ ခိုင်ရွှေလမ်းမကြီးတွင် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတဖြိုခွင်းခဲ့သည်။

နံနက်၁၁နာရီဝန်းကျင်တွင်မူ စစ်ကားများ ရောက်ရှိလာပြီး လူနေရပ်ကွက်များအတွင်းသို့ပင် ဝင်ရောက်ပစ်ခတ်ဖြိုခွင်းခဲ့သည်။ သေနတ် ၁၅ချက်ခန့်ပစ်ဖောက်ခဲ့ပြီး လက်ရှိအချိန်ထိ ဒဏ်ရာရရှိသူရှိ၊ မရှိ စုံစမ်းဆဲဖြစ်သည်။


ဖေဖော်ဝါရီ ၂၈ရက်၊ နံနက် ၁၀နာရီ၊ ၂၅မိနစ်

အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ စတင်ခဲ့တဲ့ အာဏာသိမ်းတစ်လပြည့် ဆန္ဒပြပွဲများ

ကမာရွတ်လှည်းတန်း

ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူခုနှစ်ဦး ဒဏ်ရာရရှိသွားသည်။

ရဲတပ်ဖွဲ့က ရှေ့တက်လာချိန်တွင် ဆန္ဒပြသူအချို့သည် ဘတ်စ်ကားမှတ်တိုင်အနီး ပုန်းခိုနေသည်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ အခြေအနေဆိုးရွားသည်ဟု သိရသည်။

စမ်းချောင်းမြေနီကုန်း

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ကျွန်းတောလမ်းအနီးတစ်ဝိုက်တွင်မူ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံး (အသံဗုံး)နှင့် ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်၍ ဖြိုခွင်းလျက်ရှိသည်။

နံနက်အစောပိုင်းက ပဒုမ္မာလမ်းတစ်ဝိုက်တွင် ဆန္ဒပြသူ ၁,၀၀၀ဝန်းကျင် စုဝေး၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သို့သော် နံနက် ၁၁နာရီခန့်တွင်မူ အဆိုပါနေရာများကို ရဲတပ်ဖွဲ့က စတင်ပစ်ခတ်၍ ဖြိုခွင်းနေပြီဖြစ်သည်။

ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက “တာဝန်အရလုပ်နေတာချည်းမဟုတ်ဘူး။ ပစ်ချင်လို့ကိုပစ်တာ။ လုပ်ချင်လို့ကိုလုပ်တာ။ မသေချင်ရင် အထဲဝင်”ဟု အော်ရင်း ဆက်တိုက်ပစ်ခတ်နေကြောင်း မြေပြင်တွင် သတင်းရယူနေသည့် ဖရွန်းတီးယားမြန်မာ သတင်းထောက်က ပြောသည်။

ထို့ပြင် အချို့ရဲတပ်ဖွဲ့ဝင်များက အော်ဟစ်ဆဲဆိုရင်း ဆက်တိုက်ပစ်ခတ်၍ ဖြိုခွင်းလျက်ရှိသည်။


ညနေ ၇နာရီ

မျက်ရည်ယိုဗုံးငွေ့တွေ ဝေခဲ့တဲ့ စမ်းချောင်းကစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ

စမ်းချောင်းမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ဗားကရာလမ်းမကြီးပေါ်မှာ ရဲတပ်ဖွဲ့ဖြိုခွင်းပြီးရှေ့တက်ရင် နောက်ပြန်ဆုတ်၊ ရဲတပ်ဖွဲ့နောက်ဆုတ်ရင် ရှေ့ပြန်တက်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ဖြိုခွင်းမှုအတွင်း လူတစ်ချို့အဖမ်းခံရပါတယ်။ ဖမ်းခံရတဲ့လူတစ်ချို့ကို ရဲတပ်ဖွဲ့က ရိုက်နှက်တာမျိုးပြုလုပ်ခဲ့ပါတယ်။ မနက်အစောပိုင်းကတည်းက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပြီး တစ်နေကုန် ဗားကရာလမ်းမကြီးကို လုံခြုံရေးအပြည့်နဲ့ နေရာယူထားပါတယ်။

ဖြစ်စဉ်တွေအတွင်း ဆန္ဒပြလူထုက ရဲတပ်ဖွဲ့ဝင်တွေ အလွယ်တကူ ဝင်ရောက်မလာအောင် အမှိုက်ပုံးတွေနဲ့ လမ်းတွေကို ပိတ်ဆို့တားဆီးခဲ့ကြပါတယ်။

နေ့လယ် ၂နာရီလောက်မှာတော့ ဗားကရာလမ်းပေါ်မှာစုနေတဲ့ ဆန္ဒပြသူတွေကို ပြည်သူတွေက နေ့လယ်စာထမင်းကြော်နဲ့ စားစရာ၊ ရေသန့်ဘူးတွေ လာပေးတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပစ်ခတ်ဖြိုခွင်းမှုအတွင်း စမ်းချောင်းအတွင်းက နေအိမ်အချို့က ဆန္ဒပြသူတွေ ပြေးဝင်ခိုလှုံဖို့ သူတို့ရဲ့ နေအိမ်တံခါးတွေကို ဖွင့်ထားပေးပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဗားကရာလမ်းမကြီးပေါ်ကို ပြန်လည်စုဝေးလာတဲ့ ဆန္ဒပြလူအုပ်ကို နေ့လယ် ၂နာရီခွဲမှာ ပြန်လည်ဖြိုခွင်းခဲ့ပါတယ်။ ဖြိုခွင်းတဲ့အချိန်မှာတော့ ဆန္ဒပြသူတွေဟာ စမ်းချောင်းထဲက လမ်းသွယ်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

တစ်ချို့က ဗဟိုလမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်ကြပြီး တစ်ချို့ကတော့ ကျွန်းတောလမ်းဘက်ကို တိမ်းရှောင်ကြတာပါ။ ညနေ ၄နာရီကျော်ကျော်မှာတော့ ဆန္ဒပြသူလူအင်အား လျော့နည်းသွားပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း နောက်ဆုတ်သွားပါတယ်။

ညနေ ၅နာရီလောက်မှာတော့ ဗားကရာလမ်းမကြီးပေါ်မှာ ပိတ်ဆို့တဲ့ အတားအဆီးတစ်ချို့ကလွဲလို့ လမ်းပြန်ပွင့်သွားပြီး ကားအသွားအလာတွေ ပြန်လည်စတင်ခဲ့ပါတယ်။ နေအိမ်အချို့မှာ ပိတ်မိနေတဲ့ ဆန္ဒပြသူတွေ၊ သတင်းထောက်တွေလည်း အဲဒီအချိန်မှ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရဲတပ်ဖွဲ့က ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူတွေနဲ့ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ရပ်ကွက်နေပြည်သူတွေက နေအိမ်တွေထဲ ပြေးဝင်ခိုလှုံဖို့ ကူညီကြတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ်တွေ့လာရပါတယ်။

ဒုက္ခရောက်နေချိန် ကူညီခဲ့တဲ့ပြည်သူတွေကိုလည်း သတင်းထောက်တွေက ကျေးဇူးတင်ကြောင်း သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေတစ်ဆင့် ပြောကြားခဲ့ကြပါတယ်။


ညနေ ၆နာရီ

ယနေ့ ဆန္ဒပြပွဲများအတွင်း သတင်းသမား ငါးဦးဖမ်းဆီးခံထားရ

ကုလမသဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက မနေ့ကအမေရိကန် နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ စစ်ကောင်စီရဲ့ တရားမဝင်အာဏာသိမ်းမှုကို တစ်ကမ္ဘာလုံးသိအောင်ပြောလိုက်ပါတယ်။

ဒီနေ့မှာတော့ မြန်မာနိုင်ငံလုံးအနှံ့ ဆန္ဒထုတ်ဖော်သူတွေကို ရဲတပ်ဖွဲ့နှင့်တပ်မတော်သားတွေက အကြမ်းဖက်နှိမ်နင်းမှုတွေ ပြုလုပ်လာပါပြီ။ စိတ်ရှည်သည်းခံမှုတွေကုန်ဆုံးသွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မနက်အစောပိုင်းမှာပဲ ဆန္ဒထုတ်ဖော်သူကို ကျည်အစစ်၊ ရာဘာကျည်၊မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ ဆန္ဒပြသူတွေကိုရာချီဖမ်းဆီးခဲ့ပြီး အလားတူ ဆန္ဒပြပွဲကို သတင်းယူနေတဲ့သတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာမျိုးတွေရှိခဲ့ပါတယ်။

ယနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမှာ အကြမ်းဖက်နှိမ်နင်းမှုမှာ လူအချို့ကိုဖမ်းဆီးသွားပြီး မြန်မာနောင်းသတင်းဌာန အမျိုးသမီးသတင်းထောက်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သတင်းယူနေတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ညနေ၅နာရီအထိ မကေဇင်နွေးနဲ့ သတင်းထောက်နဲ့အဆက်အသွယ်မရသေးဘူးလို့ မြန်မာနောင်းသတင်းဌာနက အယ်ဒီတာတစ်ဦးကပြောပါတယ်။

အလားတူ ယနေ့မနက်ပိုင်းမှာပဲ လှည်းတန်းက ဆန္ဒထုတ်ဖော်မှုကို သတင်းယူနေတဲ့ Myanmar Press Agency မှ ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့် နဲ့ Associated Press က ဓာတ်ပုံသတင်းထောက်ကိုသိန်းဇော်တို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ယနေ့မနက် ကိုးနာရီခန့်က မုံရွာမြို့တွင်း ဆန္ဒပြပွဲတွင်း လိုက်ဖ်လွှင့်သတင်းတင်ဆက်နေတဲ့ မုံရွာဂေဇက် သတင်းဌာနရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်ကျော်ဝင်းကို အရပ်ဝတ် ဝတ်ထားတဲ့ လူသုံးဦးက ဖမ်းဆီးသွားတယ်လို့ အဆိုပါသတင်းဌာနမှသတင်းထောက်ကိုနိုင်စိုးက ဖရွန်းတီးယားကို ပြောပါတယ်။‌

“မနက်က သူလိုက်ဖ်လွင့်နေတုန်းကို အရပ်ဝတ်တွေက မယောင်မလည်ကပ်လာရင်း ဖမ်းပြီး အချုပ်ကားပေါ်တင်သွားတယ်။ အခုချိန် ဘယ်ကိုခေါ်သွားမှန်း မသိသေးဘူး။ ကျွန်တော်တိုက်က ကျန်ခဲ့တဲ့ သတင်းထောက်တွေလည်း ရှောင်နေရတယ်”ဟု ကိုနိုင်စိုးက ပြောပါတယ်။

ယနေ့ မုံရွာမြို့မှာ ဆန္ဒပြသူရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်အထိ လူ့အချို့ ဇောင်းကြမ်းပင်ဘုန်းကြီးကျောင်းထဲတွင် ပိတ်မိနေတုန်းဖြစ်ပြီ တစ်သုတ်ပြီးတစ်သုတ် အချုပ်ကားနဲ့ ခေါ်ဆောင်နေတယ်လို့ ညနေ ၅နာရီဝန်းကျင်မှာ ကိုနိုင်စိုးကပြောပါတယ်။

ထို့ပြင် ယနေ့ နေ့လယ် သုံးနာရီခန့်က ဟားခါးတိုင်းမ်သတင်းဌာန၏ အမှုဆောင်ဒါရိုက်တာ ဦးလားအွန်ဗွီးယားလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ရတယ်လို့ အဆိုပါသတင်းဌာနရဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

“ဟားခါးဆေးရုံနားမှာ ပါသွားတာ။ ဆန္ဒပြပွဲတွေက သိမ်းနေပြီ။ အဲ့အခြေအနေကို လိုက်ဖ်လွင့်နေရင်း ဖမ်းခေါ်သွားတယ်။ အခုတော့ မြို့မစခန်းမှာလို့ ကြားတယ်” ဟု သူကပြောပါတယ်။

တပ်မတော်ကအာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ဆန္ဒထုတ်ဖော်မှုတွေမှာ သတင်းရယူနေတဲ့သတင်းထောက်တွေကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့အရေအတွက် ၁၅ယောက်ဝန်းကျင်မှာရှိနေပါပြီ။ပြန်လည်လွတ်မြောက်လာသူတွေလည်းရှိပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်း ရှိနေဆဲပါ။


နေ့လယ် ၃နာရီ ၃၀မိနစ်
မြတောင်ကျောင်းတိုက်ကို ရဲများလေးခွနဲ့ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းသားနှစ်ဦးထိခိုက်ဒဏ်ရာရ 

ယနေ့မွန်းလဲ ၂နာရီမှာ မဟာအောင်မြေမြို့နယ် ၊၃၅ လမ်းမှာရှိတဲ့  မြတောင်ကျောင်းတိုက်ရှေ့မှာ ကျောင်းတိုက်က သံဃာတော်တွေအဝင် ဆန္ဒထုတ်ဖော်သူတွေစုရုံးပြီး ထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။ ၃နာရီ ၃၀မိနစ်လောက်မှာရဲကားတွေရောက်လာတာကြောင့် ဆန္ဒပြသူတွေဟာ လူစုခွဲပြီး သံဃာတော်တွေလည်းကျောင်းဝင်းထဲ ပြန်ဝင်သွားတဲ့နောက်ပါ ရဲတပ်ဖွဲ့က ကျောင်းဝင်းထဲကို လေးခွတွေနဲ့ ပစ်ခဲ့ကြပါတယ်။ဘုန်းကြီးကျောင်းသားနှစ်ဦး လောက်စလုံးထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပစ်ခတ်မှုအပြီးမှာ ရဲကားတွေကတော့ ပြန်လည်ထွက်ခွာသွားပါပြီ။


နေ့လယ် ၂နာရီ

မန္တလေးမှာ ထိုင်သပိတ်ပြန်လည်စတင်

ယနေ့မနက်ပိုင်းက မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေစအထွက်မှာပဲ  ရဲနဲ့ စစ်သားတွေက အကြမ်းဖက်နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် လူစုတွေကွဲပြီး မြို့ထဲမှာ ဆန္ဒပြသူတွေနည်းပါးသွားခဲ့ပါတယ်။ သို့ပေမဲ့ နေ့လယ်နှစ်နာရီဝန်းကျင်မှာတော့ ဆန္ဒထုတ်ဖော်သူတွေဟာ 

မဟာအောင်မြေမြို့နယ် ၊၃၅ လမ်းမှာရှိတဲ့ မြတောင်ကျောင်းတိုက်ရှေ့မှာ ထိုင်သပိတ်ဆင်နွှဲစတင်ပြုလုပ်နေပါပြီ။ 


နေ့လယ် ၁နာရီ

စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံးများအသုံးပြုပြီး ထပ်မံနှိမ်နင်းမှုတွေပြုလုပ်နေပါတယ်။ 


နေ့လယ် ၁၂နာရီ ၃၀မိနစ်

မြေနီကုန်းအကြမ်းဖက်နှိမ်နင်းမှုတွင် သတင်းထောက်တစ်ဦးအပါဝင် ကိုးဦးဖမ်းဆီးခံထားရ 

ယနေ့မနက်ပိုင်းက မြေနီကုန်းအနီးမှာ ရဲတပ်ဖွဲ့က ဆန္ဒထုတ်ဖော်သူတွေကို  အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး  သတင်းထောက်နဲ့လူအချို့ကိုလည်းဖမ်းဆီးထားပါတယ်။ လက်ရှိအခြေအနေကတော့ ခေတ္တငြိမ်သက်နေပေမဲ့ ရဲတပ်ဖွဲ့တွေဟာ စမ်းချောင်းမြို့နယ်၊ဗားကရာလမ်းထဲမှာ အထိုင်ချပြီး အခြေအနေကိုစောင့်ကြည့်လို့နေပါတယ်။ရဲတပ်ဝင်အားအားအများအပြားရှိနေဆဲဖြစ်ပြီး အချုပ်ကားတစ်စီးကလည်း အရံသင့်ရှိနေပါတယ်။အချုပ်ကားထဲမှာတော့ ဖမ်းဆီးခံထားရတဲ့  မြန်မာနောင်းသတင်းဌာနက သတင်းထောက်အမျိုးသမီးတစ်ယောက်အပါအဝင် ကိုးဦးရှိနေပါတယ်။ 

ဆန္ဒပြသူတွေက လက်ရှိအချိန်မှာ ဗားကရာလမ်းထဲကနေ ဗဟိုလမ်းဘက်ကို ထွက်ခွာနေကြတယ်လို့ ယင်းနေရာမှာရောက်ရှိနေတဲ့ ဖရွန်းတီးယားသတင်းထောက်က သတင်းပေးပို့ပါတယ်။ 


နံနက် ၁၁နာရီ

ဗားကရာမှာ ဆန္ဒပြသူတွေပြန်လည်စုဝေး

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြသူများက ပြန်လည် စုဝေးခဲ့ကြသည်။ယင်းသို့ပြန်လည်စုဝေးသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ထပ်မံပစ်ခတ်၍ ဖြိုခွင်းခဲ့သည်။ ၁၀ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်းလည်း မြေပြင်တွင်ရောက်ရှိနေသည့် ဖရွန်းတီးယားမြန်မာ သတင်းထောက်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၇ရက်၊ နံနက် ၉နာရီ ၃၀မိနစ်

စမ်းချောင်းက သပိတ်စစ်ကြောင်းကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်း

ဒီနေ့ မနက် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာ စတင်ထွက်ခွာတဲ့ GSCN တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပါတယ်။သပိတ်စစ်ကြောင်းကို ဗားကရာလမ်းနဲ့ ကျွန်းတော လမ်းထောင့်ထိရဲတပ်ဖွဲ့က လိုက်လံဖြိုခွင်းခဲ့ပါတယ်။

အဲဒီလိုဖြိုခွင်းရာမှာ မော်တော်ကားတွေကြားကို မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီက ပစ်ခတ်လို့ထွက်လာတဲ့ မျက်ရည်ယိုဗုံးက အငွေ့တွေဟာ လူနေအိမ်တွေအထိလည်း​ ပျံ့နှံ့ခဲ့ပါတယ်။


ည ၈နာရီ၊ ၃၀မိနစ်

ရဲတပ်ဖွဲ့ အင်အားသုံးကြမ်းတမ်၍ ဖြိုခွင်းခဲ့သည့် လှည်းတန်းနှင့် မြေနီကုန်းက ဆန္ဒပြပွဲများ

ရန်ကုန်မြို့ ကမရွတ်မြို့နယ်၊ လှည်းတန်းနှင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတို့တွင် ယနေ့၊ ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့က အင်အားသုံး၍ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြိုခွင်းခဲ့သည်။

မြေနီကုန်းတွင် နံနက်၉နာရီခန့်ကတည်းက ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများနှင့် မလှမ်းမကမ်းတွင် စုဝေးရောက်ရှိနေခဲ့သည်။ စစ်ကားအစီးနှစ်ဆယ်အပြင် အချုပ်ကားနှင့် အကြမ်းဖက်မှုဖြိုခွင်းရာတွင် အသုံးပြုသည့် ရေအမြှောက်တပ်ဆင်သည့်ကားများလည်း ပါဝင်သည်။

အဆိုပါကားများကို ဗားကရာလမ်းမကြီးပေါ်တွင် ဒဂုံစင်တာဘက်အခြမ်းနှင့် ကျွန်းတောလမ်းမကြီးဘက် အခြမ်းတွင် နှစ်ဘက်ခွဲကာရပ်ထားသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင် အင်အား၄ဝဝဝန်းကျင်ခန့်ဖြင့် မြေနီကုန်း ကုန်းကျော်တံတားအောက်က ဆန္ဒထုတ်ဖော်သူများကို နှစ်ဘက်ဖိညှပ်၍ ဖြိုခွင်းရန် ပြင်ဆင်တော့သည်။

ရဲတပ်ဖွဲ့ဝင်များ အသင့်ဖြစ်သည်နှင့်တစ်ပြိုင်နက် ဆန္ဒပြသူများကြောင့် လမ်းများပိတ်ဆို့နေပြီး လူစုခွဲကြရန် ရဲမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က လက်ကိုင်စပီကာများဖြင့် သတိပေးနှိုးဆော်ခဲ့သည်။

ရဲတပ်ဖွဲ့က နှစ်ဘက်ပိတ်ဆို့ပြီးနောက်တွင် ယာဉ်ကြောပိတ်ဆို့၍ ယာဉ်အသွားအလာလည်း ရပ်တန့်သွားသည်။ နာရီဝက်ခန့်အကြာတွင် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်သတိပေးခြင်းမရှိဘဲ ရုတ်တရက် ဒိုင်းကာများကို ရိုက်၍အသံပြုကာ ဆန္ဒပြသူများထံသို့ တရစပ်ချီတက်လာသည်။ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်ရှိ လူများကိုလည်း ဖမ်းဆီးခဲ့သည်။

ယင်းသို့ဖြိုခွင်းမှုအတွင်း သတင်းသမားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး တစ်နာရီခန့် စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့သည်။ အရပ်သားခုနှစ်ဦးခန့်ကိုလည်း ဖမ်းဆီးခဲ့ပြီး ပြန်မလွှတ်ပေးခဲ့ပေ။

ထိုစဉ် ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီး အင်းစိန်လမ်းမပေါ်တွင်လည်း လူစုခွဲမှုအတွင်း သေနတ်ကျည် ခုနှစ်ချက်ခန့် ပစ်ဖောက်ခဲ့သည်။ ခြောက်လှန့်ပစ်ခတ်မှုကြောင့် ဆန္ဒပြသူများ ထွက်ပြေးကြရပြီး လူ၁၀ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။

နေ့လည် ၂နာရီခန့်တွင် ဘူတာရုံလမ်းအနီး ဆန္ဒပြသူများ ဆက်ရှိနေသည်ကို လူစုခွဲသည့်အနေဖြင့် ရုတ်တရက် သေနတ်ငါးချက် ပစ်ဖောက်ခဲ့သည်။ ထိုသို့ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူများကိုသာမက ဆန္ဒပြသူအချို့ ဝင်ရောက်ပုန်းခိုရန် လက်ခံခဲ့သည့် ထမင်းဆိုင်ပိုင်ရှင်တစ်ဦးကိုပါ ဖမ်းဆီးခဲ့သည်။ ဖြစ်စဉ်အတွင်း လူငါးဦးဖမ်းခံရခဲ့ပြီး ရိုက်နှက်ခံရ၍ သုံးဦးဒဏ်ရာရရှိခဲ့သည်။

ညနေ၃နာရီခွဲခန့်တွင် လှည်းတန်းလမ်းမကြီးပေါ်ရှိ စိန်ဂေဟာဈေးဝယ်စင်တာရှေ့နားတွင်လည်း ရဲတပ်ဖွဲ့က အင်အားအပြည့် နေရာယူကာ လမ်းမပေါ်တွင် ဆန္ဒပြနေသူများကို လူစုခွဲခိုင်းခဲ့သည်။

မြေနီကုန်းဗားကရာလမ်းမပေါ်က ဖြိုခွင်းမှုကဲ့သို့ပင် လှည်းတန်းလမ်းမကြီပေါ်တွင်လည်း ရဲတပ်ဖွဲ့က ညနေ ၄နာရီခန့်တွင် လမ်းမကြီးကို နှစ်ဘက်ညှပ်၍ ဆန္ဒပြပြည်သူများကို ဖြိုခွင်းကာ လူစုခွဲခဲ့သည်။ လှည်းတန်းက ဖြိုခွင်းမှုအတွင်း အသံဗုံးများကိုလည်း ရဲတပ်ဖွဲ့က အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ပစ်ခတ်မှုကြောင့် ဆန္ဒပြသူများသာမက မီဒီယာသမားများပါ လူနေရပ်ကွက်များသို့ ပြေးလွှားပြီး ပုန်းခိုကြရသည်။ ရဲတပ်ဖွဲ့က လူနေရပ်ကွက်နှင့် လမ်းကြားများအတွင်းသို့ပါ ဝင်ရောက်ခဲ့ပြီး ဆန္ဒပြသူများကို သေနတ်ခြောက်ချက်ခန့် ပစ်ခတ်၍ ခြောက်လှန့်ခဲ့သည်။

ဆန္ဒပြသူနှင့် လမ်းဘေးတွင်ရပ်ကြည့်နေသူ စုစုပေါင်း အယောက်၃ဝခန့်ကို ဖမ်းဆီးခဲ့ပြီး ညနေ ၄နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဖမ်းဆီးခံရသူအချို့ ရိုက်နှက်ခံခဲ့ရပြီး အချို့တွင် မျက်နှာ၌ဖူးယောင်ခြင်း၊ သွေးထွက်သံယိုဖြစ်သည်အထိ ဒဏ်ရာရရှိခဲ့သည်ကိုလည်း ဖရွန်းတီးယားမြန်မာသတင်းထောက်က မျက်မြင်တွေ့ခဲ့ရသည်။


ည ၇နာရီ

စမ်းချောင်းက ဖမ်းဆီးခံ ဆန္ဒပြသူရှစ်ဦးကို အင်းစိန်ထောင်သို့ပို့

စမ်းချောင်းမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားသည့် ဆန္ဒပြပြည်သူရှစ်ဦးကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ညနေ ၆နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ် ရဲစခန်းရှေ့သို့ ပြန်လည်စုရုံးလာသူများကို စခန်းအတွင်းမှ ထွက်လာ၍ အဆိုပါတာဝန်ရှိသူက ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြန်လည်စုရုံးလာသူများမှာ ဖမ်းဆီးခံရသူများ ပြန်လွတ်လာမည်အထင်ဖြင့် စောင့်ဆိုင်းနေကြသူများလည်း ဖြစ်သည်။

“အင်းစိန်ကို ပို့လိုက်ပါပြီ။ ဟိုမှာ စစ်ဆေးရေး အဖွဲ့ရှိတယ်။ အဲဒီမှာ စစ်ဆေးပါလိမ့်မယ်။ ဘာမှ မဟုတ်ဘူးဆိုရင် ပြန်လွှတ်ပါလိမ့်မယ်”ဟု အဆိုပါရဲအရာရှိက ပြောသည်။

အင်းစိန်သို့ ပို့လိုက်သည်ကို သေချာ၊ မချာ ထပ်မံမေးမြန်းရာ ၎င်းက မှန်ကန်ကြောင်း ဆိုသည်။

“ဟုတ်ပါတယ်ဗျာ။ ရန်ကုန်တိုင်းမှာ ဖမ်းတဲ့လူအကုန် အဲဒီကိုပို့တာပါ”

ဖမ်းဆီးခံရသူများ​၏ မိသားစုဝင်များနှင့် စမ်းချောင်းရှိရပ်ကွက်နေလူထုက ထိန်းသိမ်းခံရသူများကို လွှတ်ပေးရန် ရဲစခန်းရှေ့တွင် လာရောက်စောင့်ဆိုင်းခဲ့သည်။ သို့သော်ရဲတပ်ဖွဲ့က အဆိုပါလူစုလူဝေး ကွဲသွားစေရန် အင်အားသုံး၍ လိုက်လံမောင်းနှင်ခဲ့သည်။

လူစုကွဲသွားချိန်တွင် အချုပ်ကားတစ်စီးရောက်ရှိလာပြီး ပြန်လည်ထွက်ခွာသွားသည်။ ထိုချိန်တွင် စောင့်ဆိုင်းနေသော မိဘများကို ရဲအရာရှိတစ်ဦးက ထွက်တွေ့၍ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းက မြေနီကုန်းတွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က  အင်အားသုံးဖြိုခွင်းခဲ့ပြီး ဂျပန်လူမျိုး အလွတ်သတင်းထောက်တစ်ဦး အပါအဝင် လူကိုးဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံထားရသူများတွင် အသက်၁၈နှစ်မပြည့်သေးသည့် လူငယ်တစ်ဦးနှင့် ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦး ပါဝင်သည်။ ဂျပန်လူမျိုးသတင်းထောက်ကိုမူ ညနေ၄နာရီခွဲခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။


ညနေ ၆နာရီ

ဖမ်းခံရသူတွေ ပြန်လွတ်ဖို့ စမ်းချောင်းရဲစခန်းရှေ့ စောင့်နေသူတွေကို ရဲတပ်ဖွဲ့လိုက်ဖမ်း

ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာမလားဆိုပြီး ဓမ္မစေတီလမ်းမပေါ်၊ ဟက်ပီးဝေါလ်အနီးက စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့မှာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကို ရဲတပ်ဖွဲ့က စတင်ဖြိုခွင်းနေပြီလို့ အဲဒီမှာရောက်ရှိနေတဲ့ ဖရွန်းတီးယားမြန်မာ သတင်းထောက်က သတင်းပေးပို့လာပါတယ်။

လက်ရှိအချိန်အထိ စခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူ ရှစ်ဦးရှိနေဆဲဖြစ်ပါတယ်။ ညနေ ၄နာရီခွဲ လောက်ကစပြီး ဖမ်းခံရသူတွေ ပြန်လွတ်ပေးဖို့ လူစုဝေးပြီး စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ညနေ ၅နာရီဝန်းကျင်မှာတော့ ရဲတပ်ဖွဲ့အရာရှိတစ်ဦး ထွက်လာပြီး ဖမ်းဆီးခံထားရသူတွေကို “အထက်အမိန့်အတိုင်းဆောင်ရွက်မယ်”လို့ စောင့်ဆိုင်းသူတွေကို ပြောဆိုခဲ့ပါတယ်။​ ဒါ့ပြင် စောင့်ဆိုင်းနေသူတွေကို မဆူညံဖို့နဲ့ လူစုခွဲဖို့ ပြောဆိုပြီးတဲ့နောက်မှာတော့ သိပ်မကြာခင်ပဲ ရဲကားတွေ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်တွေက လူစုလူဝေးကို စတင်မောင်းထုတ်ဖြိုခွင်းပါတော့တယ်။

လက်ရှိအချိန်မှာတော့ စုဝေးနေသူတွေဟာ နီးစပ်ရာလမ်းတွေထဲကို ဝင်ရောက်ပြေးလွှား၊ တိမ်းရှောင်နေကြရပါတယ်။


ညနေ ၄နာရီ၊ ၄၅မိနစ်

ဂျပန်သတင်းထောက်ပြန်လွတ်ပြီ၊ ဖမ်းခံရသူတွေရှိနေဆဲ

ဒီနေ့နေ့လယ်က ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ပြန်လည်လွတ်မြောက်လာပြီလို့ ဖရွန်းတီးယားမြန်မာသတင်းထောက် မြေပြင်ကနေ သတင်းပေးပို့လာပါတယ်။

စမ်းချောင်းမြို့နယ်ရဲစခန်းမှာ အဖမ်းဆီးခံထားရသူ ခြောက်ယောက်လောက်ရှိနေတယ်လို့ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီက ပြောပါတယ်။

“ကျနော့်ကို ကူညီပေးတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဂျပန်သတင်းထောက် ကီတာဇူမီက ပြောပါတယ်။

လက်ရှိအချိန်မှာ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ လူအယောက် ၃၀လောက် စမ်းချောင်းရဲစခန်းရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။

“အခုအချိန်အထိတော့ ဘာမှ မပြောသေးဘူး။ စောင့်နေတာ တစ်နာရီ လောက်ရှိပြီ”လို့ စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့မှာ ဖမ်းခံရသူတွေ ပြန်လွတ်နိုးနဲ့ လာရောက်စောင့်ဆိုင်းနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ညနေ ၄နာရီ ၂၃မိနစ်မှာတော့ ရဲစခန်းထဲကို အချုပ်ကားတစ်စီး ထပ်ရောက်လာပြီး အချုပ်ကားထဲမှာ ဖမ်းဆီးခံရသူ နှစ်ဦးပါလာတာကို မြင်တွေ့ခဲ့ရကြောင်း ဖရွန်းတီးယားမြန်မာ သတင်းထောက်က ပြောပါတယ်။

“အထဲမှာ ရှစ်ယောက်ဖမ်းထားတယ်။ အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပေးမယ်။ ကျနော်တို့ကတော့ ဖမ်းခံထားရသူတွေကို ဆဲတောင်မဆဲပါဘူး။ ကျန်တာတွေကိုတော့ အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ပေးပါ့မယ်”လို့ စမ်းချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောကြားသွားပါတယ်။


ညနေ ၄နာရီ

မန္တလေးမှာ ရဲနှင့်စစ်တပ်က ဆန္ဒပြသူများအား သေနတ်ဖြင့်ပစ်ခတနှိမ်နင်းမှုကြောင့် လူအချို့ထိခိုက်ဒဏ်ရာရ

ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ မြို့တွင်း ငြိမ်းချမ်းစွာထိုင်သပိတ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူတွေနဲ့ လမ်းလျှောက်ဆန္ဒပြသူ တွေကို ရဲတပ်ဖွဲ့၊ စစ်သားတွေက ကျည်အစစ်၊ရာဘာကျဉ်နဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

ချမ်းအေးသာစံမြို့နယ် ရတနာပုံဈေး ပတ်ပတ်လည်နဲ့ ၇၈ လမ်းပေါ်မှာ ငြိမ်းချမ်းစွာဖြင့် ထိုင်သပိတ်ဆန္ဒပြနေသူတွေကို စစ်သားနဲ့ ရဲသားတွေက အင်အားသုံးလိုက်လံဖြိုခွင်းခဲ့တာပါ။ 

ဖြိုခွင်ရာမှာ ရာဘာကျည်၊မျက်ရည်ယိုဗုံးတို့ကို အသုံးပြုခြင်းမရှိပေမယ့် လောက်လေးဂွတို့ကိုသုံးပြီး ဖြိုခွင်းခဲ့တာပါ။ဖြိုခွင်းရာမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူ ခြောက်ဦးနဲ့အထက် ဖမ်းဆီးခံခဲ့ရပါတယ်။ 

မန္တလေးမြို့တွင်းမှာ ရဲတပ်ဖွဲ့၊ စစ်အင်အားအလုံးအရင်းနဲ့ မြို့တွင်းလှည့်လည် မောင်းနှင်ကာ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် အင်အား ပြလုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။ 

အလားတူ မဟာအောင်မြေမြို့နယ် ၆၂လမ်းပေါ်မှာ ဆန္ဒထုတ်ဖော်နေသူတွေလည်း ကျည်အစစ်တွေအသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ ဖမ်းဆီးခံရသူအများအပြားရှိခဲ့တယ်လို့ သိရပြီး အရေအတွက်အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ယနေ့ မန္တလေးမြို့မှာ ပညာရေးစစ်ကြောင်း၊မြန်မာနိုင်ငံဖွားတရုတ်မျိုးနွယ်များစစ်ကြောင်း ၊ သံဃာတော်များနဲ့ သီလရှင်များစစ်ကြောင်း ၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းသာ ဟောင်းများစစ်ကြောင်း၊ လူငယ်လုပ်ငန်းရှင်များစစ်ကြောင်း၊ စက်ဘီးစီးအဖွဲ့များစစ်ကြောင်း တို့အပြင် ရပ်ကွက်အလိုက်လှည့်လည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်းပြုလုပ်ခဲ့ကြပါတယ်။ မန္တလေးမြို့ရဲ့ နာမည်ကြီးစစ်ကြောင်းတွေဖြစ်တဲ့ ကျန်းမာရေးစစ်ကြောင်း နဲ့ အင်ဂျင်နီယာစစ်ကြောင်းတို့ပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ကြရာ လူဦးရေ သိန်းချီအထိရောက်ရှိသွားခဲ့တာပါ။

လက်ရှိမှာတော့ သေနတ်နဲ့ပစ်ခံလိုက်ရတဲ့ ဆန္ဒပြသူတွေကို လူမှုကူရေးအသင်းကအရေးပေါ်ကုသမှုတွေပြုလုပ်နေပါတယ်။ 


နေ့လယ် ၂နာရီ၊ ၃၀မိနစ်

လှည်းတန်းမှာ ဆန္ဒပြသူတွေကို အင်အားသုံးပစ်ခတ်ဖြိုခွင်းနေ

လက်ရှိအချိန် ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို ရပ်ကွက်အတွင်းထဲအထိ လိုက်လံဖြိုခွင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁နာရီကျော်ကျော်က စတင်ခဲ့တဲ့ ဖြိုခွင်းမှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေဟာ အကြိမ်ပေါင်းများစွာ သေနတ်ပစ်ဖောက်ခဲ့သလို လူအချို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဘယ်နှယောက်အဖမ်းခံရတယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ငါးဦးထက်မနည်း ဖမ်းခံရတာကို တွေ့ရှိခဲ့ရကြောင်း မြေပြင်ရောက်နေတဲ့ ဖရွန်းတီးယားမြန်မာ သတင်းထောက်က ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ပြေးလွှားကြရတဲ့ ဆန္ဒပြသူတွေကို ခိုလှုံခွင့်ပေးတဲ့ ရပ်ကွက်အတွင်းက လူအချို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒီအထဲမှာ ပြေးလွှားသူတွေကို ဝင်ရောက်ပုန်းခိုခွင့် ပေးခဲ့တဲ့ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးလည်း ပါပါတယ်။

“ကလေးတွေက ပစ်တော့နီးစပ်ရာ ပြေးဝင်ကြတာ။ ကိုယ့်အိမ်ထဲဝင်လာတော့ ကိုယ်ခေါ်ပေးထားရတာပေါ့ ကလေးတွေကို။ အဲ့ဒါကို ခေါ်ထားပေးလို့ဆိုပြီး ဆိုင်ပိုင်ရှင်ကို ဖမ်းသွားတာ”လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အင်အားသုံးမနှိမ်နင်းခင်မှာ ဆန္ဒပြသူတွေဟာ ထိုင်သပိတ်ဆင်နွှဲနေတာဖြစ်ပြီး ရဲတပ်ဖွဲ့က လူစုခွဲဖို့ သတိပေးတာမျိုးမရှိဘဲ လူထုကြားကို ရုတ်တရက်ပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးဖြိုခွင်းခဲ့တာဖြစ်တယ်လို့ လှည်းတန်းလမ်းမအနီးက ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ လှည်းတန်းစိန်ဂေဟာရှေ့က လမ်းမကြီးကို ပိတ်ထားပြီး ဆန္ဒပြသူတွေကို ဆက်လက်ဖမ်းဆီးနေပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်။


နံနက် ၁၀နာရီ ၃၀မိနစ်

မြေနီကုန်းတွင် လုံခြုံရေးအင်အားအပြည့်ချထား

ယနေ့မနက်ပိုင်းတွင် မြေနီကုန်း‌အနီးတွင် စစ်ကား ၁၁စီးနှင့် ရဲအင်အားအများအပြားချထားသည်ကိုတွေ့ရသည်။ ရေကားအချို့လည်းပါပြီး လက်ရှိတွင်ရဲများက ဒဂုံစင်တာအနီးတဝိုက်တွင်နေရာယူလျက်ရှိသည်။


ဖေဖော်ဝါရီ ၂၆ရက်၊ နံနက် ၁၀နာရီ

ရဲတပ်ဖွဲ့မှ ဖြိုခွင်းခဲ့သည့် ကျောက်မြောင်းတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

မနေ့ညက ရဲတပ်ဖွဲ့ နှင့် စစ်သားအင်အားအများအပြားဖြင့် ဖြိုခွင်းခံခဲ့ရသည့် တာမွေ၊ နှင်းဆီလမ်းနှင့် အောင်မဂ်လာလမ်းတွင် သံဃာ၊အလုပ်သမားနှင့် ကျောင်းသားသမဂ္ဂများက ယနေ့ နံနက် ၉နာရီခန့်မှ စ၍ ဆန္ဒပြလျက်ရှိသည်။

ရွှေဝါရောင် သံဃကွန်ရက်၊ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်နှင့်ဆန္ဒပြသူ နှစ်ရာခန့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။

“ဦးဇင်းတို့ ဒီရပ်ကွက်ထဲက ဖိနှိပ်ခံရတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ဒီမှာ ဆန္ဒလာဖော်ထုတ်တာပါ” ဟု ရွှေဝါရောင် သံဃာ့ကွန်ရက်မှ ဆရာတော်တစ်ပါးက မိန့်သည်။ ” ဦးဇင်းတို့ ပြည်သူလူထုဟာ ကြောက်ရွံ့ဖို့မလိုဘူး။  အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဆက်ဝင်ဖို့လိုပါတယ်” ဟု အဆိုပါသံဃာတော်က မိန့်ကြားသည်။

ဆန္ဒပြလူထုသည် ကျောက်မြောင်းရပ်ကွက်အတွင်း ဆက်လက်ချီတက်နေပြီး ရပ်ကွက်အတွင်းမှ ပြည်သူများက အိမ်များမှထွက်၍အားပေးမှုများ ပြုလုပ်လျက်ရှိသည်။


ညနေ ၅နာရီ

အရှိန်မတန့်သေးတဲ့ မန်းမြို့တော်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ

မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကတော့ အရှိန်ရပ်တန့်မသွားသေးပါဘူး။ ဒီနေ့မှာလည်း ဆန္ဒပြသူတွေဟာ ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံဈေးရှေ့မှာ ထိုင်သပိတ် ဆင်နွှဲခဲ့ကြပါတယ်။

ဒီနေ့မှာ သနားခါးတော်လှန်ရေးအဖြစ် သနားခါးလိမ်းချယ်ပြီး ဆန္ဒပြဖို့ ကြွေးကြော်ခဲ့ကြပေမဲ့ အဲဒီလှုပ်ရှားမှုအနည်းငယ်သာ ရှိခဲ့ပါတယ်။ အရင်နေ့တွေလိုပဲ ဒီနေ့မှာလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ မန္တလေးမြို့ခံတွေဟာ စစ်အာဏာရှင်အလိုမရှိကြောင်း သရုပ်ဖော်မှုနဲ့အတူ တော်လှန်ရေးသီချင်းတွေ ဟစ်ကြွေးပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

အရင်နေ့တွေလိုပဲ ဒီနေ့မှာလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတွေလည်း ဆန္ဒပြပွဲမှာ နေ့စဉ်ပါဝင်လျက်ရှိပါတယ်။ ချမ်းမြသာစည်မြို့နယ်က တရုတ်ကောင်စစ်ဝန်ရုံးနားကိုတော့ ရဲတပ်ဖွဲ့က ဖြတ်သန်းသွားလာမှု ပိတ်ပင်ခဲ့ပါတယ်။


ညနေ ၄နာရီ

ကိုယ်စားပြုမည့်ရှေ့နေ လက်ရှိအချိန်အထိ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ခွင့်မရသေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်သည် လက်ရှိအချိန်အထိ ရှေ့နေကိုယ်စားလှယ်လွှဲစာ မရရှိသေးပေ။ ထို့ပြင် အတိုင်ပင်ပုဂ္ဂိုလ်နှင့်လည်း လူချင်းတွေ့ခွင့်မရသေးဟု ဦးခင်မောင်ဇော်က ယနေ့ (ဖေဖော်ဝါရီ၂၅ရက်)တွင် ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီက ဦးခင်မောင်ဇော်ကို အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရန် ငှားရမ်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံထားသည့် ရှေ့နေဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ရှေ့နေနဲ့အမှုသည်ကတော့ တွေ့ကိုတွေ့ရမှာပဲ။ သူ့အမှုကိုစပြီး မကိုင်တွယ်ခင်မှာ ရှေ့နေတစ်ယောက်အနေနဲ့ အမှုသည်ရဲ့ ညွှန်ကြားချက်ကို ယူကိုယူရမှာ။ အဲဒီတော့ အဲဒါတွေရဖို့အတွက် ကျွန်တော်တို့ လျှောက်လွှာလည်းတင်တယ်။ ရဲကို တစ်ဆင့်ပေးတယ်။ အဲဒီမြို့နယ်ရဲတပ်ဖွဲ့မှူးကလည်းပဲ အထက်လူကြီးတွေကနေ တစ်ဆင့်ပို့ပြီးတော့ (အတိုင်ပင်ခံပုဂ္ဂိုလ်) လက်မှတ်ထိုးဖို့ လုပ်ပေးမယ်ဆိုပြီး ပြောတယ်။ အခုထိမရသေးဘူး”ဟု ဦးခင်မောင်ဇော်ကပြောသည်။

ရှေ့နေကိုယ်စားလှယ်လွှဲစာ လျှောက်လွှာတင်ခြင်းနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ခွင့်ရရန် လျှောက်လွှာကို အတိုင်ပင်ခံနှင့်သမ္မတတို့ ပထမဆုံးအကြိမ်ရုံးထုတ်သည့် ဖေဖော်ဝါရီ၁၆ရက်တွင် ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဥပဒေလမ်းကြောင်းအရ တရားဝင်တင်ခဲ့ခြင်းဖြစ်သည်။

ရှေ့နေ့ကိုယ်စားလှယ်လွှဲစာရရှိရေးအတွက် လူကိုယ်တိုင်သွားရောက်မေးမြန်းမှုနှင့်ဖုန်းဖြင့် ငါးကြိမ်ထက်မနည်းဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အထက်ကအကြောင်းမပြန်သေးကြောင်းသာပြောသည်ဟု ဦခင်မောင်ဇော်ကပြောသည်။

ရှေ့နေကိုယ်စားလှယ်လွှဲစာရရှိရန် နှောင့်နှေးနေခြင်းသည် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့နေငှားရမ်းမည့် အခွင့်အရေးကို ဆုံးရှုံးသွားနိုင်ကြောင်း ဦးခင်မောင်ဇော်ကပြောသည်။

“စွပ်စွဲခံရတဲ့သူအနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမှာကို ကျွန်တော်တို့ အင်မတန်စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကိုယ်စားလှယ်လွှဲစာတင်ပြီးမှ တရားရုံးကလည်းပဲ ရှေ့နေတစ်ယောက်အနေနဲ့ အမှုတွဲတွေကို လေ့လာခွင့်ပေးမယ်။ အဲဒီအမှုတွဲတွေ နှစ်မှုစလုံးပေါ့ အခုထိမဖတ်ရသေးဘူး။ မသိရသေးဘူး။ စိမ့်ထွက်လာတဲ့ သတင်းတွေအရပဲသိတာ”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ထို့ပြင် မတ်၁ရက်တွင်ပြုလုပ်မည့် ဒုတိယအကြိမ်ရုံးချိန်းတွင် တရာလိုနှင့် တရားလိုပြသက်သေများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်မည်ဖြစ်ရာ ရုံးချိန်းနေ့အမီ ရှေ့နေကိုယ်စားလှယ်လွှဲစာ မရရှိပါက ယင်းနေ့တွင် အတိုင်ပင်ခံ၏ရှေ့နေအဖြစ် တရားခွင်သို့ တက်ရောက်ခွင့်ဆုံးရှုံးရဖွယ်ရှိကြောင်း ၎င်းကပြောသည်။

“စစ်ကြ၊ ဆေးကြပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေမပါဘဲနဲ့ သူကိုယ်တိုင်မေးဖို့ မြန်းဖို့။ အခုက တရားလိုနဲ့ တရားလိုပြသက်သေတွေကို စစ်မှာကိုး။ အပြန်အလှန်မေးဖို့ အခွင့်အရေးရှိတယ်လေ။ အဲဒီတော့ အဲဒါကိုသူလုပ်ဖို့ အခက်အခဲတွေ့မှာပဲ။ ပြီးတော့ သူကိုယ်တိုင်လည်း သူ့ရှေ့နေနဲ့သူ ရပ်တည်ချင်တယ်လို့ ပြောထားတာ”ဟု ဦးခင်မောင်ဇော်ကပြောသည်။

ထို့ပြင် တရားရုံးက ရှေ့နေငှားရမ်းခွင့်ပြုထားပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ၎င်း၏ ရှေ့နေမပါဘဲ ရုံးတင်စစ်ဆေးပါက လူ့အခွင့်ရေးအလုံးစုံကို ထိခိုက်သွားခြင်းဖြစ်သလို ဥပဒေနှင့် မညီကြောင်းလည်း ဦးခင်မောင်ဇော်ကပြောသည်။

သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖေဖော်ဝါရီ၁၆ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် အွန်လိုင်းရုပ်သံစနစ် (video conferencing) ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမှုနှစ်မှု၊ သမ္မတကို တစ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နှင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ၈တို့ ဖြင့်တရားစွဲတင်ထားသည်။ ဦးဝင်းမြင့်ကိုမူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ဖြင့် တရားစွဲဆိုထားသည်။

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တရားစွဲတင်ထားသည့် ပုဒ်မများသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ်ကျခံနိုင်သည့် ပုဒ်မများဖြစ်သည်။


ညနေ ၃နာရီ

အာဏာရှင်စနစ်ဆန့်ကျင်ရေး လုပ်ငန်းစဥ်လေးရပ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများချမှတ်

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် ရန်ကုန်တက္ကသိုလ်တွင် ယနေ့၊ အစည်းအဝေးတစ်ရပ် ခေါ်ယူ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်လေးရပ် ချမှတ်လိုက်သည်။

ယနေ့၊ နံနက်အစောပိုင်းက ဘွဲ့နှင်းသဘင်ခန်းမသို့ ချီတက်၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် တားဆီးခဲ့သည်။ သို့ဖြစ်ရာ သမဂ္ဂရင်ပြင်နီ (သမဂ္ဂအဆောက်အအုံနေရာ)တွင် ကျောင်းသား၃၀၀ခန့်က အစည်းအဝေးတစ်ရပ်ပြုလုပ်၍ ရှေ့လုပ်ငန်းစဉ်လေးရပ်ချမှတ်ခဲ့သည်။

“ကျနော်တို့ ဒီမှာအာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ပတ်သက်လို့ ရှေ့လုပ်ဆောင်သွားမယ့် လုပ်ငန်းစဥ်တွေချမှတ်ပြီး အဆုံးအဖြတ်ခံယူတာပါ”ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ညီညီဇော်က ပြောဆိုသည်။

ကျောင်းသားထုက အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ရေး၊ CDMလှုပ်ရှားမှုတွင်ပါဝင်သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကိုကူညီပေးရေးနှင့် စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ကို လက်မခံရေး စသည်တို့ကို ရှေ့ဆက်ရမည့်မူဝါဒများအဖြစ် အတည်ပြုခဲ့သည်။

ထို့ပြင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့သော ကျောင်းသားများအတွက်လည်း အထိမ်းအမှတ်ကျောက်တိုင်တစ်ခု စိုက်ထူခဲ့သည်။

ကျောင်းသားများက အစည်းအဝေးကျင်းပစဉ် ရန်ကုန်တက္ကသိုလ်ဝင်ပေါက်အနီးတွင် ရဲကားနှစ်စီး၊ စစ်ကားခြောက်စီး၊ ရေအမြောက်ပါသည့် အဓိကရုဏ်းဖြိုခွင်းရေးကားနှစ်စီးတို့ လာရောက်စောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့ရသည်။

ကျောင်းသား ၃၀၀နီးပါးပါဝင်သော သပိတ်စစ်ကြောင်းသည် ယနေ့နံနက်တွင် ပြည်လမ်း၊ မာလာဆောင်မှတ်တိုင်အနီးမှ ရန်ကုန်တက္ကသိုလ်သို့ ချီတက်လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြသည်။ ရဲတပ်ဖွဲ့က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဝင်ရာ အဓိပတိလမ်းမကို ပိတ်ဆို့တားမြစ်သောအခါ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က လာရောက်ညှိနှိုင်းပေးခဲ့သည်။


နေ့လယ် ၂နာရီ

တပ်မတော်ထောက်ခံသူနှင့် မျိုးချစ်များက ယနေ့ဆန္ဒပြပွဲအတွင်း ဆူပူမှုများပြုလုပ်ခဲ့

ယနေ့နံနက်က အောင်ဆန်းကွင်းနှင့် သမ္မတရုပ်ရှင်ရုံအနီးတို့မှ တပ်မတော်ထောက်ခံသူများနှင့် မျိုးချစ်ဆိုသူများသည် မြို့တော်ခန်းမအနီးသို့ ချီတက်လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ ချီတက်ရာတွင် ဘူတာကြီးအနီး မီးရထားဝင်းထဲမှ ဒေသခံများက သံပုံးများတီး၍ မောင်းလွှတ်ရာ အဆိုပါတပ်မတော်ထောက်ခံသူများကလည်း လောက်လေးခွများဖြင့် ပစ်ခတ်၍ ပြန်လည်ရန်ရှာခဲ့သည်။

ထို့ပြင် တပ်မတော်ထောက်ခံသူအချို့သည် မီးရထားဝင်းအတွင်းသို့ ဝင်ရောက်၍လည်း ဝန်ထမ်းများကို ရန်ရှာခဲ့ရာ ရပ်ကွက်နေလူထုက ရပ်ကွက်အတွင်းရန်ရှာသူအများအပြားကို ဖမ်းဆီး၍ ဓမ္မာရုံတွင် ခေတ္တချုပ်နှောင်ခဲ့သည်။

မီးရထားဝင်းအတွင်း ပထမအကြိမ်တွင် ရပ်ကွက်နေလူထုက အများပြည်သူကို ရန်ရှာနေသော တပ်မတော်ထောက်ခံသူ ၂၃ဦးကို ဖမ်းဆီးရမိခဲ့ပြီး နောက်တစ်ကြိမ်တွင် ခုနှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း အယောက်၃၀ကို ဖမ်းဆီး၍ ခေတ္တထိန်းသိမ်းခဲ့သည်။ ယင်းတို့အနက် အချို့မှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်နေသည်။

ဖြစ်စဉ်များအတွင်း ရပ်ကွက်နေ ပြည်သူအချို့ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းတို့ထံမှ လောက်လေးခွဖြင့် ပစ်ခတ်ရန် ပေသီးနှင့် ကုန်းသီးအချို့ သိမ်းဆည်းရရှိခဲ့သည်။

သို့သော် နေ့လယ် ၁၂နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ရောက်ရှိလာပြီး သိမ်ဖြူမီးရထားဝင်းက ရပ်ကွက်နေလူထုက ဖမ်းဆီးချုပ်နှောင်ထားသည့် မျိုးချစ်နှင့် တပ်မတော်ထောက်ခံသူများကို ပြန်လည်ခေါ်ဆောင်သွားသည်

မျိုးချစ်နှင့်တပ်မတော်ထောက်ခံသူများသည် ယနေ့နံနက်တွင် မီးရထားဝင်းအတွင်းမှ ရပ်ကွက်နေပြည်သူများကိုလည်းကောင်း၊ မြို့တော်ခန်းမအနီးက အရပ်သားအချို့ကိုလည်းကောင်း၊ သတင်းရယူနေသော သတင်းထောက်များကိုလည်းကောင်း ရန်ရှာခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုအတွင်း တပ်မတော်ထောက်ခံသူအချို့သည် လမ်းဘေးတွင် ရပ်တန့်ထားသည့် ကားမှန်များကို ရိုက်ခွဲသဖြင့် ပြည်သူများက ၎င်းတို့ကို လိုက်လံဖမ်းဆီးရာ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့မှာ အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦး၊ စုစုပေါင်း ခုနှစ်ဦးဖြစ်သည်။

ဖမ်းဆီးရမိပြီး မကြာမီတွင် ရဲတပ်ဖွဲ့က ၎င်းတို့ကို ပရဟိတကားတစ်စီးဖြင့် ပြန်လည်ခေါ်ဆောင် သွားခဲ့သည်။ ယင်းသို့ ကားမှန်များ ရိုက်ခွဲဖျက်ဆီးသော်လည်း ရဲတပ်ဖွဲ့က ၎င်းတို့ကို တစ်စုံတစ်ရာ အရေးယူခြင်းမပြုဘဲ ပြန်လွှတ်ပေးခဲ့သည်။

ဖြစ်စဉ်နှစ်ခုလုံးအတွင်း ရပ်ကွက်နေလူထု ဖမ်းဆီးသူများကို ရဲတပ်ဖွဲ့က လာရောက်ခေါ်ယူရာတွင် လက်ထိပ်ခတ်ခဲ့ခြင်းမရှိပေ။ ၎င်းတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း မသိရှိရပေ။

ထို့ပြင် တပ်မတော်ထောက်ခံသူအချို့က ဆူးလေရှန်ဂရီလာဟိုတယ်အနီး လမ်းသွားလမ်းလာတစ်ဦးကို ရန်ပြု၍ ဝိုင်းဝန်းထိုးကြိတ်သည့် လုံခြုံရေးကင်မရာမှတ်တမ်းတစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။

ဖရွန်းတီးယားမြန်မာသတင်းထောက်တစ်ဦးက ရိုက်ကူးခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုတွင်မူ တပ်မတော်ထောက်ခံသူများသည် မြို့တော်ခန်းမဘက်မှ သမ္မတရုပ်ရှင်ရုံဘက်သို့ အပြန်ချီတက်လမ်းလျှောက်ရာတွင် ၎င်းတို့၏ လျှောက်လမ်းနံဘေးမှ ရဲတပ်ဖွဲ့က စောင့်ကြပ်ကြည့်ရှုပေးခဲ့သည်


နေ့လယ် ၁၂နာရီ

တပ်မတော်ထောက်ခံသူအချို့ သိမ်ဖြူမီးရထားဝင်းအတွင်းဝင်ရောက်ကာ လူထုကိုရန်ပြု

တပ်မတော် ထောက်ခံပွဲ ဆူးလေမှာ ကျင်းပနေချိန်မှာပဲ ဆူးလေအနီးမှာရှိတဲ့ သိမ်ဖြူမီးရထားဝင်းရပ်ကွက်ထဲမှာ ပြသနာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ တပ်မတော်ထောက်ခံပွဲမှာ လိုက်ပါလာတဲ့လူတစ်ချို့ဟာ သိမ်ဖြူမီးရထားဝင်းရပ်ကွက်ထဲကို ဘူတာကြီးဘက်‌ကနေဝင်လာခဲ့ပါတယ်။

 ရပ်ကွက်ထိပ်မှာ ရှိနေတဲ့ ရဲတစ်ဦးကဝင်လာတဲ့ တပ်မတော်ထောက်ခံသူတွေကို တားဆီးရာက ‌တပ်မတော်ထောက်ခံသူတွေဘက်က ရဲကိုစတင်ထိုးကြိတ်ခဲ့တာကြောင့် သိမ်ဖြူမီးရထားဝင်းရပ်ကွက်သူ ရပ်ကွက်သားတွေက သံပုန်းတီးနမာင်းထုတ်ခဲ့ပြီး တစ်ဖက်က လေးခွ၊ကျောက်ခဲတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။

“ကျွန်မတို့ရပ်ကွက်ကလူတွေ ဝေးဝေးကနေတာ အဲ့တာအတင်းပြေးဝင်လာပြီး ဖန်ဂေါ်လီတွေ၊ သံမူလီတွေနဲ့ပစ်တယ်။ ရပ်ကွက်က လူတွေ အတော်ထိသွားတယ်။ ကျမလည်း ထိတယ်”လို့ သိမ်ဖြူမီးရထားဝင်းရပ်ကွက်မှာနေထိုင်တဲ့ မစုကသူရဲ့ ခြေထောက်နဲ့လက်က အ‌နာတွေကိုပြရင်းပြောပါတယ်။ 

အဆိုပါတပ်မတော်ထောက်ခံသူတွေဟာ ရပ်ကွက်ထဲပြေးဝင်လာစဉ်မှာ တုတ်တွေ ဓါးတွေလည်း ဝှေ့ယမ်းခဲ့တယ်လို့ မစုကပြောပါတယ်။ ရပ်ကွက်ကလူတွေက လေးခွနဲ့ပစ်တဲ့ တပ်မတော်ထောက်ခံသူတွေကို ဖမ်းဆီးခဲ့ပြီး ဓမ္မာရုံထဲမှာ ထားခဲ့ပါတယ်။ 

ဖမ်းမိသူတွေကို စစ်ဆေးကြည့်တဲ့အခါ တပ်မတော်ထောက်ခံပွဲမှာအသုံးပြုတဲ့စာသားတွေ၊ ခေါင်းပတ်တွေအပြင် လေးခွ၊ လက်နက်အချွန်နဲ့ ဖန်ဂေါ်လီတွေအများအပြားတွေ့ခဲ့ရပါတယ်။ ထို့ပြင် အချို့သူတွေထံကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင်ဖြစ်တဲ့အထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

“သူ့တို့ကို ရပ်ကွက်ကဘာမှမလုပ်ဘူး။ ထိခိုက်တာတွေကိုဆေးထည့်ပြီးကောင်းကောင်းထားတာ။ ပြီးရင် ရဲလက်ကိုအပ်မယ် ဒါပဲ”လို့ သိမ်ဖြူပရဟိတအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ 

အစောပိုင်းတွင် ၂၃ယောက်ဖမ်းမိပြီး  ရဲလက်ကိုအပ်ပေးခဲ့ပေမဲ့ စခန်းရောက်မရောက်မသေချာဘူးလို့ ရပ်ကွက်နေ ဦးတင့်ဆန်းကပြောပါတယ်။ “အခုလေး ငါးယောက်ထပ်‌ဖမ်းမိတယ်။ အကုန် ရဲလက်ပဲအပ်ရမှာပေါ့။ ကျတော်တို့ရပ်ကွက်က အလွတ်ခံလိုက်ရတာ” လို့ သူကပြောပါတယ်။

သိမ်ဖြူမီးရထားဝင်းရပ်ကွက်ဟာ အိမ်ခြေငါးရာခန့်ရှိပြီး အများစုက မီးရထားဝန်ထမ်းတွေ နဲ့ လက်လုပ်လက်စားတွေဖြစ်ကြပါတယ်။ နေ့လည် ၁၁နာရီလောက်မှာတော့ ရဲတပ်ဖွဲ့ဝင် အယောက် တစ်ရာကျော်ခန့်နဲ့ ရဲကား ငါးစီးလောက်က ရပ်ကွက်ကို လာရောက်ပိတ်ဆို့ခဲ့ပါတယ်။

 အကြောင်းအရင်းက ထိခိုက်တဲ့ ရပ်ကွက်ကလူတွေကို ဖြေရှင်းပေးဖို့မဟုတ်ပဲ တစ်ဖက်က တပ်မတော်ထောက်ခံသူတွေက သူတို့လူတွေကိုခေါ်ထားတယ်လို့ တိုင်ကြားတာကြောင့် လူအင်အားနဲ့ လယထုတ်ခိုင်းတာဖြစ်ပါတယ်။

 ရပ်ကွက်နေလူထုကမကျေမနပ်ပြောဆိုကြပေမဲ့ ရပ်တပ်ဖွဲ့တွေက ဝိုင်းထားဆဲဖြစ်တာကြောင့် ကျန်ရှိတဲ့ ဖမ်းမိသူတွေကို ပြန်လက်လွှဲပေးခဲ့ပါတယ်။ အကြမ်းဖက် ပစ်ခတ်ခံရတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေဘက်က ဘယ်လိုဖြေရှင်းပေးမလဲလို့ မီဒီယာတွေက မေးမြန်းတဲ့အခါမှာတော့ တစ်ဖက်က တာဝန်ခံရဲမှူးက ကျနော်မသိဘူးလို့ သုံးခါဖြေခဲ့ပါတယ်။

ရပ်ကွက်ကလူတွေအတွက် ဘာလုပ်ပေးမယ်ဆိုတာမသေချာပေမဲ့ ရပ်ကွက်က ဖမ်းဆီးထားတဲ့သူတွေကိုမလွှတ်ရင်တော့ ဥပဒေအတိုင်း အရေးယူရမယ်လို့ သူကဖြည့်စွက်ပြောပါတယ်။

တပ်မတော်ထောက်ခံသူတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရပ်ကွက်နေပြည်သူ အယောက် ၃၀ခန့်ထိခိုက်ဒဏ်ရာရခဲ့ပြီး အများစုက လေူခွထိကာ ခေါင်းပေါက်ခြင်း၊ ခြေထောက်နာခြင်း၊ စတဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။


နံနက် ၁၁နာရီ ၄၀မိနစ်

ကျောင်းသားသမဂ္ဂ ရန်ကုန်တက္ကသိုလ်အတွင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂက အဖွဲ့ဝင်ကျောင်းသား ၂၀၀ နီးပါးဟာအာဏာရှင်ဆန့်ကျင်ရေး အတွက် ကျောင်းသားထု အစည်းအဝေးလုပ်ဖို့ ရန်ကုန်တက္ကသိုလ်ထဲ ပြည်လမ်းဘက်ကနေ  ဘွဲ့နှင်းသင်လမ်းကနေဝင်ရောက်ခဲ့တာပါ ။

လုံထိန်းအဖွဲ့ဝင် ၅၀ ခန့်လောက်က ဘွဲ့နှင်းသဘင်အနီးနဲ့ အဓိပတိလမ်းထောင့်မှာ ပိတ်ဆို့အတားအဆီးတွေချပြီး ပိတ်ဆို့ထားခဲ့ပါတယ်။ 

“ကျောင်းသားထုအစည်းအဝေးလုပ်ဖို့ ကျောင်းဝင်းထဲကိုဝင်လာတာ။ သူတို့က ဟိုဘက်ကနေဝင်လာပြီး ပိတ်ဆို့ထားတယ်။ကျွန်တော်တို့ကတော့ အစည်းအဝေးကိုတက္ကသိုလ်ဝင်းထဲမှာပဲလုပ်သွားမယ်”ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ညီညီဇော်က ပြောဆိုပါတယ်။ “ရဲတပ်ဖွဲ့က ဒီဘွဲ့နှင်းသဘင်ကိုဘာလို့ အသည်းအသန်ကာကွယ်နေလဲ ကျွန်တော်တို့လည်းနားမလည်ဘူး” ဟု သူက ပြောပါတယ်။

နောက်ဆုံးကျောင်းအုပ်ချုပ်ရေးအဖွဲ့ကပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီး နံနက် ၁၁နာရီဝန်းကျင်မှာ ကျောင်းဝင်းထဲက ကျောင်းသားသမဂ္ဂရင်ပြင်မှာ အစည်းအဝေးပြုလုပ်ခွင့်ရခဲ့ပါတယ်။ 


နံနက် ၁၁နာရီ ၃၀မိနစ်

မြေနီကုန်းက အာဏာရှင်ဆန့်ကျင်ရေး သနပ်ခါးတိုက်ပွဲပုံရိပ်များ


ဖေဖော်ဝါရီ ၂၅ရက်၊ နံနက် ၁၁နာရီ 

တပ်မတော်ထောက်ခံသူများ လူအချို့ကိုရန်ပြုပြီး ကားမှန်များခွဲသွား


တပ်မတော်ကို ထောက်ခံကြောင်းဆန္ဒထုတ်ဖော်သူတွေဟာ ဒီနေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ရာမှာ လူအချို့နဲ့ ကားမှန်တွေကိုခဲတွေပစ်ရိုက်ခွဲတာမျိုး ပြုလုပ်ခဲ့တယ်လို့ အဆိုပါ ဆန္ဒပြပွဲကို သတင်းယူခဲ့တဲ့ ဖရွန်းတီးယားသတင်းထောက်ကပြောပါတယ်။ 

တပ်မတော်ရဲ့ အာဏာသိမ်းမှုကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ လူအင်အားရာချီပါဝင်တဲ့ထောက်ခံသူတွေဟာ ယနေ့မနက် ၉နာရီမှာ သမ္မတရုပ်ရှင်ကနေ ဆူးလေးဘုရားလမ်းကိုချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်ကိုရောက်ချိန်မှ  လမ်းပိတ်ထားတဲ့အရံအတားတွေကို ရဲတပ်ဖွဲ့က ဖြုတ်ပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေ ဆူးလေးကို တစ်ပတ်ပတ်ပြီး ပြန်လည်ထွက်ခွာသွားချိန်မှာ ရဲတပ်ဖွဲ့ အရံအတားတွေနဲ့ လမ်းပြန်ပိတ်ဖို့လုပ်ခဲ့ပါတယ်။သို့ပေမဲ့ ရပ်ကွက်နေလူထုရဲ့ ပြောဆိုမှုကြောင့် ပြန်ဖယ်ရှားပေးခဲ့တယ်လို့ သတင်းထောက်ကပြောပါတယ်။ ဆန္ဒပြသူတွေ ဆူးလေဘုရားလမ်းကိုဖြတ်လျှောက်ချိန်မှာလည်း အနီးအနားက လူတွေထွက်ပြီး သံပုံတီးတာမျိုးတွေ လုပ်ခဲ့ပါသေးတယ်။ 

ဆန္ဒပြသူတွေအိတ်မှာလည်း အန္တရာယ်ပြုနိုင်တဲ့ ဓား၊တုတ်လိုမျိုးတွေအသင့်ပါလာတာကိုလည်းတွေ့ရပါတယ်။ ဆန္ဒထုတ်ဖော်သူတွေဟာ သတင်းယူနေတဲ့သတင်းထောက်တွေကိုလည်း ခြိမ်းခြောက်ပြောဆိုတာမျိုးတွေရှိခဲ့ပါတယ်။ ဆန္ဒပြသူအချို့ရဲ့ ခဲတွေနဲ့ပစ်ပေါက်မှုကြောင့်ဖရွန်းတီးယားဓာတ်ပုံသတင်းထောက်ရဲ့ ခြေထောက်ကိုထိမှန်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ ၁၀နာရီဝန်းကျင်မှာ သမ္မတရုပ်ရှင်ရုံနားမှာ ပြန်လည်စုစည်းပြီး ၁၀နာရီ မိနစ် ၃၀မှာ လူစုကွဲသွားကြပါတယ်။


ည ၇နာရီ

ယနေ့၊ မြစ်ကြီးနားမြို့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲ

ရုပ်သံ – သရ (မြစ်ကြီးနား)

ညနေ ၆နာရီ၊ ၃၀မိနစ်

မန္တလေးမှာ ကျဆုံးသူတွေကို ရည်စူးပြီး အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်

မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီ၂၀ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ကျဆုံးသွားသူတွေအတွက် ရည်စူးပြီး အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ်ခြင်းနဲ့ လွမ်းသူပန်းခွေချခြင်းအခမ်းအနားတစ်ခုကို မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မန္တလေးမှာတော့ သံဃသမဂ္ဂတပ်ပေါင်းစု၊ ကျောင်းသားများသမဂ္ဂနဲ့ ပညာရေးဝန်ထမ်းများ စတဲ့ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး မန္တလေးမြို့တွင်း စီတန်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ၂၀ရက်က မန္တလေး၊ မဟာအောင်မြေမြို့နယ်က ဖြစ်စဉ်အတွင်း ကိုသက်နိုင်ဝင်းနဲ့ မောင်ဝေယံထွန်းအပါအဝင် သေဆုံးသူ သုံးဦးရှိခဲ့ပါတယ်။ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း အဲဒီမတိုင်ခင်နဲ့ အဲဒီနောက်ပိုင်း မမြသွဲ့သွဲ့ခိုင်လိုပဲ စစ်အာဏာရှင်ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်ပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။

ဒါ့ပြင် ၆၂လမ်း မနောရမ္မံဥယျာဉ်အနီးမှာလည်း လူငယ်တွေစုပေါင်းပြီး ပိတ်စတွေပေါ်မှာ စစ်အာဏာရှင်စနစ်တော်လှန်ရေးအတွက် ပုံတွေရေးဆွဲခဲ့ကြပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

အင်ဂျင်နီယာ၊ ကျန်းမာရေး၊ မီးသတ်နဲ့ ရဟန်းရှင်လူအပေါင်းပါဝင်တဲ့ ပြည်သူ့သပိတ်စစ်ကြောင်းတွေ ကလည်း မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။


ညနေ ၄နာရီ

နေပြည်တော်မှာ ကားတွေနဲ့ စီတန်းလှည့်လည်ဆန္ဒပြ

နေပြည်တော်တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီးမှုရှိသော်လည်း ယနေ့၊ မွန်းလွဲ၁နာရီခွဲခန့်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူများက ကားအစီးရေ၅၀ခန့် မောင်းနှင်ကာ စီတန်းလှည့်လည်သည့် နည်းလမ်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြကားများသည် ဇမ္ဗူသီရိမြို့နယ်ရှိ အလျှင်လိုရွာအနီးမှ စတင်ထွက်ခွာကာ တော်ဝင်ရတနာ လမ်းမကြီးတစ်လျှောက် စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့သော်လည်း လုံခြုံရေးတင်းကျပ်ထားသည့် သပြေကုန်းဘက်ကိုမူ သွားရောက်ကြခြင်းမရှိပေ။

ဆန္ဒပြသူများသည် တစ်စုံတစ်ရာကြွေးကြွော်ခြင်းမပြုသလို ကားဟွန်းလည်းမတီးဘဲ လက်သုံးချောင်းထောင်သင်္ကေတဖြင့်သာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နေပြည်တော်တွင် ၂ငါးလုံးအထွေထွေသပိတ်နေ့ (ဖေဖော်ဝါရီ၂၂ရက်)က အဖမ်းအဆီးကြမ်းခဲ့ပြီး ဆန္ဒပြသူဦးရေ ၂၀၀ကျော် အဖမ်းခံခဲ့ရသဖြင့် ယမန်နေ့နှင့် ယနေ့တွင် လမ်းပေါ်ထွက် ဆန္ဒပြသူ အရေအတွက်သည် ယခင်ကထက်စာလျှင် သိသိသာသာ လျော့နည်းသွားသည်။

ယနေ့၊ နံနက်၉နာရီခန့်ကလည်း ပျဉ်းမနားမြို့ နယ်ရှိ အမှတ်(၁)အထက်တန်းကျောင်းအနီး ဆန္ဒပြသူ ၃၀၀ဝန်းကျင် စုဝေးစီတန်းလှည့်လည်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်မှုစတင်ပြီး ၁၀နာရီခန့်တွင် ရဲတပ်ဖွဲ့ရောက်ရှိလာပြီး ဆန္ဒပြသူများသာမက သတင်းထောက်များကိုပါ လိုက်လံဖမ်းဆီးခဲ့သဖြင့် ဆန္ဒထုတ်ဖော်သူများ လူစုခွဲခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအချိန်အထိ အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးခံရသူရှိ၊ မရှိ အတည်မပြုနိုင်သေးပေ။

ယနေ့တွင် ယခင်ရက်များက ဆန္ဒပြသူများ စုဝေးလေ့ရှိသည့် သပြေကုန်းအဝိုင်းကဲ့သို့ နေရာများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ရယူထားသည်။ ထို့ပြင် ရဲကားနှင့် စစ်ကားများက နေပြည်တော်၏ အဓိကလမ်းမကြီးများပေါ် ရှောင်တခင်စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်။


နေ့လယ် ၂နာရီ

ထိုင်းသံရုံးရှေ့မှာလည်း ဆန္ဒပြကြပြီ

ဒဂုံမြို့နယ်၊ ပြည်လမ်းအနီးက ထိုင်းသံရုံးရှေ့မှာလည်း လူပေါင်း ၂၀၀ကျော် ဆန္ဒထုတ်ဖော်နေပါတယ်။ အထက-၁ (ဒဂုံ) ကျောင်းသားများအဖွဲ့နဲ့ တခြားဆန္ဒပြသူတွေက စုဝေးပြီး ဆန္ဒထုတ်ဖော်နေကြတာပါ။

ထိုင်းသံရုံးရှေ့က ဆန္ဒပြပွဲကို ရွှေဝါရောင်သံဃာတော်များကွန်ရက်က အဖွဲ့ဝင်သံဃာတော်တွေနဲ့ မြန်မာမွတ်စလင်အဖွဲ့တွေကလည်း လာရောက်ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ “We don’t accept Wunna Maung Lwin” ၊ “Our Foreign Minister is Daw Aung San Su Kyi”၊ “We stand with CRPH”ဆိုပြီး ဆန္ဒထုတ်ဖော်နေကြတာပါ။

ဦးဝဏ္ဏမောင်လွင်သည် ကျွန်ုပ်တို့၏ နိုင်ငံခြားရေးဝန်ကြီးမဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ကျွန်ုပ်တို့၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ထောက်ခံကြောင်း ဆိုလိုတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေကြောင်း ရိုက်တာသတင်းတစ်ပုဒ်က ဆိုပါတယ်။ ဒါကြောင့် ထိုင်းသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေ ဆန္ဒပြနေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ ထိုင်းသံရုံးရှေ့ မျက်နှာစာကို ရဲတပ်ဖွဲ့က လာရောက်ပိတ်ဆို့ခြင်း မရှိသေးပါဘူး။ အာဆီယံဒေသတွင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ရန်ကုန်မြို့က ဆန္ဒပြပြည်သူတွေဟာ ယခုရက်ပိုင်းမှာ ထိုင်း၊ အင်ဒိုနီးရှားနဲ့မလေးရှား စတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးရှေ့တွေမှာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။


နေ့လယ် ၁နာရီ၊​၂၀မိနစ်

အင်ဒိုနီးရှားသံရုံးရှေ့က အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲ

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်မယ်ဆိုတဲ့ သတင်းတွေ မနေ့က ထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီနေ့မှာတော့ ရန်ကုန်မြို့ခံတွေဟာ ဒဂုံမြို့နယ်က အင်ဒိုသံရုံးရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်ဖို့ ကနဦးစီစဉ်ခဲ့ပေမဲ့ ဒီလိုလာရောက်လည်ပတ်တာဟာ စစ်ကောင်စီရဲ့ တရားဝင်မှုကို အတည်ပြုလိုက်သလိုဖြစ်နိုင်တာကြောင့် ဒီအစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်က ဆိုပါတယ်။


နေ့လယ် ၁နာရီ

အဖမ်းအဆီးကြမ်းခဲ့တဲ့ နေပြည်တော်မှာ ဆန္ဒပြသူမရှိသလောက်နည်းပါး

၂ငါးလုံးအထွေထွေသပိတ်နေ့က ဆန္ဒပြပြည်သူအများအပြားကိုရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီးခဲ့တာကြောင့် ယနေ့ နေ့လည်နေ ၁နာရီအထိ နေပြည်တော်မှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သူ မရှိသလောက်ဖြစ်နေပါတယ်။

နံနက်ပိုင်း ၉ နာရီလောက်ကတော့ ပျဥ်းမနားမြို့နယ်ရှိ အမှတ်(၁)အ.ထ.က ကျောင်းရှေ့မှာ လူအင်အား၃၀၀ နီးပါးလောက်ရှိတဲ့ ဆန္ဒပြသူတွေစီတန်းလှည့်လည်တာမျိုး ပြုလုပ်ခဲ့ပါတယ်။အချိန်တိုအတွင်း ရဲတွေကလိုက်လံဖမ်းဆီးမှုခဲ့တာကြောင့် လူစုကွဲခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ဖမ်းဆီးခံရသူတော့မရှိပါဘူး။

ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်ရပ်ကွက်ထဲမှာလည်း မနက် ၁၀ နာရီခန့်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ထိုင်သပိတ်ပြုလုပ်ဖို့ လူစုကြပေမယ့်လည်း ၁၀ ခန့်သာ လူစုနိုင်တာကို တွေ့ရပါတယ်။

နေပြည်တော်မှာ ဆန္ဒပြလူထု နည်းသွားပေမဲ့ စစ်ကားနဲ့ရဲကားတွေကတော့ မနေ့ကရော ဒီနေ့ပါလမ်းမကြီးတွေပေါ်မှာ နေရာယူထားတာတွေ့ရပါတယ်။ဒါ့အပြင် အဓိကလမ်းမကြီးတွေပေါ်  မှာလည်း စစ်ကားနဲ့ရဲကားတွေရှောင်တခင်လှည့်လည်နေပါတယ်။ ၂ငါးလုံးဆန္ဒပြမှုကြောင့် နေပြည်တော်မှာ လူနှစ်ရာနီးပါးအကြမ်းဖက်ဖမ်းဆီးခံခဲ့ရပြီး အများစုကတော့ မနေ့ကပြန်လည်လွတ်မြောက်သွားခဲ့ပါတယ်။ဆန္ဒထုတ်ဖော်သူ ခြောက်ဦးက နေပြည်တော်အကျဉ်းထောင်ထဲမှာပဲ ရှိနေပါသေးတယ်။ 


နေ့လယ် ၁၂နာရီ ၃၀မိနစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်မှုမြင်ကွင်းများ

ဓာတ်ပုံများ – သရ (မြစ်ကြီးနား)


နေ့လယ် ၁၂နာရီ

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့သံဃာများ၏ ပုံရိပ်များ


နံနက် ၁၁နာရီ ၃၀မိနစ်

ဆန္ဒပြပွဲတွေ ပြန်လည်အားကောင်းလာ

၂ငါးလုံးအထွေထွေသပိတ်ကိုဆင်နွှဲပြီးနောက် မနေ့ကဆန္ဒထုတ်ဖော်မှုတွေ အရှိန်လျော့ခဲ့ပေမဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ ဒေသအသီးသီးမှာ ဆန္ဒထုတ်ဖော်မှုတွေပြန်လည်အားကောင်းလာပါပြီ။ ရန်ကုန်မြို့ ၊မြေနီကုန်းမှာဒီနေ့ မနက် ၈ နာရီခွဲလောက်ထဲက ဆန္ဒပြသူတွေ စုဝေးနေပါပြီ။ တက္ကသိုလ်အင်ဂျင်နီယာ ၁,၀၀၀ဝန်းကျင်ခန့်ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ  ယနေ့၊ နံနက် ၁၁နာရီခန့်မှာ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းအတိုင်း ချီတက်ပြီး တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူထောင်ချီပါဝင်တဲ့ လူမျိုးပေါင်းစုံအထွေထွေသပိတ်စစ်ကြောင်း(GSCN)ဟာလည်း မြေနီကုန်း၊ ပဒုမ္မာပန်းခြံရှေ့မှာစုဝေး၊ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လှည်းတန်းကို ချီတက်နေကြပါပြီ။ 


ဖေဖော်ဝါရီ ၂၄ရက်၊ နံနက် ၁၀နာရီ ၃၀မိနစ်

မြိုင်မြိုင်ဆိုင်ဆိုင်ထပ်မံထွက်ပေါ်လာတဲ့ မန္တလေးကဆန္ဒထုတ်ဖော်များ

ဖေဖော်ဝါရီ ၂၄ရက်နေ့မနက်ပိုင်း မန္တလေးကစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွေ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာပြန်ပါပြီ။ ချမ်းအေးသာဇံမြို့နယ် ၇၃လမ်းနဲ့ ၂၉လမ်းထောင့်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဦးဆောင်တဲ့သပိတ်ပေါင်းစုံစစ်ကြောင်းက ချီတက်နေပါတယ်။အာဏာရှင်ဆန်ကျင်ရေးသီချင်းတွေကို တူရိယာအချို့ပေါင်းစပ်ပြီး အေးချမ်းစွာဟစ်ကြွေးသီဆိုဆန္ဒထုတ်ဖော်ပါတယ်။တစ်ချိန်တည်းမှာပဲ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ရဲတပ်ဖွဲ့တွေကလည်း ၂၆လမ်းကနေ ၂၉လမ်း တစ်လျှောက်မှာ ဆန္ဒထုတ်ဖော်သူတွေကိုစောင့်ကြည့်နေပါတယ်။ လက်ရှိမှာနှစ်ဘက်အခြေအနေတော့ သူ့အလုပ်သူလုပ်ရင်း အေးအေးဆေးဆေးရှိနေဆဲပါ။ 


More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar