ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန် ရန်ကုန်ဘူတာကြီးစီမံကိန်း တင်ဒါအောင်မြင်သူကို မြန်မာ့မီးရထား ရွေးချယ်

သောမတ်စ် ကင်း(န်)

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် တန်ဖိုးရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အကြီးမားဆုံး အိမ်ယာစီမံကိန်းများအနက် တစ်ခုဖြစ်မည့် ရန်ကုန်ဘူတာကြီး ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးအား ဆောင်ရွက်ရန် မြန်မာ၊ တရုတ်နှင့် စင်ကာပူလုပ်ငန်းများ ပေါင်းစည်းထားသည့် လုပ်ငန်းစုကို မြန်မာ့မီးရထားက ရွေးချယ်လိုက်သည်။ 

စင်ကာပူတွင် စာရင်းသွင်းထားသည့် Oxley Holdings က ယမန်နေ့ညတွင် ထုတ်ပြန်ချက်အရ အဆိုပါ လုပ်ငန်းစုတွင် မြန်မာနိုင်ငံမှ Min Dhama နှင့် တရုတ်နိုင်ငံမှ Sino Great Wall တို့ ပါဝင်ပြီး စီမံကိန်းအတွက် နှစ်သက်ဖွယ် အဆိုပြုသူအဖြစ် ရွေးချယ်ခံထားရသည်ဟု ဖော်ပြထားသည်။

စင်ကာပူတွင် စာရင်းသွင်းထားသည့် Yoma Strategic Holdings နှင့် မြန်မာနိုင်ငံမှ First Myanamr Investment တို့ ပူးပေါင်းထားသည့် လုပ်ငန်းစုကို ဖြတ်ကျော်ကာ ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။ Yoma နှင့် FMI နှစ်ခုလုံးမှာ စီးပွားရေးလုပ်ငန်းရှင် Mr Serge Pun (ဦးသိမ်းဝေ) နှင့် ဆက်နွယ်နေသည်။

စီမံကိန်းအတွက် ရွေးချယ်ခံရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် ဥပဒေရေးရာများ စီမံဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်ဟု Oxley ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းတွင် မီးရထားနှင့် အများသုံး သယ်ယူပို့ဆောင်ရေးစနစ်များ ပေါင်းစည်းထားသည့် ပို့ဆောင်ရေး ဗဟိုဌာနသစ်တစ်ခု ပါဝင်မည်ဖြစ်ပြီး အိမ်ယာနှင့် စီးပွားရေးလုပ်ငန်းများအတွက် နေရာများက ဝန်းရံထားမည် ဖြစ်သည်ဟု Oxley က ပြောကြားသည်။ စီမံကိန်း အကျယ်အဝန်းမှာ ၆၃ ဒသမ ၅ ဧကခန့် ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၀၉ သန်း ဖန်တီးဖော်ဆောင်သွားမည် ဖြစ်သည်။

တင်ဒါအတွက် အဆိုပါလုပ်ငန်းစုအား ရွေးချယ်ရန် ဇန်နဝါရီ ၃၀ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာမီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးထွန်းအောင်က ပေးပို့သည့်စာတွင် ဖော်ပြထားကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့က Oxley ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ညှိနှိုင်းဆွေးနွေးမှုများ” စတင်မည့်ရက်ကို Oxley ထံ မြန်မာ့မီးရထားက မကြာမီ အကြောင်းကြားမည်ဟုလည်း စာတွင် ဖော်ပြထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Sino Great Wall သည် ဘေကျင်းမြို့တွင် အခြေစိုက်ပြီး ရှန်ဇန်းစတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသည်။ Min Dhama သည် မြန်မာနိုင်ငံမှ တရုတ် စီးပွားရေး လုပ်ငန်းရှင် ဦးရန်ဟိုး ပိုင်ဆိုင်သည့် Mottama Holdings ၏ လုပ်ငန်းခွဲဖြစ်သည်။

ရန်ကုန်မြို့လယ်ရှိ ဖွံ့ဖြိုးမှုလုပ်ငန်း ဆောင်ရွက်ရခြင်း မရှိသေးသည့် နေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းက ရန်ကုန်မြို့လယ်၏ မြောက်ဘက်ပိုင်းကို ပြောင်းလဲသွားစေမည်ဖြစ်သည်။ လက်ရှိတွင် ရထားလမ်းများနှင့် တစ်ထပ်အိမ်များသာရှိသည့် နေရာသို့ အထပ်မြင့်အဆောက်အအုံများ ရောက်ရှိလာစေမည် ဖြစ်သည်။

စီမံကိန်းကိန်းအား စိတ်ကူးပုံဖော်ထားသည့်ပုံကို Oxley က ထုတ်ပြန်ခဲ့ရာတွင် တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ကြားရှိ ဧရိယာအတွင်း အထပ်မြင့်အဆောက်အအုံ ၂၀ ခန့် ပါဝင်သည်ကို တွေ့မြင်ရသည်။ ထိုအဆောက်အအုံများ၏ အလယ်တွင် ခေတ်လွန်ဒီဇိုင်းဖြင့် တည်ဆောက်မည့် ရထားဘူတာရုံသစ် ပါဝင်သည်။ ထိုဘူတာရုံသစ်ကို မြို့ပြအမွေအနှစ်စာရင်းဝင် လက်ရှိ ဘူတာကြီး အဆောက်အဦးဘေး ရထားလမ်းများ တည်ရှိသည့်နေရာတွင် တည်ဆောက်မည်ဖြစ်သည်။

မီးရထားဝန်ထမ်းများနှင့် မိသားစုများ အများစုပါဝင်သည့် လူ ၁၀,၀၀၀ ခန့်အား ပြန်လည်နေရာ ချထားပေးရမည် ဖြစ်သည်။ အုပ်ချုပ်ရေးဝန်ထမ်းများအား တာမွေမြို့နယ်နှင့် ပြုပြင်ထိန်းသိမ်းရေးနှင့် အခြားဝန်ထမ်းများအား ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ ရွာသာကြီးတွင် ပြန်လည်နေရာချထားပေးမည်ဟု မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးက Frontier ကို ပြောကြားသည်။

စီမံကိန်းအတွက် တင်ဒါခေါ်ယူမှုက ဆောက်လုပ်ရေးလုပ်ငန်း အများအပြားကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ကြန့်ကြာမှုများလည်း ရှိခဲ့သည်။

၂၀၁၄ ခုနှစ်၊ မေလတွင် စီမံကိန်းအား ကြေညာခဲ့ပြီးနောက် စိတ်ဝင်စားကြောင်း အဆိုပြုလွှာ ၃၄ စောင်ကို မြန်မာ့မီးရထားက လက်ခံရရှိခဲ့သည်။ ထို့နောက် ဖြစ်နိုင်ခြေရှိသည့် ၂၈ စောင်အား ကနဦးရွေးချယ်ခဲ့သည်။ သို့သော် တင်ဒါလက်ခံသည့် နောက်ဆုံးနေ့ဖြစ်သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်န့အထိ တရားဝင် အဆိုပြုလွှာ သုံးစောင်အား လက်ခံရရှိပြီးနောက် တင်ဒါအား ပယ်ဖျက်ခဲ့သည်။ အဆိုပြုလွှာတစ်စောင်မှ သင့်တော်မှုမရှိဟုဆိုသည်။

ထို့နောက် အဆိုပါနှစ် သြဂုတ်လတွင် မြန်မာ့မီးရထားက တင်ဒါသစ် ဖိတ်ခေါ်ခဲ့ကာ စိတ်ဝင်စားကြောင်း အဆိုပြုလွှာများကို ထပ်မံလက်ခံခဲ့သည်။ နိုင်ငံ ၁၄ နိုင်ငံမှ ဖြစ်နိုင်ဖွယ်ရှိသည့် လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများထံမှ အဆိုပြုလွှာ ၁၅ စောင် လက်ခံရရှိခဲ့သည်ဟု ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကြေညာခဲ့သည်။ သို့သော် တရားဝင်အဆိုပြုလွှာ နှစ်စောင်ကိုသာ Oxley-Min Dhama-Sino Great Wall နှင့် Yoma-FMI လုပ်ငန်းစုများထံမှ လက်ခံရရှိခဲ့သည်။

လုပ်ငန်းစုများအနေဖြင့် တင်ဒါ အာမခံကြေး အမေရိကန်ဒေါ်လာလေးသန်းအား ပေးသွင်းရန် လိုအပ်ခြင်းကြောင့် အဆိုပြုလွှာများ မရရှိခြင်းဖြစ်သည်ဟု မြန်မာ့မီးရထားက ပြောကြားခဲ့သည်။ ပထမတစ်ကြိမ် တင်ဒါဖိတ်ခေါ်စဉ်ကပင် အဆိုပါအချက်က ပြဿနာဖြစ်နေသည်ဟု ဝန်ခံထားသော်လည်း ဒုတိယအကြိမ်တွင်လည်း ထိုအချက်ကို ထပ်မံ ထည့်သွင်းထားခဲ့သည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဟု မြန်မာ့မီးရထားက ခန့်မှန်းထားသည့် စီမံကိန်းအရွယ်အစားကလည်း ရင်းနှီးမြှုပ်နှံလိုသူများကို လက်တွန့်သွားစေခဲ့ပုံ ပေါ်နေသည်။ Myint & Associated မှ ဦးမိုးမြင့်နှင့် ဆက်နွယ်နေသည့် M&A-Iconic Group မှ ကိုယ်စားလှယ်တစ်ဦး၏ အဆိုအရ စီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် ၎င်းတို့ ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်နိုင်ခြေရှိမရှိ လေ့လာမှုအား အပြည့်အဝ လုပ်ဆောင်ရန် အချိန်လုံလောက်မှု မရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ အဆိုပြုလွှာ နောက်ဆုံးတင်ပြရမည့်ရက်ကို တိုးမြှင့်ပေးရန် ၎င်းတို့၏ ကြိုးစားမှုမှာလည်း အောင်မြင်ခဲ့ခြင်းမရှိပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.