အာရက္ခတပ်တော်(အေအေ)က အိမ်နီးချင်းတိုင်းဒေသကြီးများအတွင်းသို့ ၎င်း၏ မဟာမိတ်အဖွဲ့များနှင့်အတူ ထိုးစစ်များဆင်နွှဲခဲ့ရာ မြန်မာပြည်အတွင်းက ပြည်တွင်းစစ်မီးသည် နိုင်ငံ၏နယ်မြေသစ်များသို့ ကူးစက်ပျံ့နှံ့လာခဲ့သည်။ ထို့ပြင် အေအေနှင့် မဟာမိတ်တပ်များသည် စစ်တပ်၏ အဓိကကျသည့် စစ်လက်နက်ထုတ်စက်ရုံများနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီဖြစ်သည်။
ဖရွန်တီးယား
မြန်မာပြည်အတွင်းက တောက်လောင်နေဆဲဖြစ်သည့် ပြည်တွင်းစစ်မီးသည် လေးမျက်နှာမြို့နယ်အတွင်းရှိ ဦးစိန်မြင့်တို့နေထိုင်ရာ ရွာလေးသို့ မတ်လ၏ တစ်ခုသော နေ့ရက်တွင် ဖိတ်မခေါ်ဘဲ ကူးစက်ပျံ့နှံ့လာသည်။
သာမန်အချိန်တွင် တည်ငြိမ်အေးချမ်းပြီး လယ်ယာလုပ်ငန်းဖြင့် အဓိကအသက်မွေးသည့် ဧရာဝတီတိုင်းဒေသကြီး၏ ထိုအနောက်မြောက်အရပ်သို့ ထိုးစစ်ဆင်လာသော အေအေတပ်ဖွဲ့များကို စစ်တပ်က ပြန်လည်တိုက်ထုတ်စဉ် လေကြောင်းရန်ကို စိုးရိမ်၍ ဒေသခံအများအပြားသည် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ဦးစိန်မြင့်(အမည်လွှဲ)က ၎င်းတို့၏ နေအိမ်များသို့ ဗုံးမိုးများမကြာမီ ရွာချလာတော့မည်ကို အနှေးနှင့်အမြန်ပင် သိရှိလိုက်သည်။ ၎င်းသည် မွေးချင်းမောင်နှမနှစ်ဦးနှင့်အတူ ပုသိမ်-မုံရွာကားလမ်းမကြီးအနီး တည်ရှိသော ပန်းတောကြီးရွာတွင် နေထိုင်သည်။ ၎င်းတို့၏ ရွာလေးသည် မြို့တော်ပုသိမ်၏ မြောက်ဘက် ၁၃၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။
တိုက်ပွဲများ တဖြည်းဖြည်းနီးကပ်လာသဖြင့် ပန်းတောကြီးရွာမှ အခြားဒေသသို့ တိမ်းရှောင်ရန် ဆုံးဖြတ်လိုက်သည်။
“ကျနော်တို့ မိသားစုကတော့ အခြေအနေမကောင်းဘူးထင်လို့ သင်္ကြန်မတိုင်ခင် ဧပြီလ အစကတည်းက ဟင်္သာတမြို့ပေါ်က အသိမိတ်ဆွေအိမ်မှာ စစ်ဘေးရှောင်နေတာ”ဟု ဦးစိန်မြင့်က ပြောသည်။
၎င်းတို့၏ ဆုံးဖြတ်ချက်မှန်ကန်ခဲ့သည်။ ရွာမှထွက်လာပြီး ရက်သတ္တနှစ်ပတ်အကြာတွင် ပန်းတောကြီးရွာသည် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ခံခဲ့ရပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။ ကျန်ရှိနေသေးသည့် ဒေသခံများလည်း ထိုရွာမှ ထွက်ပြေးတိမ်းရှောင်ကြတော့သည်။
“ကျနော်တို့အိမ်က မီးလောင်တဲ့အထဲ ပါမသွားဘူးလို့တော့ ကြားတာပဲ။ ဒါပေမဲ့ ကိုယ်တိုင်သွားမကြည့်နိုင်သေးတော့ မီးထဲပါ၊ မပါ သေချာတော့ မသိသေးဘူး”ဟု ဦးစိန်မြင့်က ဖရွန်တီးယားသို့ ဧပြီနှောင်းပိုင်းတွင် ပြောသည်။
လွန်ခဲ့သည့် ဒီဇင်ဘာအတွင်း အေအေတပ်ဖွဲ့က ဂွမြို့နယ်ကို သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ဆက်လက်၍ ထိုးစစ်ဆင်ခဲ့သည်။ ရခိုင်ပြည်နယ်၏ တောင်ပိုင်းအစွန်အဖျားဒေသကို သိမ်းပိုက်ပြီးနောက် အေအေတပ်များသည် ရခိုင်ရိုးမတောင်ခြေများမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသသို့ စတင်ဝင်ရောက်ကာ အရှေ့ဘက်တွင် ရေကြည်မြို့နယ်နှင့် တောင်ဘက်တွင် ပုသိမ်မြို့နယ်များသို့ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။
ထိုချိန်မှစ၍ အေအေက ပုသိမ်-မုံရွာအဝေးပြေးလမ်းမတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို တိုက်ခိုက်ခဲ့သည်။ ပုသိမ်-မုံရွာကားလမ်းသည် ၇၅၀ကီလိုမီတာရှည်လျားသည့် နှစ်လမ်းသွား အဝေးပြေးလမ်းမကြီးဖြစ်ကာ ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတို့ကို တောင်မှမြောက်သို့ ဆက်သွယ်ပေးထားသည်။ စစ်တပ်ကလည်း အရေးပါလှသည့် ထိုလမ်းမကြီးကို ထိန်းချုပ်ရန် လုံခြုံရေးတိုးမြှင့်ကာ ဖြတ်သန်းသွားလာမှုများကို ကန့်သတ်ခဲ့သည်။
ဧရာဝတီတိုင်းအတွင်းက တိုက်ပွဲများကြောင့် ကျန်ရစ်ခဲ့သည့် ဒေသခံများသည် အခက်အခဲများ ကြုံတွေ့နေရကြောင်း လေးမျက်နှာမြို့နယ်၊ စီကွင်းရွာခံ လူငယ်တစ်ဦးက ပြောသည်။
“ကျနော်တို့ရွာက ပုသိမ်-မုံရွာ ကားလမ်းဘေးမှာ။ အဲဒီလမ်းရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတာ။ ကျနော်တို့ရွာမှာ တိုက်ပွဲတွေမရှိသေးပေမဲ့ ရွာရဲ့ ဘေးတစ်ဖက်ဆီမှာ တိုက်ပွဲတွေဖြစ်နေတော့ ကျနော်တို့မှာ လိုအပ်တဲ့စားသောက်ကုန်တွေကိုလေးမျက်နှာမြို့နဲ့ ငသိုင်းချောင်းမြို့တွေဆီ တက်ပြီးသွားဝယ်လို့မရဘဲဖြစ်နေတာ”ဟု ၎င်းက ပြောသည်။
“တိုက်ပွဲတွေဖြစ်ပြီး ကူးသန်းသွားလာရတာ မကောင်းတော့တာ။ ပိုက်ဆံရှိတဲ့သူတွေက စစ်ဖြစ်သံစကြားကတည်းက လိုအပ်တာတွေ ကြိုဝယ်ထားကြလို့ အဆင်ပြေသေးတယ်။ ကျနော်တို့လို လက်လုပ်လက်စားသမားတွေအတွက်တော့ ဒီအတိုင်းဆို ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”ဟု ထိုလူငယ်က ဖရွန်တီးယားကို ပြောသည်။
တိုက်ပွဲအများစုသည် ဧရာဝတီတိုင်းဒေသကြီး၏ နယ်စွန်နယ်ဖျားများတွင်သာ ဖြစ်နေသေးသော်လည်း စစ်မီး၏ရိုက်ခတ်မှုဒဏ်ကို မြို့ပြဒေသများကပါ ခံစားကြရသည်။ အချို့စစ်ရှောင်များက ဧရာဝတီမြစ်၊ အနောက်ဘက်ကမ်းရှိ လူဦးရေတစ်သိန်းခန့်ရှိသော ဟင်္သာတမြို့ပေါ်သို့ သွားရောက်နေထိုင်ကြသည်။
“ဟင်္သာတမြို့ပေါ်မှာ စစ်ရှောင်တွေ ရှိတယ်။ တချို့ကတော့ အသိမိတ်ဆွေတွေရဲ့အိမ်မှာ နေကြတယ်။ တချို့ကလည်း အိမ်ငှားနေကြတယ်။ ဒါပေမဲ့ အများစုကတော့ အိမ်ငှားနေကြတာ”ဟု ဟင်္သာတမြို့ခံ ဦးစိုးသိန်းက ပြောသည်။
“ကိုယ့်မြို့မှာလည်း ဘယ်အချိန် စစ်ရောက်လာမလဲမသိဘူး။ အရင်ကထက်တော့ ပိုပြီး သတိထားနေကြရတာပေါ့”ဟု ၎င်းက ပြောသည်။

တိုက်စစ်မြားဦး သုံးခု
အေအေတပ်ဖွဲ့၏ ဧရာဝတီထိုးစစ်သည် ရခိုင်နယ်စပ်ကိုကျော်လွန်၍ အိမ်နီးချင်းတိုင်းဒေသကြီးများသို့ ဆင်နွှဲသည့် တိုက်စစ်မြားဦးသုံးစင်းအနက် တစ်စင်းဖြစ်သည်။ ကျန်ထိုးစစ်များတွင် အေအေတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့သို့လည်းကောင်း၊ အမ်းမြို့နယ်မှ မကွေးတိုင်းဒေသကြီးရှိ ငဖဲမြို့နယ်များသို့လည်းကောင်း ဝင်ရောက်၍ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီ၊ ၂၆ရက်တွင် အေအေက ရခိုင်နှင့်ပဲခူးအစပ်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် တောင်ပေါ်လမ်းတလျှောက် ဆက်လက်ချီတက်၍ ၁၅ကီလိုမီတာခန့်အကွာရှိ အင်အားအများအပြား တပ်စခန်းချထားသော ညောင်ကျိုးဗျူဟာစခန်းကုန်းကို နှစ်လအကြာတွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ထိုဗျူဟာစခန်းကုန်းကို သိမ်းပိုက်နိုင်လိုက်သဖြင့် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ ဒေသများကို ထိုးဖောက်ဝင်ရောက်နိုင်ရန် လမ်းပွင့်သွားခဲ့သည်။
တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သည့်အတွက် ဒေသခံထောင်ပေါင်းများစွာ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။ စစ်ကောင်စီနှင့် အေအေဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များအကြား ပဲခူးတိုင်းဒေသကြီး၏ အနောက်ဘက်ခြမ်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ပဲခူးအခြေစိုက် တော်လှန်ရေးတပ်များက ဖရွန်တီးယားသို့ ပြောသည်။
“ပဲခူးတိုင်းအနောက်ခြမ်းမှာ အခုရက်ပိုင်း စစ်ရေးကအေးနေတယ်လို့ ပြောလို့ရတယ်။ စစ်ကောင်စီတပ်တွေက အခု စစ်ရေးအရ ပြင်ဆင်မှုတွေ၊ အပြောင်းအလဲတွေ လုပ်နေတယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ ကင်းစခန်းငယ်လေးတွေဆီကနေ ဆုတ်ခွာသွားတာမျိုးတွေ တွေ့ရတယ်”ဟု ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် လှုပ်ရှားနေသည့် ပဲခူးရိုးမအခြေပြုတပ်ခွဲတစ်ခုဖြစ်သောကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖရွန်တီးယားကို ပြောသည်။
“ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးရွာနဲ့ ညောင်ခြေထောက်ရွာက ပြည်သူတွေက နီးစပ်ရာ ကျေးရွာတွေဆီကို စစ်ရှောင်နေကြဆဲပါ။ စစ်ရှောင်တွေက ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့နဲ့ ပြည်မြို့တွေဆီကို သွားပြီး စစ်ရှောင်ကြတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း လှုပ်ရှားနေသည့် တပ်ရင်း-၃၆၀၂၏ ပြောရေးဆိုခွင့်ရှိသူကတစ်ဦးက ပြောသည်။
ပြည်မြို့တွင် ခိုလှုံနေသည့် အမျိုးသမီးတစ်ဦးက ၎င်းတို့မိသားစုသည် မတ်လကတည်းက ပန်းတောင်းမြို့နယ်မှ စစ်ရှောင်လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ “အခုချိန်ထိတော့ အိမ်ငှားနေပြီး ပါလာတဲ့ ငွေလေးနဲ့ပဲ နေထိုင်စားသောက်နေတုန်းပဲ။ အိမ်ကိုပြန်ဖို့ ကြာဦးမယ့် အခြေအနေဆိုရင်တော့ ပြည်မှာပဲ အလုပ်အကိုင်လေးတွေရှာကြည့်ရမှာပဲ။ ဘာကြောင့်စစ်တိုက်ကြတာလဲဆိုတာကို နားမလည်နိုင်ဘူး။ ကျမကတော့ အမြန်ဆုံး အိမ်ပြန်ချင်တာပဲသိတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။
မြောက်ပိုင်းတကြောတွင်မူ အေအေတပ်များသည် ဒီဇင်ဘာလအတွင်း အမ်းမြို့နှင့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုသိမ်းပိုက်ပြီးချိန်မှစ၍ ရခိုင်ရိုးမနှင့် မကွေးဒေသသို့ ဆက်သွယ်ထားသော အမ်း-ပဒမ်းကားလမ်းတစ်လျှောက် ထိုးစစ်ဆင်နေခဲ့သည်။ သို့သော် ထိုဒေသရှိ အေအေ၏ ထိုးစစ်သည် ငဖဲမြို့နယ်အတွင်းရှိ အင်အားအခိုင်အမာတပ်စွဲထားသည့် နတ်ရေကန်ဗျူဟာကုန်းအရောက်တွင် ရပ်တန့်သွားပြီး ထိုစခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေပုံပေါ်သည်။
အေအေ၏ ထိုးစစ်များတွင် ဝင်ရောက်ကူညီတိုက်ခိုက်ပေးနေသည့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၏ အကြီးတန်းအရာရှိတစ်ဦးကမူ နတ်ရေကန်ဗျူဟာကုန်းသည် မကွေးတိုင်းဒေသကြီးအတွင်းသို့ “အဓိကကျသည့် ဝင်ပေါက်တစ်ခု”ဖြစ်ကာ ထိုစခန်းကိုသိမ်းပိုက်နိုင်ပါကတော်လှန်ရေးတပ်များသည် ထိုတိုင်းဒေသကြီး၏ ဒေသအနှံ့အပြားသို့ လွတ်လပ်စွာ လှုပ်ရှားနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
“သူကတော့ မကျအောင်လို့ အစွမ်းကုန်ခုခံကာကွယ်တယ်။ အခုလက်ရှိမှာလည်း အဲဒီမှာ စစ်တပ်က သူ့တပ်အင်အားတွေကို အလုံးအရင်းနဲ့ဖြည့်နေတယ်”ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ဗဟိုကော်မတီဝင် ကိုမိုးနေလက ပြောသည်။
“လက်ရှိမှာတော့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ ရန်သူကတော့ ထောက်ပို့လမ်းကြောင်းတွေကနေ လက်နက်ခဲယမ်းတွေရော ဖြည့်တင်းနေတယ်။ ဒီအတွက် ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ရေးအနေနဲ့ တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ငဖဲမြို့နယ်အတွင်းရှိ ရွာပေါင်း၁၃ရွာမှ လူဦးရေ ၂၀၀၀ကျော်သည် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသည်ဟု စစ်ဆင်ရေးများတွင် အေအေဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေကပြောသည်။
“အခုလောလောဆယ် စစ်ဖြစ်တာက (ငဖဲမြို့နယ်)တောင်ပေါ်ဒေသမှာ ဦးတည်ဖြစ်တာဆိုတော့ တောင်ပေါ်ဒေသကလူတွေက စစ်ဘေးရှောင်ကြရတာ”ဟု ၎င်းကပြောသည်။
မြောက်ဘက်တွင် ငဖဲမြို့နှင့် တောင်ဘက်တွင် ပန်းတောင်းမြို့တို့ရှိသည့် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင်မူ အခြေအနေက ငြိမ်သက်နေဆဲဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဗဟိန်းကဆိုသည်။
သို့သော် မင်းတုန်းမြို့လယ်ခေါင်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာအဝေးပြေးလမ်းမကြီးတစ်လျှောက်တွင်မူ စစ်တပ်က လုံခြုံရေးကို တိုးမြှင့်ထားသည်။
“ပုသိမ်-မုံရွာလမ်း အနောက်ဘက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ခြေကုတ်ယူထားတဲ့နေရာတွေဆီကို ရိက္ခာတွေမရောက်အောင် စစ်ကောင်စီက လမ်းပိုင်းပိတ်ဆို့တာတွေလုပ်ပြီး ဘာမှသယ်ယူခွင့်မပေးဘူး။ ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီစခန်းတွေ ခပ်စိပ်စိပ်နေရာယူထားတယ်။ ဒီလမ်းပိုင်းကို စိုးမိုးဖို့ သူတို့ အင်အားအများအပြား သုံးထားတယ်”ဟု ကိုဗဟိန်းက ပြောသည်။
ထိုအဝေးပြေးလမ်းသည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးရှိနေသော စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံများလည်ပတ်နိုင်ရေးအတွက် အရေးပါသည်ဟု ၂၀၂၃၊ ဇန်နဝါရီတွင် ထုတ်ဝေသည့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူနည်းစုတိုင်းရင်းသားများထက်စာလျှင် ခြိမ်းခြောက်မှုသိပ်မရှိဟု စစ်တပ်ကယူဆသည့် ဗုဒ္ဓဘာသာဝင်၊ ဗမာလူမျိုးအများစုနေထိုင်ပြီး သမိုင်းတစ်လျှောက် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သဖြင့် စစ်တပ်က ထိုတိုင်းဒေသကြီးများတွင် ကပစစက်ရုံ အများအပြားကို တည်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် ယခုရင်ဆိုင်နေရသကဲ့သို့ ၎င်းတို့၏ ချုပ်ကိုင်မှုကို ခြိမ်းခြောက်လာနိုင်သည့် တိုင်းရင်းသားတပ်များနှင့် ဗမာအင်အားစုများ ပူးပေါင်းသွားနိုင်ခြေကို စစ်တပ်က မည်သည့်အခါကမှ တွေးတောခဲ့ပုံမပေါ်ပေ။

မဟာမိတ်ဆက်ဆံရေးတည်ဆောက်ခြင်း
အာဏာသိမ်းပြီးနောက် ၁၈လနီးပါးအထိ အေအေက စစ်တပ်ကို တိုက်ခိုက်ခြင်းမပြုဘဲ ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများကို အခိုင်အမာ ထိန်းချုပ်ရန်သာ ကြိုးပမ်းနေခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီကို ဆန့်ကျင်နေသည့် တော်လှန်ရေးလှုပ်ရှားမှုများကို စိတ်မဝင်စားသယောင် လူထုကထင်မြင်ယူဆလာရန် ငြိမ်သက်နေခဲ့သည်။
သို့ရာတွင် အေအေက ရခိုင်နယ်စပ်တွင်ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို တိတ်တဆိတ် စစ်သင်တန်းပေးပြီး လက်နက်များပါ တပ်ဆင်ပေးခဲ့သည်။ နှစ်စဥ် အေအေတပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် ဧပြီလရောက်တိုင်း တော်လှန်ရေးအဖွဲ့အများအပြားက နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသည်။ ၎င်းတို့အနက် မကွေးတိုင်းဒေသကြီးအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့ အများအပြား ပါဝင်သည်။
ယခုနှစ်တွင် ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် PIA က ၎င်းတို့အား စစ်သင်တန်းသာမက တော်လှန်ရေးခရီးတွင် လိုအပ်သည့် စိတ်ရှည်မှု၊ ကိုယ်ကျိုးစွန့်မှုနှင့် အောက်သက်ကျေမှုများကိုပါ လက်ဆင့်ကမ်းပေးသည့်အတွက် အေအေကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ အေအေနှင့်အတူ ၎င်းတို့ တတ်စွမ်းသမျှပူးပေါင်းရန် အဆင်သင့်ရှိကြောင်းလည်းဆိုခဲ့သည်။
ထိုအဖွဲ့အချို့သည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အေအေက ထိုးစစ်ဆင်ခဲ့ချိန်တွင် ဝင်ရောက်တိုက်ခိုက်ပေးခဲ့သည့်အပြင် ရခိုင်ပြည်နယ်သို့ ဦးတည်၍ သွားလာနေသည့် စစ်တပ်၏ တပ်ကူများကို အမ်း-ပဒမ်းကားလမ်းတလျှောက် ကြားဖြတ်တိုက်ခိုက်ခြင်းဖြင့်လည်း ကူညီခဲ့ကြသည်။
“PIA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးစကတည်းကနေ အခုထိ စစ်ဆင်ရေးတွေ တောက်လျှောက် ဝင်နေရတာရှိတယ်။ အဓိကကတော့ ရခိုင်စစ်မျက်နှာပြင်မှာ မဟာမိတ်တွေနဲ့တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်းတိုက်ပေါ့နော်”ဟု ကိုမိုးနေလက ပြောသည်။ ၁၀၂၇ စစ်ဆင်ရေးသည် အေအေပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၂၀၂၃၊ အောက်တိုဘာတွင် စတင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းက ထိုးစစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။
ယခုအခါ အေအေက ထိုအဖွဲ့များအခြေစိုက်သည့် ဒေသများသို့ ထိုးဖောက်လာသည့်အခါ ထိုနည်းဗျူဟာကြောင့် စစ်ရေးအရ အကျိုးအမြတ်ရှိပုံပေါ်သည်။
သို့သော် အေအေနှင့် ၎င်း၏မဟာမိတ်များအကြားမည်ကဲ့သို့ တာဝန်ခွဲဝေကြသည်ကိုမူ ရှင်းလင်းစွာမသိရပေ။ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို အေအေက ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။ အေအေတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဖရွန်တီးယား၏ မှတ်ချက်ပေးရန်တောင်းဆိုမှုကို တုန့်ပြန်ခဲ့ခြင်း မရှိပေ။
PIA မှ ကိုမိုးနေလကမူ လေးစားမှုနှင့် စိတ်ကောင်းစေတနာရှိမှုတို့အပေါ် အခြေခံ၍ တည်ဆောက်ထားသည့် အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးမျိုးဖြစ်ကြောင်း ဆိုသည်။
“အဲဒီတော့ တော်လှန်ရေးမှာတော့ အေအေနဲ့ အပြန်အလှန် အကျိုးအပြုမှုရှိတာပေါ့လေ။ တော်လှန်ရေးလုပ်နေတဲ့ ရဲဘော်တွေ၊ လူတွေဆိုတာက လူ့ကျင့်ဝတ်တွေကို နားလည်ရမယ်။ ကျေးဇူးရှိရင် ကျေးဇူးဆပ်တတ်ရမယ်။ ဒီလိုမျိုးကျင့်ဝတ်နဲ့ဆိုင်တဲ့ အပိုင်းတွေမှာလည်း အပြန်အလှန် ကျေးဇူးရှိခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့လည်း ပြန်ပြီးတော့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အေအေကို ကူညီနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်”ဟု ကိုမိုးနေလကပြောသည်။
အေအေနှင့် အဆက်အဆံရှိသော ဧရာဝတီ၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ အခြားတော်လှန်ရေးတပ်များကို ဖရွန်တီးယားက မှတ်ချက်ပေးရန်ဆက်သွယ်သည့်အခါ ၎င်းတို့က ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။
“ကျနော်တို့ဘက်မှာ မဟာမိတ်တွေ(အေအေ)နဲ့ ဆက်ဆံဆောင်ရွက်တဲ့အခြေအနေတွေမှာ ကန့်သတ်ချက်လေးတွေ ရှိနေတဲ့အတွက် လတ်တလော စစ်ရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး”ဟု NUG ၏ ဧရာဝတီတိုင်းစစ်ဒေသတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကောင်းကျော်က ပြောသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)မှ အမည်မဖော်လိုသည့်တပ်ဖွဲ့ဝင်တစ်ဦးက အေအေတပ်ဖွဲ့သည် ရခိုင်နယ်စပ်တွင်သာမကဘဲ နိုင်ငံအနှံ့ရှိ လက်နက်ကိုင်တပ်များအတွက် အရေးပါသည့် မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဆိုသည်။
“ကရင်အမျိုးသားအစည်းအရုံးဘက်တွေကိုလည်း သူတို့ဝင်တိုက်ပေးတာတွေရှိတယ်။ ရှမ်းမြောက်တိုက်ပွဲတွေမှာလည်း သူတို့ ဝင်တိုက်ပေးတယ်။ ပီဒီအက်ဖ်တွေပဲဖြစ်စေ ကျန်တဲ့အဖွဲ့တွေကိုလည်း လိုအပ်ရင် သူတို့က သင်တန်းပေးတာတွေရှိတယ်”ဟု ၎င်းကပြောသည်။ “တိုက်ပွဲမှာ သူတို့နိုင်ရင် ကျနော်တို့ နိုင်သလိုပဲ ခံစားရတယ်။ သူတို့ကို တကယ်လည်း နိုင်စေချင်တယ်။ (အေအေ)က ဆက်ပြီးတော့ တော်လှန်ရေးမှာ ဆက်ပြီးကူညီလိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယမန်နှစ်၊ နှစ်ဝက်ခန့်တွင် စစ်ကောင်စီ ကျရှုံးမည့်အရေးမှ ကယ်တင်နိုင်ရန် တရုတ်ကမြန်မာ့အရေးတွင် ပါဝင်စွက်ဖက်လာခြင်းကြောင့် အေအေနှင့်မဟာမိတ်များသည် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတိကြီးကြီးထားလာကြသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။
“မီဒီယာတွေက မေးတဲ့အခါ နှစ်ဖက်လုံး(အေအေနှင့် ပီဒီအက်ဖ်များ) တွန့်ဆုတ်နေတာက ရည်မှန်းချက်တခုကို တိတိကျကျ ပြတ်ပြတ်သားသား မပြောနိုင်လို့ပါ။ အကြောင်းကတော့ တရုတ်ရဲ့ဖိအားပါဘဲ။ တရုတ်ဖိအားအောက်မှာ ရခိုင်ပြည်နယ်အတွက် နိုင်ငံရေး အခွင့်အရေးတွေကို စစ်ကောင်စီနဲ့ ဆွေးနွေးရယူပြီး အေအေက MNDAA(ကိုးကန့်တပ်ဖွဲ့) လို တိုက်ပွဲတွေ ရပ်သွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း မဖြေကြတာလို့ ယူဆပါတယ်”ဟု ၎င်းက ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP)ဝင်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကမူ အေအေက နိုင်ငံတစ်ဝန်းက တော်လှန်ရေးတပ်များနှင့် မဟာမိတ်ဆက်ဆံရေးတည်ဆောက်နေပြီး သင်တန်းများပေးကာ တိုက်ပွဲအတွေ့အကြုံရရှိအောင် ကူညီပေးနေကြောင်းဆိုသည်။
“အေအေမှာ မဟာမိတ်အဖွဲ့တွေရှိပါတယ်။ အခုစစ်ဆင်ရေးတွေမှာလည်း ပူးပေါင်းတိုက်နေတဲ့ သတင်းတွေ ကြားသိပြီးဖြစ်ပါလိမ့်မယ်။ မဟာမိတ်တွေနဲ့ ပေါင်းစည်းခြင်းကလည်း ပြည်မက အင်အားစုတွေကို အင်အားကောင်းစေချင်လို့ပေါ့။ သူတို့ကိုစစ်သင်တန်းတွေပေးတယ်။ စစ်မြေပြင်မှာ လက်တွေ့တိုက်တဲ့အခါမှာ တိုက်ပွဲအတွေ့အကြုံရအောင်ရော၊ ပြည်မမှာ ဆက်ပြီးတော့ မဟာမိတ်တွေ တာဝန်ယူနိုင်အောင်ရော ဒီလိုစဉ်းစားမှုမျိုးနဲ့လုပ်တယ်လို့တော့မြင်ပါတယ်”ဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။

ရောထွေးနေသည့် ကြိုဆိုမှု
အေအေ၏ တော်လှန်ရေးမဟာမိတ်များက ၎င်းတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသော်လည်း ဧရာဝတီ၊ ပဲခူးနှင့် မကွေးအနောက်ပိုင်းဒေသများရှိ ဒေသခံအချို့အတွက်မူ ထိုကဲ့သို့ မဟုတ်ပေ။ အေအေ၏ထိုးစစ်များ မစတင်မီက ထိုဒေသများတွင် တိုက်ပွဲအနည်းအကျဥ်းသာဖြစ်ခဲ့ပြီး တိုင်းပြည်၏ ပြည်တွင်းစစ်မီးက ၎င်းတို့ထံသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိခဲ့ပေ။
“ဒေသတွင်း ပီဒီအက်ဖ်တွေက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့လို၊ ပျူစောထီးတို့လို သူတွေကို လုပ်ကြံသတ်ဖြတ်တာမျိုးတော့ တစ်ခါတလေ သတင်းတွေကြားရတာတော့ ရှိတယ်။ တိုက်ပွဲတွေဖြစ်တာကတော့ အခုနောက်ပိုင်းမှ ရှိလာတာ”ဟု ပန်းတောင်းဒေသခံတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဗမာအများစုကြီးစိုးရာ မြေနိမ့်မြေပြင်ဒေသများသို့ အေအေ၏ ချင်းနင်းဝင်ရောက်လာမှုအပေါ် တုန့်ပြန်မှုများကလည်း အမျိုးမျိုး၊ အဖုံဖုံဖြစ်နေခဲ့သည်။ အေအေက စစ်ကောင်စီကို ဖြုတ်ချရန် တော်လှန်ရေးတပ်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေသခံအချို့က ဖရွန်တီးယားသို့ ပြောသည်။
“ဧရာဝတီဘက် အခုလို အေအေ ရောက်လာတာကို သဘောကျပါတယ်။ မြို့ပေါ်ထိ တိုက်ပွဲတွေရောက်လာလို့ စစ်ဘေးရှောင်ရမယ်ဆိုလည်းရှောင်ရုံပဲပေါ့နော်။ အဓိကက စစ်ကောင်စီပြုတ်ဖို့ပဲ။ ကျနော်တို့ မြို့ပေါ်ကလူတွေလည်း စစ်ကောင်စီလက်အောက်မှာ နေနေရပေမဲ့ စစ်မှုထမ်းကိစ္စကြောင့် စစ်ကောင်စီကို တော်တော်မုန်းလာကြတယ်။ သူတို့အုပ်ချုပ်မှုအောက်မှာရှိနေလို့သာ သူတို့ရဲ့ ဌာနဆိုင်ရာ လူတွေနဲ့အဆင်ပြေအောင် ပြောဆိုနေထိုင်နေကြရတာ”ဟု ဟင်္သာတမြို့ခံ ဦးစိုးသိန်းကပြောသည်။
“အေအေကလည်း စစ်အာဏာရှင်တော်လှန်ရေးကို ပါဝင်နေတာ။ ကျနော်တို့လည်း စစ်ဘေးရှောင်နေရတော့ ဒုက္ခတော့ များတာပေါ့။ ဒါပေမဲ့ ပြည်သူတွေအခုလို ဒုက္ခရောက်နေရတဲ့ အဓိက အကြောင်းအရင်းက စစ်အာဏာသိမ်းလို့လေ”ဟု အခြားတစ်နေရာသို့ စစ်ဘေးရှောင်နေရသည့် ပန်းတောင်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကိုလည်း မလိုလားဘူး။ စစ်ဘေးရှောင်တာတွေလည်း မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဖြစ်လာရင်တော့ ရင်ဆိုင်ကြရုံပေါ့။ မကွေးကို အေအေဝင်လာတဲ့အပေါ် ကျနော်တစ်ယောက်တည်း အမြင်ကတော့ ကောင်းပါတယ်။ သူလည်း စစ်ကောင်စီကို တိုက်နေတာပဲလေ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လူတိုင်းကတော့ ထောက်ခံအားပေးသည်မဟုတ်။ အချို့ကမူ စစ်ကောင်စီကို ရွံရှာမုန်းသည့်တိုင်အောင် တိုက်ပွဲများကြောင့် ရှောင်လွှဲ၍ မရသည့် ထိခိုက်ဆုံးရှုံးမှုများကို ပူပန်နေကြသည်။
“အေအေက ဒီဘက်(ဧရာဝတီဘက်)ရောက်လာတာကို ကျနော်က ဘာမှမပြောလိုဘူး။ ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ချင်လို့ အခုလိုကာလကြီးကို အမြန်ပြီးစေချင်ပြီ”ဟု မကြာသေးမီက စစ်ရှောင်လာသည့် လေးမျက်နှာမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။
စစ်တပ်က လေကြောင်းအသာစီးမှုရှိသဖြင့် စစ်ကောင်စီကို ဖြုတ်ချရန် တော်လှန်ရေးအဖွဲ့အစည်းများအတွက် ခက်ခဲနိုင်သည်ဟု ၎င်းကဆိုသည်။
“စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေလုပ်နိုင်တယ်။ သူတို့(စစ်တပ်)က ပြည်သူတွေရဲ့မျက်နှာ ကြည့်နေမှာမဟုတ်ဘူး။ မနိုင်၊ နိုင်တဲ့နည်းနဲ့ တိုက်မှာပဲ။ ဒီလေကြောင်းတိုက်ခိုက်တာတွေကို ပီဒီအက်ဖ်တွေက မကာကွယ်နိုင်သရွေ့ ပြည်သူတွေကလည်း သေနေကြရဦးမှာပဲ။ ဒီလေကြောင်း တိုက်ခိုက်တာတွေကြောင့် အေအေမကလို့ ဘယ်အဖွဲ့ကပဲ သူတို့ကိုကူကူ (စစ်တပ်)ကိုနိုင်ဖို့မလွယ်ဘူး။ ဒီတော့ သူတို့ကြားညှိနှိုင်းတာဖြစ်ဖြစ် တစ်ခုခုလုပ်မှ ဒီကာလကြီးက အမြန်ပြီးမယ်ထင်တာပဲ။ ဒီတိုင်းဆိုရင်တော့ ပြီးဖို့ မလွယ်ဘူးရယ်”ဟု ၎င်းကပြောသည်။
စစ်ရှောင်နေရသည့် ပန်းတောင်းမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ဤသို့ညည်းညူသည်။ “တစ်ခါတလေ တွေးမိတယ်။ ကျမတို့မှာ အခုလို ကိုယ့်အိမ်ကိုယ့်ယာတွေစွန့်ပြီး ထွက်ပြေးနေရတာ ဘယ်ဘဝက ဝဋ်ကြွေးတွေများ ရှိလို့ပါလိမ့်လို့။ မိသားစုရှေ့ရေးကတော့တွေးကြည့်လို့တောင် မရဘူး။ အခုထိ ဘာလုပ်လို့ ဘာကိုင်ရမယ်မသိဘူး”
“တိုက်ပွဲတွေအကြောင်းတော့ မပြောတတ်ဘူး။ နားလည်းမလည်ဘူး။ အိမ်အမြန်ပြန်ချင်တာပဲသိတယ်။ သူတို့(အေအေနှင့် တော်လှန်ရေးတပ်ဖွဲ့များ) ကိုလည်း မထောက်ခံဘူး။ စစ်တပ်ကိုလည်း မထောက်ခံဘူး။ ကျမတို့ကို ဒုက္ခပေးတဲ့ ဘယ်အဖွဲ့မှ မထောက်ခံဘူး။ ကျမတို့က အေးအေးချမ်းချမ်းပဲ နေချင်တာ”ဟု ထိုအမျိုးသမီးက ဆက်လက်ပြောကြားသည်။
အဆုံးသတ်တိုက်ပွဲကို မျှော်ကြည့်ခြင်း
ရိုးမတောင်တန်းကြီးများ တည်ရှိရာအရပ်ဒေသများသို့ ထိုးစစ်ဆင်လာသည့် အေအေ၏ ရည်မှန်းချက်များနှင့် ရခိုင်ကိုကျော်လွန်၍ အကွာအဝေး မည်မျှအထိ ထိုးဖောက်ဝင်ရောက်မည်နှင့်ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာသည်။ လေ့လာသုံးသပ်သူများနှင့် စောင့်ကြည့်သူများကမူ အေအေသည် ရခိုင်ပြည်နယ်အနီးတစ်ဝိုက်တွင် ကြားခံနယ်မြေတစ်ခု ဖော်ဆောင်ရန်နှင့် ရခိုင်ကို မြန်မာပြည်အလယ်ပိုင်းနှင့် ဆက်သွယ်ပေးထားသည့် အဝေးပြေးလမ်းမကြီးသုံးခုကို အခိုင်အမာထိန်းချုပ်ရန် ရည်မှန်းသည်ဟု ဆိုကြသည်။
ထို့ပြင် မကွေးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် တည်ရှိသော အရေအတွက် နှစ်ဒါဇင်ခန့်ရှိသည့် ကာကွယ်ရေးပစ္စည်းစက်ရုံများညွှန်ကြားရေးမှူးရုံး လက်အောက်က ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များသည်လည်း ထင်ရှားသော ပစ်မှတ်များဖြစ်နိုင်ပေသည်။ တိုက်ပွဲများသည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးရှိ ကျည်ဆံ၊ ယမ်းမှုန့်၊ ကော်ဒိုက်ယမ်း၊ စိန်ပြောင်းနှင့် လေယာဥ်ပစ်ဒုံးကျည်များ ထုတ်လုပ်ရာ စက်ရုံငါးခုအပါအဝင် စက်ရုံများအနီးသို့ပင် ရောက်ရှိလာပြီဖြစ်သည်။
“စစ်ရေးရည်မှန်းချက်အရ သူ့(အေအေ)အနေနဲ့ ပြည်မဘက်ကို တိုက်တဲ့နေရာမှာ ရန်သူရဲ့အဓိက ဒေါက်တိုင်နေရာတွေကိုတော့ ဖြိုရမှာပေါ့နော်။ ကပစ စက်ရုံတွေလည်း တိုက်မှာပဲ။ ဒါကတော့ သေချာပါတယ်။ ဒါကတစ်နိုင်ငံလုံးအတွက် တော်လှန်ရေးအတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ကပစ စက်ရုံတွေကိုလည်း မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်မယ်လို့ မြင်နေရတယ်”ဟု ဦးဖေသန်းကသုံးသပ်သည်။
PLA ရဲဘော်က ကပစ စက်ရုံများသည် အရေးပါသည့်ပစ်မှတ်များဖြစ်ကြောင်းအဆိုကို သဘောတူသည်။ “ဒီကပစစက်ရုံတွေက ထုတ်တဲ့ပစ္စည်းတွေနဲ့ မကွေးတိုင်းနဲ့ ပဲခူးတိုင်းကို ချေမှုန်းနိုင်မယ်ဆိုရင် ရန်ကုန်တိုင်းနဲ့နေပြည်တော်ကိုလည်း ချေမှုန်းနိုင်ပြီ။ အဲဒီလိုဆိုရင်တော်လှန်ရေးအောင်မြင်ဖို့ကလည်း နီးလာပြီပေါ့နော်”ဟု ထိုရဲဘော်က ပြောသည်။
သို့သော် ဗမာအများစုရှိရာဒေသများရှိ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းရန် အေအေက တော်လှန်ရေးတပ်များအား ကူညီပံ့ပိုးလိုသည်ဟုယုံကြည်ကြောင်းလည်း ထို PLA ရဲဘော်က ပြောသည်။ “အေအေရဲ့ ခြေလှမ်းတွေကို အတိအကျမသိရပေမဲ့ သူတို့က မြန်မာပြည်တစ်ပြည်လုံးလွတ်မြောက်ဖို့အတွက်တော့ ကောင်းခြင်းတွေ ယူလာပေးမယ်လို့ ယုံကြည်တယ်။ မျှော်လည်း မျှော်လင့်တယ်”ဟု ၎င်းကပြောသည်။
ဒေသခံအများစုကမူ အေအေအဖွဲ့တွင် မြန်မာပြည်အလယ်ပိုင်းသို့ ချီတက်ကာ နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ ပြုတ်ကျသည်အထိ စစ်ရေးရည်မှန်းချက် မရှိနိုင်ကြောင်း၊ တစ်ချိန်ချိန်တွင် စစ်တပ်နှင့် အပေးအယူလုပ်၍ အပစ်အခတ်ရပ်စဲနိုင်ဖွယ်ရှိကြောင်း ဆိုသည်။ သို့သော် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များကို အေအေက ဆက်လက်ကူညီမည်ဟု ယုံကြည်ကြောင်း ၎င်းတို့ကဆိုသည်။
“အေအေက သူတို့ရဲ့ ရခိုင်ပြည်နယ်ကို ကာကွယ်ဖို့အတွက် ဒီဘက်ကို ပိုပိုသာသာလေးချဲ့လာတယ်လို့ပဲ ထင်တယ်”ဟု ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အေအေက ကိုးကန့်တပ်ဖွဲ့လိုမျိုး စစ်ကောင်စီနဲ့ ဆွေးနွေးတာမျိုးက ဖြစ်လာနိုင်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အသင့်ရှိတယ်လို့ စာထုတ်ခဲ့ဖူးတယ်လေ။ အခုချက်ချင်းမဟုတ်တောင် နောင်တစ်ချိန်မှာ အေအေက စစ်ကောင်စီနဲ့ ဆွေးနွေးတာတွေက ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သူတို့က တော်လှန်ရေးအောင်မြင်ဖို့တော့ ရတဲ့နည်းနဲ့ အဆုံးထိပါဝင်ပေးမယ်လို့ ထင်ပါတယ်။ ဥပမာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ထောက်ပံ့တာပဲဖြစ်ဖြစ်၊ စစ်သင်တန်းတွေပေးတာပဲဖြစ်ဖြစ်ပေါ့”ဟု ၎င်းက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ထိုအချက်ကို သဘောတူသည်။ အေအေက စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများစတင်ခဲ့မည်ဆိုလျှင်တောင် တော်လှန်ရေးမဟာမိတ်များကို ဆက်လက်ထောက်ပံ့လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။
“တော်လှန်ရေးအောင်မြင်ဖို့အထိတော့ သူတို့(အေအေ)က တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်ပြီး ကူညီမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း စစ်ကောင်စီမကောင်းဘူးဆိုတာ သိနေတာပဲ။ သူတို့ အဲဒီလောက်ကြီးထိတော့ ကျနော်တို့ ပြည်မက ပြည်သူတွေကိုမျက်ကွယ်မပြုလောက်ဘူးထင်တာပဲလေ”ဟု ၎င်းကပြောသည်။
အပစ်ရပ်ဆွေးနွေးမှုများဖြစ်လာနိုင်ပြီး ၎င်း၏နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်နိုင်ဖို့ဆိုလျှင် စစ်တပ်ကို စစ်မြေပြင်တွင် အနိုင်ယူခြင်းကလွဲ၍ အေအေအတွက် အခြားနည်းလမ်းမရှိဟု ဦးဖေသန်းက ဆိုသည်။
“အေအေကတော့ သူ့ရည်မှန်းချက်က စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးပေါ့နော်။ စစ်တပ်ရှိနေသရွေ့ စစ်အာဏာရှင်စနစ်ရှိနေမယ်၊ ဘယ်တော့မှ ဒီမိုကရေစီဖဒရယ်ပြည်ထောင်စုဖြစ်မှာမဟုတ်ဘူးဆိုတာကို သူတို့ဘက်က ခိုင်ခိုင်မာမာတွေးခေါ်မှုတွေရှိပါတယ်။ ဆုံးဖြတ်ချက်တွရှိပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ပြည်မထိ တိုက်စစ်ဖွင့်ပြီးတော့ လုပ်တဲ့နေရာမှာ ရခိုင်ပြည်ကို ကာကွယ်ရုံမကဘူး၊ ပြည်မက မဟာမိတ်တွေနဲ့ပေါင်းပြီးတော့ စစ်အာဏာရှင်လုံးဝကျရှုံးတဲ့အထိ တိုက်ပွဲဝင်ဖို့ကလည်း အဓိကအချက်ဖြစ်ပါတယ်”ဟု ဦးဖေသန်းက ပြောသည်။
မတ်ကတည်းက စစ်ရှောင်နေရသည့် လေးမျက်နှာနယ်ခံ ဦးစိန်မြင့်ကတော့ တိုက်ပွဲများသည် အချိန်တိုအတွင်း ပြီးဆုံးလိမ့်မည်မဟုတ်ဟု ယူဆထားသည်။ တောက်လောင်နေသော ပြည်တွင်းစစ်မီးအတွက် ၎င်းက အေအေထက် စစ်တပ်ကိုသာ အပြစ်တင်နေပြီး ၎င်းတို့၏ အနာဂတ်အတွက်လည်း ပူပန်နေသည်။
“ကျနော်ကတော့ ဒီတော်လှန်ရေးအမြန်ပြီးစေချင်တာပဲ။ တော်လှန်ရေးကြာလေ ပြည်သူတွေမှာထိခိုက်ဆုံးရှုံးမှု များလေပဲ”ဟု ဦးစိန်မြင့်က ပြောသည်။