ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းတစ်ခုကို ဇွန်လက တွေ့ရှိရစဉ် (ဓာတ်ပုံ - ပေးပို့)

မြန်မာ့မြေရှား (သို့) ဗျူဟာမြောက်အပေးအယူဝှက်ဖဲ

ကချင်ပြည်နယ် ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ပြီး ၁၀ လခန့် အကြာတွင် အကျိုးအမြတ်ကြီးမားသောလုပ်ငန်းကြီးတစ်ခုကို ပြန်လည်စတင်ရန် ဖိအားများ တိုးမြင့်လာနေသည်။

EMILY FISHBEIN နှင့် JAUMAN NAW | ဖရွန်တီးယား

ဤသတင်းဆောင်းပါးကို Pulitzer Center’s Rainforest Investigations Network ၏ အကူအညီဖြင့် ရေးသားသည်။

လွန်ခဲ့သောဆယ်စုနှစ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကို ကမ္ဘာကြီးက ပြောင်းလဲသုံးစွဲလာသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကချင်ပြည်နယ်၏ တောတောင်ထူထပ်သည့် ဒေသတစ်ခု၌ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ဒေသခံစစ်ခေါင်းဆောင်များနှင့် အကျိုးတူပူးပေါင်း၍ ဒေါ်လာဘီလီယံနှင့်ချီ တန်ဖိုးရှိသော မြေရှားဒြပ်စင်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်လာကြသည်။ မြေရှားဒြပ်စင်ကို လျှပ်စစ်ကား၊ လေအားလျှပ်စစ်တာဘိုင်နှင့် အခြားအဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုသည်။

မြန်မာနိုင်ငံ၌ တွေ့ရှိရသော ဒြပ်စင်၏မူကွဲတစ်ခုဖြစ်သည့် မြေရှားသတ္တုသယံဇာတများကို တရုတ်နိုင်ငံကလည်း ပိုင်ဆိုင်ထားပြီး တစ်ချိန်က ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချမှုအများစုအတွက် ၎င်းတို့ပြည်တွင်းမှ တူးဖော်ထုတ်လုပ်ခဲ့ဖူးသည်။ သို့ရာတွင် သတ္တုတွင်းလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆိုးဝါးကြောင်း တစ်စထက်တစ်စ ပိုမိုသိရှိလာသည့်အခါ ဘေကျင်းအစိုးရသည် ၂၀၁၀ ပြည့်နှစ်ဝန်းကျင်မှ စတင်၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ဆောင်ရွက်လာသည်။ ထိုအခါ ရင်းနှီးမြှုပ်နှံသူအများအပြားသည် မြန်မာနိုင်ငံဘက်သို့ ခြေဦးလှည့်လာခဲ့ကြသည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုက နိုင်ငံတစ်လွှား သယံဇာတလုယက်ပွဲကြီးကို ဖြစ်ပေါ်လာစေခဲ့ပြီး ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်မှု အရှိန်အဟုန် မြင့်မားလာသည်။ မြန်မာနိုင်ငံ၏ မြေရှားသတ္တုတွင်းအများစုသည် ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ယခင်က ကချင်အထူးဒေသ (၁)ဟု ခေါ်ဆိုခဲ့သည့် ပန်ဝါနှင့် ချီဖွေမြို့များ အနီးတစ်ဝိုက်တွင် တည်ရှိသည်။ ၎င်းဒေသကို မြန်မာစစ်တပ်နှင့် မဟာမိတ် ပြုထားသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း၏ အဖွဲ့က ယမန်နှစ်နှောင်းပိုင်းအထိ ထိန်းချုပ်ထားခဲ့သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်က စစ်အစိုးရနှင့် ၎င်း၏ မဟာမိတ်များအပေါ် နေရာအနှံ့ ထိုးစစ်ကြီးဆင်နွှဲရာမှ ယခု ပန်ဝါ၊ ချီဖွေဒေသကို ယမန်နှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ 

တိုက်ပွဲများဖြစ်ပွားနေသလို နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်က ပိတ်ပစ်လိုက်သည့်အခါ ဒေသအတွင်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများ လုံးဝရပ်တန့်သွားသည်။ ယခု အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာချိန်၌ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်သည် ကချင်ဒေသမှ မြေရှားသတ္တုများ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံအပေါ် ကာလရှည်ကြာ ထားရှိခဲ့သည့် အမေရိကန်မူဝါဒကို အပြောင်းအလဲပြုလုပ်ရန် အဆိုပြုချက်များကို စတင်ကြားနာလာခဲ့သည်ဟု ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ဝေသော ရိုက်တာ၏သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြသည်။ လက်ရှိအချိန်အထိတော့ ပန်ဝါဒေသက သတ္တုတွင်းလုပ်ငန်းများကို အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးပေ။

ပန်ဝါဒေသရှိ မြေရှားသတ္တုထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဓာတုဆေးပစ္စည်းကန်များ တိုးချဲ့တည်ဆောက်ထားမှုပြမြေပုံ (ပုံ​ P. Oswald)

ပိတ်ထားသောတံခါးများ၏ နောက်ကွယ်

အင်္ဂလန်နိုင်ငံ၊ ဝေါဝစ်တက္ကသိုလ်မှ ပက်ထရစ်မီးဟန်နှင့် မြန်မာနိုင်ငံအခြေစိုက် ကချင်မြေသုတေသနစင်တာမှ ဒန်ဆန်လွန်းတို့ ယမန်နှစ် စက်တင်ဘာလက ရေးသားထုတ်ဝေသော သုတေသနစာတမ်းအရ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းအားလုံးသည် လက်နက်ကိုင် ပဋိပက္ခဒေသများအတွင်း၌သာ လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ၎င်းဒေသများသည် ဗဟိုအစိုးရ၏ အာဏာစက်မှ ကင်းလွတ်ရာလွတ်မြောက်နယ်များအဖြစ် ကာလရှည်ကြာ ရှိနေခဲ့သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် တရုတ်ကုမ္ပဏီများသည် သက်ဆိုင်ရာဒေသကို ထိန်းချုပ်ထားသည့် အဖွဲ့အား ငွေအလုံးအရင်းပေး၍ သတ္တုတွင်းပါမစ်ကို ရယူလေ့ရှိကြောင်း ယင်းသုတေသနစာတမ်းက ဖော်ပြသည်။ သတ္တုတွင်းကုမ္ပဏီများက ငွေပေးသည့်အခါ အပြန်အလှန်အားဖြင့် လက်နက်ကိုင်အဖွဲ့များက မြေငှားရမ်းလုပ်ကိုင်ခွင့်နှင့်အတူ ကုမ္ပဏီ၏ လုံခြုံရေးအပါအဝင် အလုပ်သမားများအတွက် ယာယီနေထိုင်ခွင့်တို့ကိုပါ ခွင့်ပြုပေးကြသည်။ ကုမ္ပဏီများက ၎င်းတို့၏ပညာရှင်များနှင့်တကွ စက်ပစ္စည်းများကို ခေါ်ဆောင်တင်သွင်းလာကြသည်။

တစ်ခါတစ်ရံ ကုမ္ပဏီအချို့သည် လက်နက်ကိုင်အုပ်စု သို့မဟုတ် ၎င်းအုပ်စုနှင့် ပတ်သက်နေသော လုပ်ငန်းရှင်များနှင့် ဖက်စပ်ကုမ္ပဏီ ထူထောင်ကြသည်။ သတ္တုတွင်းလုပ်ကိုင်ခွင့် စာချုပ်များ ချုပ်ဆို၍  ကနဦး ဆုကြေးငွေပေးခြင်းနှင့် သတ္တုတူးဖော်ခွင့်မှ ရရှိလာမည့်ဝင်ငွေကို အချိုးကျ ခွဲဝေပေးခြင်းများ ပြုလုပ်သည်။ သို့သော် “၎င်းတို့မှာ အများပြည်သူနှင့် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ တံခါးပိတ် ချုပ်ဆိုထားသော စာချုပ်များသာ ဖြစ်သည်” ဟု စာတမ်းက ဆိုသည်။

အဆိုပါ တံခါးပိတ်လုပ်ဆောင်မှုများကြောင့် စာရွက်စာတမ်းအထောက်အထားများ ရရှိရန် ခက်ခဲသည်။ သို့သော် ဂြိုဟ်တုဓာတ်ပုံများအရမူ လုပ်ငန်းကြီးမားမှုပမာဏကို ဖော်ထုတ်သိရှိနိုင်ခဲ့သည်။ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ကချင်အထူးဒေသ(၁) နယ်မြေအတွင်း မြေရှားသတ္တုတွင်းလုပ်ကွက်ပေါင်း ၃၀၀ ကျော်ရှိနေသည့်အပြင် ကေအိုင်အေ၏ နိုင်ငံရေးတာဝန်ယူထားသော ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၏ ထိန်းချုပ်နယ်မြေအတွင်း လုပ်ကွက် ၄၀ ကျော် ရှိနေသည်ဟု သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Global Witness က ဆိုသည်။

မြန်မာ့မြေရှားသတ္တုလုပ်ငန်းအကြောင်း အခြားသောအသေးစိတ်အကြောင်းအရာများကို တရုတ်နိုင်ငံ၏ အကောက်ခွန်ဆိုင်ရာအချက်အလက်များ၌ တွေ့ရှိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် မြေရှား Oxide သတ္တုရိုင်းသန့် သို့မဟုတ် ရောနှော မြေရှားသတ္တု light REEs (LREEs) နှင့် heavy REEs (HREEs) ပမာဏသည် ၂၀၁၇ မှ ၂၀၂၃ ခုနှစ်အတွင်း ၄ ဆ ကျော် တိုးမြင့်လာကြောင်း နာမည်ကျော်သတ္တုလုပ်ငန်းဖြစ်သည့်   Adamas Intelligence က ရရှိသော အချက်အလက်များအရ သိရှိရသည်။

Adamas Intelligence ကုမ္ပဏီ တည်ထောင်သူနှင့်ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ရိုင်ယန်ကက်စတီလိုက သတ္တုသန့်စင်ရာ၌ မြေရှားကုန်ကြမ်းအားလုံးကို ရောနှောပစ်လိုက်သဖြင့် သတ္တုတွင်းလုပ်ကွက်မှသည် ဈေးကွက်အထိ အလေးစားမြေရှားသတ္တုပမာဏကို ခြေရာခံရန် မဖြစ်နိုင်ကြောင်း ပြောသည်။ သို့သော် ကမ္ဘာ့မြေရှားသတ္တုသန့်စင်ရေးစက်ရုံ အားလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ထားသည့်အခါ ကမ္ဘာ့အလေးစား မြေရှားသတ္တုပမာဏ၏ ထက်ဝက်နှင့် သုံးပုံနှစ်ပုံကြားကို မြန်မာနိုင်ငံမှ တင်သွင်းခြင်း ဖြစ်နိုင်ကြောင်း ကက်စတီလိုက ခန့်မှန်းသည်။ ထို့ကြောင့် စစ်ရေးနည်းပညာ၊ လေကြောင်းနှင့် အာကာသနည်းပညာ၊ လျှပ်စစ်ကား၊ လေအားလျှပ်စစ် ဂျင်နရေတာ စသည်တို့အပါအဝင် ကမ္ဘာ့မဟာဗျူဟာမြောက် ထုတ်ကုန်များတွင် မြန်မာနိုင်ငံမှ တူးဖော်ရရှိသော မြေရှားသတ္တုများကို အသုံးပြုထားသည်မှာ ဖြစ်နိုင်ချေ အလွန်များကြောင်း သူက ဆိုသည်။

“တရုတ်နိုင်ငံကနေ ခင်ဗျား ပစ္စည်းတွေ ဝယ်ယူနေတယ်ဆိုရင် ခင်ဗျားဟာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဝိုင်းဝန်းကူညီအားပေးနေတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အထိတ်တလန့်ဖြစ်သွားရသော ကမ္ဘာ့မြေရှားဈေးကွက်

ကေအိုင်အေက ပန်ဝါကို ယခင်နှစ် အောက်တိုဘာလတွင် သိမ်းပိုက်လိုက်သည့်အခါ မြန်မာစစ်အစိုးရနှင့် ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံက ကေအိုင်အိုထိန်းချုပ်နယ်မြေသို့ အဝင်အထွက်လုပ်သည့် ၎င်း၏ နယ်စပ်ဂိတ်တံခါးများကို ပိတ်ပစ်လိုက်သည်။ 

တရုတ်အကောက်ခွန်အချက်အလက်များအရ မြန်မာနိုင်ငံမှ မြေရှား (Oxide) သတ္တုရိုင်းသန့် တင်သွင်းမှုပမာဏမှာ ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။ ၎င်းအချက်က ကမ္ဘာ့မြေရှားသတ္တု ဈေးကွက်ကြီးတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည် ဟု ကက်စတီလိုက ရှင်းပြသည်။

ဖိအားများအတန်ငယ်လျော့ကျသွားသော မတ်လတွင် ကေအိုင်အိုက ကုမ္ပဏီများလက်ဝယ်ရှိ မြေရှားသတ္တုများကို ပြည်ပတင်ပို့ရန် စတင်ခွင့်ပြုလာသည်။ ကေအိုင်အိုက သတ္တုတွင်းလုပ်ငန်းရှင်များထံသို့ ပေးပို့သည့် အတည်မပြုနိုင်သော အကြောင်းကြားစာအရ မြေရှားသတ္တုမက်ထရစ်တန် တစ်တန်လျှင် တရုတ်ယွမ်ငွေ ၃၅,၀၀၀  (အမေရိကန် ဒေါ်လာ ၄,၈၀၀ ခန့်) ကောက်ခံသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

Adamas Intelligence က ရရှိသော တရုတ်အကောက်ခွန်အချက်အလက်များတွင်မူ မြန်မာနိုင်ငံမှ တင်သွင်းသော မြေရှားအောက်ဆိုက်သတ္တုရိုင်းပမာဏသည် ၂၀၂၅ ခုနှစ် မတ်လမှ ဧပြီလအတွင်း ၁၀ ဆ တိုးမြင့်လာပြီး မေလအရောက်တွင် ယမန်နှစ်ကာလတူ တင်ပို့မှုပမာဏနှင့် တူညီလာခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော် သိုလှောင်ထားသော မြေရှားသတ္တုတို့ ကုန်ခမ်းလာသည့်အခါ တင်ပို့မှုနှုန်း ကျဆင်းလာနိုင်ကြောင်း ကက်စတီလိုက သတိပေးသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ကချင်သယံဇာတ အရေးလှုပ်ရှားမှုအဖွဲ့ (Kachin Resources Concern Group) က မြေပြင်အခြေအနေကို သိရှိနိုင်ရန် အဖွဲ့ဝင် ၉ ဦးပါလေ့လာရေးအဖွဲ့ကို ကေအိုင်အေ၏ခွင့်ပြုချက်ဖြင့် ၎င်းတို့ဒေသသို့ ဧပြီလက စေလွှတ်ခဲ့သည်။ အဖွဲ့၏ အစီရင်ခံစာကို လူသိရှင်ကြား မထုတ်ပြန်သော်လည်း ယခုဆောင်းပါးအား ရေးသားသူများထံ မျှဝေပေးခဲ့ရာ ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်မှုအချို့ ရှိနေသေးလင့်ကစား လုပ်ငန်းအများစုမှာ ရပ်ဆိုင်းထားရဆဲဖြစ်သည်။

ကေအိုင်အိုသည် မြေရှားမက်ထရစ်တစ်တန်လျှင် တရုတ်ယွမ် ၃၅,၀၀၀ ကောက်ခံသည်သာမက နယ်စပ် ဖြတ်ကျော်သည့် မြေရှားသတ္တု ၁၀ မက်ထရစ်တန်တိုင်းအတွက် နှစ်တန်ကို အခွန်အဖြစ်ကောက်ခံသည်ဟု အစီရင်ခံစာက ဆိုသည်။ ၎င်းအချက်ကြောင့် ကေအိုင်အိုသည် အခွန်ကောက်ခံရရှိသော မြေရှားသတ္တုများကို တရုတ်ထံသို့ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်ရောင်းချနေသည်ဟု ယူဆရသည်။

တရုတ်နိုင်ငံ၏ မြေရှားသတ္တုလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့တစ်ခုဖြစ်သည့်  Shitu Shewei, Shewei Huisheng က ဒေသခံအလုပ်သမားများနှင့်တရုတ်လုပ်ငန်းရှင်များအကြား ပဋိပက္ခများကို ကြားဝင်စေ့စပ်ဖြေရှင်းပေးနေကြောင်း အစီရင်ခံစာက ဆိုသည်။ အဆိုပါအသင်းသည် ယူနန်ပြည်နယ်၊ တိန်ချန်းမြို့တွင် ရုံးခန်းဖွင့်လှစ်ထားပြီး တရုတ်ပိုင်ကုမ္ပဏီများနှင့် နီးကပ်သော ဆက်ဆံမှုများရှိသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

Shitu Shewei, Shewei Huisheng ဟူသော အမည်သည် ကူးသန်းရောင်းဝယ်ရေးအတွက် တရုတ်နိုင်ငံပိုင် မြေရှားသတ္တုကုမ္ပဏီများ ဦးဆောင်သော တရုတ်မြေရှားသတ္တုလုပ်ငန်းအသင်းကြီးကို ရည်ညွှန်းကိုးကားပုံရသည်။ အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူ အောင်ဟွန်း (Ao Hong) သည် အဓိကနိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သော တရုတ်မြေရှားသတ္တုအုပ်စု၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

တရုတ်အစိုးရနှင့်ချိတ်ဆက်မှုရှိသောအဖွဲ့များ ပန်ဝါဒေသ၌ ရောက်ရှိနေခြင်း ရှိ၊ မရှိကို ဖရွန်တီးယားက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

စာချုပ်ပေါ်က ညှိနှိုင်းမှုများ

၎င်းတို့ထိန်းချုပ်နယ်မြေရှိ မြေရှားသတ္တုတူးဖော်မှုတွင် ပါဝင်နေသော လုပ်ငန်းများနှင့် မြေရှားလုပ်ငန်းအတွက် ကေအိုင်အို၏ အခွန်ကောက်ခံမှုများကို အသေးစိတ်မသိရှိကြောင်း၊ ၎င်းလုပ်ငန်းများကို ကေအိုင်အို စီးပွားရေးဌာနကသာ ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကေအိုင်အို ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ဖရွန်တီးယားကို ဇူလိုင် ၂၂ ရက်က တယ်လီဖုန်းမှတဆင့် ဖြေကြားခဲ့သည်။

သို့ရာတွင် ပန်ဝါဒေသ၏အခြေအနေကိုမူ ၎င်းထံမှ သိရှိခဲ့ရသည်။ သတ္တုတွင်းလုပ်ငန်းများ ပြန်လည်မစတင်မီ ကေအိုင်အိုအနေဖြင့် ယခင်က ဇခုန်တိန့်ယိန်းအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီများနှင့် စေ့စပ်ညှိနှိုင်းရန် လိုအပ်ကြောင်း သူက ဆိုသည်။

“ဒီဒေသကို ကေအိုင်အိုက ထိန်းချုပ်ပြီးတဲ့နောက် တရုတ်ကုမ္ပဏီတွေအနေနဲ့ ကေအိုင်အိုနဲ့ စာချုပ်အသစ် မချုပ်ဆိုဘဲ ဒီဒေသမှာ ဆက်လက် အလုပ်လုပ်ကိုင်လို့ မရပါဘူး” ဟု သူက ပြောသည်။ “တချို့ စေ့စပ်ညှိနှိုင်းပွဲတွေကို ကေအိုင်အိုနဲ့ တရုတ်ကုမ္ပဏီတွေအကြား ပြုလုပ်ခဲ့ရတယ်။ ဒါကြောင့် ဂိတ်တွေ ပြန်ဖွင့်ဖို့ ကြန့်ကြာခဲ့ရခြင်းပါ” ဟု ၎င်းက ပြောသည်။ နော်ဘူ၏အဆိုအရ အခွန်ကောက်ခံမှုကိစ္စရပ်ကို ဆွေးနွေးပွဲများတွင် အဓိက ညှိနှိုင်းခဲ့ရသည်။

“ဇခုန်တိန့်ယိန်းအဖွဲ့ကို အခွန်တွေ ပေးပြီးသား၊ အခု ကေအိုင်အိုကိုပါ ပေးရရင် အခွန်နှစ်ထပ် ပေးရသလို ဖြစ်နေပြီး သူတို့ အကျိုးစီးပွားကို ထိခိုက်တယ်လို့ တရုတ်ကုမ္ပဏီတွေက စောဒကတက်တယ်။ ဒါကြောင့် အခွန်နှုန်းတွေ လျှော့ပေါ့ပေးဖို့ ကေအိုင်အိုကို သူတို့ အရေးဆိုကြတယ်။ ဒါကြောင့် လျှော့ပေါ့အခွန်နှုန်းထားနဲ့ ဆက်ပြီး အလုပ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေကို ကေအိုင်အိုက ခွင့်ပြုခဲ့ပါတယ်” ဟု သူက ရှင်းပြသည်။

တရုတ်သို့ ပို့ကုန်များတင်ပို့နိုင်ရေးအတွက် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ နယ်စပ်ဂိတ်အချို့ကို ယခုနှစ် အစောပိုင်းက တရားဝင်မဟုတ်ဘဲ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကချင်ပြည်နယ်အတွင်းသို့ ပစ္စည်းတင်သွင်းမှုမှာ အကန့်အသတ်ရှိနေဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးကို ပုံမှန်ပြန်လည်စတင်နိုင်ခြင်း မရှိသေးကြောင်း သူက ဖြည့်စွက်ပြောသည်။  

“မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြတယ်။ ဒါပေမဲ့ အရင်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတွေပဲ ဆက်လုပ်နေတာပါ။ ကုမ္ပဏီအသစ်တွေကို ခွင့်ပြုမထားဘူး။ လိုင်စင်အသစ်တွေလည်း ချပေးတာ မရှိပါဘူး။ ဒါကြောင့် မြေရှား သတ္တုသယ်တဲ့ ယာဉ်အဝင်အထွက်တွေဟာ အရင်မူလကုမ္ပဏီက ကားတွေပဲ ဝင်ထွက်လျက် ရှိပါတယ်” ဟု သူက ဆိုသည်။

ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းတစ်ခုကို ဇွန်လက တွေ့ရှိရစဉ် (ဓာတ်ပုံ – ပေးပို့)

နိုင်ငံရေးအကြောင်းတရားများ

မြေရှားလုပ်ငန်းများ အပြည့်အဝ ပြန်လည်စတင်ရန် နှောင့်နှေးနေရခြင်းတွင် နိုင်ငံရေးအကြောင်းရင်းများလည်း ရှိသည်ဟု သတင်းတချို့က ထောက်ပြကြသည်။ မြန်မာ့အာဏာသိမ်းဖြစ်စဉ်ပြီးကတည်းက တရုတ်နိုင်ငံသည် စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေမှုများ ရပ်တန့်ရန်နှင့် နယ်စပ်ဒေသတစ်လျှောက်မှ တပ်ဖွဲ့များ ရုပ်သိမ်းပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများကို တောက်လျှောက် ဖိအားပေးနေခဲ့သည်။ အချို့အဖွဲ့များက မိမိတို့ ရပ်တည်ချက်ကို မစွန့်လွှတ်ဘဲ အခိုင်အမာဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း အချို့မှာမူ ဖိအားဒဏ်ကို မခံနိုင်ဘဲ အလျှော့ပေးခဲ့ကြရသည်။

မြန်မာနိုင်ငံတွင် ခိုင်မာအားကောင်းမှုအရှိဆုံး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကေအိုင်အေသည် စစ်အာဏာသိမ်းမှုပြီးကတည်းက စစ်အစိုးရကို ဆန့်ကျင်သောအဖွဲ့များအား အကူအညီများ အဆက်မပြတ် ပေးအပ်နေသလို စစ်အစိုးရတပ်ဖွဲ့များနှင့်လည်း အပြင်းအထန် တိုက်ခိုက်နေရသည်။ ယမန်နှစ် မတ်လက ထိုးစစ်အသစ်တစ်ခုကို ကေအိုင်အေက စတင်ဆင်နွှဲခဲ့ပြီး စစ်အစိုးရထံမှ နယ်မြေအတော်များများ သိမ်းပိုက်ရရှိခဲ့ကာ ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဗန်းမော်ကို ထိန်းချုပ်နိုင်ရေး ဆက်လက် တိုက်ခိုက်လျက် ရှိသည်။

ကေအိုင်အေထိန်းချုပ်နယ်မြေမှ မြေရှားသတ္တုများကို  ဝယ်ယူမည်ဟူသော မက်လုံးဖြင့် ဗန်းမော်ထိုးစစ်ကို ရပ်တန့်ရန် ကေအိုင်အေကို တရုတ်က ဖိအားပေးလျက်ရှိကြောင်း ရိုက်တာသတင်းဌာန၏ ဇူလိုင်လ သတင်းတစ်ပုဒ်က ဖော်ပြသည်။ အဆိုပါသတင်းကို ဖရွန်တီးယားက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ နော်ဘူကတော့ ယင်းသတင်းပါ အချက်အလက်များသည် “လုံးဝ မှန်ကန်မှုမရှိ” ဟု  ငြင်းဆိုသည်။ 

“တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီတွေနဲ့ ကေအိုင်အိုအကြား ဆွေးနွေးပွဲတွေမှာ အဓိက တောင်းဆိုကြတာက အခွန်လျှော့ပေးဖို့နဲ့ တရုတ်ကုမ္ပဏီတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ အခုချိန်အထိတော့ မြေရှားသတ္တုဝယ်ယူတာ ရပ်ဆိုင်းဖို့နဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေက လုပ်ငန်းတွေကို ရပ်တန့်ဖို့ တရုတ်က ခြိမ်းခြောက်တာ၊ အရိပ်အယောင်ပြတာတွေ မရှိသေးပါဘူး” ဟု သူက ပြောသည်။ 

ဒေသစီးပွားရေး၊ နိုင်ငံရေးအခြေအနေများနှင့် အကျွမ်းတဝင်ရှိသော အသိုင်းအဝန်းကမူ ကေအိုင်အိုအနေဖြင့် တရုတ်နှင့် စေ့စပ်ညှိနှိုင်းသည့်အခါ အရေးပါသော အားသာချက်ရှိနေသည်ဟု ယူဆကြောင်း ဖရွန်တီးယားကို ပြောသည်။ လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်ပြလိုသော ကချင်ဒေသမှ လုပ်ငန်းရှင်တစ်ဦးက ကေအိုင်အေ၏ စစ်အင်အားအပြင် လူထုထောက်ခံမှုနှင့် ထိန်းချုပ်နယ်မြေ တိုးချဲ့လာနိုင်မှုတို့ကိုပါ ထည့်သွင်းတွက်ချက်ပါက ယခင်အတိတ်ကာလနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့တွင် ဩဇာအာဏာ ပိုမို ကြီးထွားလာခဲ့ပြီ ဟု ဆိုနိုင်ကြောင်း မှတ်ချက်ပြုသည်။

လက်ရှိဆောင်ရွက်ဆဲ ဆွေးနွေးမှုများတွင် ကေအိုင်အိုသည် အဖွဲ့၏ရပ်တည်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ထားဖွယ်ရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကချင်သယံဇာတရေးရာလှုပ်ရှားမှုအဖွဲ့မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“မြေရှားသတ္တု မတူးဘဲနဲ့လည်း ကေအိုင်အိုဟာ ဆက်လက်ရှင်သန်နိုင်ဆဲပါ။ ကျောက်စိမ်းနဲ့ ရွှေတူးဖော်မှုတွေအပြင် အခြားနည်းလမ်းတွေနဲ့လည်း သူတို့ အသက်ဆက်နိုင်ကြတယ်။ ကေအိုင်အိုက နည်းနည်းတင်းခံနေသလို တရုတ်နဲ့ စာချုပ်ချုပ်ဆိုဖို့ရာ သူတို့ သိပ်အလောတကြီး ဖြစ်နေတဲ့ အနေအထားမျိုးမှာလည်း မရှိဘူး” ဟု သူက ဖရွန်တီးယားကို  ရှင်းပြသည်။

ကချင်ပြည်နယ်တောင်ပိုင်း မိုးမောက်မြို့နယ်ရှိ ကေအိုင်အိုနယ်မြေတွင် တိုးပွားလာသော ဓာတုဆေးဝါးကန်များပြမြေပုံ (P. Oswald)

မြေရှားရင်းမြစ်အသစ်များ ရှာဖွေခြင်း

လတ်တလောတွင် တရုတ်နိုင်ငံသည် ၎င်း၏မြေရှားရင်းမြစ်ဈေးကွက်ကို လာအိုနှင့်အခြားနိုင်ငံများသို့ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းနေသည်ဟု Adamas Intelligence မှ ကက်စတီလိုက ပြောသည်။ ၎င်း၏အဆိုအရ ကချင်အထူးဒေသ(၁)ကို ကေအိုင်အေ သိမ်းပိုက်လိုက်ခြင်းက တရုတ်၏ရင်းမြစ်ဈေးကွက်သစ် ရှာပုံတော်အစီအစဉ်ကို တွန်းအားပေးခဲ့ပုံရသော်လည်း အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက မြန်မာနိုင်ငံ၏ မတည်ငြိမ်သော အခြေအနေအရပ်ရပ်ကြောင့် မြေရှားသတ္တုလုပ်ငန်းအပေါ် ဖိအားများ ကျရောက်နေခဲ့ခြင်း ဖြစ်ကြောင်း သူက သုံးသပ်သည်။

မြေရှားတူးဖော်ရေးလုပ်ငန်းများသည် ရှမ်းပြည်နယ်၌လည်း တိုးပွားလာနေသည်။ ယင်းကို မေလအတွင်းက စစ်အစိုးရနှင့် “ဝ” ပြည် စည်းလုံးညီညွတ်ရေးတပ်ဖွဲ့တို့ ပူးတွဲထိန်းချုပ်ထားသော ထိုင်းနိုင်ငံ နယ်စပ်ဒေသ ဂြိုဟ်တုဓာတ်ပုံများအရ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ဖော်ထုတ်တွေ့ရှိရခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းရှိ သတ္တုတွင်းနေရာများသည် ၂၀၂၃ နှစ်လယ်နှင့် ၂၀၂၄ နှစ်လယ်များက ပေါ်ထွက်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။ ဇွန်လက ထုတ်ဝေသော ဒုတိယမြောက် အစီရင်ခံစာ၌ တရုတ်နှင့် ရှမ်းပြည်နယ် နယ်စပ်၊ မိုင်းပေါက်မြို့အနီးရှိ “ဝ” ဒေသအတွင်း မြေရှားသတ္တုလုပ်ကွက် ၂၆ ခုကို ဖော်ထုတ်တွေ့ရှိကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်နှင့် တရုတ်၊ ထိုင်းတို့နှင့် ထိစပ်နေသော နယ်နိမိတ်အနီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၂ ခုကို ထိန်းချုပ်ထားသော “ဝ” တပ်ဖွဲ့သည် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ “ဝ” သည် တရုတ်နှင့်နီးကပ်သော ဆက်ဆံရေးများရှိပြီး မြန်မာနိုင်ငံ၏အာဏာသိမ်းမှုအလွန် တော်လှန်ဆန့်ကျင်မှုများတွင် ဝင်ရောက်မစွက်ဖက်ရေးမူကို ဆက်လက်ကျင့်သုံးသည်။ “ဝ” ဒေသသည် ကမ္ဘာ့ သံဖြူအများဆုံး ထုတ်လုပ်ရာဒေသတစ်ခုဖြစ်ပြီး ကချင်ဒေသ၏အကျိုးအမြတ်ကြီးမားရာ ကျောက်စိမ်းတွင်းများ၌လည်း “ဝ” အဖွဲ့က အဓိကဝင်ရောက်လုပ်ကိုင်နေသည်။ မကြာသေးမီနှစ်များကမူ “ဝ” တပ်ဖွဲ့သည် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ၌ပါ ရင်းနှီးမြှုပ်နှံလာကြသည်။

တစ်ဖက်တွင် တရုတ်တို့က မြေရှားသတ္တုရင်းနှီးမြှုပ်နှံနိုင်မည့် မြေနေရာ အသစ်များ ရှာဖွေနေကြသကဲ့သို့ တစ်ဖက်တွင်လည်း ကေအိုင်အိုက  တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းလာပုံရသည်။  ဇူလိုင် ၂၉ ရက်က ထုတ်ဝေသော ရိုက်တာသတင်းအရ မကြာသေးမီလများအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကေအိုင်အိုအရာရှိများအကြား ကချင်ပြည်နယ် မြေရှားသတ္တုထုတ်လုပ်ရေးအတွက် ကြားခံပုဂ္ဂိုလ်များမှတဆင့် ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။ သို့ရာတွင် အမေရိကန်အိမ်ဖြူတော်၌ ဤအကြောင်းအရာအတွက် ပြောဆိုဆွေးနွေးမှုများသည် ကနဦးစူးစမ်းမေးမြန်းသည့် သဘောအဆင့်သာ ရှိသေးကြောင်း ယင်းအခြေအနေနှင့် အကျွမ်းတဝင်ရှိသည့် အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကားလျက် ရိုက်တာက ရေးသားသည်။

ရိုက်တာက ဆက်လက်ဖော်ပြရာတွင် မတ်လအတွင်းက ကေအိုင်အိုအရာရှိများနှင့် အိန္ဒိယနိုင်ငံပိုင် သတ္တုတူးဖော်သန့်စင်ရေးကုမ္ပဏီမှ ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။ သို့သော် အိန္ဒိယနိုင်ငံ၌ မြေရှားသတ္တုသန့်စင်ရေးနည်းပညာနှင့် တူးဖော်ရေးဓာတုပစ္စည်းများ မရှိခြင်းကြောင့် ကေအိုင်အိုအနေဖြင့် တရုတ်အပေါ်သာ ဆက်လက်မှီခိုနေရဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ဖရွန့်တီးယားကို ပြောသည်။ 

“ကေအိုင်အိုဟာ ဒီမြေရှားသတ္တုတွေကို မဟာဗျူဟာကျကျ အပေးအယူလုပ်နိုင်မယ့် ဝှက်ဖဲတွေသဖွယ် အသုံးချဖို့ ကြိုးပမ်းနေတယ်။ သူတို့ ရောင်းချင်ရင်၊ ငွေပင်ငွေရင်း ရင်းနှီးမြှုပ်နှံမှုတွေ လိုချင်ရင် တရုတ်ကုမ္ပဏီတွေကပဲ ဒါကို အာမခံနိုင်လိမ့်မယ်” ဟု သူက ဆိုသည်။

ပန်ဝါအနီးရှိ စမ်းချောင်းတစ်ခုကို ဇွန်လအတွင်းက တွေ့ရစဉ်။ မြေရှားသတ္တု တူးဖော်ရာတွင် အဆိပ်ဖြစ်စေသော ဓာတုပစ္စည်းများကို အထိန်းအကွပ်မဲ့ အသုံးပြုခြင်းကြောင့် ရေထုညစ်ညမ်းမှုအတွက် စိုးရိမ်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများက ပြောသည်။ ( ဓာတ်ပုံ – ပေးပို့)

ကြိုလင့်နေသော စိန်ခေါ်မှုများ

သတ္တုတူးဖော်ရေးလုပ်ငန်း ပြန်လည်စတင်သည့်အခါ ကေအိုင်အိုအတွက် စွန့်စားစရာအများအပြား ရှိသည်။ အာဏာမသိမ်းခင်နှစ်များက ကေအိုင်အိုသည် သယံဇာတစီမံခန့်ခွဲရေးမူဝါဒ ရေးဆွဲရန် လူထုဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့သည်။ သို့သော် မူဝါဒကို ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အာဏာသိမ်းမှုအလွန် တော်လှန်ရေးတွင် ပါဝင်ပတ်သတ်စေခဲ့ခြင်းက ကေအိုင်အိုအတွက် ငွေကြေးရင်းမြစ်များ ပိုမိုလိုအပ်လာစေသည်။ တစ်ဖက်တွင်လည်း ၎င်း၏နိုင်ငံရေးရည်မှန်းချက်များကြောင့် လူထုထောက်ခံမှု မြင့်မားတိုးတက်လာသည်နှင့်အမျှ သယံဇာတစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိရန် ဖိအားပေးမှုများကို တိုးမြင့်ရင်ဆိုင်လာရသည်။

ဤပြဿနာများကြောင့် ၂၀၂၃ ခုနှစ်အတွင်း အကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လူထုကန့်ကွက်ဆန္ဒပြမှု များကို လိုက်လျော၍ ကေအိုင်အိုဥက္ကဋ္ဌ အန်ဘန်လက ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဆောင်ရွက်မည့် မြေရှားသတ္တုတူးဖော်ရေး အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ သို့သော်လည်း ကေအိုင်အိုသည် ၂၀၂၄ အစောပိုင်းက ပေါ်ပေါက်ခဲ့သော ဆန္ဒပြမှုများကို နှိမ်းနင်းခဲ့ပြီး ချီဖွေမြို့နယ်၊ ဖရဲဒေသအပါအဝင် အခြား နယ်မြေများ၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ဆက်လက်ခွင့်ပြုနေခဲ့သည်။

ပန်ဝါဒေသ၌မူ ကေအိုင်အိုသည် မတူညီသောပုံစံဖြင့် ချဉ်းကပ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် အများပြည်သူ စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားလျက် မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းကို စီမံခန့်ခွဲသွားမည်ဟု ကတိပြုခဲ့သည်။ ကေအိုင်အိုသည် မြေရှားသတ္တုတွင်းလုပ်ငန်းအပါအဝင် သယံဇာတစီမံခန့်ခွဲမှု၊ သတ္တုတူးဖော်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုဆိုင်ရာ မူဝါဒတစ်ရပ်ကို ချမှတ် ကျင့်သုံးလျက်ရှိသည်ဟု နော်ဘူက ပြောသည်။ မူဝါဒတွင် လိုင်စင်ချထားခြင်း၊ အခွန်ကောက်ခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်ပြီး ကုမ္ပဏီများအနေဖြင့် ဒေသခံပြည်သူလူထုနှင့် မည်သို့ထိတွေ့ ဆက်ဆံရမည်ဟူသော မူဘောင်တစ်ခုကိုလည်း ထည့်သွင်းရေးဆွဲထားသည်ဟု ၎င်းက ဆိုသည်။

သို့ရာတွင် မူဝါဒကို ကေအိုင်အို၏စီးပွားရေးဌာနက ရေးဆွဲချမှတ်ထားခြင်းဖြစ်ကာ အများပြည်သူဖတ်ရှုရန် ထုတ်ပြန်ထားခြင်း မရှိကြောင်း နော်ဘူက ပြောသည်။ “စီးပွားရေးဌာနက ကုမ္ပဏီတွေဆီ ဒီမူဝါဒကို တိုက်ရိုက် ပေးပို့တာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲ့ဒီစည်းကမ်းချက်တွေကို သဘောတူရင် လုပ်ငန်းလုပ်ကိုင်ခွင့် ပါမစ်ကို ခွင့်ပြုမယ်၊ ဒါမှမဟုတ် သဘောတူစာချုပ်  ချုပ်နိုင်သည်အထိ ကေအိုင်အိုနဲ့ ဆက်လက် ဆွေးနွေး ညှိနှိုင်းကြတယ်ပေါ့” ဟု သူက ရှင်းပြသည်။

ဖရွန့်တီးယားက တွေ့ဆုံမေးမြန်းခဲ့သော သတင်းရင်းမြစ်များက ကေအိုင်အိုအနေဖြင့် ၎င်း၏နယ်မြေအသစ်တွင် အများပြည်သူ အကျိုးစီးပွားကို ချင့်ချိန်စဉ်းစားလျက် မြေရှားသတ္တုလုပ်ငန်းကို စီမံခန့်ခွဲလိမ့်မည်ဟု မျှော်လင့် ကြောင်း၊ သို့သော် မသေချာ မရေရာမှုများလည်း ရှိနေကြောင်း ထုတ်ဖော်ပြောဆိုသည်။ 

“ကေအိုင်အိုရဲ့တရားဝင်မှုဆိုတာ ကချင်လူထုအပေါ်မှာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ မြေရှားသတ္တုလုပ်ငန်းတွေကို အပြည့်အဝ ထဲထဲဝင်ဝင် လုပ်ကိုင်ဖို့ရာမှာ အနည်းဆုံးတော့ အများပြည်သူရဲ့ ထောက်ခံမှုရရှိတာဖြစ်စေ၊ အများပြည်သူက သဘောတူပါတယ်ဆိုတဲ့ ပုံစံမျိုး ပုံဖော်တာဖြစ်စေ ကေအိုင်အိုတို့ ကြိုးပမ်းရပါလိမ့်မယ်” ဟု ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကချင်နိုင်ငံရေးလေ့လာဆန်းစစ်သူကမူ မြေရှားသတ္တုမှ ရရှိလာသော အကျိုးအမြတ်များကို ကေအိုင်အိုခေါင်းဆောင်များက လက်ဝါးကြီးအုပ် ခွဲဝေရယူနေသည်ဟု လူအများ ထင်မြင်သွားပါက ကေအိုင်အိုသည် အဖွဲ့ အစည်းအတွင်းမှ ပေးလာမည့် ဖိအားကိုလည်း ရင်ဆိုင်ရနိုင်သည်ဟု သုံးသပ်သည်။ “မြေရှားသတ္တုကို ကေအိုင်အိုရဲ့ စီမံခန့်ခွဲပုံ ခန့်ခွဲနည်းဟာ ကေအိုင်အိုရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူထုထောက်ခံမှုအပေါ် သက်ရောက်မှု အများအပြား ရှိလာပါလိမ့်မယ်”ဟု သူက ဆိုသည်။

အထူးဒေသဟောင်းအတွင်းရှိ ရပ်ရွာလူထု၏ယုံကြည်မှုကို ရရှိရန်မှာ အထူးစိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ အားလုံးအကျုံးဝင်သက်ဆိုင်ရေးဟု ကေအိုင်အိုက ကြွေးကြော်နေစဉ်မှာပင် ကချင်မျိုးနွယ်စုတစ်ခုဖြစ်သော ဂျိန်းဖောလူမျိုးများကို မျက်နှာသာပေးသည်ဟူသော စွပ်စွဲမှုများကို ၎င်းတို့ ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရသည်။ ကချင်ပြည်နယ်မှ စစ်တပ်နှင့် မဟာမိတ်ပြုထားသော အခြားခေါင်းဆောင်များကဲ့သိုပင် ဇခုန်တိန့်ယိန်းနှင့် အဖွဲ့ကလည်း ဒေသအတွင်းရှိ ဂျိန်းဖောမဟုတ်သော အခြားလူမျိုးများကို ကေအိုင်အို၏ရန်မှ အကာအကွယ်ပေးမည်ဟု အခိုင်အမာ ပြောဆိုထားသည်။

ဂျိန်းဖောဘာသာစကားကို ရုံးသုံးဘာသာအဖြစ် ကေအိုင်အိုက ဆက်လက်အသုံးပြုနေမှုအပါအဝင် အခြား ကိစ္စရပ်များအပေါ်တွင် ကချင်အနွယ်ဝင် လူမျိုးစုများအကြားတင်းမာမှု ကြီးထွားလာမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ အခြားဒေသတစ်ခု၌ နေထိုင်လျက်ရှိသည့် ပန်ဝါမြို့ခံ လော်ဝေါ်လူမျိုး တစ်ဦးက ဖရွန့်တီးယားကို ပြောသည်။ 

“ကျွန်မတို့ လော်ဝေါ်နဲ့ လရှီးလူမျိုးတို့ဆိုတာ တိုင်းရင်းသား [ကချင်လူမျိုး] တွေပါပဲ။  ဂျိန်းဖောဘာသာစကား သုံးရမယ်လို့ [ကေအိုင်အိုက] အတင်းအကြပ်ခိုင်းတာ၊ လှည့်စားပြီး သုံးစေတာတွေ မလုပ်သင့်ဘူး။ ဒေသအတွက် တိုက်ပွဲဝင်ခဲ့ကြတာ ဂျိန်းဖောမျိုးနွယ်တစ်ခုထဲ မဟုတ်ပါဘူး။ လော်ဝေါ်လူမျိုး အမြောက်အမြား၊ လရှီးနဲ့ ငေါ့ချန်းလူမျိုး အများအပြားလည်း သူတို့အသက်တွေကို စတေးခဲ့ကြရပါတယ်” ဟု သူက ဆိုသည်။

ကေအိုင်အိုသည် ၎င်းတို့နယ်မြေအတွင်း၌ မြေရှားတူးဖော်ရေးကိုသာ အလေးထားနေခြင်းမဟုတ်ဘဲ စီမံအုပ်ချုပ်ရေးနှင့်အများပြည်သူဝန်ဆောင်မှုများကိုလည်း ထူထောင်လျက်ရှိကြောင်း နော်ဘူက အလေးအနက် ပြောသည်။ “ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စတဲ့ ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်”  ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ကေအိုင်အိုသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်များကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း ဖြည့်စွက်ရှင်းပြရင်း “ကျွန်တော်တို့ရဲ့ လက်ရှိ ဦးစားပေးလုပ်ဆောင်ချက်က ဒီဒေသမှာ နေထိုင်နေတဲ့ ဒေသခံပြည်သူတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးပဲ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ယခုအချိန်အထိ ဇခုန်တိန့်ယိန်းအဖွဲ့က တန်ပြန်ထိုးစစ်များ ဆင်နွှဲတိုက်ခိုက်လာခြင်း မရှိသေးသော်လည်း လုံးဝ တိုက်လာနိုင်ချေမရှိသည့် အနေအထားမျိုးတော့ မဟုတ်ပေ။ ဇွန်လအတွင်းက ဇခုန်တိန့်ယိန်း၏ သားအကြီးဆုံးဖြစ်သူ ယိန်းဆောင်းနှင့်ပတ်သက်နေပုံရသည့် ဖေ့စ်ဘွတ်အကောင့်တစ်ခုက တင်ထားသော ယခုကာလ အတောအတွင်း ရိုက်ကူးထားသည့် ဗီဒီယို နှစ်ခုပါ ရေးသားချက်များအရ အထူးဒေသ(၁)ဟောင်းကို ပြန်လည်ရရှိရေး အင်အားသုံးတိုက်ခိုက်ရန် ပြင်ဆင်နေပုံရသည်။

လေ့လာဆန်းစစ်သူ၏အဆိုအရ နယ်ခြားစောင့်တပ်နှင့် ၎င်း၏မဟာမိတ်များက ပန်ဝါဒေသကို ပြန်လည် ရယူမည်ဆိုပါက စစ်အစိုးရ၏အကူအညီမပါဘဲ ကေအိုင်အေကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ဖွယ် မရှိကြောင်း သိရသည်။ ယခင်အထူးဒေသ(၁)အဖွဲ့များကို ဖျောင်းဖျပြီး စစ်အစိုးရ၏အကူအညီကို ရယူခြင်း မရှိအောင် စည်းရုံးနိုင်ရေးအတွက် ကေအိုင်အိုသည် မြေရှားသတ္တု အကျိုးအမြတ်အချို့ကို ၎င်းတို့အား ခွဲဝေပေးကောင်း ခွဲဝေပေးလိမ့်မည်ဟု လေ့လာဆန်းစစ်သူက သုံးသပ်သည်။

“သတ္တုတူးဖော်ရေးလုပ်ငန်းကို ဆက်လုပ်မယ် ဆိုရင်၊ ယုတ်စွအဆုံး ကေအိုင်အိုက ဒီဒေသမှာ အုပ်ချုပ်မှု ထူထောင်မယ်ဆိုရင်ပင် ဒေသကို အမှန်တကယ် တည်ငြိမ်အောင် လုပ်ဖို့လိုတယ်။ အဲ့သလို လုပ်ဖို့ရာမှာ ဇခုန်တိန့်ယိန်းအဖွဲ့နဲ့ သဘောတူညီမှု တစ်ခုခုရရှိအောင် ကေအိုင်အိုတို့ ကြိုးစားရလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်” ဟု သူက ပြောသည်။

အဆိုပါဒေသကို မည်သူက ထိန်းချုပ်ထားသည်ဖြစ်စေ ကချင်ဒေသ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း ကြီးထွားလာမှုမှ အကြီးမားဆုံးအကျိုးအမြတ်ရမည့်သူမှာ တရုတ်နိုင်ငံသာ ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ထောက်ပြသည်။

“တရုတ်ကတော့ ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်ကို တောက်လျှောက် တလွဲအသုံးချနေခဲ့တာပါပဲ။ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်နေချိန်မှာ ပွဲလန့်တုန်း ဖျာခင်းတဲ့ သဘောမျိုးပါ” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားနေသည့် အရပ်ဖက်ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.