အစွန်းရောက်သံဃာ အနည်းစုသာရှိဟု သူရဦးအောင်ကို ပြောကြား

နေပြည်တော်၊ မတ် ၁၅

အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြင်းထန်တဲ့အသုံးအနှုန်းတွေ ပြောဆိုနေတဲ့ သံဃာထုဟာ အနည်းစုသာ ဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တအားလပ်ချိန်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သူက “သံဃာတော် အများစုဆိုတာ မဟုတ်ပါဘူး။ အစွန်းရောက်တဲ့ သံဃာ အနည်းစုသာ ဖြစ်ပါတယ်။ လက်ချိုးရေလို့ ရပါတယ်။ လက်နှစ်ဖက် မကျော်ပါဘူး”လို့ ပြောလိုက်တာပါ။

ဆရာတော်သံဃာတော် အများစုကတော့ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုတွေလုပ်မနေဘဲ အမျိုးသားရေးကိစ္စတွေကို အိန္ဒြေသိက္ခာရှိရှိ လုပ်နေတယ်လို့လည်း သူရဦးအောင်ကိုက မှတ်ချက်ပြုပါတယ်။

အစွန်းရောက်မှုတွေကို အားပေးအားမြှောက်လုပ်နေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေက လူမှုကွန်ရက်စာမျက်နှာ တွေမှာ အကောင့်အများအပြားနဲ့ တိုက်ခိုက်မှုတွေလုပ်နေတာသာဖြစ်ပြီး တစ်ကယ့်အရေအတွက်ကတော့ အနည်းငယ်ပါလို့ ဝန်ကြီးက ပြောပါတယ်။

ပြည်သူအများစုကတော့ နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ ဦးဆောင်မှုပေါ်မှာ ယုံကြည်လေးစားလိုက်နာကြသလို ထေရဝါဒ ဗုဗ္ဒသာသနာကြီးရဲ့ ဂုဏ်သိက္ခာကြီး ညိုးနွမ်းမှုတွေကိုလည်း မလိုလားကြပါဘူးလို့လည်း သူက သုံးသပ်ပါတယ်။

“ဗုဒ္ဓအဆုံးအမနဲ့အညီ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းကို အေးချမ်းတည်ငြိမ်တာကို လေးစားကြပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တရားဟောခွင့် တစ်နှစ်ပိတ်ခံထားရတဲ့ ဦးဝီရသူရဲ့ လတ်တလောဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာမရှိဘူးလို့လည်း ဝန်ကြီးက ဆိုပါတယ်။

“ပြောရမယ်ဆိုရင်တော့ သူ့အဆင့်လိုက် လာမှာပါ။ အခုချိန် ထည့်ပြောလိုက်ရင် ဟဲဗီးကြီးဖြစ်သွားမယ်”လို့ သူရဦးအောင်ကိုက သတိပေးသွားပါတယ်။

မူဆလင်ဆန့်ကျင်ရေး ဟောပြောမှုများ ပြုလုပ်ရာမှာ နာမည်ကြီးတဲ့ ဦးဝီရသူအား ယခုလ ၁၀ ရက်နေ့က စတင်ကာ တစ်နှစ်အတွင်း မြန်မာနိုင်ငံတွင်း တရားဟောပြောခြင်းမပြုရန် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့က တားမြစ်လိုက်ပါတယ်။

အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူအနေနဲ့ တရားဟောပြောခွင့် ပိတ်ပင်ခံမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အင်တာနက် စာမျက်နှာမှသော်လည်းကောင်း၊ သတင်းမီဒီယာများဖြင့်သော်လည်းကောင်း ဆန့်ကျင်ဝေဖန်ပြောဆိုခြင်းများ ဆောင်ရွက်လာပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမယ်လို့လည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက မတ် ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဦးဝီရသူကတော့ အဆိုပါ ပိတ်ပင်မှုကို ကန့်ကွက်သည့်အနေဖြင့် ပါးစပ်တွင် တိတ်ဖြင့် ကပ်ကာ တရားဟောပလင်ပေါ်တွင် ထိုင်နေခြင်းနှင့် အချို့သောဒေသများတွင် တရားဟောပြောမှုများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တာကို Facebook ပေါ်မှာ မြင်တွေ့နေရပါတယ်။

ဒါ့အပြင် ဦးဝီရသူရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားနေမှုများကလည်း ရဟန်းတော်တစ်ပါး၏ ဝိနည်းသိက္ခာနဲ့ မညီတဲ့ ရေးသားချက်တွေဖြစ်သည်ဟုလည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar