နည်းပညာသုံးလိုက်ရသော နိဗ္ဗာန်ဈေးပွဲတော်တစ်ခု

မြန်မာတို့၏ပျော်စရာအကောင်းဆုံး နိဗ္ဗာန်ဈေးပွဲတော် တစ်ခုတွင် ခေတ်မီနည်းပညာသုံးကာ ပြဿနာမဖြစ်ရအောင် ထူးခြားစွာကျင်းပလိုက်နိုင်ခဲ့သည်။

စာသား – ဟိန်းသာ၊ ဓာတ်ပုံ – သူရဇော်

နိုဝင်ဘာသည် မြန်မာ့လနှင့်ဆိုလျှင် တန်ဆောင်မုန်းလ ဖြစ်ပါသည်။ မြန်မာတို့သည် ၁၂ လရှိသည်တွင် လအလိုက် ရာသီပွဲတော်များကျင်းပသည့်အနက် ယခုတန်ဆောင်မုန်းလသည် ပွဲတော်အများဆုံးလ ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာနှင့်ဆိုင်သည့် ကထိန်သင်္ကန်းလှူပွဲ၊ မီးထွန်းပွဲစသည့် ပွဲတော်များရှိသကဲ့သို့ ပျော်စရာအလွန်ကောင်းသည့် နိဗ္ဗာန်ဈေးပွဲတော်လည်းရှိပါသည်။

နိဗ္ဗာန်ဈေး ဆိုသည်က အလှူပေးသည့် ဈေးပွဲတော်တစ်ခုဖြစ်သည်။ လှူချင်သူများက မိမိလှူလိုသည့် ပစ္စည်းမှန်သမျှကိုပေးဝေသည့် အလှူမျိုးဖြစ်သည်။ နိဗ္ဗာန်ဈေးကို တန်ဆောင်းမုန်းလပြည့်နေ့၊ လပြည့်ကျော်ရက်များတွင် သူ့မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ကျင်းပလေ့ရှိကြသည်။

နိဗ္ဗာန်ဈေး ကျင်းပသည့်ပုံစံမှာ ရပ်ကွက်အတွင်းရှိ အိမ်များက မုန့်များ၊ အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများကို တစ်အိမ်လျှင် အခု ၅၀၊ ၁၀၀ ခန့်ပေးလှူကြသည်။

ထိုပစ္စည်းများကို ရယူလိုသူများက လူတန်းအရှည်ကြီး တန်းစီရသည်။ ရပ်ကွက်ထိပ်တွင် တန်းစီသူများ တစ်ယောက်ချင်းဝင်နိုင်အောင် ယာယီစင်တစ်ခုပြုလုပ်ထားမည်။ ထိုနောက် ပွဲဦးဆောင်သူများက တန်းစီသူများကို မဲလတ်မှတ် တစ်လိပ်စီပေးသည်။ ထိုမဲလိပ်ထဲတွင် အိမ်အမှတ်၊ သို့မဟုတ် အိမ်ရှင်နာမည်ကိုရေးထားသည်။ ထိုအိမ်တွင်ပေးသော ပစ္စည်းကို မဲလိပ်နှင့်အတူ သွားထုတ်ယူရမည်ဖြစ်သည်။

မဲလိပ်များမှာ ရောနှောထားသောကြောင့် မည်သည့်အိမ်က ပစ္စည်းရမည်ကို မသိနိုင်။  တချို့အိမ်များက ကိုကာကိုလာ တစ်ဘူးလည်းဖြစ်နိုင်သလို၊ ရိုးရာမုန့်တစ်ခုခုလည်းဖြစ်နိုင်သည်။ ပေါင်မုန့်လည်း ဖြစ်နိုင်သည်။ အသင့်စားခေါက်ဆွဲခြောက်လည်း ဖြစ်နိုင်သည်။

အတန်သင့်ချမ်းသာသည့် အိမ်များကတော့ တန်ဖိုးကောင်းသော ပစ္စည်းများပေးတတ်သည်။ ပေးချင်ရာကို ပေးကြသည်။ အလှူမြောက်ဖို့အဓိကပင်။

ပစ္စည်းလိုချင်သူများက မဲလိပ်အတိုင်း ပစ္စည်းထုတ်ယူပြီးလျှင် လူတန်းရှည်ကြီးနှင့်အတူ  ပြန်လည်တန်းစီပြီး နောက်တစ်ခု ထပ်ယူနိုင်သည်။ မမောမချင်း တန်းစီနေ၍ရသည်။ ပေးဝေနေသည့် မဲလိပ်များ မကုန်မချင်း တန်းစီ၍သဘောဖြစ်သည်။

ထိုကြောင့် အလှူအတန်းပင်ဖြစ်သော်လည်း  နိဗ္ဗာန်ဈေးသည် မဲလိပ်များနှင့် တန်းစီနေသော လူတန်းရှည်ကြီးများ ပါဝင်သောကြောင့် ကစားနည်းတစ်ခုနှင့်ပင်တူနေပြီး ပျော်ရွင်စရာကောင်းသည့်ပွဲ တစ်ပွဲဖြစ်သည်။ သို့သော်လည်း တခါတရံတွင် စိတ်ညစ်စရာကိစ္စများလည်း ရှိတတ်သည်။ အဓိကက လူတန်းရှည်ကြီးဖြင့် တန်းစီသည့်နေရာတွင် လူများမတရားများလာလျှင် ထိုသို့စိတ်ညစ်စရာ ပြဿနာ အနည်းငယ်ရှိတတ်သည်။

nirvana_1.jpg

နိုဝင်ဘာ ၁၂ ရက်က တောင်ဥက္ကလာပမြို့နယ်မှ ငွေကြေးပြည့်စုံသည့်ရပ်ကွက် တစ်ခု၌ နိဗ္ဗာန်ဈေးအတွက် တန်းစီနေကြစဉ်။ ဓာတ်ပုံ – သူရဇော်

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဦးကျော်စိုးတို့ ရပ်ကွက်တွင် ရန်ပွဲတစ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့သည်။ အကြောင်းကတော့ နိဗ္ဗာန်ဈေးပွဲတော်တွင် တန်းစီသူအချင်းချင်း နေရာလုပြီး ရန်ဖြစ်ကြခြင်းဖြစ်သည်။ ရန်ဖြစ်သူများက  အော်ဟစ်ဆူညံရာမှ တွန်းထိုးသောကြောင့် ပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်‌ဈေးပွဲမှ ရန်ပွဲ တစ်ပွဲအဖြစ် ပြောင်းတော့မလိုပင် ဖြစ်သွားခဲ့သေးသည်။

ဦးကျော်စိုးတို့ ရပ်ကွက်ဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းတွင် အတန်အသင့် ချမ်းသာသူများ နေကြသည်။ ထို့ကြောင့် ထိုနေအိမ်များက နိဗ္ဗာန်ဈေးအလှူတွင် တန်ဖိုးမနည်းသော ပစ္စည်းများကိုပေးလေ့ရှိသည်။ ကိုလာ တစ်ဘူး၊ အသင့်စားခြောက်ဆွဲခြောက်လို အပေါ့စား အစားအသောက်များအပြင်  ဆန်၊ ဆီ၊ အဝတ်အထည်များ ပေးကြသည်။

ထို့ပြင် ထမင်းပေါင်းအိုး၊ ပန်းကန်ပြား၊ စက်ဘီးစသည်တို့ပင် နှစ်စဉ် နှစ်တိုင်းပေးကြသည်။ အင်းဝလမ်းမှာပင် တစ်နှစ်ကို အလှူပေးသည့် အိမ်ခြေ ၁၀၀ ခန့်နှင့် ပစ္စည်းအမျိုးပေါင်း ၉,၀၀၀ ကျော် နိဗ္ဗာန်ဈေးတွင် ပေးလှူလေ့ရှိသည်။

ထိုကြောင့် ပစ္စည်းလိုချင်၍ လာရောက်တန်းစီသည့် လူများမှာလည်းများသည်။ ရပ်ကွက်အတွင်း နေထိုင်သူများအချင်းချင်းသာ မက အခြားရပ်ကွက်များမှလူများ၊ ဆင်းရဲနွမ်းပါး၍ ပစ္စည်းလိုချင်သူများပါ လာရောက်တန်းစီတတ်ကြသည်။ အချို့ဆိုလျှင် ရရှိသော အလှူပစ္စည်းများကို တစ်ခါတည်းထည့်ယူသွားရန် ခြင်းတောင်းများ၊ အိတ်များပင် ယူလာပြီး တန်းစီတတ်ကြသည်။

“ကျွန်မက နှစ်တိုင်း လိုက်တန်းစီတာပဲ။ ကိုယ့်ရပ်ကွက်မဟုတ်လည်း သိပ်မဝေးရင် လိုက်တန်းစီတယ်။ ဘာပဲရရပေါ့၊ စားစရာရလည်း ကိုယ်စားရတယ်။ သုံးစရာပစ္စည်းလေး ဘာလေးရရင်တော့ ကောင်းတာပေါ့” ဟု တောင်ဥက္ကလာပမြို့နယ် အမှတ် ၆ ရပ်ကွက်နေ ဒေါ်အေးမြင့်ကြူကပြောသည်။

ယင်းမှာ မထူးဆန်းတော့သော ကိစ္စပင်ဖြစ်သည်။ နိဗ္ဗာန်ဈေးအလှူပွဲတော်ကို ရန်ကုန်၊ မန္တလေး နေပြည်တော်နှင့် အခြားမြို့ကြီးများမှာပါ မြို့နယ်တိုင်းလိုလိုတွင် သူ့အစီအစဉ်နှင့်သူ ကျင်းပလေ့ရှိကြရာ ပစ္စည်းကောင်းကောင်းပေးသော မြို့နယ်များ၊ လမ်းများတွင် လိုချင်သူများ၍ လူများကျပ်ညပ်အောင် တန်းစီကြသည်။ ထိုကဲ့သို့ လမ်းများတွင်တန်းစီသော လူတန်းရှည်ကြီးမှာ လူပေါင်းရာနှင့်ချီနေပြီး အလွန်ရှည်သော လူတန်းကြီးပင်ဖြစ်နေတတ်သည်။ ချမ်းသာသည့်မြို့နယ်အချို့ဆိုလျှင် ရွှေထည်ပစ္စည်းများ၊ ပိုက်ဆံများ၊ ရေခဲသေတ္တာ၊ တီဗီ စသည်တို့ကိုပါ မဲဖောက်ပေးကြသောအခါလူပို၍ များကြသည်။

နိဗ္ဗာန်ဈေး၏ လူတန်းစီသော စနစ်အရ မဲတစ်လိပ်ရပြီးလျှင် နောက်တစ်ခေါက် နောက်ဆုံးမှ ပြန်လည် တန်းစီရသည်။ သို့သော် အချို့လူများက နောက်ဆုံးမှ တန်းမစီလိုကြ။ ထိုသို့စီနေလျှင် ကြာမည်၊ ပစ္စည်းအရနည်းမည်။ ထိုအခါ အရှေ့ကိုရနိုင်သမျှ ရအောင် ကြားဖြတ်တန်းစီတော့သည်။ ထိုသို့ ပစ္စည်းများများရအောင် ကြားမှဝင်၍ တန်းစီသူများကို” ကြားဖြတ်သူ” များဟု ခေါ်သည်။

ပစ္စည်းကောင်းကောင်းပေးသည့်မြို့နယ်များတွင် ကြားဖြတ်သူများက နိဗ္ဗာန်ဈေးပြုလုပ်သူများအား ခေါင်းခဲစေသည့် အကြောင်းတစ်ခုဖြစ်သည်။ ရှည်လျားပြီး ရာနှင့်ချီသော လူတန်းကြီးတွင် ကြားဖြတ်သောကြောင့် ရန်ဖြစ်ရသည်မျိုးလည်းရှိသည်။ ပျော်ပွဲရွှင်ပွဲမှ စိတ်တိုစရာအဖြစ် ရောက်သွားသည်မျိုးလည်းရှိသည်။  ထိုကြားဖြတ်ကျွမ်းကျင်သူများကတော့ တစ်ဦးတည်းကို မဲလက်မှတ်များ အများကြီးရပြီး အလှူပစ္စည်းများ အမြောက်အမြား ရသွားတတ်သည်။

“တချို့ဆို တစ်ယောက်တည်းကိုပဲ မဲလက်မှတ် အစောင် ၄၀ ကျော် ၅၀ လောက်ရနေတာ တွေ့ရတယ်။ သူတို့ပဲ ပစ္စည်းတွေ အများကြီးရသွားတာပေါ့။ ဒါက ရိုးရိုးသားသား တန်းစီတဲ့ လူတွေအတွက်တော့ ဘယ်တရားမလဲ ” ဟု ဦးကျော်စိုးကပြောပါသည်။

“ပြီးတော့ သူတို့က ရတဲ့ပစ္စည်းတွေကို ပြန်ရောင်းပစ်တာမျိုးလည်းရှိတယ်။ တကယ်အသုံးမလိုဘဲ အလကားရတဲ့အလှူကို မရိုးမသား လုပ်တာပေါ့ဗျာ။ ကျွန်တော်တို့က အလှူလုပ်တာဆိုတော့ ကြားဖြတ်တဲ့လူမဟုတ်ဘဲ တကယ်လိုအပ်တဲ့လူတွေကို ရစေချင်တာ” ဟု၎င်းကပြောသည်။

nirvana_2.jpg

နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရပ်ကွက် တစ်ခု၌ နိဗ္ဗာန်ဈေးမှ ကံထူးသူများအား ပေးမည့် မွေးပွရုပ်ကြီးများနှင့် အခြားပစ္စည်းစုံ။ ဓာတ်ပုံ – သူရဇော်

ဦးကျော်စိုးက တောင်ဥက္ကလာမြို့နယ်အတွင်း နေထိုင်သူဖြစ်သည်။  မြို့နယ်အတွင်း ရာထူးတာဝန် ယူမထားသော်လည်း ထိုကဲ့သို့ လူမှုရေးကိစ္စများ၊ ပျော်ပွဲရွှင်ပွဲများ လုပ်ဆောင်ရသည်ကို ဝါသနာပါပြီး စိတ်အားထက်သန်သူဖြစ်သည်။ မနှစ်က သူ့မြို့နယ်ထဲတွင် ကြားဖြတ်နေရာ လုသူများကြောင့် ရန်ဖြစ်ခဲ့ကြသည်။ နှစ်တိုင်းဆိုသလိုဖြစ် ဖြစ်နေသောကြောင့် ရာနှင့်ချီသော လူအများကြီးကို တန်းမစီခိုင်းတော့ဘဲ အဆင်ပြေပြေ နိဗ္ဗာန်ဈေးအလှူလုပ်နိုင်ဖို့ သူအမြဲဆိုသလို စဉ်းစားနေခဲ့သည်ဟု ဦးကျော်စိုးကပြောသည်။

အရင်နှစ်များကလည်း သူနည်းအမျိုးမျိုးစမ်းကြည့်ခဲ့ပြီး ကြိုးစားခဲ့သေးသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့် ခန့်ကဆိုလျှင် တန်းစီမည့်လူများကို ခနခန တန်းမစီစေဘဲ တစ်ခါတည်းသာ တန်းစီခိုင်းပြီး မဲလက်မှတ် ငါးကတ်ပေးလိုက်သည်။ ပြီးတော့ ရွေးကောက်ပွဲတွင် ပြုလုပ်သည့်နည်းလမ်းအတိုင်း လက်သန်းတွင် မှင်တို့ပေးလိုက်သည်။ သို့ဆိုလျှင် လက်သန်းတွင် မင်အမှတ်ပါသည့်လူကို နောက်တစ်ခေါက် တန်းမစီခိုင်းတော့ပေ။ 

သို့သော် တန်းစီသူများက လက်သန်းမှ မင်များကိုရအောင် ဖျက်ပစ်ကြပြီး ပြန်တန်းစီကြပြန်သည်။ လူများကိုလည်းမှတ်ထားရန် မတတ်သာသောကြောင့် ပေးလိုက်ရပြန်သည်ဟု ၎င်းကပြောသည်။

“ကျွန်တော် နည်းအမျိုးမျိုးစဉ်းစားကြည့်ပြီးပြီ။ ဒါပေမဲ့ အဆင်မပြေခဲ့တာ။ ဒီနှစ်ကျမှ နည်းပညာ အကူအညီနဲ့ အဆင်ပြေသွားတော့တယ်” ဟု ဦးကျော်စိုးကပြောသည်။

ယခုလ ၁၂ ရက် တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းထဲတွင် နိဗ္ဗာန်ဈေးပွဲကို ကျင်းပခဲ့သည်။ အိမ်ပေါင်း ၉၂ အိမ်က ပစ္စည်းအမျိုးပေါင်း ၉,၀၀၀ ကျော်လှူခဲ့ကြသည်။ ယခုနှစ်တွင် ယခင်နှစ်များလို လူတန်းရှည်ကြီးနှင့် ခနခန တန်းစီစရာမလိုအောင် မျက်နှာဖတ်သည့်စနစ် Face ID သုံး၍ တစ်ယောက်လျှင် မဲငါးကပ် ပေးဝေခဲ့ရာ ကြားဖြတ်သူများလည်းမရှိတော့ပေ။ တစ်ယောက်တည်းနှင့် မဲအများကြီးရသူလည်း မရှိခဲ့ချေ။

ဦးကျော်စိုးက လမ်းအတွင်း နိဗ္ဗာန်ဈေး ကျင်းပမည့် ၁၂ ရက်မတိုင်မီ တစ်ပတ်အလိုကတည်းက မဲလက်မှတ်များ ပေးဝေခဲ့သည်။ ၎င်း၏တက်ဘလက် အိုင်ပက် I pad ၌ မဲလက်မှတ် ထုတ်ယူပြီးသူတိုင်းကို အက်ပလီကေးရှင်း တစ်ခုနှင့် Face ID ကိုမှတ်သားယူပြီး မဲကတ်များ ဝေပေးလိုက်ခြင်းဖြစ်သည်။ မဲကတ်ပေးပြီးသား လူတိုင်းကို နံပါတ်စဉ်အလိုက် မှတ်တမ်းတင်ထားလိုက်သည်။

ကလိမ်ကျချင်သူများက နောက်တစ်ခါ ပြန်တန်းစီပြီး မဲလက်မှတ် ထပ်တောင်းကြသောအခါ Face ID နှင့်မှတ်ထားပြီးသားစာရင်းတွင် ရှိနေသူများကို မဲလက်မှတ် ထပ်မပေးတော့ပေ။

“ညာပြီးတော့ ထပ်ခါ ထပ်ခါ လာတောင်းတဲ့ လူတွေအများကြီးပဲ။ အဲ့တော့ တန်းမိတာပဲ။ သူတို့ နည်းပညာကို ငြင်းလို့မရဘူးလေ။ တချို့က သူတို့လက်မှတ်မရသေးဘူး ငြင်းချင်သေးတယ်။ ဒါပေမဲ့ ကျွန်တော်က ပြောထားတယ်၊ ဒီ Face ID အရပဲ အတည်ယူမှာပါလို့” ဟု ဦးကျော်စိုးက စိတ်ကျေနပ်စွာ ရယ်မောပြောပြသည်။

ထိုသို့လုပ်လိုက်ခြင်းဖြင့် လူတန်းရှည်ကြီး တန်းစီစရာလည်း မလိုတော့သောကြောင့် ကလေးငယ်များ၊ လူမတိုးနိုင်သော အဘိုးအဘွားများမှာလည်း မဲကတ်ရရှိသွားကြသည်။ မဲလက်မှတ်ကတ်နှင့်အတူ အလှူရှင်ပေးသည့်ပစ္စည်းများကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။ လူပေါင်း ၁,၈၀၀ ကျော်ကို မဲ တစ်ဦး ငါးကတ်စီ အတိအကျပင် ပေးလိုက်နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

အလှူပေးသည့့် မြန်မာ့ရိုးရာ ပျော်စရာ နိဗ္ဗာန်ဈေးပွဲတော်သည် တောင်ဥက္ကလာပမြို့နယ်ရှိ အင်းဝလမ်းတွင်တော့ နည်းပညာအကူအညီ အနည်းငယ်လိုအပ်ခဲ့ပါသည်။ ထိုအနည်းငယ်ကပင် မဲလိမ်ထုတ်မည့်သူများကို ရှင်းထုတ်ပစ်ခဲ့နိုင်သည်။

သို့သော် ဦးကျော်စိုးက ယခု Face ID နှင့် အလှူကို မကျေနပ်နိုင်သေး။ တဆင့်တက်၍ ဆန်းသစ်ချင်နေသေးသည်။

“နောက်နှစ်ဆိုရင် ကျွန်တော် လက်ဗွေနှိပ်စက် Finger Print device ဝယ်ပြီးတော့လုပ်ဦးမယ်။ ပိုလည်းမြန်မယ်။ ပိုလည်းတိကျမယ်” ဟု ၎င်းက နောက်နှစ်အတွက်ကြိုပြီး အားခဲနေပါသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – နိဗ္ဗာန်ဈေးတွင် လှူချင်သူများက မိမိလှူလိုသည့် ပစ္စည်းမှန်သမျှကိုပေးဝေသည့် အလှူမျိုးဖြစ်ကာ တန်ဆောင်မုန်းလပြည့်နှင့် လပြည့်ကျော်ရက်များ၌ သူ့မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် ကျင်းပလေ့ရှိကြသည်။ ဓာတ်ပုံ –  သူရဇော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar