အဝယ်မလိုက်သေးတဲ့ ဖွံ့ဖြိုးဆဲ မြန်မာ့အနုပညာလေလံပွဲအခင်းအကျင်း

ပေါချောင်ကောင်းလိုက်ကာ ဈေးဆစ်နေသူများမှသည် အတုအပအန္တရာယ်များအထိ မြန်မာနိုင်ငံရှိ ပေါ်ထွန်းစအနုပညာလေလံကဏ္ဍမှာ မစမ်းသပ်ရသေးသည့် ဈေးကွက်သစ်၏ စိန်ခေါ်မှုများကြောင့် အားနည်းလျက်ရှိသည်။

မြင့်မြတ်သူ ရေးသားသည်။

စမ်းတဝါးဝါးနှင့်စတင်မှုက နှစ်ကြိမ်ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာလေလံကုမ္ပဏီ MAC သည် ထူးခြားရှားပါးပစ္စည်းများနှင့် တန်ဖိုးကြီးပန်းချီကားများကို မတ်လ ၂၉ ရက်တွင် ရန်ကုန်ရှိ အင်းယားလိပ်ဟိုတယ်၌ ကျင်းပရန် စီစဉ်လျက်ရှိသည်။ လွန်ခဲ့သည့် စက်တင်ဘာလက မြန်မာလေလံကုမ္ပဏီ၏ ပွဲဦးထွက်လေလံပွဲမှာ မအောင်မမြင်ဖြစ်ခဲ့သည်။ ထူးခြားရှားပါးပစ္စည်း ၄၀ ကျော်ထဲက ခုနစ်ခုသာ ရောင်းချခဲ့ရပြီး ပန်းချီကား ၆၀ထဲက မည်သည့်ကားကိုမျှ ကမ်းလှမ်းသည့်ဈေးမရှိခဲ့ပေ။ ကြိုတင်မခန့်မှန်းနိုင်မှုကို လက်ခံထားသော မြန်မာလေလံကုမ္ပဏီ ဒါရိုက်တာ ဦးကိုကိုစန်းကမူ တုန်လှုပ်မှုမရှိခဲ့ပေ။

“ကျွန်တော်တို့ရဲ့ အန္တိမရည်ရွယ်ချက်က မြန်မာနိုင်ငံက အနုပညာလေလံပွဲတွေအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ဖို့ပါ။ ဒါ့ကြောင့်ကျွန်တော်တို့ကို တားလို့မရပါဘူး။ ကျွန်တော်တို့ ငွေအမြောက်အမြားဆုံးရှုံးရင်တောင် ထပ်ပြီးလုပ်နိုင်ပါတယ်” ဟု၎င်းက Frontier ကိုပြောသည်။

ကုန်ကျမှုသက်သာစေရန် ဇန်နဝါရီလ ၁၉ ရက်ကကျင်းပခဲ့သည့် မြန်မာလေလံကုမ္ပဏီ၏ ဒုတိယလေလံတွင်မူ အင်ယားလိပ်ဟိုတယ်တွင် ပြုလုပ်ပေးခဲ့သည့် အခမဲ့ လက်ဖက်ရည်နှင့် နေ့လယ်စာဘူဖေးကိုမူ ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း ကက်တလောက်ကိုမူ ဈေးပေါသည့် စက္ကူပေါ်ပုံနှိပ်ထားရာမှ တောက်ပြောင်ချောမွေ့သည့် စက္ကူပေါ် ရောင်စုံရိုက်နှိပ် အဆင့်မြှင့်တင်ခဲ့ပြီး ပန်းချီကားများကိုလည်း ဂရုတစိုက် ရွေးချယ်ခဲ့သည်။

ယင်းသို့ရွေးချယ်ခဲ့သည့် ပန်းချီကားများတွင် ဆရာဆောင်း၊ ဦးငွေကိုင်နှင့် ပေါ်ဦးသက်ကဲ့သို့ ထင်ရှားသည့် ဆရာကြီးများ၏ လက်ရာများ ပါဝင်သည်။ သို့ရာတွင် ကံမကောင်းချင်တော့ ယင်းပန်းချီကားများသည်လည်း ဈေးပြိုင်ကမ်းလှမ်းမှုများ မရရှိနိုင်ခဲ့ပေ။

ဒုတိယလေလံပွဲပြီးနောက်တစ်ရက်တွင် Frontier က ဦးကိုကိုစန်းကို အင်တာဗျူးနေစဉ် ပန်းချီကားဝယ်ရန် ကမ်းလှမ်းမှုဖြစ်နိုင်ဖွယ်ရှိသည့် ဝယ်ယူသူတစ်ဦးထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံပြောကြားခဲ့သည်။ ဦးကိုကိုစန်းက ကမ်းလှမ်းမှုကို စဉ်းစားမည်ဟုပြောကာ ဖုန်းချလိုက်သည်။ လေလံမှာ သူတို့ဘာ့ကြောင့် ဈေးပြိုင်မပေးနိုင်တာလဲ ကျွန်တော်တော့ နားမလည်ဘူး။ လေလံက သူတို့အတွက် ဘာတွေအခက်အခဲဖြစ်နေလဲ ကျွန်တော်မသိတတ်တော့ဘူး” ဟု၎င်းကပြောသည်။

နောက်ပိုင်း ဖုန်းခေါ်သူက လေလံကြမ်းခင်းဈေးအောက် များစွာလျော့ကျသည့် လျှော့ဈေးဖြင့် ပန်းချီကားကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။ ပထမလေလံပြီးနောက် ယင်းနည်းဖြင့် ပန်းချီကား လေးကား ရောင်းချခဲ့ရသည်။

“မြန်မာအများစုက ဘာဝယ်ဝယ် ဈေးဆစ်ချင်ကြတယ်။ ဒါပေမဲ့ ဒီဟာက လေလံပွဲတွေနဲ့တော့ သဟဇာတ မဖြစ်ဘူးပေါ့။ လေလံပွဲတွေဆိုတာက ရောင်းတဲ့သူကို ဈေးအမြင့်ဆုံးရစေဖို့ ရည်ရွယ်တာပါ။ လေလံပွဲတွေ ဘယ်မှာပဲကျင်းပကျင်းပပေါ့။ မြန်မာနိုင်ငံမှာကတော့ လေလံပွဲတွေရဲ့ ပုံစံက ဇောက်ထိုးမိုးမျှော်ဖြစ်နေတာ ခင်ဗျားမြင်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးကိုကိုစန်းက ပြောသည်။

ဈေးဆစ်သည့်ယဉ်ကျေးမှုကို မြန်မာနိုင်ငံရှိ အနုပညာလေလံပွဲများ၌ ပပျောက်သွားစေရန်နှင့် ဈေးပြိုင်ပေးရန် စိတ်မဝင်စားသူမျာက ဈေးပြိုင်ပေးရန် အပြည့်အဝစိတ်ပါလာသူများဖြစ်လာစေရန် မျှော်လင့်ထားသည်။ ယင်းကဲ့သို့ ပြောင်းလဲမှုမျိုးဖြစ်လာရန်မှာ အချိန်ယူရန် လိုအပ်မည်ဖြစ်ပြီး ယခုအချိန်တွင်မူ လေလံပွဲတက်သူများက အခြေခံစည်းမျဉ်းအချို့လိုက်နာရန်ကိုသာ မြန်မာလေလံကုမ္ပဏီက လိုလားနေသည်။

၎င်း၏လေလံပွဲများတွင်ပါဝင်ကာ ဈေးပြိုင်ပေးသူတိုင်း မှတ်ပုံတင်ရန်နှင့် ဈေးပြိုင်ပေးမည့် အချက်ပြ ကိန်းဂဏန်းတုတ်ပြားတစ်ခုအတွက် အာမခံငွေအဖြစ် ကျပ်တစ်သန်းပေးရန် မြန်မာလေလံကုမ္ပဏီက လိုလားနေသည်။ ယင်းမှာ ဈေးပြိုင်ပေးသူများ၏ပိုင်ဆိုင်မှုအတွက် သက်သေပြနိုင်သော နည်းလမ်းတစ်မျိုး ဖြစ်ပြီး နိုင်ငံအချို့တွင်လည်း ကျင့်သုံးလျက်ရှိသည်။

ယခင်လေလံပွဲနှစ်ခုတွင် အာမခံငွေပေးရန် မည်သူမျှ မပြင်ဆင်ခဲ့ပေ။ ထို့ကြောင့် မြန်မာလေလံကုမ္ပဏီသည် အလျှော့ပေးကာ အခမဲ့ပြုလုပ်ပေးခဲ့သည်။ ပါဝင်တက်ရောက်သူအများစုကလည်း မှတ်ပုံတင်ရန် ၎င်းတို့၏ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ သို့မဟုတ် ယာဉ်မောင်းလိုင်စင်ကိုပင် အသုံးမပြုချင်ကြဟု ဦးကိုကိုစန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က အနုပညာလေလံပွဲများ ရှိခဲ့ဖူးသော်လည်း ယင်းတို့မှာ အများအားဖြင့် လက်ရာတစ်ခုနှစ်ခုသာပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သံတိုင်များနောက်က ငါးတစ်ကောင် ပန်းချီကားတစ်ချပ်မှာ ၂၀၁၇ ခုနှစ်က အွန်လိုင်းလေလံတစ်ခုတွင် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ အထိ ဈေးပေးသူရှိခဲ့သည်။ ထို့အပြင် ၂၀၁၈ က ရရှိငွေကို အလှူလုပ်မည့် အွန်လိုင်းလေလံတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းပုရုပ်နှင့် ၎င်း၏ပုံတူပန်းချီကားတစ်ခုတို့မှာ ဒေါ်လာ ၈၀,၀၀၀ နှင့် ဒေါ်လာ ၄၃,၀၀၀ အသီးသီး ဈေးရရှိခဲ့သည်။ အဆိုပါလေလံနှစ်ခုမှ ရောင်းရငွေများကို ဒေါ်အောင်ဆန်းစုကြည်၏ မိခင်အမည်ပေးထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်။

သို့သော်လည်း ယခုအချိန်အထိ မြန်မာလေလံကုမ္ပဏီကပြုလုပ်ခဲ့သည့် စီးပွားရေးလေလံများက မြန်မာနိုင်ငံ အနုပညာအခင်းအကျင်းနှင့် စိမ်းနေသလိုဖြစ်နေသေးသည်။

သို့သော် မြန်မာလေလံကုမ္ပဏီက တစ်ဦးတည်းသော တီထွင်ဆန်းသစ်သူတော့ မဟုတ်ပေ။ လွန်ခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံအခြေစိုက် Art Asia Connect (AAC) ကုမ္ပဏီလိမိတက်သည် ရန်ကုန်တွင် နှစ်ရက်ကြာလေလံပွဲတစ်ခုကျင်းပခဲ့ပြီး လေလံပွဲအတွက် ပန်းချီကား ၁၇ ကားနှင့် ပန်းပုရုပ်နှစ်ခု ပါဝင်ခဲ့သည်။ ထို့အပြင် ယင်းပွဲတွင် တစ်ခွန်းဈေးကပ်ထားသည့် ပန်းချီကား ၅၀ ကျေုာ်နှင့် ပန်းပုရုပ်နှစ်ရုပ်ကိုလည်း ပြသခဲ့သည်။

ယခင်လက မြန်မာလေလံကုမ္ပဏီက စိတ်ပျက်စရာကြုံတွေ့ပြီးနောက် လေလံပွဲမတိုင်မီတစ်ရက်က AAC ပူးတွဲတည်ထောင်သူ ကိုကျော်ကျော်လင်းက Frontier ကို ပြောကြားခဲ့သည်မှာ သူက မအောင်မြင်မှု အလားအလာကို ၉၀ ရာခိုင်နှုန်းအထိ သတ်မှတ်ခဲ့ပြီး နောက် လေလံများတွင် ယင်းအလားအလာကို ၁၀ ရာခိုင်နှုန်းလျှော့ချရန် သူမျှော်လင့်ထားသည်ဟူ၏။

“မြန်မာလေလံကုမ္ပဏီလုပ်ခဲ့တာက မြန်မာနိုင်ငံအတွက် အသစ်အဆန်းဖြစ်နေခဲ့တယ်။ ဒါ့ကြောင့် ခန့်မှန်းဖို့က မဖြစ်နိုင်ခဲ့ဘူး” ဟု ကိုကျော်ကျော်လင်းက ပြောသည်။

“ကျွန်တော်တို့ မြန်မာလေလံကုမ္ပဏီရဲ့အတွေ့အကြုံကို ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ အဲဒီကနေ သင်ခန်းစာယူချင်ပါတယ်” ဟု သူကဆိုသည်။

ရလဒ်ပေါ်သည့်အခါ ကိုကျော်ကျော်လင်းမှာ အလွန်အဆိုးမြင်နေရခဲ့သည်ကို တွေ့ရသည်။ လေလံပွဲတွင် ပန်းချီကား လေးကားနှင့် ပန်းပုရုပ် သုံးရုပ်ရောင်းခဲ့ရသည်။ ထင်ရှားသည့် ပန်းချီဆရာ ဇော်ဝင်းဖေ၏ ပန်းချီကား Hero မှာ အမြင့်ဆုံးဈေး ဒေါ်လာ ၅,၈၀၀ ထိ ဈေးရခဲ့သည်။ စုဆောင်းသူများက တစ်ခွန်းဈေး တပ်ထားသည့် ပန်းချီကားများထဲမှ ခုနှစ်ကားကို ဝယ်ယူခဲ့သည်။ လေလံညစာစားပွဲလက်မှတ် တစ်စောင် ၉၉ ဒေါ်လာဖြင့် ရောင်းချမှုမှ AAC က ဝင်ငွေရခဲ့သည်။ သို့ရာတွင် မြန်မာလေလံကုမ္ပဏီပွဲများသို့ ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး ကက်တလောက်လည်း အခမဲ့ဖြစ်သည်။

AAC အတွက်တပန်းသာသည်က ပြသသည့်ပန်းချီကား အားလုံးနီးပါးမှာ သက်ရှိထင်ရှားရှိနေသည့် ပန်းချီဆရာများ၏ လက်ရာများဖြစ်ပြီး အတုအပအန္တရာယ်က အနိမ့်ဆုံးဖြစ်သည်။ စစ်မှန်မှုသည် မြန်မာလေလံကုမ္ပဏီအတွက် စိုးရိမ်စရာတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လေလံတင်သည့် ပန်းချီကားအများစု၏ ပန်းချီဆရာများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ရှင်သန်ခဲ့ကြပြီး ယခုအခါ သေဆုံးကုန်ပြီဖြစ်သည်။ ၎င်းတို့ထဲတွင် U.M.T. Hla (၁၈၇၄-၁၉၄၆)၊ ရတနာပုံမောင်စု (၁၉၀၃-၁၉၆၅) နှင့် ပေါ်ဦးသက် (၁၉၃၆-၁၉၉၃) တို့ပါဝင်သည်။

“သံသယဖြစ်ဖွယ် ဇစ်မြစ်တွေကြောင့် လေလံတင်ပွဲ နှစ်ခုစလုံးလုပ်ရာမှာ မအောင်မြင်တဲ့ လက်ရာတွေက အများကြီးပါ။ ဒုတိယလေလံပွဲမှာတော့ တင်သွင်းလာတဲ့ အနုပညာလက်ရာ ထက်ဝက်နီးပါးကို ပယ်ချပြီး ပြန်ပို့ခဲ့ရတယ်” ဟု ဦးကိုကိုစန်းက ပြောသည်။

တရုတ်နိုင်ငံ ရှင်မင်းဆက်ခေတ်က လက်ရာဟုဆိုသည့် အနုပညာလက်ရာတစ်ခုကို ရောင်းချလိုကြောင်း ပြောကြားခဲ့သော်လည်း မူရင်းအစစ်အမှန်ဖြစ်ကြောင်း သက်သေပြရန် စာရွက်စာတမ်းအထောက်အထားများ ပြသနိုင်ခြင်းမရှိဟု ဦးကိုကိုစန်းက ပြောသည်။

“အနုပညာလက်ရာတွေရဲ့ သက်တမ်းနဲ့ မူရင်းဇစ်မြစ်ကို စစ်ဆေးဖို့ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကိရိယာတွေ မရှိပါဘူး။ ဒါပေမဲ့ နောက်ပိုင်းတော့ ရှိလာအောင် စီစဉ်နေပါတယ်” ဟုလည်း၎င်းကပြောသည်။ ကိစ္စအချို့တွင် မြန်မာလေလံကုမ္ပဏီသည် ကွယ်လွန်သူပန်းချီဆရာကြီးများ၏ လက်ရာအစစ်အမှန်ဖြစ်မှုနှင့်ပတ်သက်၍ ဆွေမျိုးများ၊ ရင်းနှီးသည့်မိတ်ဆွေများနှင့် ညိနှိုင်းတိုင်ပင်ခဲ့သည်။ သို့သော်လည်း ယင်းသို့လုပ်ဆောင်ရန်မှာ အမြဲတမ်းမဖြစ်နိုင်ပေ။ ပန်းချီကားတစ်ချပ်သည် အတုဖြစ်နိုင်သည်ဟု သံသယရှိလျှင် ပန်းချီအနုပညာပိုင်း ကျွမ်းကျင်သူများနှင့်လည်း တိုင်ပင်သည်ဟုဆိုသည်။

ယခုလနှောင်းပိုင်း မြန်မာလေလံကုမ္ပဏီ၏လေလံတွင် ပန်းချီကားများထက် ထူးခြားရှားပါးပစ္စည်းများက ဝယ်ယူသူများ၏ စိတ်ဝင်စားမှုကို ပို၍ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ယခင်လေလံက ထူးခြားရှားပါးလေလံပစ္စည်း ၄၀ အနက် ၁၂ ခုရောင်းချခဲ့ရပြီး rolling ball clock ရှေးဟောင်းနာရီတစ်လုံးမှာ ဒေါ်လာ ၅,၀၀၀ အထိ ဈေးရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် လေလံပွဲတက်ရောက်သူများက ပန်းချီကားများကို ဈေးနှုန်းမသင့်လျော်ဟု ယူဆကြသည်။ အကြောင်းမှာ ၎င်းတို့က ပန်းချီကားများကို ရုပ်ဝတ္ထပစ္စည်းများအဖြစ်သာ သတ်မှတ်ကြသည်။ ဆိုလိုသည်မှာ ရှေးဟောင်ပစ္စည်းများနှင့် လက်မှုပညာပစ္စည်းများနှင့် အတူတန်ဖိုးဖြတ်ကာ ကင်းဗတ်စပေါ်တွင် ဆေးရောင်များကို ဆွဲဆောင်မှုရှိအောင် စီစဉ်ထားရုံမျှသာဟု ယူဆခြင်းကြောင့်ဖြစ်သည်ဟု ဦးကိုကိုစန်းက ယုံကြည်သည်။

“ကျွန်တော်ထင်တာကတော့ ပန်းချီကားတွေနဲ့ပတ်သက်ရင် ပန်းချီကားတွေက ဈေးကြီးတယ်လို့ မြန်မာအများစုက ထင်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပန်းချီကားတွေကို အနုပညာနဲ့ ဘာမှမဆိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ အမြဲတမ်းနှိုင်းယှဉ်နေကြလို့ပဲ” ဟု၎င်းကပြောသည်။

ဒုတိယလေလံပွဲမှ လက်ရာများတွင် စကော့လူမျိုး ပါမောက္ခတစ်ဦး ပိုင်ဆိုင်သည့် ရတနာပုံမောင်စု၏ ပန်းချီကား နှစ်ချပ်ပါဝင်သည်။ ယင်းပန်းချီကားများကို မြန်မာလူမျိုး ပန်းချီကားစုဆောင်းသူတစ်ဦးက ဝယ်လိမ့်မည်ဟု ပါမောက္ခကြီးက မျှော်လင့်ခဲ့သည်။ သို့သော်လည်း အဆိုပါပန်းချီကားနှစ်ချပ်ဖြစ်သော Burmese Old Man နှင့် Kachin Old Woman တို့မှာ ဝယ်ယူသူမရှိဘဲ ပိုင်ရှင်ရှိရာ စကော့တလန်သို့ ပြန်ပို့ခဲ့ရသည်။

ပါမောက္ခကြီးက ယင်းပန်းချီကားများကို ၎င်း၏မွေးရပ်မြေတွင် ရောင်းချရန် ငြင်းဆိုခဲ့သည်ဟု ဦးကိုကိုစန်းက ပြောသည်။

“ကျွန်တော်တို့ မြန်မာအနုပညာလက်ရာတွေ ပြည်ပကို အများကြီးစီးထွက်နေတာ ဆယ်စုနှစ်များစွာရှိနေပြီး မြန်မာပန်းချီကားတွေအတွက် ဟောင်ကောင်နဲ့ စင်ကာပူမှာ ကြီးမားတဲ့လေလံဈေးကွက်ကြီး ဖွံ့ဖြိုးနေတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ” ဟု ဦးကိုကိုစန်းက ပြောသည်။

“ပြောချင်တာက နိုင်ငံခြားသားတွေကို ရောင်းမှာမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အနုပညာနဲ့ ကိုယ်ပိုင်ဈေးကွက် မဖန်တီးနိုင်တာကတော့ ရှက်စရာတစ်ခုပါ” ဟုလည်း သူကဆိုသည်။ Covid-19 ပျံ့နှံမှုကို ကာကွယ်ရန် မတ် ၂၉ တွင်ကျင်းပမည့် လေလံပွဲသို့ တက်မည့်သူတိုင်းကို ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများ၊ လက်သန့်ဆေးများနှင့် လက်အိတ်များကို အခမဲ့ပေးဝေမည်ဟု မြန်မာလေလံကုမ္ပဏီက ပြောကြားထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ။ ဇန်နဝါရီ ၁၉ ရက်က ရန်ကုန်ရှိ အင်းယားလိပ်ဟိုတယ်၌ ကျင်းပခဲ့သည့် မြန်မာလေလံကုမ္ပဏီ၏ ဒုတိယအကြိမ် လေလံပွဲမှ ပန်းချီကားများကို တွေ့ရစဉ်။ ဓာတ်ပုံ – မြင့်မြတ်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar