လေတပ်လေယာဉ်တစ်စီး တောင်ငူအနီးပျက်ကျ၊ လေယာဉ်မှူး သေဆုံး

တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေသည့် အက်ဖ်-၇ လေယာဉ်တစ်စီး ယနေ့နံက်ပိုင်းက ပျက်ကျသွားခဲ့ရာ လေယာဉ်မှူးသေဆုံးသွားသည်ဟု တပ်မတော်က ပြောကြားသည်။

အဆိုပါလောယာဉ်သည် လေယာဉ်ကွင်း အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာ အမြင့်မီတာ ၅၀၀ အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လေယာဉ်ပျက်ကျရာနေရာသို တောင်ငူလေတပ်စခန်းဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက် ရှာဖွေခဲ့ရာ တောင်ငူမြို့၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျပျက်စီးသွား ခဲ့သော လေယာဉ်အား ရှာဖွေတွေ့ရှိခဲ့သည်” ဟု ဖော်ပြထားသည်။

မျက်မြင်တွေ့ရှိသည့် ဒေသခံများက Facebook ပေါ်တွင် လွှင့်တင်ထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများအရ လေယာဉ်မှာ မီးလောင်သွားပြီး လုံးဝပျက်စီးသွားသည်ကို တွေ့ရသည်။

အဆိုပါလေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းသည် အရေးပေါ်လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့သည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ မတ်လအတွင်းကလည်း တောင်ငူလေဆိပ်အနီးတွင် J-7 ဟုလည်း သိရှိထားကြသည့် F-7 လေယာဉ်တစ်စီး ပျက်ကျခဲ့သေးသည်။ အဆိုပါလေယာဉ်မှာ ဆင်းသက်နေစဉ် လေယာဉ်ပြေးလမ်းကျော်ကာ ပျက်စီးသွားခဲ့သည်။

J-7 တိုက်လေယာဉ်များကို ရုရှားမှ Mig-21 လေယာဉ်ဒီဇိုင်းပေါ်တွင် အခြေခံကာ တရုတ်နိုင်ငံ Chengdu Aircraft Corporation က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်သည်။ The Diplomat မဂ္ဂဇင်းက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် တပ်မတော် (လေ)က F-7M Airguard တိုက်လေယာဉ် ၅၂ စီး ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်များအတွင်း တပ်မတော်(လေ) တွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း တပ်မတော်(လေ)မှ G-4 အမျိုးအစားလေယာဉ် တစ်စီးသည် ဧရာဝတီတိုင်းဒေသသကြီးအတွင်း ပျက်ကျသွားခဲ့သေးသည်။ အဆိုပါပျက်ကျသွားသည့်လေယာဉ်ကို တစ်လကျော်ကြာမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်မှူးနှစ်ဦးမှာမူ လေယာဉ်ပျက်ကျစဉ် သေဆုံးခဲ့သည်ဟု တပ်မတော်က ပြောကြားသည်။

ထို့ပြင်ဇွန်လအတွင်းကလည်း တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး မြိတ်မြို့အနီး ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ရာ တပ်မတော်သားများနှင့် မိသားစုဝင် ၁၂၀ ဦးခန့်သေဆုံးခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar