အိန္ဒိယက မြန်မာသို့ အမောင်းသင်ဂျက်လေယာဉ် ၆ စီး ပေးအပ်မည်ဟုဆို

အိန္ဒိယက မြန်မာနိုင်ငံသို့ အမောင်းသင်ဂျက်လေယာဉ် ခြောက်စီး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု အိန္ဒိယအစိုးရ ထိပ်တန်းတာဝန်ရှိသူများကို ကိုးကားပြီး အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုသတင်းများအရ Kiran အမျိုးအစား နှစ်ယောက်စီးအမောင်းသင်ဂျက်လေယာဉ်ခြောက်စီးကို မြန်မာနိုင်ငံသို့ ပေးအပ်ရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ ထို့ပြင် အဆိုပါလေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းနှင့် မြန်မာလေယာဉ်မှူးများ လေ့ကျင့်ရာတွင် ကူညီနိုင်ရေးအတွက် အိန္ဒိယလေတပ်မှ အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံတွင် နှစ်နှစ်ကြာ လာရောက် စခန်းချမည်ဖြစ်သည်။

အဆိုပါလေယာဉ်များသည် ထိုင်ခုံနှစ်လုံးပါ အလယ်အလတ်တန်းစား လေ့ကျင့်ရေးဂျက်လေယာဉ်ဖြစ်ကာ အိန္ဒိယနိုင်ငံ Hindustan Aeronautics Limited က ထုတ်လုပ်ထားသည်။ အိန္ဒိယလေတပ်တွင် လေယာဉ်မှူးများအတွက် အလယ်အလတ်တန်းအဆင့် လေ့ကျင့်မှုများ၌ ထိုလေယာဉ်များကို အသုံးပြုနေကြသည်။

မြန်မာ တပ်မတော်(လေ)တွင် လက်ရှိအချိန်၌ လေယာဉ်မှူးများအား လေ့ကျင့်ပေးရန် တရုတ်နှင့် ရုရှားနိုင်ငံများမှ လေ့ကျင်ရေးလေယာဉ်များကို အသုံးပြုနေကြသည်။

မြန်မာနှင့် အိန္ဒိယနိုင်ငံကြားတွင်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်များကို ပိုမိုလုပ်ဆောင်လာကြသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းက အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတွင် နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်ခဲ့သည့် ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်သင်္ဘောနှစ်စီး ပါဝင်ခဲ့သည်။ ထို့ပြင် အိန္ဒိယရေတပ်သဘောၤများလည်း ရန်ကုန်မြို့သို့ မကြာခဏ လာရောက်လေ့ရှိသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့တွင် တာဝန်များ ထမ်းဆောင်ရန်အတွက်လည်း မြန်မာ့တပ်မတော် အရာရှိများကို အိန္ဒိယနိုင်ငံက လေ့ကျင့်ပေးခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် အဆိုပါလေ့ကျင့်သင်တန်းပေးမှုတွင် မြန်မာ့တပ်မတော် အရာရှိ ၁၅ ဦးနှင့် အိန္ဒိယစစ်တပ်မှ အရာရှိ ၁၆ ဦး ပါဝင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်တွင် အခြေစိုက်ကာ အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် သောင်းကျန်းသူများကို တိုက်ခိုက်မည့် စစ်ဆင်ရေးများအတွက်လည်း အိန္ဒိယနှင့် မြန်မာစစ်တပ်များ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် တပ်စွဲထားပြီး ၎င်းတို့အား တိုက်ခိုက်နေသည့် သောင်းကျန်းသူစခန်းများအား တိုက်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အိန္ဒိယက မြန်မာ့တပ်မတော်ကို ရဟတ်ယာဉ်နှင့် စစ်လက်နက်များ ထောက်ပံ့နေသည်ဟု အိန္ဒိယသတင်းစာတစ်စောင်က ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ရေးသားခဲ့သည်။

သောင်းကျန်းသူစခန်းများ တည်ရှိသည့်ဧရိယာများနှင့် နီးကပ်သည့်နေရာများတွင် စစ်အခြေစိုက်စခန်းများ ထားရှိနိုင်စေရန်အတွက် နယူးဒေလီက အဆင့်မြင့် စစ်လက်နက်များနှင့် ကိရိယာများကို မြန်မာ့ တပ်မတော်ထံ စတင်ထောက်ပံ့နေပြီဖြစ်သည်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Asian Age သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။

မြန်မာတပ်မတော်၏ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားလာစေရန်အတွက် ရဟတ်ယာဉ်များနှင့် အဆင့်မြင့်ပစ္စည်းများကိုလည်း အိန္ဒိယက ထောက်ပံ့ပေးမည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိကြီးများ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။

ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားသည့် နှစ်နိုင်ငံ နယ်နိမိတ် တစ်လျောက်တွင် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် သောင်းကျန်းသူအဖွဲ့များ စခန်းချ လှုပ်ရှားနေမှုကို အိန္ဒိယက စိုးရိမ်ပူပန်လျက် ရှိသည်။

အဆိုပါ သောင်းကျန်းသူစခန်းများကို အိန္ဒိယတပ်ဖွဲ့ဝင်များက မကြာခဏ စစ်ဆင်ရေးဆင်နွှဲကာ တိုက်ခိုက်လေ့ရှိပြီး အဆိုပါတိုက်ခိုက်မှုများတွင် မြန်မာနိုင်ငံတွင်း ဝင်ရောက်တိုက်ခိုက်မှုများလည်း ရှိသည်ဟု သတင်းများ ထွက်ပေါ်လေ့ရှိသည်။ သို့သော် ထိုသို့သော သတင်းများကို နှစ်နိုင်ငံလုံးက ငြင်းဆိုလေ့ရှိကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar