အပြစ်ကျူးလွန်ခဲ့တဲ့ လူငယ်လေးတွေ ဘဝသစ် ပြန်စနိုင်စေဖို့

ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေအကြောင်း ကြားသိခဲ့ရတာကြာပြီဖြစ်ပေမယ့် ကလေးတွေကရော ဒီလိုငရဲစခန်းတွေမှာ ဘယ်လိုဖြတ်သန်း ရှင်သန် နေထိုင်ကြသလဲဆိုတာသိရဖို့ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို Frontier က သွားရောက်လေ့လာခဲ့ပါတယ်။

ထွန်းခိုင် ရေးသားသည်။

ပူပြင်းလှတဲ့ ရန်ကုန်ညနေခင်းကနေပူရှိန်ကို ဂရုမစိုက်ပဲ အသက် ၂၁ နှစ်အရွယ် ကိုသိမ်းစိုးတယောက် မြေပြင်ပေါ်စိုက်ထားတဲ့ ကားတာယာကွင်းတွေကို သူ့ပြိုင်ဘက်လို့ သဘောထားရင်း တစ်ချက်ပြီးတချက် ခပ်ပြင်းပြင်း ကန်ကျောက်နေပါတယ်။

အခြားအသင်းဖော်တွေနဲ့အတူ ရန်ကုန်မြို့စွန် ဆင်ခြေဖုံးဖြစ်တဲ့ မြောက်ဥက္ကလာက အဖြူရောင်သွေးသစ်ဆိုတဲ့ မြန်မာ့လက်ဝှေ့ကလပ်မှာ လေ့ကျင့်နေတဲ့ ကိုသိမ်းစိုးဟာ အလားအလာကောင်းတွေရှိတဲ့ လူငယ်လက်ဝှေ့သမားတယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။

“ကျွန်တော်က ချန်ပီယံဖြစ်ချင်တာ” လို့ ၅၁ ကီလိုတန်းမှာ တရားဝင်ပွဲ  ၅၈ ပွဲ ထိုးသတ်ထားရာမှာ လေးပွဲပဲ ရှုံးပွဲရှိသေးတဲ့ သူကပြောပါတယ်။

ကိုသိမ်းစိုးဟာ သူ့ပြိုင်ဘက်တွေကို အလွယ်တကူ လှဲသိပ်နိုင်လောက်အောင် သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားတဲ့ လူငယ်တယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် သူဟာ ပြိုင်ဘက်တယောက်ကို အသက်ဆုံးရှုံးသွားရတဲ့အထိ ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ လက်ဝှေ့ကြိုးဝိုင်းထဲမှာမဟုတ်ပဲ ရန်ကုန်မြို့လမ်းမတစ်ခုပေါ်က ရန်ပွဲမှာဖြစ်ပါတယ်။ သူ့အသက် ၁၆ နှစ်အရွယ်တုန်းက ဖြစ်ခဲ့တဲ့ အဲဒီရန်ပွဲကြောင့် သူ့ကို လူငယ်ထိန်းသိမ်းရေးစခန်းကိုပို့ဖို့ တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။

Nyein Su Wai Kyaw Soe / Frontier

ဒေါသကြီးတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးဟာ သူ့လိုပဲ အခြားပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဆယ်ကျော်သက် ၅၀၀ လောက် စုနေကြတဲ့ ရန်ကုန် အနောက်တောင်ပိုင်း၊ ကော့မှူးမြို့နယ်ထဲမှာရှိတဲ့ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို ရောက်ခဲ့တဲ့ ပထမဆုံးနေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ သူ့ရဲ့စိုးရိမ်မှုကို ပြန်ပြောင်း ပြောပြပါတယ်။

“ကြောက်ကလဲ ကြောက်တယ်။ ငါထပ်ပြီး အနိုင်ကျင့်ခံရမလားဆိုပြီး အမြဲစိုးရိမ်ခဲ့တယ်”လို့ သူကပြောပါတယ်။

ရန်ကုန်မြစ်တစ်ဘက်ကမ်းမှာရှိတဲ့ ဒလကနေ ၄၅ မိနစ်လောက် ကားစီးရတဲ့ ကော့မှူးမြို့နယ်ထဲက ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းဟာ အရပ်ထဲမှာတော့ ကလေးထောင်ဆိုပြီး လူသိများတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ရာဇဝတ်မှုကျုးလွန်ခဲ့ကြတဲ့ ကလေးသူငယ်တွေနဲ့ လမ်းမပေါ်က ကလေးတွေကို စုဝေးထားရှိရာနေရာတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ကလေးသူငယ်ဥပဒေအရ ပြစ်မှုကျူးလွန်စဉ်မှာ အသက် ၁၆ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေကို သာမန်အကျဉ်းထောင်တွေဆီကိုမပို့ဘဲ ငှက်အော်စမ်းလို လူငယ် သင်တန်းကျောင်းတွေဆီကို ပို့ရတာဖြစ်ပါတယ်။

မော်လမြိုင်၊ ကျိုင်းတုံ၊ လားရှိုး၊ မန္တလေးနဲ့ သံလျင်တို့မှာလည်း  ငှက်အော်စမ်းလို လူငယ်သင်တန်းကျောင်းတွေ ရှိပါတယ်။

လူငယ်သင်တန်းကျောင်းလို့ နာမည်တပ်ထားပေမယ့် မြန်မာနိုင်ငံမှာကတော့ ကလေးထောင်တစ်ခုအဖြစ်ပဲ လူသိများလှပါတယ်။

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကလေးငယ်များ တန်းစီလမ်းလျောက်လာကြစဉ်။ ဓာတ်ပုံ- စတိဗ်တစ်ခ်နာ

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကလေးငယ်များ တန်းစီလမ်းလျောက်လာကြစဉ်။ ဓာတ်ပုံ- စတိဗ်တစ်ခ်နာ

ထောင်ဆိုတာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဆေးကြောတဲ့နေရာ၊ အမှားအယွင်းတွေကို ပြန်လည် သုံးသပ်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြပေမယ့် မြန်မာနိုင်ငံမှာကတော့ အကျဉ်းထောင်ဆိုတာ လူ့ငရဲစခန်းတွေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေအကြောင်း ကြားသိခဲ့ရတာကြာပြီဖြစ်ပေမယ့် ကလေးတွေကရော ဒီလိုငရဲစခန်းတွေမှာ ဘယ်လိုဖြတ်သန်း ရှင်သန် နေထိုင်ကြသလဲဆိုတာ သိရဖို့ ပြီးခဲ့တဲ့လက ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို Frontier က သွားရောက်လေ့လာခဲ့ပါတယ်။

ရာဇဝတ်မှုကျုးလွန်သူတွေကို ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံက ဘယ်နေရာကိုမဆို သတင်းသမားတွေ သွားရောက်လေ့လာချင်ရင် ခက်ခက်ခဲခဲကြိုးစားရပေမဲ့ ငှက်အော်စမ်းကတော့ အလွယ်တကူ ခွင့်ပြုခဲ့ပါတယ်။

အဲ့ဒိကျောင်းမှာ ကလေးသူငယ် ၄၃၃ ယောက်ကို ထိန်းသိမ်းထားပြီး အဲဒီထဲက ၃၂၁ ယောက်ဟာ ပြစ်မှုကျူးလွန်ထားသူတွေဖြစ်ကာ ကျန် ၁၁၂ ယောက်ကတော့ လေလွင့်ကလေးငယ်တွေအဖြစ် ထိန်းသိမ်းခံထားကြရတာဖြစ်ပါတယ်။

“ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း” လို့ ဆိုင်းဘုတ်တပ်ထားတဲ့ အဲဒီကျောင်းမှာ တံခါးမရှိသလို တံခါးစောင့်လဲ မရှိပါဘူး။

dsc_6509.jpg

Steve Tickner / Frontier

ကျောင်းထဲကနေ ကျောင်းပြင်ကို အလွယ်တကူ ဝင်ထွက်သွားလာလို့လည်း ရပါတယ်။ ရန်ကုန်မြို့စွန်က ၃၆ ဒဿမ ၂၇ ဧကကျယ်တဲ့ အဲဒီကျောင်းမှာ ခြံစည်းရိုးကလည်း လူတယောက် အလွယ်တကူ ဝင်ထွက်သွားလာလို့ရတဲ့ အကာအရံတွေသာဖြစ်ပါတယ်။

“ဒါထောင်မဟုတ်ဘူး။ ခြံစည်းရိုးတွေ အမြင့်ကြီးခတ်ထားရင် ကလေးတွေအတွက် ထောင်ဖြစ်နေမှာပေါ့” လို့ ငှက်အော်စမ်းကို ကလေးထောင်လို့ လူတွေမြင်နေတဲ့အမြင်ကို ကျောင်းအုပ်ဆရာကြီး ဦးကျော်ဦးက တုန့်ပြန်ပါတယ်။

Steve Tickner / Frontier

လူသတ်မှု၊ အဓမ္မပြုကျင့်မှုစတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ ရာနဲ့ချီတဲ့ ကလေးတွေကို ထွက်မပြေးစေပဲ ထိန်းသိမ်းတဲ့နေရာမှာ အုတ်တံတိုင်းအမြင့်ကြီးတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာ တွန်းအားပေးမှုက အရေးကြီးတယ်လို့ ဦးကျော်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့မှာ ဝန်ထမ်း၂၉ ယောက်ပဲရှိတယ်”လို့ ဦးကျော်ဦးကပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြစ်မှုကျူးလွန်မှုတွေမှာ ကလေးငယ်တွေ ပါဝင်ပတ်သတ်မှု အများအပြားရှိနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်တုန်းက ရန်ကုန်မှာ အဓမ္မပြုကျင့်မှု ၁၃၀ ဖြစ်ခဲ့တာမှာ ကလေးတွေ ပါဝင်ပတ်သတ်တဲ့ အမှုပေါင်း ၉၀ ရှိတယ်လို့ ဆိုပါတယ်။

dsc_6614.jpg

ကျောင်းအုပ်ဆရာကြီး ဦးကျော်ဦး။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

အပြစ်သားတွေအဖြစ် တရားရုံးကအမိန့်ချလို့ လူငယ်သင်တန်းကျောင်းတွေကို ရောက်လာတဲ့ ကလေးငယ်တိုင်းဟာ လူ့အဖွဲ့အစည်းကို ဒုက္ခပေးခဲ့ကြတာမဟုတ်ပဲ လူ့အဖွဲ့အစည်းကပေးတဲ့ ဒုက္ခတွေကြောင့် ရာဇဝတ်သား ဖြစ်လာရတာတွေလည်း ရှိပါတယ်။

အဲဒီထဲမှာ အောင်အောင်ဆိုတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။

သူဟာ လေးတန်းကျောင်းသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက အခြားကျောင်းသားတွေလိုပဲ ချို့ချို့ငဲ့ငဲ့နဲ့ ပညာသင်ယူခဲ့ရတဲ့ ကလေးတယောက်ဖြစ်ပါတယ်။

သူကျောင်းတက်နေစဉ်မှာ ကျောင်းမနေရတဲ့ သူ့အကိုက သူကျောင်းမှာစားဖို့ နေ့လည်စာကို အိမ်ကနေ နေ့စဉ် လာပို့ပေးလေ့ရှိပါတယ်။

တစ်ရက်မှာတော့ အဆော့မက်တဲ့ အောင်အောင်ရဲ့အကိုဟာ ထမင်းစားချိန်လွန်တဲ့အထိ သူ့ညီဆီကို ထမင်းဘူးလာမပို့ခဲ့ပါဘူး။

သင်တန်းကျောင်းတွင် လူငယ်လေးများအား လက်သမားပညာကဲ့သို့ သက်မွေးဝမ်းကျောင်းမှု ပညာများကို သင်ကြားပေးလေ့ရှိသည်။ ဓာတ်ပုံ- စတိဗ်တစ်ခ်နာ

သင်တန်းကျောင်းတွင် လူငယ်လေးများအား လက်သမားပညာကဲ့သို့ သက်မွေးဝမ်းကျောင်းမှု ပညာများကို သင်ကြားပေးလေ့ရှိသည်။ ဓာတ်ပုံ- စတိဗ်တစ်ခ်နာ

ဗိုက်ဆာနေတဲ့ အောင်အောင်ဟာ အိမ်ပြန်ပြီး ထမင်းစားခွင့်ရဖို့အတွက် သူ့ဆရာမဆီကို ခွင့်တောင်းပေမယ့် ဆရာမက အောင်အောင်ရဲ့ တောင်းဆိုမှုကို မလိုက်လျောခဲ့ပါဘူး။

ဒီလိုနဲ့ ထမင်းငတ်ခဲ့ရတဲ့ တစ်ရက်တာ ကုန်ဆုံးသွားရတဲ့အတွက် အောင်အောင်နဲ့ သူ့အကိုတို့ဟာ ဆရာမကို လက်စားချေဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ညီအကိုဟာ ညအချိန်မှာ ကျောင်းခန်းထဲကိုခိုးဝင်ပြီး စာရွက်စာတမ်းတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ နောက်ပြီး သူတို့ သိပ်စိတ်ဆိုးရတဲ့ဆရာမကို လက်စားချေခဲ့တဲ့အကြောင်း ကျောက်သင်ပုန်းပေါ်မှာ မှတ်တမ်းတင်ခဲ့ပြန်ပါတယ်။

ရလာဒ်ကတော့ အောင်အောင်တို့ ညီအကိုနှစ်ယောက်ဟာ လူဆိုးစာရင်းဝင်ခဲ့ရပြီး လူငယ်သင်တန်းကျောင်းကို ပို့ခံခဲ့ရပါတော့တယ်။

“ဥပဒေအရကြည့်ရင် အစိုးရပစ္စည်းဖျက်စီးတာ အပြစ်ရှိတယ်။ တရားသူကြီးကလည်း အပြစ်ရှိတယ်လို့ ယူဆတယ်။ မှန်တယ်။ ဒါသူတို့အပိုင်း။ တခါတလေမှာ ကျွန်တော်တို့ဟာ ကလေးတွေကို ခွင့်လွှတ်လို့ ရတာမျိုးတွေ၊ သူတို့ကို အပြစ်ပေးဖို့ မထိုက်တန်တာတွေရှိတယ်။ ဒီကိစ္စဆို ကလေးနေ့လည်စာ မစားရတာကနေ စတာ”လို့ ဦးကျော်ဦးက ပြောပါတယ်။

Steve Tickner / Frontier

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကလေးသူငယ်တွေ အလုပ်လုပ်ရတဲ့နှုန်း မြင့်မားတဲ့နိုင်ငံတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ယူခဲ့တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ငါးနှစ်ကနေ ၁၇ နှစ်အတွင်း ကလေး ၁၂ ဒသမ ၁ သန်းရှိတဲ့အနက် ၁ ဒသမ  ၂ သန်းလောက်က အလုပ်လုပ်ကိုင်နေကြရပါတယ်။

အဲ့ဒိကလေးတွေထဲမှာ ပန်းရံအလုပ်သမားအဖြစ် အသက်မွေးရတဲ့ အသက် ၁၅ နှစ်အရွယ် ကျော်ကျော်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ကျော်ကျော်က သီချင်းဆိုတာလည်း ဝါသနာပါပြီး သူ့လုပ်အားခတွေ စုဆောင်းပြီး ဝယ်ထားတဲ့ ဂစ်တာတစ်လက်လည်း သူ့မှာ ရှိပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာနေကြတဲ့ အခြားလုပ်သားတွေ ညဘက်အရက်သောက်တဲ့အခါ “ကျော်ကျော်” ကအရက်ဝိုင်းမှာမပူးပေါင်းဘဲ ဂစ်တာတီးနေလေ့ရှိပါတယ်။

တစ်ရက်မှာတော့ မူးနေတဲ့ ဆောက်လုပ်ရေးလုပ်သားတယောက်က ကျော်ကျော်ကို ထိုးကြိတ်ခဲ့ပါတယ်။ နောက်ပြီး သူအမြတ်နိုးဆုံးဖြစ်တဲ့ ဂစ်တာကို လုယူပြီး ဖျက်ဆီးခဲ့ပြန်ပါတယ်။

ဒေါသထွက်နေတဲ့ ကျော်ကျော်ကို အရက်မူးနေတဲ့ အဲဒီဆောက်လုပ်ရေးလုပ်သားက ထပ်ပြီးတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာ အကြောက်လွန်နေခဲ့တဲ့ ကျော်ကျော်တစ်ယောက် သူ့နောက်ကျောဘက်ဆီ ကပ်လာတဲ့ အရက်မူးနေတဲ့သူကို ဓားနဲ့ထိုးပြီး ရဲခန်းဆီကို ထွက်ပြေးခဲ့ပါတော့တယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူဒါးနဲ့ ထိုးခဲ့တဲ့ အရက်မူးသမားဟာ လူ့လောကက ထွက်ခွာသွားခဲ့ရပြီး ကျော်ကျော်တယောက်လည်း မိသားစုနဲ့ဝေးရာ လူငယ်သင်တန်းကျောင်းကို ရောက်သွားခဲ့ရပါတော့တယ်။

dsc_6591.jpg

Steve Tickner / Frontier

“တခါတလေကျ ကလေးတွေကို လူဆိုးတွေဖြစ်အောင် လူ့အဖွဲ့အစည်းက တွန်းပို့တတ်တယ်”လို့ ငှက်အော်စမ်း ကျောင်းအုပ်ကြီး ဦးကျော်ဦးက ပြောပါတယ်။

ဖြစ်ရပ်မျိုးစုံနဲ့ရောက်လာတဲ့ ကလေးတွေကို လူငယ်သင်တန်းကျောင်းကနေ အသက်မွေးအတတ်ပညာ၊ ကျောင်းသင်ခန်းစာနဲ့ အားကစားတွေသင်ပေးပြီး လူ့လောကထဲမှာ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်စေဖို့ လေ့ကျင့်ပေးပါတယ်။

ဒါပေမယ့်လည်း ဆင်းရဲလှတဲ့ မြန်မာနိုင်ငံမှာ လူ့အဖွဲ့အစည်းအတွက် ပြဿနာလို့ မြင်နေကြတဲ့ ကလေးတွေအတွက် ထောက်ပံ့မှုတွေက ရှားပါးလွန်းလှပါတယ်။

လူငယ်သင်တန်းကျောင်းက ကလေးတွေအတွက် စားစရိတ်ကို အစိုးရက တရားဝင်ခွင့်ပြုထားတာက တစ်ရက်ကို ၄၃၂ ကျပ်နဲ့ ၁၀ ပြားနှုန်းပါ။ ဒါဟာ ခပ်ညံ့ညံ့ ဘီယာတစ်ဗူးဖိုးတောင် မရှိပါဘူး။

“ဒါအခုတော်တော် ကောင်းသွားတာ။ ကျွန်တော်တို့တုန်းကဆိုရင် ဆန်က ဆန်လို့တောင် ခေါ်လို့မရဘူး”လို့ ငှက်အော်ဆန်းကျောင်းသားဟောင်း ကိုသိမ်းစိုးက ပြောပါတယ်။

ကိုသိမ်းစိုးကို မြေတောင်မြှောက်ပေးခဲ့တဲ့ လက်ဝှေ့သင်တန်းကျောင်းဆိုရင်လဲ ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားတာကြောင့် အခုဆိုရင် ပိတ်ထားခဲ့ရပါပြီ။

Nyein Su Wai Kyaw Soe / Frontier

ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနည်းပေမယ့် ကလေးသူငယ်တွေကို စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေ ဖြည့်ဆည်းပေးဖို့ ကြိုးစားတာတွေရှိတယ်လို့ ကျောင်းအုပ်ကြီးက ဆိုပါတယ်။

လူငယ်ဘဝက အမှားအယွင်းတွေကိုပြင်ဆင်ရင်း ကိုသိမ်းစိုးလို ဘဝကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တဲ့လူငယ်တွေ လည်းရှိသလို ပြဿနာတွေကြားမှာ နစ်မွန်းသွားကြရတဲ့ လူငယ်တွေလည်း ရှိပါတယ်။

“ကျွန်တော်တို့မှာ တိကျတဲ့ စစ်တမ်းတော့မရှိဘူး။ အများစုကတော့ လမ်းကြောင်းမှန်ပေါ် ရောက်သွားတယ်။ မိဘက ပညာမတတ်ဘူး။ သူ့ပတ်ဝန်းကျင်ကလည်း ဆင်ခြင်တုံတရားနည်းပြီး ဒုစရိုက်တွေပဲ ပြန်လုပ်ကြတဲ့ ကလေးတွေလည်း ရှိပါတယ်”လို့ ကျောင်းအုပ်ကြီး ဦးကျော်ဦးက ဆိုပါတယ်။

လူငယ်သင်တန်းကျောင်းကိုမရောက်ခင် တရားရင်ဆိုင်ချိန်၊ ဒါမှမဟုတ် လမ်းပေါ်လျှောက်သွားရင်း ထိန်းသိမ်းခံရတဲ့အချိန်မှာ စိတ်ဖိစီးမှုအများဆုံးဖြစ်တယ်လို့ လူငယ်သင်တန်းကျောင်းက ထွက်လာတဲ့ ကျောင်းသားဟောင်းတွေက ဆိုပါတယ်။

“လူသတ်ဖူးတဲ့ကလေးတွေကို မေးကြည့်မိတယ်။ အင်းစိန်(လူကြီးထောင်)ရောက်မှာ သိပ်ကြောက်နေကြတယ်။ ငှက်အော်စမ်းမှာ ပျော်နေပုံရတယ်” လို့ ငှက်အော်စမ်းကျောင်းမှာ သူ့အတွေ့အကြုံကို သွားရောက်ဟောပြောခဲ့တဲ့ ကိုဇော်ဇော်က ပြောပါတယ်။

လေးတန်းအထိပဲ ပညာသင်ခဲ့ရတဲ့ ကိုဇော်ဇော်ဟာ ငါးကင်ရောင်းရင်း အခမဲ့စာကြည့်တိုက်စနစ်ကို တည်ထောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာပို့ပြီး ဂုဏ်ပြုခဲ့ရသူတယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက ဆိုးသွမ်းတဲ့ကလေးတိုင်းကတော့ လူငယ်သင်တန်းကျောင်းတွေမှာ သင်ယူခွင့်ရကြတာတော့ မဟုတ်ပါဘူး။

တချို့ကတော့  လူငယ်ပြုပြင်ရေးကျောင်းတွေက ကလေးထောင်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်တွေလို ထင်မှတ်ပြီး ရှောင်ရှားတတ်ကြပါတယ်။

လူတွေစိတ်ထဲ ကိန်းအောင်းနေတဲ့ “ကလေးထောင်”ဆိုတဲ့ ပုံရိပ်ဆိုးကို တိုက်ဖျက်ရတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူးလို့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဦးက ပြောပါတယ်။

“ငှက်အော်စမ်းက DSA (တပ်မတော် ဗိုလ်လောင်းသင်တန်းကျောင်း) မဟုတ်ဘူးလေ။ ဆေးတက္ကသိုလ်လည်း မဟုတ်ဘူး။ ငှက်အော်စမ်းကျောင်းဆင်းဆိုပြီး ပြောဖို့က လူ့အဖွဲ့အစည်းက လက်မခံရင် ကလေးတွေ လိမ္မာသွားပေမယ့် စိတ်ထဲမှာ တော်တော် ခက်ခက်ခဲခဲ ရုန်းကန်ကြရမယ်” လို့ ဦးကျော်ဦးက ပြောပါတယ်။

(ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းမှ လူငယ်များ၏ အမည်ရင်းများကို ယခုဆောင်းပါးတွင် ပြောင်းလဲ ဖော်ပြထားပါသည်)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar