မကွေးတိုင်းဒေသကြီးတွင် ယနေ့နံနက်ပိုင်းက တပ်မတော်(လေ) မှ F-7 တိုက်လေယာဉ်နှစ်စီး ပျက်ကျသွားကြောင်း တပ်မတော်က အတည်ပြုခဲ့ပြီး လေယာဉ်မှူးနှစ်ဦးနှင့် မြေပြင်ပေါ်မှ ပဉ္စမတန်းကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း သတင်းထုတ်ပြန်သည်။
မင်းဘူး(စကု)မြို့နယ် သနပ္ပင်စုကျေးရွာ အနောက်ဘက်တွင် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က စစ်ဘက်လေယာဉ်တစ်စီး ပျက်ကျကာ လေယာဉ်မှူး သေဆုံးခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ရေးသားထားသည်။
ထို့နောက် မိနစ် ၃၀ အကြာ၊ ၇ နာရီ ၄၅ မိနစ်အချိန်တွင် စက္ကိန်းတဲဘုရား အနောက်ဘက်အနီး ဆားပွက်ချောင်းအတွင်း စစ်ဘက်လေယာဉ်တစ်စီး ထပ်မံ ပျက်ကျခဲ့သည်။ အဆိုပါလေယာဉ်က ဆက်သွယ်ရေးတာဝါတိုင်ကို တိုက်မိကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟုဆိုပြီး လေယာဉ်မှူး သေဆုံးခဲ့ရသည်။ ထို့ပြင် လေယာဉ်အပိုင်းအစ ထိမှန်ဒဏ်ရာရရှိခဲ့သည့် မဉ္စမတန်းကျောင်းသူတစ်ဦးမှာလည်း မင်းဘူးမြို့၊ ပြည်သူဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေသော F-7 လေယာဉ် နှစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီး မကွေးလေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတုရုတ်တရက် ဆိုးရွားမှုနှင့် ကြုံတွေ့ပြီး နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
မြင်ကွင်းမကောင်းမှုကြောင့် လေယာဉ်တစ်စီးမှာ မကွေးလေတပ်အခြေစိုက်စခန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို တိုက်မိခဲ့သည်ဟု လေတပ်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
“သူ ခုန်ထွက်ဖို့ အချိန်မရလိုက်ဘူး”ဟု အမည်မဖော်လိုသည့် အဆိုပါအရာရှိက ပြောသည်။
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
“ဖြစ်စဉ်အနေဖြင့် မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ် ၄ စီးသည် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင် အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းမှုများစတင်ဆောင်ရွက်ခဲ့ပြီး လေတပ်စခန်းဌာနချုပ်သို့ ပြန်လာစဉ် ရာသီဥတုဆိုးရွားမှု နှင့် ရုတ်တရက်ကြုံတွေ့ခဲ့သဖြင့် လေယာဉ်များအား ကြိုးစားထိန်းချုပ် ဆင်းသက်ခဲ့သည်။ ထိုသို့ဆင်းသက်စဉ် အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းနေသော လေယာဉ် ၄ စီးအနက် ၂ စီးမှာ လေယာဉ်ကွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂ စီး မှာ ရာသီဥတုဆိုးရွားမှုကို ဆက်လက်ကြိုးစား ထိန်းသိမ်းမောင်းနှင်ခဲ့သော်လည်း မင်းဘူးမြို့၏ တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးများဖြစ်သော ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင်တို့မှ သေဆုံး ခဲ့ကြောင်းသိရှိရသည်” ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆားဗွက်ချောင်းတံတားအနီး ပျက်ကျခဲ့သော ဖြစ်စဉ်တွင် မင်းဘူူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ အေးသာယာလမ်းနေ ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းသည် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ ထိမှန်ဒါဏ်ရာရရှိခဲ့သဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့သော်လည်း ၈ နာရီ ၄၀ မိနစ်ခန့်တွင်သေဆုံးသွားခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
နယ်မြေခံတပ်မှ တာဝန်ရှိ သူများက ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိသည်ဟု ဆိုသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့ကလည်း လေယာဉ်ပျက်ကျရာနေရာကို သွားရောက် ကွင်းဆင်းခဲ့ပြီး သေဆုံးသွားသည့် ကျောင်းသူအတွက်လည်း တိုင်းဒေသကြီးအစိုးရက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားရန် စီစဉ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေသည့် အက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျသွားခဲ့ရာ လေယာဉ်မှူးသေဆုံးသွားခဲ့သည်။ အဆိုပါလောယာဉ်သည် လေယာဉ်ကွင်း အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာ အမြင့်မီတာ ၅၀၀ အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ်၊ မတ်လအတွင်းကလည်း တောင်ငူလေဆိပ်အနီးတွင် J-7 ဟုလည်း သိရှိထားကြသည့် F-7 လေယာဉ်တစ်စီး ပျက်ကျခဲ့သေးသည်။ အဆိုပါလေယာဉ်မှာ ဆင်းသက်နေစဉ် လေယာဉ်ပြေးလမ်းကျော်ကာ ပျက်စီးသွားခဲ့သည်။
J-7 တိုက်လေယာဉ်များကို ရုရှားမှ Mig-21 လေယာဉ်ဒီဇိုင်းပေါ်တွင် အခြေခံကာ တရုတ်နိုင်ငံ Chengdu Aircraft Corporation က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်သည်။ The Diplomat မဂ္ဂဇင်းက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် တပ်မတော် (လေ)က F-7M Airguard တိုက်လေယာဉ် ၅၂ စီး ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်များအတွင်း တပ်မတော်(လေ) တွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း တပ်မတော်(လေ)မှ G-4 အမျိုးအစားလေယာဉ် တစ်စီးသည် ဧရာဝတီတိုင်းဒေသသကြီးအတွင်း ပျက်ကျသွားခဲ့သေးသည်။ အဆိုပါပျက်ကျသွားသည့်လေယာဉ်ကို တစ်လကျော်ကြာမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်မှူးနှစ်ဦးမှာမူ လေယာဉ်ပျက်ကျစဉ် သေဆုံးခဲ့သည်ဟု တပ်မတော်က ပြောကြားသည်။
ထို့ပြင်ဇွန်လအတွင်းကလည်း တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး မြိတ်မြို့အနီး ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ရာ တပ်မတော်သားများနှင့် မိသားစုဝင် ၁၂၀ ဦးခန့်သေဆုံးခဲ့သည်။