ကချင်စစ်သားတစ်ဦး၏ဘဝ

လိုင်ဇာဒေသတစ်ဝိုက်တွင် တိုက်ပွဲများ မကြာခဏ ဆက်လက်ဖြစ်ပွားနေသော်လည်း ရှေ့တန်းစစ်မျက်နှာရှိ KIA စစ်သားတို့မှာ စိတ်ဓာတ်တက်ကြွလျက်ပင်ရှိနေသည်။ သို့သော် သေနတ်သံ၊ ဗုံးသံများ ဆိပ်သုန်းသွားသည့် တစ်နေ့တွင် ပုံမှန်ဘဝ၌ ပြန်လည်နေထိုင်နိုင်ရေးကိုမူ တောင့်တမျှော်လင့်လျက်ပင် ရှိနေကြသေးသည်။

စတိဗ် တစ်ခ်နာ ရေးသားသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနောက်တောင်ဘက် ကီလိုမီတာ အနည်းငယ်အကွာ၊ တရုတ်ပြည်နယ်စပ်နှင့် ခဲတပြစ်ခန့်သာ ကွာဝေးသောနေရာတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးတပ် (KIA) မှ စစ်သားတစ်စုသည် နံနက်ခင်း အရုဏ်မတက်မှီ မှောင်ရီဖြိုးဖြအချိန်၌ နေ့စဉ်လုပ်နေကျ နံနက်ခင်းကျန်းမာရေး လေ့ကျင့်ခန်းကို စတင်နေကြသည်။

ရေခဲမှတ်အထက် ဒီကရီ စင်တီဂရိတ် အနည်းငယ်သာရှိသည့် ရေခဲလုနီးပါး အအေးဒဏ်ကို အံတုလျက် နံနက် ၅ နာရီ အချိန်တွင် စတင်လိုက်သော ကာယကျန်းမာရေး လေ့ကျင့်ခန်းသည် နှစ်နာရီခွဲနီးပါး ကြာမြင့်လေသည်။

သူတို့သည် ယခုမှ အသစ်စုဆောင်းထားသော တပ်သားသစ်လေးများ မဟုတ်ကြချေ။ အတွေ့အကြုံ ပြည့်ဝရင့်ကျက်ပြီးသား စစ်သားဟောင်းကြီးများ ဖြစ်ကြသည်။ KIA နှင့် တပ်မတော်အကြား ရှည်လျားစွာ အီးလေးဆွဲနေဦးမည့် အလားအလာရှိနေသော တိုက်ပွဲများအတွက် ရင်ဆိုင်ရန်အတွက် ကချင်ပြည်နယ်အတွင်း အခြားနေရာများမှ ထုသားပေသားရပြီးသား စစ်သည်များကို လက်နက်သစ် သင်တန်းသစ်များပေးရန် လိုင်ဇာသို့ ခေါ်ယူထားခြင်းဖြစ်သည်။

လွန်ခဲ့သောလများအတွင်း တိုက်ခိုက်မှုများမှာ အများအားဖြင့် လျော့ကျခဲ့သော်လည်း မတည်မငြိမ်ဖြစ်နေသော နိုင်ငံမြောက်ပိုင်း၏ အခြားဒေသတွင် ပဋိပက္ခများ မြင့်တက်လာခဲ့သည်။ လိုင်ဇာမြို့နှင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသော နေရာတွင် အစိုးရတပ်များ တပ်စွဲထားသဖြင့် တချိန်ချိန်တွင် လိုင်ဇာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တော့မည်လောဟု ဒေသခံတို့ စိုးရိမ်ပူပန်နေကြသည်။

လိုင်ဇာရှိ လေ့ကျင့်ရေးကွင်းတွင် စစ်ရေးလေ့ကျင့်နေကြသည့် ကေအိုင်အေတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

လိုင်ဇာရှိ လေ့ကျင့်ရေးကွင်းတွင် စစ်ရေးလေ့ကျင့်နေကြသည့် ကေအိုင်အေတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ယခင်နှစ်၊ နှစ်ကုန်ပိုင်းတွင် လိုင်ဇာနှင့် ကပ်လျက်ရှိသော KIA ရှေ့တန်းတပ်စခန်း အများအပြားကို တပ်မတော်က တိုက်ခိုက်သိမ်းယူခဲ့သည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ မဟာဗျူဟာအရ အရေးပါသော ဂီဒုံစခန်းကို လေးလကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စခန်းမှာ တပ်မတော်လက်တွင်းသို့ ကျရောက်သွားခဲ့လေသည်။

ထိုတိုက်ပွဲတွင် KIA က အတော်အထိနာခဲ့သည်။ ဇန်နဝါရီလအတွင်းက လိုင်ဇာတွင် Captain အင်ဆန်ဗရန်ထွန်း အမှတ်တရအခမ်းအနားကို ကျင်းပခဲ့သည်။ ဗိုလ်ကြီးဗရန်ထွန်းသည် တောင်တန်းထူထပ်သော ပူတာအိုနယ်သား ဇာတိဖြစ်သည်။ ဇန်နဝါရီ ၁၀ ရက်နေ့က လိုင်ဇာ မြောက်ဘက် ၂၅ မိုင်ကွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဗရန်ထွန်း ကျဆုံးသွားခဲ့သည်။ ဇနီးသည်နှင့် ကလေးငါးယောက် ကျန်ခဲ့သော Captain အင်ဆန်ဗရန်ထွန်းကို ကချင်လူမျိုးတို့အတွက် အသက်စွန့်သွားသူအဖြစ် KIA များက ဂုဏ်ပြုခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်နေ့က လိုင်ဇာ မြောက်ဘက် ၂၅ မိုင်ကွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဗရန်ထွန်း ကျဆုံးသွားခဲ့သည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဇန်နဝါရီ ၁၀ ရက်နေ့က လိုင်ဇာ မြောက်ဘက် ၂၅ မိုင်ကွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဗရန်ထွန်း ကျဆုံးသွားခဲ့သည်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

KIA တပ် လေ့ကျင့်ရေးစခန်းတွင် ကချင်စစ်သားများသည် ခိုက်ခိုက်တုန်အောင်ချမ်းနေသော အအေးဒဏ်ကို ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ရင်း ခုခံတွန်းလှန်လျက်ရှိသည်။ ၎င်းတို့လုပ်နေသော လေ့ကျင့်ခန်းတစ်ခုမှာ ကလပ်ရှ်နီကော့်ဗ် (Kalashnikou) တိုက်ခိုက်ရေး ရိုင်ဖယ်ကို အလေးချိန်စီးစေရန် သဲများထည့်ထားသော ရေဗူးများဖြင့် ချည်နှောင်ထားပြီး ရိုင်ဖယ်ကို ပုခုံးအမြင့်ခန့်တွင် အချိန်အတော်ကြာ ကိုင်ထားစေခြင်းလည်း ပါဝင်သည်။ ထို့နောက် ကိုက် ၁၀၀ အမြန်ပြေးခိုင်းခြင်း၊ မှောက်လျက်ဒိုက်ထိုးခြင်းနှင့် အခြားလေ့ကျင့်ခန်းများကိုလည်း လုပ်ကြရသည်။ လေ့ကျင့်ခန်းသင်တန်းမှာ ပင်ပန်းလှသော်လည်း စစ်သားများမှာ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေပင် ရှိနေသည်။ ရဲဘော်တစ်ဦး လဲကျသွားလျှင်လည်း သူ၏ရဲဘော်များနှင့် အရာရှိများက ကြင်ကြင်နာနာပင် ဖေးမကူပေးကြသည်ကို တွေ့မြင်ရသည်။

နံနက်စောစော လေ့ကျင့်ခန်းပြီးဆုံးသောအခါ နံနက်စာပူပူကို စားကြရသည်။ နေ့တစ်နေ့၏ နောက်ပိုင်းအချိန်များတွင်လည်း လေ့ကျင့်ခန်းများ၊ စာသင်ချိန်များဖြင့် တလှည့်စီ လုပ်ကြရပြီး ည ၉ နာရီတွင် မီးများ ငြှိမ်းရသည်။ ဤစစ်သားများ၏ သင်တန်းကာလမှာ တစ်လဖြစ်သည်ဟု သိရသည်။

လိုင်ဇာကို လက်မလွှတ်ရအောင် စွန့်စွန့်စားစား တိုက်ခိုက်နေကြသော KIA စစ်သားများထဲမှ Captain Hpawdaw Len Aung ကို လိုင်ဇာမြို့မှ (၁၀) ကီလိုမီတာအကွာ ကချင်တောင်တန်းပေါ်ရှိ ၎င်း၏ တပ်စခန်းရှိရာ လာဝါယန် တောင်ကုန်းပေါ်တွင် Frontier က တွေ့ဆုံခဲ့သည်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တောင်တန်းများပေါ်တွင် မွေးဖွားခဲ့သော Hpawdaw Len Aung သည် KIA တပ်တွင် အမှုထမ်းနေခဲ့သည်မှာ ၂၇ နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။

အသက် ၄၇ နှစ်နှင့် စစ်မှုထမ်းသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Hpawdaw Len Aung ကို ၎င်း၏ တပ်စခန်းရှိရာ လာဝါယန် တောင်ကုန်းပေါ်တွင် Frontier က တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

အသက် ၄၇ နှစ်နှင့် စစ်မှုထမ်းသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Hpawdaw Len Aung ကို ၎င်း၏ တပ်စခန်းရှိရာ လာဝါယန် တောင်ကုန်းပေါ်တွင် Frontier က တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

တောင်ကြားလွင်ပြင်၏ အခြားတစ်ဘက် ကိုက်သုံးလေးရာအကွာရှိ တပ်မတော်ရှေ့တန်းစခန်းကို လက်ညှိုးထိုးပြရင်း “ခရစ်စမတ်နေ့တုန်းက ကျွန်တော်တို့ကို မော်တာတွေနဲ့ လှမ်းပစ်တယ်။ ပျော်ရွှင်စရာခရစ်စမတ်ပေါ့။ နှစ်သစ်ကူးနေ့မှာလဲ အလားတူပစ်တာပဲ။ ပျော်ရွှင်ဖွယ် နှစ်သစ်ပေါ့၊ တပ်မတော်က စစ်သားတွေ ခုငြိမ်နေကြတယ်။ ဒါပေမဲ့ KIA စစ်သားတွေ လှုပ်ရှားသွားလာနေတာတွေ့ရင် မော်တာတွေနဲ့ လှမ်းထုနေတုန်းပါပဲ” ဟု Frontier ကိုပြောသည်။ သူ့တွင် သားသမီး ၄ ဦးရှိရာ အကြီးဆုံးသမီးက ၁၆ နှစ်၊ ဒုတိယသားက ၁၃ နှစ်၊ နောက် ၁၁ နှစ်ရွယ်သမီးနှင့် အငယ်လေးကတော့  ၁၃ လရွယ် သမီးလေးတို့ဖြစ်သည်။

တတိယနှင့် စတုတ္ထကလေးအကြား “ဘာကြောင့် ဒီလောက် ခြားသွားရတာလဲ” ဟု မေးသောအခါ သူက “စစ်ပွဲကြောင့် ဖြစ်ရတာ” ဟု ပြန်ပြောလေသည်။ သူ့မိသားစုက လိုင်ဇာမြို့၊ ဝိုင်ချိုင်းရပ်ကွက်တွင် နေထိုင်ကြသည်။ သူ မကြာမကြာ ရှေ့တန်းမှ အိမ်ပြန်၍ မိသားစုနှင့် တွေ့ခွင့်ရသည်ဟု ပြောသည်။

သူ့မိသားစုအတွက် သူစိတ်ပူမိသော်လည်း ကချင်လူထုအတွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးဖို့တာဝန်ကို မပျက်မကွက် ထမ်းဆောင်သွားမည်ဟု သူက ဆိုသည်။

ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

“ကချင်လူမျိုးအားလုံး ဒီအတိုင်းပါဘဲ။ ကျွန်တော်တို့ ပန်းတိုင်ရောက်သည်အထိ ကျွန်တော်တို့ စိတ်ရှည်သည်းခံ ဇွဲရှိကြဖို့ လိုပါတယ်။ ကျွန်တော်မမွေးခင်ကတည်းက ကြိုးပမ်းလာခဲ့ကြတဲ့ ရုန်းကန်လှုပ်ရှားမှုကြီးပါ” ဟု သူက ပြောသည်။

KIA နှင့် တပ်မတော်တို့ တိုက်ခိုက်လာခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ထိုးနိုင်ခဲ့ကြသည်။ သို့သော် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ဗန်းမော်မြို့အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း အဆုံးသတ်သွားခဲ့သည်။

Hpawdaw Len Aung ၏ အဆိုအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အစိုးရ အာဏာရလာသည့် တစ်နှစ်ကျော်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုးတက်မှု သိပ်မရှိခဲ့သည့်အတွက် ကချင်လူမျိုးများအကြား ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ပျက်အားလျော့မှုများ ဖြစ်ပေါ်နေကြသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ကချင်တွေက ဒေါ်စုကို မထောက်ခံနိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်ပွဲတွေက ဆက်ဖြစ်နေပြီး ဒေါ်စုဟာ သူ့အလုပ်ကို တာဝန်ယူမှုမရှိလို့ပါဘဲ” ဟု သူက Frontier ကိုပြောသည်။ တိုက်ပွဲများ အဆုံးသတ်သွားပါက ယခင် KIA စစ်တပ်ထဲဝင်၍ အမှုမထမ်းခင်က လုပ်ကိုင်ခဲ့သော KIO အဖွဲ့အုပ်ချုပ်ရေးတွင် ပုံမှန်ဘဝ၌ ပြန်လည်လုပ်ကိုင်လိုသည်ဟု သူက ပြောသည်။

လိုင်ဇာမြို့တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာတွင် တပ်မတော် တပ်စခန်းတစ်ခုက ကေအိုင်အေတို့၏ ခံစစ်စခန်းကို အပေါ်စီးမှ စီးမိုးထားသည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

လိုင်ဇာမြို့တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာတွင် တပ်မတော် တပ်စခန်းတစ်ခုက ကေအိုင်အေတို့၏ ခံစစ်စခန်းကို အပေါ်စီးမှ စီးမိုးထားသည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ကျွန်တော်ငယ်ငယ်တုန်းက နိုင်ငံခြားသွားပြီး တက္ကသိုလ်အဆင့် ပညာသင်ပြီး ကချင်ပြည်နယ်မှာ ပြန်လာလုပ်ကိုင်ဖို့ မျှော်မှန်းခဲ့တယ်” ဟု သူက ပြောသည်။

သူ၏ အကြီးဆုံးသမီးဖြစ်သူ အလုပ်လုပ်နိုင်သည့်အရွယ် နီးလာပြီဖြစ်ရာ ခရစ်ယာန်ဘုရားကျောင်းတွင် ဘုရားကျောင်း အလုပ်လုပ်ကိုင်စေလိုသည်။ ဘုရားကို အလွန်သက်ဝင် ယုံကြည်သော ခရစ်ယာန်ဘာသာဝင် ကချင်လူမျိုးများသည် ဘုရားကျောင်းတော်အလုပ်ကို အသက်မွေးမှု အလုပ်အကိုင်အဖြစ် ရွေးချယ်ကြလေ့ရှိကြသည်။

“ကျွန်တော့်ကလေးတွေထဲက KIA စစ်တပ်ထဲ ဝင်ချင်တဲ့သူ ရှိရင်လဲ သူတို့ သဘောဘဲလေ။ ကျွန်တော့်အနေနဲ့ တားစရာအကြောင်း မရှိပါဘူး” ဟု သူက ဆက်ပြောလေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.