၁၅ နှစ်ကြာ ရပ်ထားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်က ပြန်လည်စတင်လည်ပတ်ဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်လိုက်တဲ့အခါမှာ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေအတွက် ထိတ်လန့်ဖွယ် အချက်ပေးခေါင်းလောင်းသံတွေ ဆူညံသွားပါတော့တယ်။
ဖရွန်တီးယား
တောင်သူတစ်ယောက်ဖြစ်တဲ့ ကိုမင်းလေး နှစ်ပေါင်းများစွာ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ခဲ့ရတဲ့ အကြောက်တရားတွေ အခုတော့ လက်တွေ့ကြုံရတော့မယ့် အနေအထားပါ။
လွန်ခဲ့တဲ့ နှစ်နှစ်က စလို့ ဆက်တိုက်ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကော်မရှင်က အမေရိကန်ဒေါ်လာ ၃ဒဿမ၆ ဘီလီယံတန်ဖိုးရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ စီစဉ်နေတာကို တွေ့ရပါတယ်။
ကိုမင်းလေးအပါအဝင် ဒေသခံတောင်သူ အများအပြားအတွက်တော့ ဒါက သတင်းဆိုးပါပဲ။ တရုတ်နိုင်ငံကို လျှပ်စစ်ဓာတ်အား အဓိကတင်ပို့ဖို့ ရည်ရွယ်တဲ့ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၁၅ နှစ် က ရပ်ဆိုင်းခဲ့ပြီးနောက် ဒါကို အများအကျိုးအတွက် ဆက်လက်လုပ်ဆောင်တော့မှာ မဟုတ်ဘူး၊ အပြီးအပိုင် ဖျက်သိမ်းသွားပြီလို့ သူတို့က ယုံကြည်ခဲ့ကြပါတယ်။
“လူတိုင်း စိတ်မကောင်းဖြစ်နေကြတယ်။ ဒီစီမံကိန်းကြီးကို ကျနော်တို့ လုံးဝ ပြန်မစစေချင်ဘူး” လို့ အသက် ၄၂ နှစ်အရွယ် ကိုမင်းလေး (အမည်လွှဲ) က ဖရွန်တီးယားကို ပြောပါတယ်။
မေခနဲ့မလိခ မြစ်နှစ်သွယ်ဆုံရာက ပေါ်လာတဲ့ ဧရာဝတီမြစ်ကြီး စတင်ရာ မြစ်ဆုံနဲ့ နီးကပ်တဲ့ တန်ဖရဲရွာမှာ ကိုမင်းလေးတို့ မိသားစုက မျိုးရိုးစဉ်ဆက် နေထိုင်လာခဲ့ကြတာပါ။
“ရွာကလူတွေက မြစ်ဆုံပတ်ဝန်းကျင်မှာပဲ အသက်မွေးဝမ်းကျောင်းကြတာ။ တချို့က သီးနှံတွေ စိုက်တယ်။ တချို့ကတော့ ရေလုပ်ငန်း လုပ်ကြတယ်” လို့ သူက ဆိုပါတယ်။
၂၀၀၉ ခုနှစ်နှောင်းပိုင်းမှာတော့ တရုတ်အစိုးရပိုင်ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ ပူးပေါင်း အကောင်အထည် ဖော်မယ့် မဂ္ဂါဝပ် ၆,၀၀၀ ထွက်ရှိမယ့် မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ရေးအတွက် တန်ဖရဲရွာကနေ ဖယ်ရှားပေးရမယ်လို့ ရွာသားတွေကို အကြောင်းကြားခဲ့ပါတယ်။
နောက်တစ်နှစ်မှာတော့ ကိုမင်းလေးတို့ တစ်ရွာလုံးကို အောင်မြင်သာလို့ခေါ်တဲ့ ရွာသစ်ကို အဓမ္မ ပြောင်းခိုင်းတော့တာပါပဲ။
“အဲဒီတုန်းက မေလထဲမှာဆိုတော့ မိုးတွေရွာနေတာဗျ။ ကျနော်တို့ ပြောင်းပြီးတာနဲ့ သူတို့က ကျနော်တို့ရဲ့ အိမ်တွေကို ဖျက်ဆီးပစ်ကြတယ်။ ရပ်ကြည့်နေရုံကလွဲလို့ ကျနော်တို့ ဘာမှမလုပ်နိုင်ခဲ့ကြဘူး။ အဲဒီအကြောင်း ပြန်စဉ်းစားမိတိုင်း ရင်ထဲမှာ နာကျင်ရတယ်။ ကိုယ့်အိမ်ကို ဆုံးရှုံးရတာ တကယ်ကို နာကျင်စရာကောင်းတယ်” လို့ သူက ပြောပါတယ်။
ဒီဆည်စီမံကိန်းရဲ့ နားလည်မှုစာချွန်လွှာကို ၂၀၀၆ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ State Power Investment Corporation လို့ နောက်ပိုင်းမှာ နာမည်ပြောင်းလိုက်တဲ့ China Power Investment Corporation တို့အကြား ပထမဆုံး လက်မှတ်ရေးထိုးခဲ့ပါတယ်။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ တရုတ်ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ အာရှဝေါလ် (Asia World) ကုမ္ပဏီက ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပါတယ်။
ဒေသခံ ရွာသူရွာသားတွေနဲ့ ကချင်လူမှုအဖွဲ့အစည်းတွေက ဆည်တည်ဆောက်မယ့် သတင်းကို ကြားကြားချင်းမှာပဲ ချက်ချင်းဆိုသလို ဆန္ဒပြခဲ့ကြပြီး ဧရာဝတီဟာ ‘မြန်မာ့အသက်သွေးကြော’ ဆိုတဲ့ အယူအဆနဲ့အတူ မြစ်ဆုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ပြန့်လာခဲ့ပါတယ်။
လူထုရဲ့ ပြင်းထန်တဲ့ကန့်ကွက်မှုတွေကြောင့် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ရပ်ဆိုင်းခဲ့ပါတယ်။
“စီမံကိန်းရပ်သွားတော့ ကျနော်တို့ အရမ်းပျော်ခဲ့ကြတာ။ အပြီးရပ်သွားလိမ့်မယ်လို့လည်း မျှော်လင့်ခဲ့တာ။ ဒါပေမဲ့ တစ်နေ့မဟုတ် တစ်နေ့တော့ ပြန်စလေမလားဆိုတဲ့ အတွေးက အဲဒီအချိန်ကတည်းက ကျနော့်ကို ခြောက်လှန့်နေခဲ့တာ” လို့ ကိုမင်းလေးက ပြောပါတယ်။

တဖန် ခြေဦးလှည့်လာခြင်း
၂၀၂၄ ခုနှစ် ဧပြီလမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့ ‘မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ရေးအဖွဲ့’ ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။
၂၀၂၅ သြဂုတ်မှာတော့ စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီစီမံကိန်းကို ပြန်စတော့မယ်လို့ တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့မှာ လုပ်ခဲ့တဲ့ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးမှာ တရားဝင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာမှာတော့ စစ်ကော်မရှင်မှာ ဒုတိယအဆင့်ရှိတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ အတူ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို တာဝန်ယူကိုင်တွယ်နေတဲ့ အဆင့်မြင့်အရာရှိကြီး တစ်ယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ကချင်ပြည်နယ်ကို သွားပြီး ဒေသခံရပ်မိရပ်ဖတွေကို ဆည်စီမံကိန်းအကြောင်း ရှင်းပြခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း စစ်ကော်မရှင်က စီမံကိန်းအပေါ် လူထုထောက်ခံမှုရရှိအောင် ရည်ရွယ်ပြီး မြစ်ကြီးနားမြို့မှာ လူထုတွေ့ဆုံပွဲ နှစ်ကြိမ်ထက်မနည်း လုပ်ခဲ့ပါတယ်။
ဒီဆည်ကြီးဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုဒဏ်ကို အမြဲခံစားနေရတဲ့ ကချင်ပြည်နယ်အတွက် စိတ်ချရတဲ့ လျှပ်စစ်မီးကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ စစ်ကော်မရှင်ဘက်က ဆိုပါတယ်။
ဒါ့အပြင် ပြည်နယ်မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ကိုလည်း နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှု အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်မှာဖြစ်ကြောင်း ပြောဆိုကာ စည်းရုံးနေတာတွေ ရှိတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုက တက်ကြွလှုပ်ရှားသူ မသင်းသင်း (အမည်လွှဲ) က ဖရွန်တီးယားကို ပြောပါတယ်။
“ရွှေတူးဖော်မှုတွေကြောင့် ဧရာဝတီမြစ်မှာ နုန်းတင်တာနဲ့ မြစ်ကြမ်းပြင် မြင့်တက်လာတာတွေဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေတယ်၊ ဆည်ဆောက်လိုက်ရင် ဒါတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်တယ်” လို့ ဒီဇင်ဘာလမှာလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ စစ်တပ်က ပြောဆိုခဲ့ကြောင်း ဒီပွဲကို တက်ခဲ့သူတစ်ယောက်ရဲ့ စကားကို ကိုးကားပြီး မသင်းသင်းက ပြန်ပြောပြပါတယ်။
၂၀၀၆ ခုနှစ်မှာ ပထမဆုံး လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာအရ ဆည်ကနေ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်နိုင်ငံကို ပေးပို့ဖို့ သတ်မှတ်ထားပါတယ်။ စစ်အစိုးရကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် သို့မဟုတ် စုစုပေါင်း အကျိုးအမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရရှိမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။
ဒါပေမဲ့ အခုတော့ အကျိုးအမြတ်ခွဲဝေမှု အစီအစဉ်မှာ အပြောင်းအလဲတွေ ရှိလာပြီလို့ စစ်ကော်မရှင် တာဝန်ရှိသူတွေက ကချင်ရပ်မိရပ်ဖတွေကို မက်လုံးပေးပြောဆိုခဲ့တယ်လို့ မသင်းသင်း ပြောပါတယ်။
“အခု တရုတ်က ၆၀ ရာခိုင်နှုန်း၊ မြန်မာက ၄၀ ရာခိုင်နှုန်းဆိုပြီး စာချုပ်ကို ပြောင်းလိုက်ပြီလို့ သူတို့က ပြောတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေကို တရားဝင် ထုတ်ပြဖို့ လိုတယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့ စကားတွေက ယုံကြည်လို့မရပါဘူး” လို့ သူက ပြောပါတယ်။
ဒီစီမံကိန်းကို တာဝန်ယူထားတဲ့ စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စီမံကိန်းရဲ့ တရုတ်ဘက်က မိတ်ဖက်ဖြစ်တဲ့ State Power Investment Corporation တို့ကို မှတ်ချက်ပေးဖို့ ဖရွန်တီးယားက ဆက်သွယ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
မြစ်ဆုံသာ ပျက်စီးခဲ့ရင်
ဆည်နဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ ထောက်ပြကြတဲ့ အချက်တစ်ခုကတော့ မြစ်ဆုံဆည် တည်ဆောက်မယ့်နေရာက စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ၁၈ မိုင်တောင် မဝေးတဲ့နေရာမှာ ရှိနေတာပါ။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က အဲဒီစစ်ကိုင်းပြတ်ရွေ့ကြောမှာ ပမာဏ ၇ဒဿမ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခဲ့ပြီးနောက် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သလို လူပေါင်း ၅,၀၀၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။
တကယ်လို့ ငလျင်ကြောင့်သာ ဆည်ကျိုးပျက်သွားမယ်ဆိုရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးလာမယ့်ရေထုကြီးက မြစ်ကြီးနားမြို့နဲ့ မြစ်အောက်ပိုင်းက ကျေးရွာတွေမှာ ရှိနေတဲ့ ဘဝများစွာနဲ့ လူထုအသိုက်အဝန်းကို သေကျေပျက်စီးစေမယ့် ဘေးအန္တရာယ်ကြီးထဲ တွန်းပို့တာမျိုး ဖြစ်ပေါ်နိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
“ငလျင်ကြောင့် ဆည်သာကျိုးသွားရင် မြစ်အောက်ပိုင်းမှာရှိတဲ့ လူတိုင်း ဒုက္ခရောက်ကုန်ကြမှာပါ” လို့ လုံခြုံရေးအရ အမည်လွှဲသုံးထားတဲ့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ ကိုတေဇာက ပြောပါတယ်။
ဆည်ဆောက်လိုက်လို့ စိုက်ပျိုးရေပေးဝေမှုနဲ့ ငါးတွေရဲ့ ရာသီအလိုက် ရွှေ့ပြောင်းသွားလာမှုတွေ အနှောင့်အယှက် ဖြစ်သွားမှာကိုလည်း တက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။ တရုတ်နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ဆည်တွေ တည်ဆောက်ခဲ့တဲ့ အရှေ့တောင်အာရှက တခြားမြစ်တွေမှာလည်း အလားတူ ပြဿနာတွေ ကြုံခဲ့ရဖူးတယ်လို့ ကိုတေဇာက ဆိုပါတယ်။
ဒီစီမံကိန်းကို ကန့်ကွက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ယဉ်ကျေးမှုဆိုင်ရာစဥ်းစားချက်လည်း ပါပါတယ်။ ကချင်လူမျိုးတွေက မြစ်ဆုံဒေသကို သူတို့ ယဉ်ကျေးမှုစတင်ရာလို့ သတ်မှတ်ထားကြတာမို့ အဲဒီနေရာ ပျက်စီးပျောက်ကွယ်သွားမလား ဆိုတဲ့ စိုးရိမ်မှုနဲ့အတူ ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာပါ။
“မြစ်ဆုံဟာ ကျမတို့ ဘိုးဘွားဘီဘင်တွေ နေခဲ့တဲ့နေရာ။ ကျမတို့ လူမျိုးစုတွေရဲ့ မူလမြစ်ဖျားခံရာ ဖြစ်ပါတယ်” လို့ ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက ပြောပါတယ်။
“ကချင်ရိုးရာအရဆိုရင်တော့ မြစ်ဆုံဟာ ကျမတို့ရဲ့ ဂုဏ်သိက္ခာနဲ့ သာယာဝပြောမှုကို စောင့်ရှောက်တဲ့ အင်အားစုတွေ ကိန်းဝပ်ရာနေရာပါ။ အကယ်၍ မြစ်ဆုံသာ ပျက်စီးသွားမယ်ဆိုရင် တစ်မျိုးသားလုံးရဲ့ စိတ်ဓာတ်နဲ့ ကံကြမ္မာကိုပါ ထိခိုက်သွားပါလိမ့်မယ်”လို့ သူက ဆိုပါတယ်။

တစ်ကျော့ပြန် အရှိန်မြင့်လာတဲ့ ဆန္ဒပြမှုတွေ
ဆည်စီမံကိန်းကိစ္စ ပြန်အသက်ဝင်လာပေမဲ့ မြစ်ဆုံဒေသမှာတော့ အခုထက်ထိ တည်ဆောက်မှုအသစ်တွေ စတင်တာမျိုးတော့ မတွေ့ရသေးဘူးလို့ ကချင်ပြည်နယ် မြေပြင်သတင်းရင်းမြစ်တွေက ဖရွန်တီယားကို ပြောပါတယ်။ဒါပေမဲ့ ဆည်စီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုတွေကတော့ တစ်ကျော့ပြန် ပြင်းထန်လာနေပြီ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့မှာ ရာနဲ့ချီတဲ့ မြစ်ကြီးနားမြို့ ခံပြည်သူတွေဟာ ‘ပြည်သူ့အသံကို နားထောင်ပါ’၊ ‘မြစ်ဆုံစီမံကိန်း ရပ်ပါ’၊ ‘အသက်ပေါင်းများစွာ ကယ်တင်ဖို့ မြစ်ချောင်းအင်းအိုင် ဖျက်ဆီးမှုကို တားဆီးစို့’ နဲ့ ‘မြစ်ဆုံကို – ဆည်မဆောက်ပါနဲ့’ စတဲ့ စာသားပါ ဆိုင်းပုဒ်တွေကို ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒါဟာ ကချင်လူမျိုးတွေကိုတင် ထိခိုက်စေမှာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကို ထိခိုက်စေမှာပါ” လို့ မြစ်ကြီးနားအခြေစိုက် လူမှုအဖွဲ့အစည်းတက်ကြွလှုပ်ရှားသူ ကိုဝေလင်းက ပြောပါတယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်တပ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ကလည်း ဒီဆည်စီမံကိန်းကို အစကတည်းက ငြင်းပယ်ခဲ့တာပါ။
“KIA ဟာ ပြည်သူကို အခြေခံပါတယ်။ ပြည်သူတွေက ဒီစီမံကိန်းကို လက်မခံဘူး၊ ကန့်ကွက်ကြမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ပြည်သူလက်မခံတာကို ကျနော်တို့လည်း လက်မခံပါဘူး” လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီမြန်မာပိုင်းကို ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်တုန်းက ဖြုတ်ချခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကော်မရှင်ရဲ့ စီမံကိန်းပြန်စမယ့် ဆုံးဖြတ်ချက်ဟာ တရားမဝင်ဘူးလို့ ဆိုကာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်တပ်အနေနဲ့ နိုင်ငံရဲ့ သယံဇာတတွေကို ရောင်းချပိုင်ခွင့် ဒါမှမဟုတ် နိုင်ငံတကာ စာချုပ်တွေမှာ လက်မှတ်ရေးထိုးပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း တာဝန်ခံရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
“စစ်တပ်က မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ကြိုးစားနေတာဟာ သူတို့ အာဏာတည်မြဲဖို့အတွက် နိုင်ငံရဲ့ နှလုံးသားကို ဓားနဲ့ထိုးနေသလိုပါပဲ” လို့ သူက ဆက်ပြောပါတယ်။
ကန့်ကွက်သူတွေ အများကြီးရှိနေရာကနေ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ထကြွလာနိုင်တဲ့ အန္တရာယ်ရှိနေပေမဲ့လည်း စီမံကိန်းပြန်စဖို့အတွက် တရုတ်က မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများ တိတ်တဆိတ်ဖိအားပေးခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စီမံကိန်းကို စစ်ဆေးအကဲဖြတ်ဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ပေမဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။
တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် ဆုံးရှုံးသွားတဲ့ နယ်မြေတွေပြန်ရဖို့ စစ်ဗိုလ်ချုပ်တွေက တရုတ်နိုင်ငံကို မှီခိုလာရတဲ့အချိန်မှာ တရုတ်နိုင်ငံဘက်က စီမံကိန်းပြန်စဖို့ ဖိအားတွေ ပိုပေးလာတာ ဖြစ်နိုင်တယ်လို့ ဆည်စီမံကိန်းကို ကန့်ကွက်သူတွေက သံသယရှိနေကြပါတယ်။
၂၀၂၃ ခုနှစ်၊အောက်တိုဘာလက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့တဲ့ ထိုးစစ်ဆင်မှုကြောင့် စစ်ကော်မရှင်ဟာ မကြုံစဖူး စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို အပစ်ရပ်စဲဖို့ တရုတ်နိုင်ငံက ကြားဝင်ဖိအားပေးခဲ့ပြီးနောက်မှာတော့ စစ်ကော်မရှင်ဟာ နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
“အခုတော့ စစ်ကောင်စီဟာ အပေးအယူတစ်ခုအနေနဲ့ တရုတ်စီမံကိန်းတွေကို အကောင် အထည်ဖော်ပေးရတော့မှာပါ” လို့ လူမှုအဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ကိုဝေလင်းက ဆိုပါတယ်။
“သူတို့ဟာ ကိုယ့်အာဏာတည်မြဲရေးအတွက် ပြည်သူတွေရဲ့ အမွေအနှစ်ကို စွန့်ပစ်နေကြတာပါ။ ဒါကို တရုတ်လက်ထဲ ထိုးအပ်လိုက်တာဟာ ကျနော်တို့လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သလိုပါပဲ” လို့ သူက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကို KIA က လာမတိုက်နိုင်အောင် တရုတ်နိုင်ငံက ထိန်းထားပေးလိမ့်မယ်လို့ စစ်ကော်မရှင်က မျှော်လင့်နေပုံရတယ်လို့ မသင်းသင်းက ယုံကြည်နေပါတယ်။
“တရုတ်ရဲ့ဖိအားက KIA ကို ဟန့်တားနိုင်လိမ့်မယ်လို့ စစ်တပ်က ထင်နေတာ။ တရုတ်ကလည်း စစ်တပ်ရဲ့ အကြပ်အတည်းကို အခွင့်ကောင်းယူပြီး ဒီစီမံကိန်းတွေကို ပြန်စဖို့ လုပ်နေတာပါ” လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာ ကိုမင်းလေးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကတည်းက နေအိမ်ကနေ အဓမ္မဖယ်ရှားခံခဲ့ရပေမဲ့ ဆည်စီမံကိန်းအပေါ် ကန့်ကွက်တဲ့ သူ့ရဲ့စိတ်ဓာတ်ကတော့ ပြတ်သားနေဆဲ ဖြစ်ပါတယ်။
“အဲဒီတုန်းကလည်း ကျနော် လက်မခံခဲ့ဘူး။ အခုလည်း လက်မခံဘူး။ နောင်လည်း ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ဒီစီမံကိန်းကို ကျနော်တို့ အမြဲတမ်း ဆန့်ကျင်သွားမှာပါ’ လို့ သူက ပြောပါတယ်။
ထက်အောင် ရေးသားသည်။