၂၀၂၀၊ ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်ခဲ့သော မနော်ပွဲတော်အတွက် အကလေ့ကျင့်နေသော ကချင်လူငယ်များကို မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ၂၀၁၉၊ ဒီဇင်ဘာလက မြင်တွေ့ရစဉ်။ ပွဲတော်အမည်နှင့်ပတ်သက်၍ ကချင်မျိုးနွယ်စုများအကြား အငြင်းပွားမှုကြောင့် အဆိုပါပွဲတော်မဖြစ်မြောက်ခဲ့ပေ။ (ဓာတ်ပုံ | အမ်မလီဖစ်ရှ်ဘိန်း)

ကချင်ပြည်နယ်က သွေးခွဲအုပ်ချုပ်မှု

စစ်အာဏာသိမ်းမှုအလွန် ကချင်ပြည်နယ်အတွင်းက မျိုးနွယ်စုခေါင်းဆောင်တစ်ချို့ဟာ သူတို့ရဲ့အရှိန်အဝါကို သုံးပြီး မျိုးနွယ်စုတွေကြား သွေးခွဲမှုတွေ ပိုမိုပြုလုပ်လာပါတယ်။

Emily Fishbein၊ Jauman Naw၊ Petaru Maran နှင့် ထွယ်ဆန် ရေးသားသည်။

အာဏာသိမ်းလိုက်တဲ့အတွက် ဘုံရန်သူကို တိုက်ထုတ်မယ်ဆိုပြီး တိုင်းရင်သားတွေအကြား စည်းလုံးညီညွတ်မှုတစ်ရပ် ပေါ်ထွက်ခဲ့ပါတယ်။ ဒါဟာ တပ်မတော်နဲ့တပ်ထောက်ခံသူတွေအတွက် တိုင်းရင်းသားအချင်းချင်းကြားက တင်းမာမှုကို အသုံးချပြီး သူတို့ရဲ့ သြဇာအာဏာနဲ့ အရှိန်အဝါတွေ ပိုအားကောင်းအောင် တည်ဆောက်ဖို့ အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

ဒါက အသစ်အဆန်းဖြစ်ရပ်တော့ မဟုတ်ပါဘူး။ တပ်မတော်ဟာ နယ်စပ်ဒေသမှာအခြေစိုက်လှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အင်အားလျော့နည်းအောင် အမြဲတမ်းပဲ သွေးခွဲအုပ်ချုပ်တဲ့ နည်းဗျူဟာကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တာပါ။

ဆွေစဉ်မျိုးဆက်ဆင်းရဲမွဲတေမှု၊ နိမ့်ကျတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘေးဖယ်ထုတ်ခံထားရမှုစတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ ကချင်ပြည်နယ်၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာနေထိုင်တဲ့ ကချင်မျိုးနွယ်စုငယ်တွေနဲ့ ကချင်မဟုတ်တဲ့မျိုးနွယ်စုတွေဟာ ဒီလိုသွေးခွဲအုပ်ချုပ်ခြင်းအားဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ဩဇာသက်ရောက်မှုကို တန်ပြန်ထိန်းညှိရာမှာ တပ်မတော်အတွက် အလွန်အသုံးတည့်ခဲ့တာဟာ သမိုင်းတစ်လျှောက်ပါပဲ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကေအိုင်အေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် ၁၉၆၁ကတည်းက တပ်မတော်ကို လက်နက်စွဲကိုင်တော်လှန်နေခဲ့တာဖြစ်ပြီး မြန်မာပြည်က အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအဖွဲ့ကတော့ ဂျိန်းဖော့၊ လချိဒ်၊ လောဝ်ဝေါ်၊ လီဆူ၊ ရဝမ်နဲ့ ဇိုင်ဝါး မျိုးနွယ်စု ခြောက်ခုကို ကချင်မျိုးနွယ်စုတွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒီမျိုးနွယ်စုတွေအနက် ဂျိန်းဖော့မျိုးနွယ်စုဟာ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေသာမက ကေအိုင်အို/ကေအိုင်အေအဖွဲ့အတွင်းမှာပါ ဩဇာကြီးမားတဲ့ မျိုးနွယ်စုအဖြစ် လူအများစုက လက်ခံထားကြပါတယ်။

ကေအိုင်အေစစ်သားတွေက ဂျိန်းဖော့မျိုးနွယ်စုမဟုတ်တဲ့သူတွေ၊ ရှမ်းနီအပါအဝင် ကချင်မဟုတ်တဲ့သူတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်လို့ စွပ်စွဲမှုတွေဟာ အဲဒီဒေသတွေက ဒေသခံမျိုးနွယ်စုခေါင်းဆောင် တစ်ချို့အတွက်တော့ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်အဖြစ် နာမည်ကောင်းဝင်ယူဖို့ လမ်းပွင့်သွားပါတယ်။

သူတို့ဟာ တစ်ဘက်မှာ လူမျိုးနွယ်စုတွေရဲ့ မြေယာ၊ သဘာဝအရင်းအမြစ်တွေနဲ့ လုံခြုံရေးအတွက် သူတို့မရှိရင်မဖြစ်တဲ့ ပုံစံမျိုးရိုက်သွင်းထားသလို တစ်ဘက်မှာလည်း စစ်တပ်နဲ့ လက်ဝါးချင်းရိုက်ပြီး ကိုယ်ကျိုးစီးပွားရှာလေ့ ရှိကြပါတယ်။

ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း ကေအိုင်အေဟာ ယခင်ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သလို ဒီတိုက်ပွဲတွေမှာ တပ်မတော်က စစ်သားဒါဇင်ပေါင်းများစွာ ကျဆုံးခဲ့တယ်လို့ ကေအိုင်အေက ထုတ်ပြန်ထားပါတယ်။ ဒီလိုအောင်ပွဲတွေကြောင့် လူများစုဗမာတွေအပါအဝင် အရင်က ကေအိုင်အေကိုမထောက်ခံသူတွေပါ အခုချိန်မှာ ကေအိုင်အေအပေါ် ထောက်ခံမှုတွေ မြင့်တက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ တပ်မတော်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကချင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ချို့ဟာလည်း ကေအိုင်အေ အင်အားဆုတ်ယုတ်သွားပြီး သူတို့ရဲ့ ဩဇာအင်အား ပိုမိုခိုင်မာလာအောင် ကြိုးပမ်းလာကြပါတယ်။

အာဏာသိမ်းမှုအလွန် ကချင်ပြည်နယ်အတွင်း နိုင်ငံရေးနဲ့လူမျိုးစုတွေအကြား ဖြစ်ထွန်းမှုအခြေအနေတွေကို သိရအောင် ကချင်ပြည်နယ်က ဒေသခံငါးဦးကို ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းထားပါတယ်။ လုံခြုံရေးအခြေအနေကြောင့် သူတို့ရဲ့နာမည်တွေကို ပြောင်းလဲထားပြီး လိုရင်းတိုရှင်းဖြစ်အောင် တစ်ချို့အချက်အလက်တွေကို တိုက်သုံးမူနဲ့အညီ တည်းဖြတ်ထားပါတယ်။

ဖုန်းရမ် (ပူတာအိုမြို့က ရဝမ်လူငယ်)

ရဝမ်လူမျိုး အများစုဟာ ကချင်ပြည်နယ်မြောက်ပိုင်း တောင်ထူထပ်ရာဒေသဖြစ်တဲ့ ပူတာအို၊ နောင်မွန်၊ မချမ်းဘောနဲ့ ခေါင်လန်ဖူး မြို့နယ်တွေမှာ နေထိုင်ကြပါတယ်။ ကေအိုင်အေနဲ့ တပ်မတော်တို့ကြား ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ၂၀၁၁မှာ ပျက်ပြားသွားပြီးတဲ့နောက် “သောင်းကျန်သူဆန့််ကျင်ရေးအဖွဲ့ “လို့အမည်ရတဲ့ ခေါင်လန်ဖူးအခြေစိုက် ရဝမ်ပြည်သူ့စစ်အဖွဲ့ဟာ တပ်မတော်နဲ့ပေါင်းပြီး ကေအိုင်အေကို တိုက်ခဲ့တဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်လာတယ်။ ပြည်သူ့စစ်အဖွဲ့ သို့မဟုတ် ရဝမ်ပြည်သူ့စစ်လို့ နာမည်တွင်လာတဲ့ အဲဒီအဖွဲ့ကို ကေအိုင်အေကနေ ခွဲထွက်ပြီး တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်လာတဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော်ရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ တန်ဂူးတန် ခေါ် အားတန်က ဦးဆောင်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်းမှာ အဲဒီပြည်သူ့စစ်အဖွဲ့ဟာ ကေအိုင်အေဆီမှာ စစ်သင်တန်းတက်တယ်လို့ ရဝမ်လူငယ်တစ်ချို့ကို စွပ်စွဲဖမ်းဆီးပြီး တပ်မတော်လက်အပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရဝမ်ယဉ်ကျေးမှုနဲ့ စာပေအသင်းကလည်း စစ်တပ်မဟာမိတ်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းပြီး ရဝမ်ပြည်သူ့စစ် အင်အားပိုကောင်းလာအောင် ကြိုးပမ်းနေတယ်။ ရဝမ်ယဉ်ကျေးမှုနဲ့စာပေ အသင်းဟာ ရဝမ်လူမျိုးစုအသိုင်းအဝိုင်းအပေါ် သြဇာလွှမ်းမိုးမှုရှိသလို ၂၀၁၈က ကချင်မြောက်ပိုင်း၊ ခါကာဘိုရာဇီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ကြိုးပမ်းမှုကို တက်တက်ကြွကြွ ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။​ ဒီလိုကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းဖို့ကြိုးပမ်းမှုဟာ အဲဒီဒေသ သစ်တောတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

ရဝမ်ယဉ်ကျေးမှုနှင့်စာပေအသင်း ဒုတိယဥက္ကဋ္ဌ ထုံဖူးဒဂုန်ဟာ နောင်မွန်မြို့နယ်က ဒေသခံတွေကို ပြည်သူ့စစ်အတွက် လူသစ်စုဆောင်းပေးဖို့ ပြည်ခိုင်ဖြိုးပါတီကို မေလမှာ ပါတီဝင်အဖြစ် ဝင်ရောက်ခဲ့ပါတယ်။ ဒါ့ပြင် ဒေသခံလူငယ်တွေကို စစ်သင်တန်းပေးဖို့နဲ့ လက်နက်တွေပေးအပ်ဖို့လည်း ရဝမ်ပြည်သူ့စစ်အဖွဲ့ကို သူက တောင်းဆိုခဲ့တယ်လို့ ကချင်အခြေစိုက် Kachin Newsgroup သတင်းဌာနက ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ထုံဖူးဒဂုန်ဟာ ကချင်လူမျိုးရိုးရာနှင့်ယဉ်ကျေးမှုအသင်းရဲ့  ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားစဉ် ၂၀၂ဝမှာ ဖြစ်ခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ အငြင်းပွားမှုတစ်ခုမှာ အဓိကပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အဲဒီအငြင်းပွားမှုကတော့ ကချင်ပြည်နယ်နေ့ မနောပွဲတော်ရဲ့အမည်ကို Jingphaw Mungdaw Nhtoi (ကချင်အခေါ်)ကနေ Kachin Mungdaw Nhtoi အဖြစ်ပြောင်းလဲခေါ်ဆိုစေခဲ့တာကြောင့် အငြင်းပွားမှုတွေပေါ်ပေါက်ခဲ့ပြီး မနောပွဲတော်ဖျက်သိမ်းခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကေအိုင်အို/ကေအိုင်အေအဖွဲ့ကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကြောင့် ရဝမ်ပြည်သူ့စစ်အဖွဲ့ကို ကန့်ကွက်ရှုတ်ချကြောင်း ပြည်တွင်းပြည်ပ ရဝမ်အဖွဲ့အစည်းတွေက ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ဖုန်းရမ် – “အာဏာအသိမ်းမခံရခင်ကတည်းက ကချင်ပြည်နယ်အတွင်းမှာ နိုင်ငံရေးအားပြိုင်မှုတွေနဲ့ လူမျိုးရေးအရ မယုံမကြည်ဖြစ်မှုတွေ ရှိနှင့်နေပြီးသားပါ။ တပ်မတော်ဟာ ဒီအခြေအနေတွေကို ကောင်းကောင်းကြီး သိတာကြောင့် ကျနော်တို့တိုင်းရင်းသားတွေကို သွေးခွဲပြီး အုပ်ချုပ်ပါတယ်။ ကျနော်တို့ ဘိုးဘွားတွေတောင်းဆိုခဲ့တဲ့ အချက်တွေကို သဘောတူပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေတွေ ပေးမယ်လို့ တပ်မတော်က ကတိပေးခဲ့ပါတယ်။

ရဝမ်ယဉ်ကျေးမှုနဲ့ စာပေအသင်းအပါအဝင် သြဇာတိက္ကမကြီးမားတဲ့ ရဝမ်ခေါင်းဆောင် တော်တော်များများဟာ ပြည်ခိုင်ဖြိုးကို ထောက်ခံသူတွေ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးပါတီဝင်တွေဖြစ်ခဲ့ကြတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးဟာ အဲဒီဒေသတွေမှာ နေရာရခဲ့တယ်။ (၂၀၁၅ရွေးကောက်ပွဲတွင် နောင်မွန်နဲ့ မချမ်းဘောမြို့နယ်က လေးနေရာ အပါအဝင် ကချင်ပြည်နယ်မှာ အမတ်နေရာခုနှစ်နေရာအနိုင်ရခဲ့သည်။)

တိုင်းရင်သားလူမျိုးစုတွေကြားက ပြဿနာနဲ့ မကျေနပ်ချက်တွေကို နိုင်ငံရေးလက်နက်အဖြစ်အသုံးချပြီး ကေအိုင်အို/ကေအိုင်အေကို တိုက်ခိုက်တတ်ကြပါတယ်။ ရဝမ်လူမျိုးတွေကို ကေအိုင်အေက သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေကို သူတို့က ဖြန့်ဝေခဲ့ကြတယ်။ အခုလည်း ကေအိုင်အေက ကျနော်တို့ကို ထပ်မံသတ်ဖြတ်ဖို့ကြိုးစားနေတယ်ဆိုပြီး သတင်းတွေလွှင့်တယ်။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။ ကိုယ့်မြေကိုကာကွယ်ဖို့အတွက် ပြည်သူ့စစ်တွေဖွဲ့ပြီး ကေအိုင်အေကို ပြန်တိုက်ထုတ်ရမယ် ဆိုပြီးလည်း လိုက်ပြီးလှုံ့ဆော်နေတယ်။ ဒီအတွေးအခေါ်ကို ရဝမ်လူမျိုးအသိုင်းအဝိုင်းအတွင်းပျံ့နှံ့သွားအောင် သူတို့က သတင်းလိုက်ဖြန်ပြီး ပြည်သူ့စစ်အတွက် လူသစ်စုဆောင်းနေတယ်။

အာဏာသိမ်းလိုက်ပြီးကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ရဝမ် ယဉ်ကျေးမှုနှင့်စာပေအသင်းကလူတွေကို ခရိုင်နဲ့ မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီတွေမှာ ခန့်ထားလိုက်ပါတယ်။ ပြည်သူ့စစ်အဖွဲ့ကလည်း ရဝမ်ယဉ်ကျေးမှုနဲ့စာပေအသင်းရဲ့အကူအညီနဲ့ လူသစ်စုဆောင်းနေတယ်။

ရဝမ်လူငယ်တော်တော်များများက  ပြည်ခိုင်ဖြိုးပါတီကို မကြိုက်ကြပါဘူး။ အများစုက အင်န်အယ်လ်ဒီကို မဲပေးခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ အခြေခံအဆောက်အအုံနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာလို့ပဲ။ နောက်တစ်ခုက သူတို့က စစ်တပ်ကိုမကြိုက်ဘူးလေ။ ကျနော်ကတော့ အင်န်အယ်လ်ဒီကို အရမ်းကြီးထောက်ခံအားပေးသူတော့ မဟုတ်ဘူး။ ကိုယ့်နယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ကျနော်တို့ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ပြီးတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင်က ဘယ်အဖွဲ့အစည်းကိုထောက်ခံပါစေ လူငယ်အများစုကတော့ စစ်အာဏာသိမ်းတာကို လုံးဝကန့်ကွက်ပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ လူငယ်တွေပါဝင်တဲ့အခါမှာ ရဝမ်လူကြီးတွေနဲ့ စကားများကြတယ်။ ရာထူးလက်ကိုင်ထားတဲ့ လူကြီးတွေအများစုက ခေတ်နောက်ကျတဲ့အတွေးအခေါ်တွေကို ဆုပ်ကိုင်ထားတဲ့ အခါကျတော့ ပွင့်ပွင့်လင်းလင်း ဆန္ဒထုတ်ဖော်တာမျိုး သူတို့က မကြိုက်ကြဘူး။ အန္တရာယ်ရှိတယ်။ ဒါပေမဲ့ အခုတော့ ကိုယ့်အမြင်ကို ထုတ်ဖော်ပြောဆိုတဲ့အတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်က အာဏာအသိမ်း မခံရခင်ကထက်စာရင် ပိုနည်းလာပါတယ်။

ကေအိုင်အေအပေါ် ထောက်ခံအားပေးမှုက အရင်ကထက်စာရင် အာဏာသိမ်းမှုနောက်ပိုင်း ပိုများလာတယ်။ ကေအိုင်အေတွေ ဒီဘက်ကိုမြန်မြန်ရောက်လာပြီး တပ်မတော်ကို တိုက်ထုတ်ပစ်ဖို့ လူတွေက ဆန္ဒပြုကြတယ်။ အရင်တုန်းကတော့ ပူတာအိုဒေသက ရဝမ်၊ လီဆူနဲ့ တခြားလူမျိုးစု တော်တော်များများဟာ ကေအိုင်အေကို တော်လှန်ရေးသမားထက် သူပုန်တွေလို့ပဲ မြင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ လူတော်တော်များများရဲ့ အမြင်မှာ ဘယ်သူက သူပုန်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားကြသလို စစ်တပ်ရဲ့ ရက်စက်မှုတွေကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်လာကြပါတယ်။

ကျနော်တို့မှာ နောက်ထပ် လူမျိုးစုအချင်းချင်းမသင့်မမြတ်နေလို့ မရတော့ပါဘူး။ ကျနော်တို့ပြည်နယ်မှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိလာဖို့ ကျနော်တို့ အပြင်းအထန်ကြိုးစားရမယ်။ အတိတ်ကပြဿနာတွေကို အတိတ်မှာချန်ထားခဲ့ပြီး အနာဂတ်သစ်နဲ့နိုင်ငံကိုတည်ဆောက်ဖို့ လိုနေပါပြီ။ ကျနော်တို့အားလုံး တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားရင် ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အမြန်ဆုံးချီတက်နိုင်မှာ ဖြစ်ပါတယ်”

ဒီဘိုရာ (မြစ်ကြီးနားမြို့က လီဆူလူငယ်)

ဝိုင်းမော်၊ ခေါင်လန်ဖူး၊ ပူတာအို၊ ဆော့လော်၊ တနိုင်းနဲ့ မြစ်ကြီးနားမြို့နယ်တွေမှာ လီဆူလူမျိုးအများစု နေထိုင်ကြပါတယ်။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဟာ လီဆူလူမျိုးစု အသိုင်းအဝိုင်းကြားမှာ သြဇာတိက္ကမကြီးပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ ဒူးလေးပါတီဟာ ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်တွေမှာ အမတ်နေရာလေးနေရာ အနိုင်ရရှိခဲ့ပြီး ၂၀၂ဝပြည့်နှစ်ရွေးကောက်ပွဲမှာတော့ ခေါင်လန်ဖူးမြို့နယ်က အမတ်နေရာတစ်နေရာပဲ အနိုင်ရခဲ့ပါတယ်။ အရင်တုန်းက ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-Kအဖွဲ့)မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒူးလေးပါတီခေါင်းဆောင်ဦးရွှေမင်းဟာ ၂၀၁၆မှာ လီဆူပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ဟာ NDA-K အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဦးရွှေမင်းဟာ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ခံခဲ့ရပါတယ်။

ဒူးလေးပါတီဟာ ၂၀၁၆ကစပြီး ကေအိုင်အေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲသုံးခုကို ဦးဆောင်ခဲ့ပြီး ကေအိုင်အေက လီဆူမျိုးနွယ်စုတွေကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ ၂၀၁၉၊​ ဇွန်လအတွင်း မြစ်ကြီးနားမှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုမှာဆိုရင် ကေအိုင်အေကို အမြစ်ဖြတ်ချေမှုန်းဖို့ တပ်မတော်ကိုတောင်းဆိုတဲ့ ပိုစတာတချို့ ဆန္ဒပြသူတွေက ကိုင်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၆ကစပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှု အပါအဝင် ကေအိုင်အေကြောင့် လီဆူပြည်သူ ၂ဝကျော်သေဆုံးခဲ့ရတယ်လို့ ဦရွှေမင်းက သတင်းမီဒီယာတွေကို အဲဒီအချိန်က ပြောကြားခဲ့ဖူးပါတယ်။ ဒူးလေးပါတီဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ “အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုး” ရှိတယ်လို့ ၂၀၂၀ပြည့်နှစ်၊ ဇွန်လအတွင်းမှာ ဒူးလေးပါတီအတွင်းရေးမှူးက ဖရွန်းတီးယားမြန်မာကို ပြောဆိုခဲ့ဖူးပါတယ်။

စစ်အာဏာရှင်ကို အားပေးနေတဲ့ ဒူးလေးပါတီနဲ့ တခြားပါတီက လီဆူခေါင်းဆောင်တွေဟာ လီဆူ တစ်မျိုးသားလုံးကို ကိုယ်စားမပြုဘူးလို့ မတ်လမှာ လီဆူအမေရိကန်အဖွဲ့ချုပ်က သဘောထားတစ်ရပ် ထုတ်ပြန်ပြီး ကြေညာခဲ့ပါတယ်။

ဒီဘိုရာ – “အာဏာအသိမ်းမခံရခင်တုန်းကတော့ လီဆူတော်တော်များများဟာ သူတို့ဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒူးလေးပါတီကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒူးလေးပါတီဟာ လီဆူလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတာကြောင့်ပါ။ ကျမကတော့ ဒူးလေးပါတီကို မဲမပေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဆူလူမျိုးစုတစ်ခုတည်းအတွက်ပဲ အလုပ်လုပ်တာမဟုတ်တဲ့ ပါတီကို မဲပေးချင်လို့ပဲ။ ကိုယ့်လူမျိုးတွေ ကောင်းဖို့အတွက်ပဲ လုပ်နေနိုင်သမျှ တခြားသူတွေအတွက် သိပ်ပြီး ဂရုစိုက်ပေးနေစရာမလိုဘူးဆိုတဲ့ စိတ်ဓာတ်တွေပပျောက်အောင် ကျမတို့ကြိုးစားရမှာဖြစ်ပါတယ်။

အာဏာအသိမ်းမခံရင်ကတည်းက ဖြစ်နေတဲ့ပြဿနာတွေကတော့ အခုအချိန်အထိ ရှိနေတုန်းပါပဲ။ တချို့ လီဆူတွေဟာ ဂျိန်းဖောဝမ်ပေါင် (ဂျိန်းဖော့လူမျိုးစု)ထဲ မပါချင်ကြပါဘူး။ သူတို့ကို ကချင်ဝမ်ပေါင်  (ကချင်လူမျိုးစု) ထဲမှာပဲ ထည့်စေချင်ကြပါတယ်။ အာဏာအသိမ်းခံရပြီးကတည်းက လူတွေဟာ ပိုပြီးအယူအဆတွေ ကွဲလာကြတယ်။ စစ်တပ်ကို အားပေးထောက်ခံတဲ့သူတွေကတော့ အာဏာသိမ်းမှုကို အခွင့်အရေးတစ်ရပ်လို့ မြင်ကြတယ်။ ဒါပေမဲ့ ဒူးလေးပါတီဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ မဟာမိတ်ဖွဲ့နေတဲ့အတွက် ဒူးလေးပါတီထောက်ခံသူ တော်တော်များများ အခုတော့ သဘောထားပြောင်းသွားကြပါပြီ။

၂၀၁၉မှာ လီဆူတွေ အသတ်ခံရပြီးတဲ့နောက်ပိုင်း လီလူလူမျိုးတွေက ကေအိုင်အေကို ဆန္ဒပြခဲ့ကြတယ်။ အဲဒီတုန်းက ဒီပြဿနာက လီဆူနဲ့ကေအိုင်အေကြားမှာပဲဖြစ်နေတဲ့ ကိစ္စမဟုတ်ဘူး။ ဒီအမှုက တပ်မတော်နဲ့ ကေအိုင်အေကြားက ပြဿနာလည်းဖြစ်နေတယ်။ အခုတော့ လီဆူတော်တော်များများက သူတို့ရဲ့ ရပ်တည်ချက်၊ သဘောထားတွေက မသေမချာ၊ မရေမရာဖြစ်ကုန်ပြီ။ အာဏာသိမ်းတာကို ကျဆုံးစေချင်တဲ့အတွက် လီဆူတချို့ဟာ စစ်တပ်ကိုတိုက်ခိုက်နေတဲ့ ကေအိုင်အေကို အားပေးထောက်ခံကောင်း ထောက်ခံကြမှာပါ။

ဒူလေးပါတီခေါင်းဆောင်ပိုင်းက လီဆူတော်တော်များများဟာ အသက်အရွယ်ကြီးတဲ့ သူတွေပါ။ တကယ်လို့ ကျမတို့ လူငယ်တွေက သူတို့ကို မကြိုက်ကြောင်းထုတ်ပြောလည်း သူတို့က နားထောင်ကြမှာမဟုတ်ဘူး။ ပြောခွင့်ပေးတယ်ဆိုရင်တောင် သူတို့လုပ်နေကျ လုပ်ထုံးလုပ်နည်းအဟောင်းအတိုင်း ဆက်သွားမှာပဲ။ နောက်မျိုးဆက်တစ်ခုကျမှပဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။

ကျမကတော့ လီဆူလူမျိုးတွေချည်းမဟုတ်ဘဲ မျိုးနွယ်စုအားလုံးပါဝင်တဲ့ နိုင်ငံတည်ဆောက်မှုမျိုးကို ပိုလိုလားတယ်။ မိမိကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားတစ်စုတည်းအတွက် ဦးစားပေးအလုပ်လုပ်တဲ့လူတွေထက် လူတိုင်းအတွက် အလုပ်လုပ်ပြီး အရည်အချင်းရှိတဲ့သူတွေကိုပဲ ကျမတို့ ရွေးချယ်တင်မြှောက်ရမှာပါ။ လက်ရှိ နိုင်ငံရေးဖြစ်စဉ်ကတော့ စက်ဘီးစီးရသလိုပါပဲ။ နောက်ပြန်လည်းမဆုတ်၊ ရပ်လည်းမရပ်ဘဲ ရှေ့ကိုဆက်ပြီး ခရီးနှင်နေဖို့လိုအပ်ပါတယ်”

၂၀၁၉တွင် ကချင်ပြည်နယ်၊​ မြို့တော်မြစ်ကြီးနားတွင် ကေအိုင်အေကို ဆန္ဒပြပွဲတစ်ခု ဦးဆောင်ခဲ့သည့် ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းဆုတောင်းနေသည်ကို မြင်တွေ့ရစဉ်။ ကေအိုင်အေက လီဆူလူမျိုးတစ်ချို့ကို သတ်ဖြတ်ခဲ့သည်ဟု ဒူးလေးပါတီက ထိုစဉ်က စွပ်စွဲခဲ့သည်။ (ဓာတ်ပုံ | အမ်မလီဖစ်ရှ်ဘိန်း)

ခေါင်ဒေါင် (ချီဖွေမြို့က လောဝ်ဝေါ်အမျိုးသား)

ကချင်ပြည်နယ်ရဲ့ အရှေ့မြောက်ဒေသ၊ တရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ အထူးဒေသ – ၁မှာ ချီဖွေ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့နယ်က ဆဒုံးဒေသတွေပါဝင်ပြီး အဲဒီနယ်မြေတွေမှာ လောဝ်ဝေါ်နဲ့ လချိဒ်လူမျိုးတွေ အများဆုံး နေထိုင်ကြပါတယ်။

အဲဒီဒေသကို ယခင်က ကချင်ဒီမိုကရေစီသစ်တပ်မတော်လို့ အမည်တွင်တဲ့ တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တစ်ခုတို့က ထိန်းချုပ်ထားပါတယ်။ အဲဒီနှစ်ဖွဲ့စလုံးကို ၁၉၆၈မှာ ကေအိုင်အေကနေခွဲထွက်ပြီး လက်နက်ကိုင်အဖွဲ့တစ်စင်ထောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဇခုန်တိန့်ယိန်းက ဦးဆောင်ပါတယ်။ ၂၀၁၁မှာ ဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ တပ်မတော်နဲ့ပေါင်းပြီး ကေအိုင်အေကို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဇခုန်တိန့်ယိန်းဟာ ၂၀၁ဝပြည့်နှစ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်-၅မှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၅မှာလည်း ထပ်မံအရွေးခံခဲ့ရပါတယ်။ ဒါပေမဲ့ ပြိုင်ဖက် အင်န်အယ်လ်ဒီအမတ်လောင်းကို ခြိမ်းခြောက်တယ်လို့ အတိုင်ကြားခံရမှုကို စစ်ဆေးရာမှာ တရားမဲ့ပြုကျင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။ ၂၀၂ဝပြည့်နှစ်မှာတော့ သူ့သား ဇခုန်ယိန်းဆောင်က အသစ် ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီပါတီသစ်(ကချင်) ကိုယ်စားပြုပြီး ချီဖွေမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂) ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

၂၀၁၄လောက်ကစပြီး လူသိများလာတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ တရားမဝင်မြေရှားသတ္တုတူးဖော်မှုတွေဟာ ကချင်မြောက်ပိုင်းဒေသမှာ သိသိသာသာ ပိုများလာပါတယ်။ ဒီအကြောင်းကို ဖရွန်းတီးယားမြန်မာက နောက်ထွက်မယ့် ဆောင်းပါးမှာ ဖော်ပြဖို့ရှိကြောင်း သတင်းစကားပါးလိုပါတယ်။

ချီဖွေက နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့ဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ ပါဝင်ခဲ့ကြောင်း Kachin Newsgroup က မေလမှာသတင်းရေးသား ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ချီဖွေမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ အဲဒီအဖွဲ့တွေက အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံခဲ့ပြီး တစ်အိမ်ထောင်စုကို လူတစ်ယောက်နှုန်းနဲ့ လူသစ်စုဆောင်းခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ခေါင်ဒေါင် – “ပြည်ခိုင်ဖြိုးနဲ့ ဒေသခံ (NDP-K) ပါတီဟာ ဒီဒေသမှာ သြဇာလွှမ်းမိုးမှုအရှိဆုံး ပါတီတွေပါ။ ဒီပါတီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပတ်သက်နေကြတယ်လို့လည်း လူသိများပါတယ်။ NDP-K ပါတီဟာ အာဏာနဲ့ အခွင့်အရေးပိုရဖို့ စစ်တပ်ကို ပေါင်းသင်းဆက်ဆံနေတာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းထုတ်ဖော် ပြောဆိုတာ မရှိပေမဲ့ NDP-Kပါတီဟာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ပတ်သက်ဆက်နွှယ်မှုရှိနေတာကိုတော့ အဲဒီကလူတိုင်းသိကြပါတယ်။

ဒီဒေသကလူတွေကတော့ ဒီပါတီနှစ်ခုကိုပဲ အများဆုံး ထောက်ခံအားပေးကြပါတယ်။ တခြားပါတီတွေ ထက် ဒီပါတီနှစ်ခုကပဲ သူတို့ကို လူသိအောင် စည်းရုံးနိုင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပါ။ ဒါမှမဟုတ် ဒီပါတီတွေပဲ တခြားပါတီတွေထက် ပိုပြီးအာဏာပိုရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ သူတို့မှာ လက်နက်တွေရှိနေတော့ လူတွေက သူတို့ကိုကြောက်ကြတယ်။ အဲဒီတော့ ရွေးချယ်စရာ များများစားစား မရှိဘူးလို့ပြောရမှာပေါ့။

အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တခြား တပ်မတော်ထောက်ခံသူတွေကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအဖြစ် ခန့်အပ်လိုက်ပါတယ်။ တစ်ယောက်မှ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတာ မရှိပါဘူး။

ဒီက လူအများစုကတော့ အာဏာသိမ်းတာကို မကြိုက်ကြပါဘူး။ တော်တော်များများကတော့ အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ကေအိုင်အေကို ထောက်ခံအားပေးကြပါတယ်။ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် ထောက်ခံတာမျိုးတော့ မဟုတ်ဘူးပေါ့။

ဒီမှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီးမရှိဘူး။ ဒါပေမဲ့ (ချီဖွေမြို့နယ်၊ တရုတ်နယ်စပ်က) ပန်ဝါဘက်မှာတော့ ပြည်သူ့စစ်၊ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ တပ်မတော်တပ်ရင်းတွေရှိတယ်။​ ချီဖွေမြို့နယ်ထဲက ရွာငယ်လေးတွေမှာဆိုရင် အိမ်ထောင်စုတစ်စုကို တစ်ယောက် တာဝန်ထမ်းရမယ်လို့ ပြည်သူ့စစ်အဖွဲ့က အမိန့်ပြီး လူသစ်စုနေတယ်။ ပန်ဝါဘက်မှာလည်း သူတို့က အိမ်ထောင်စုစာရင်းကောက်ပြီး တစ်အိမ်တစ်ယောက်နှုန်းနဲ့ လူသစ်စုဆောင်းခဲ့တယ်”

နန်းမိုးမြင့် (ဝိုင်မော်မြို့က ရှမ်းနီအမျိုးသမီး)

တိုင်းလိုင်လို့လည်းခေါ်တဲ့ ရှမ်းနီဆိုတာ ကချင်ပြည်နယ်တောင်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းတွေမှာ အဓိကတွေ့ရတဲ့ ရှမ်းလူမျိုးတွေဖြစ်ပါတယ်။ ရှမ်းနီတွေဟာ သမိုင်းမှာ ရာစုနှစ်ပေါင်းများစွာ ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ အုပ်ချုပ်တဲ့လူမျိုးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ သူတို့အုပ်ချုပ်တဲ့နယ်မြေ အရွယ်အစား တဖြည်းဖြည်းသေးငယ်လာပြီး ဗြိတိသျှတွေဆီကနေ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မှာတော့ သူတို့အုပ်ချုပ်ခဲ့တဲ့နယ်မြေတွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေရဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။

တည်ဆဲရှမ်းနီပါတီ နှစ်ခုရှိပြီး တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ရှမ်းနီသွေးစည်းညီညွတ်ရေးပါတီတို့ပဲ ဖြစ်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ ဖားကန့်မြို့နယ်က တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်နှစ်ဦး အသတ်ခံခဲ့ရပြီး  ပါတီခေါင်းဆောင်ကတော့ ကေအိုင်အေရဲ့ လက်ချက်လို့ အပြစ်တင်ခဲ့ပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေတို့အကြားဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း ရှမ်းနီလူမျိုးတွေဟာ တစ်ချို့အချိန်တွေမှာ ပဲလှော်ကြားဆားညှပ်လေ့ရှိပါတယ်။ ၂၀၁၃မှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ရှမ်းနီလူမျိုးတွေကို ကေအိုင်အေက အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့ပြင် တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်လည်း တာဝန်ရှိတယ်ဆိုပြီး မြစ်ကြီးနားမြို့မှာ ရှမ်းနီလူမျိုးတွေ ထောင်နဲ့ချီပြီး ကေအိုင်အေကို ဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းနီမှာတော့ ရှမ်းနီအမျိုးသားတပ်မတော်နဲ့ ရှမ်းနီပြည်သူ့စစ်ဆိုပြီး လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော်ဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ရှမ်းနီလူမျိုးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ရရှိဖို့ ရည်မှန်းပြီး ရှမ်းနဲ့ဆက်စပ်လူမျိုးနွယ်စုတွေကို ညီညွတ်စုစည်းဖို့ ကြိုးပမ်းနေပါတယ်။ တာလောကြီးအပါအဝင် ကချင်ပြည်နယ်တစ်ဝန်းမှာ တပ်ရင်းတွေဖြန့်ကြက်လှုပ်ရှားတဲ့ ရှမ်းနီပြည်သူ့စစ်ဆိုတာကတော့ နောက်ထပ် လက်နက်ကိုင်တစ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ကတော့ တပ်မတော်နဲ့ မဟာမိတ်သဖွယ် ဆက်ဆံရေးရှိပါတယ်။ ရှမ်းနီပြည်သူ့စစ်ဟာ တခါတလေ တပ်မတော်နဲ့ပေါင်းပြီး ကေအိုင်အေကို တိုက်ခိုက်တဲ့ သမိုင်းကြောင်းရှိပါတယ်။

ဒီနှစ်၊ မေ၂၆ရက်မှာ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာက ရှမ်းနီပြည်သူ့ စစ်ခေါင်းဆောင်ကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ကေအိုင်အေစစ်သားလေးဦးကို တပ်မတော်စစ်သားတွေက အဲ့ဒီပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အိမ်အနီးမှာပဲ​ ပစ်သတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်က ရှမ်းနီအမျိုးသားများတပ်မတော် ဒုတိယစစ်ဦးစီးချုပ် စဝ်ခွန်ကျော် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ လုပ်ကြံသတ်ဖြတ်သူက ဘယ်သူလဲဆိုတာ အခုချိန်ထိ မသိရသေးပါဘူး။ နောက်တစ်နေ့၊ မေ၂၇ရက်မှာတော့ ဖားကန့်မြို့နယ်၊ နောင်းမီကျေးရွာမှာ ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ လူတစ်စုက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

နန်းမိုးမြင့် – “ရှမ်းနီလူမျိုးတွေဟာ အချင်းချင်းကြား သွေးကွဲနေပါတယ်။ ဘယ်ပါတီ၊ ဘယ်လက်နက်ကိုင် အဖွဲ့တစ်ခုတည်းကမှ ကျမတို့ကို စည်းလုံးအောင် မစည်းရုံးနိုင်ဘူး။ ရှမ်းပြည်နယ်ထဲမှာ အခြေစိုက်တဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေက ဩဇာအာဏာရှိပါတယ်။ ဒါပေမဲ့ ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေကတော့ သိပ်ပြီး အားမကောင်းဘူး။

ပြည်သူ့စစ်တွေကို တပ်မတော်က လက်နက်တွေ ပေးထားတာကြောင့် ရှမ်းနီတစ်ချို့က တပ်မတော်ဘက်မှာ ရပ်တည်ကြတယ်။ ပြည်သူ့စစ်ဟာ ရှမ်းနီလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာလို့ တချို့က ပြောကြပေမဲ့ သူတို့ဟာ ရှမ်းနီအားလုံးကို ကိုယ်စားမပြုပါဘူး။ စစ်တပ်ရဲ့ အားပေးထောက်ခံမှုနဲ့ လက်နက်တွေရှိတာကြောင့် လူတွေက ပြည်သူ့စစ်ကို ကြောက်ကြတဲ့အတွက် ပြည်သူ့စစ်အဖွဲ့ဟာ အာဏာအရှိန်အဝါရှိတယ်လို့ ထင်ရပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ တပ်မတော်ရဲ့ထောက်ခံမှုရတဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့ဟာ ပိုပြီးတက်ကြွလာပြီး အာဏာပိုပြလာတယ်လို့ ထင်ပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော်ကို ထောက်ခံသူတွေမှာတော့ ရှမ်းနီအမျိုးသားရေးသမားတွေနဲ့ ပြည်သူ့စစ်နဲ့ တပ်မတော်ကို မကြိုက်တဲ့သူတွေ ပါဝင်ပါတယ်။ ကျမကတော့ ဘယ်အဖွဲ့အစည်းကမှ ကျမတို့ကို ကာကွယ်နိုင်မယ်လို့ မယူဆဘူး။

အာဏာအသိမ်းခံရပြီးနောက်ပိုင်းမှာ အချင်းချင်းကြားက မယုံမကြည်မှုတွေက ပိုဆိုးလာပါတယ်။ ကျမတို့ဟာ တပ်မတော်ကို အရင်တိုက်ထုတ်ရမယ်၊ ပြီးမှ ကျမတို့ပိုင်နက်နယ်မြေတွေ ပြန်ရအောင် ဆွေးနွေးကြရမယ်လို့ လူအများစုက လက်ခံထားကြတယ်။ ဒါပေမဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ခေါင်းဆောင်တွေအပါအဝင် တချို့လူတွေကတော့ အာဏာသိမ်းမှုကို အခွင့်အရေးတစ်ရပ်လို့ ရှုမြင်ကြတယ်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းပြီးနောက်တစ်နှစ်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ သူတို့က ယုံကြည်ထားကြတယ်။ အဲဒီရွေးကောက်ပွဲမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီက အနိုင်ရရင် ရှမ်းနီတွေအတွက် အလုပ်လုပ်ပေးမယ်လို့ ဆိုကြပါတယ်။ အာဏာသိမ်းပြီး တစ်လလောက်အကြာမှာ ရှမ်းနီလူငယ်တချို့ဟာ ပါတီခေါင်းဆောင်တွေနဲ့ အချေအတင်ဖြစ်ပြီး စကားများခဲ့ကြတယ်။ တပ်မတော်ကို ထောက်ခံတဲ့ လူကြီးတွေရဲ့လုပ်ရပ်ကို ကျမတို့လူငယ်တွေက လုံးဝလက်ခံလို့မရဘူး။ နောက်ပြီး တစ်နိုင်ငံလုံး အာဏာသိမ်းမှုအကျိုးဆက်တွေကို ခံစားနေကြရတဲ့အချိန်မှာ ကျမတို့က ကိုယ့်ရှမ်းနီလူမျိုးအတွက်ပဲ စဉ်းစားပြီးအလုပ်လုပ်တာမျိုးမဖြစ်သင့်ဘူးလို့ မြင်ပါတယ်။

တချို့လူကြီးတွေကတော့ လူငယ်တွေ ဆန္ဒပြပွဲတွေမှာပါတာကို မကြိုက်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ငယ်ငယ်တုန်းက (ကိုယ့်အခွင့်အရေးကိုယ်မထုတ်ဖော်နိုင်အောင်) ဖိနှိပ်ခံခဲ့ကြရလို့ပဲ။ နောက်ပြီးတော့ ခုချိန်မှာ တပ်မတော်က ပြည်သူ့စစ်ဖွဲ့ဖို့ သူတို့ကိုလက်နက်တွေ ပေးထားတာကြောင့်လည်း ပါမယ်ထင်တယ်။ ဒီ အာဏာသိမ်းမှုက သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ အင်န်အယ်လ်ဒီပါတီနဲ့ပဲဆိုင်တယ်လို့ လူကြီးတွေက လူငယ်တွေကို ပြောပါတယ်။ ဒါပေမဲ့လေ ကျမပြောချင်တာက ကျမတို့က အင်န်အယ်လ်ဒီအတွက် ဆန္ဒပြနေတာမှမဟုတ်တာ။ ကျမတို့က တစ်နိုင်ငံလုံးအတွက် ဆန္ဒပြနေတာပါ။

အရင်တုန်းကတော့ ကေအိုင်အေနဲ့ ရှမ်းနီတွေကြား တိုက်ပွဲတွေ ရှိခဲ့တယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ အခြေအနေက လုံးဝပြောင်းလဲသွားတယ်။ တချို့(ရှမ်းနီ)တွေကတော့ ကျမတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေအတွက် ကိုယ်ကိုယ်တိုင်လက်နက်စွဲကိုင်ပြီး ကေအိုင်အေကို တိုက်ထုတ်ဖို့လိုတယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ တချို့ကတော့ ကေအိုင်အေဟာ အားလုံးအတွက် တိုက်ခိုက်ပေးနေတာလို့ ယုံကြည်ထားကြပါတယ်။ ခုချိန်မှာ လူတော်တော်များများက ကေအိုင်အေကို ထောက်ခံအားပေးလာကြတယ်။ အရင်က ကေအိုင်အေကို မုန်းတဲ့လူတွေတောင်မှ ထောက်ခံလာကြတယ်။ တပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်တဲ့အခါတိုင်း  ကေအိုင်အေအနိုင်ရဖို့ ကျမတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန္ဒပြုကြတယ်။ တပ်မတော်ကို ပြန်လည်တိုက်ခိုက်ဖို့ တချို့ရှမ်းနီလူငယ်တွေဆို ကေအိုင်အေထဲဝင်ကြသလို တချို့ကလည်း ရှမ်းနီ(SNA)တပ်ထဲဝင်ကြတယ်။ တချို့ကတော့  ရှမ်းနီတပ်ထဲဝင်ကြပါတယ်။ လူတွေဟာ အာဏာရှင်စနစ်ကို မကြိုက်ကြဘူး။​ ဒါကြောင့် ပြည်သူဘက်ရပ်တည်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ထောက်ခံအားပေးကြတယ်”

အရှင်တေဇနိယ (ကချင်ပြည်နယ်က ရှမ်းနီဆရာတော်)

ဆရာတော် တေဇနိယ – “ကချင်ပြည်နယ်က ရှမ်းလူမျိုးတော်တော်များများဟာ လယ်သမားတွေများတယ်။ စစ်တပ်နဲ့ဆက်နွှယ်တဲ့သူတွေ ဒါမှမဟုတ် ကေအိုင်အေကို မကြိုက်တဲ့ရှေးရိုးစွဲလူကြီးပိုင်းတွေကတော့ အမှန်တရားဘက်က ရပ်တည်ရမယ့်အစား သူတို့ရန်သူတွေ ကျရှုံးဖို့အတွက် ပိုပြီးအာရုံစိုက်ကြတာပေါ့လေ။ လူငယ်တွေကတော့ ပိုပြီး ပညာတတ်၊ အမြင်လည်းပိုကျယ်ကြပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းလူကြီးတွေ နားလည်အောင် ဘယ်လိုမှရှင်းပြလို့မရဘူး။ ဒါကြောင့် တချို့ ရှမ်းတွေဟာ  အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဒီတော်လှန်ရေးကြီးမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနောက် လိုက်ရမလဲမသိတဲ့အတွက် ဘယ်ဘက်ကိုမှ မပါဘဲ အလယ်မှာ ရပ်နေကြတာပေါ့။

ကချင်နဲ့ ရှမ်းလူငယ်တွေကြားက မတူညီတဲ့တစ်ချက်ကတော့ ကချင်လူငယ်တော်တော်များများက နိုင်ငံရေးသိပ္ပံကို လေ့လာထားတဲ့အတွက် နိုင်ငံရေးကို နားလည်ကြတယ်။ ရှမ်းလူငယ်တွေကျတော့ ကချင်တွေကို ကြောက်ရတာနဲ့၊ ရှမ်းခေါင်းဆောင်တွေ၊ ကေအိုင်အေနဲ့ တပ်မတော်ကိုကြောက်ရတာနဲ့။ ဒါကြောင့် သူတို့ကို တော်လှန်ရေးထဲပါလာအောင် အတော်လေးအားစိုက်ပြီး ဆွဲခေါ်ရမှာပါ။ ဒါပေမဲ့ အခုတော့ ရှမ်းလူငယ်တွေ သူတို့ရဲ့ အခွင့်အရေးတွေကို သဘောပေါက်နားလည်လာကြပါပြီ။

ကချင်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေက အားကောင်းတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်က ရှမ်းတွေမှာ အဲဒီလိုအဖွဲ့အစည်းတွေ မရှိကြပါဘူး။ ဦးဇင်းတို့ ရှမ်းတွေအတွက် လွှတ်တော်မှာနေရာတစ်နေရာ လိုချင်တယ်ဆိုရင်တောင် ကချင်ပြည်နယ်က ရှမ်းတွေ အဆင်သင့်မဖြစ်ကြသေးပါဘူး။ ဒါကြောင့် ကချင်တွေပဲ အားလုံးကို ကိုယ်စားပြုပြီး အလုပ်လုပ်တဲ့သူတွေ ဖြစ်လာကြမှာပါ။

ကချင်တွေနဲ့ ကေအိုင်အေကို မုန်းနေအောင် လူကြီးတွေက ပုံဖော်ခဲ့ကြတာပါ။ ဒါပေမဲ့ လူငယ်တွေရဲ့  အမြင်ကပြောင်းသွားပြီ။ ဒီတော်လှန်ရေးကြီးမှာ ကေအိုင်အေက သူရဲကောင်းပဲ။ ပြီးတော့ ဦးဇင်းရဲ့ ဒါယကာ၊ ဒါယကာမတော်တော်များများကလည်း ပါးစပ်ထုတ်မပြောတာသာရှိမယ်။ ကေအိုင်အေကို ထောက်ခံကြတယ်။

ယုံကြည်တယ်ဆိုပေမဲ့ သံသယလေးတော့  ရှိတာပေါ့။ ကေအိုင်အေဟာ ကချင်တွေအတွက်နဲ့ ကချင်နိုင်ငံတော်ထူထောင်ဖို့ပဲလုပ်နေမလားလို့ တချို့က စိတ်ပူကြပါတယ်။ အားလုံး လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုရှိရေးအတွက် ကိုယ်စားပြုဆောင်ရွက်နေတယ်ဆိုတဲ့ အမြင်မျိုးရှိလာအောင် ကေအိုင်အေ ကြိုးစားနေဆဲပါ။ ဒါပေမဲ့ ကချင်လူငယ်တချို့က “ကချင်လူမျိုးမှ ကချင်လူမျိုး” ဆိုတဲ့ ကိုယ့်လူမျိုးကို ဦးစားပေးရှေ့တန်းတင်လိုတဲ့ စိတ်ပြင်းထန်တာမျိုးတွေလည်း တွေ့ရတယ်။

စစ်တပ်က ခရစ်ယာန်ဘာသာဝင်တွေကို နှိပ်ကွပ်ခဲ့တာကြောင့် ဖက်ဒရယ်စနစ်သာ ကျင့်သုံးနိုင်ပြီဆိုရင်  ကချင်တွေက ဗုဒ္ဓဘာသာဝင်တွေကို ပြန်ကလဲ့စားချေလေမလားလို့လည်း တချို့ကစိုးရိမ်နေကြတာပေါ့လေ။ ရှေးရိုးစွဲရှမ်းလူကြီးပိုင်းတွေကတော့ ဒီအခြေအနေကို အသုံးချပြီး အမျိုးနဲ့ဘာသာကို ကာကွယ်ဖို့လိုတယ်လို့ ပြောကောင်းပြောနိုင်တာပေါ့။

အမုန်းတရားကြောင့် ဘာမှဖြစ်မလာနိုင်ဘူးဆိုတာကို လူငယ်တွေက နားလည်ကြပါတယ်။ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ဆိုရင် ရှမ်းနဲ့ကချင် လူငယ်တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှုရှိဖို့ လိုပါတယ်။ ရှမ်းနဲ့ ကချင်တွေဟာ ဌာနေတိုင်းရင်းသားတွေပါ။ ဒါကြောင့် အမျိုးသားရေးခံယူချက်နဲ့ ကိုးကွယ်ယုံ ကြည်မှုအပိုင်းတွေမှာ အစွန်းမရောက်ကြဖို့ လိုတယ်။ ကေအိုင်အေကလည်း ကချင်ပြည်နယ်အတွင်းက မျိုးနွယ်စုတွေအားလုံးကို အကာအကွယ်ပေးပြီး အားလုံးကို ကိုယ်စားပြုတယ်ဆိုတာကို တကယ်လက်တွေ့ပြဖို့ လိုတာပေါ့”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar