၂၀၁၆ ခုနှစ်တွင် စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံတွင် စိတ်ကြွရူးသွပ်ဆေးပြားများကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့်နှစ်တွင် စံချိန်တင် ဖမ်းဆီးရမိခဲ့သည်ဟု အေအက်ဖ်ပီက ရရှိသော အချက်အလက်များကို ကိုးကား ရေးသားထားသည်။

စိတ်ကြွဆေးပြား ၉၈ သန်းကို ရဲတပ်ဖွဲ့က စံချိန်တွင် ဖမ်းဆီးရမိခဲ့သည်။ ထိုအရေအတွက်သည် ၂၀၁၅ ခုနှစ်က ဖမ်းဆီးရမိခဲ့သည့် ဆေးပြားအရေအတွက် သန်း ၅၀ ထက် နှစ်ဆတိုးလာခြင်းဖြစ်သည်ကို ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ပေါ်တွင် မူးယစ်ဆေး အဓိက ထုတ်လုပ်နေသည့် နိုင်ငံများအနက် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် စိတ်ကြွဆေးပြား အမြောက်အများအပြင် ဘိန်းဖြူ၊ ဘိန်းနှင့် ဆေးခြောက်တို့ကိုလည်း ထုတ်လုပ်နေပြီး အာရှနှင့် တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများထံ ဖြန့်ချိနေသည်။

ထုတ်လုပ်မှုအများစုကို လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားပြီး သွားလာရန် ခက်ခဲသည့် နယ်စပ်ဒေသများတွင် ဆောင်ရွက်နေကြသည်။

စိတ်ကြွဆေးပြားများအပြင် ဟီးရိုးအင်း ၇၅၉ ကီလိုဂရမ်၊ ဘိန်း ၉၄၅ ကီလိုဂရမ်နှင့် ICE ၂,၅၆၄ ကီလိုဂရမ်ကိုလည်း ပြီးခဲ့သည့်နှစ်က ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မူးယစ်ဆေးမှုဖြင့် အရေးယူခံရသူအရေအတွက်မှာ ၂၀၁၅ ခုနှစ်က ၈,၈၀၀ သာရှိခဲ့ရာမှ ပြီးခဲ့သည်နှစ်တွင် ၁၃,၅၀၀ အထိ မြင့်တက်သွားသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များအရ အဆိုပါပြဿနာကို ထိန်းချုပ်ရေးအတွက် ဆောင်ရွက်မှုများမှာ ခရီးရောက်နေသည်ဟု မူးယစ်ဆေးဝါးထိန်းချုပ်ရေး အရာရှိတစ်ဦးက ပြောကြားသည်။

“ဒါပေမယ့် ရောင်းဝယ်မှုတွေကတော့ တိုးလာနေပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါအရာရှိက အေအက်ဖ်ပီကို ပြောကြားသည်။

လူအင်အားနှင့် အရည်အသွေးမြင့် ထောက်လှမ်းရေးနည်းပညာများ မရှိခြင်းက အဓိက အတားအဆီးများဖြစ်နေသည်ဟု ၎င်းကပြောကြားသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် အလုပ်လုပ်ကိုင်ရန် ခက်ခဲခြင်းကလည်း အကြောင်းတစ်ချက်ဖြစ်သည်။

ကုလသမဂ္ဂ မှုခင်းနှင့် မူးယစ်ဆိုင်ရာရုံး၏ ဒေသဆိုင်ရာအကြီးအကဲ ဂျရယ်မီ ဒေါက်ကလပ်က ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် စိတ်ကြွဆေးများ ထုတ်လုပ်မှုမှာ သိသိသာသာ တိုးလာသည်ကို တွေ့ရှိနေရသည်ဟု ပြောကြားသည်။

တိုင်းပြည်တွင်း မူးယစ်ဆေးဝါး သယ်ဆောင်သည့် လမ်းကြောင်းများမှာလည်း ပြောင်းလဲနေသည်ဟု ၎င်းကပြောကြားသည်။ မြင့်တက်လာသည့် ပြည်တွင်းလိုအပ်ချက်ကို မူးယစ်ဆေး ကူးသန်းရောင်းဝယ်သူများက ဦးတည်လာကြသလို မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းဒေသများတွင် ဈေးကွက်သစ်များ ရှာဖွေလာကြသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar