ကိုယ်ပိုင်လေယာဉ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန် တပ်မတော်အကြီးအကဲ တိုက်တွန်း

တပ်မတော်(လေ)အတွက် ကိုယ်ပိုင်လေယာဉ်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန် လေယာဉ်သစ်များ တပ်တော်ဝင်သည့်အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့သည်။

“အတွေ့အကြုံရလာသည်နှင့်အမျှ ကိုယ်ပိုင်လေယာဉ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း” မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ဒီဇင်ဘာ ၁၅ ရက်နေ့က ကျင်းပသည့်အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်(လေ)ကိုလည်း မျက်မှောက်ကာလနည်းပညာ တိုးတက်မှုများကိုအသုံးချပြီး သေတွင်း လေတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

တပ်မတော် (လေ)၏ ၇၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့်အတူ ကျင်းပသည့် လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် JF-17 အမျိုးအစား တိုက်လေယာဉ် လေးစီး၊ ATR72-500 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စီးနှင့် Eurocopter အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးတို့ တပ်တော်ဝင်ခဲ့သည်ဟု တပ်မတော်(လေ) က သတင်းထုတ်ပြန်သည်။

အဆိုပါလေယာဉ်များကို စနစ်တကျ ကိုင်တွယ်မောင်းနှင်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ယခုဝယ်ယူဖြည့် တင်းပေးလိုက်သည့် လေယာဉ်များနှင့်ပတ်သက်ပြီး စစ်သည်တော်ကျင့်ဝတ်ပါ “မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ” ဆိုသည့်အတိုင်း တပ်မတော်(လေ)၏ လက်နက်ဖြစ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို စည်းကမ်းစနစ်ကျနစွာဖြင့် ကိုင်တွယ်ပျံသန်းဆောင်ရွက်ပြီး တပ်မတော်၏ ဂုဏ်အား မြှင့်တင်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ) ၏ လေကြောင်းစွမ်းအား တိုးမြှင့်ပေးရာရောက်သကဲ့သို့ တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးစွမ်းရည်ပိုမို တိုးတက်လာမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

JF-17 များကို မြန်မာနိုင်ငံတွင် လိုင်စင်ယူ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် မြန်မာအစိုးရက ပါကစ္စတန်နိုင်ငံနှင့် ဆွေးနွေးနေသည်ဟု နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် UPI သတင်းဌာနက ပြီးခဲ့သည့်နှစ်အစောပိုင်းက ရေးသားခဲ့ဖူးသည်။

JF-17 တိုက်လေယာဉ်များကို အစောပိုင်းတွင် Pakistan Aeronautical Complex နှင့် တရုတ်နိုင်ငံပိုင် Chengdu Aerospace Corporation တို့ ပူးပေါင်း သုတေသနပြု ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ လေသူရဲတစ်ဦး လိုက်ပါနိုင်သည့် အပေါ့စား စွယ်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များဖြစ်ကာ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျဉ်များနှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျဉ်များအပြင် အခြားသော လက်နက်မျိုးစုံကိုလည်း တပ်ဆင်နိုင်သည်။

အဆိုပါလေယာဉ်တစ်စင်း ၁၆ စီးဝယ်ယူရန် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်အစောပိုင်းတွင် စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၆ သန်း တန်ကြေးရှိသည်ဟု စစ်လက်နက်ဆိုင်ရာ သတင်းများ ဖော်ပြလေ့ရှိသည့် IHS Janes က သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး ရေးသားခဲ့ဖူးသည်။

အဆိုပါဝယ်ယူထားသည့် လေယာဉ်များသည် Block II မျိုးကွဲများဖြစ်ပြီး လေပေါ်တွင် လောင်စာဆီ ဖြည့်တင်းနိုင်ခြင်းနှင့် ယခင်လေယာဉ်များထက် ပိုမိုကောင်းမွန်သည့် လေယာဉ်ပျံသန်းမှု နည်းပညာများ ပါဝင်သည်ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.