ဉာဏ်လှိုင်လင်း
ဘဏ္ဍာရေးနှစ် ပြင်ဆင်သတ်မှတ်ထား၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်သည် အောက်တိုဘာ ၁ ရက်မှ စတင်မည်ဖြစ်ရာ ကြားကာလဖြစ်သည့် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း အစိုးရအဖွဲ့က သုံးစွဲရန်တင်ပြလာသော ငွေပမာဏထဲမှ ကျပ် ၁၀၄,၉၈၄ ဒသမ ၃၅၈ သန်းကို ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်သည်။
ခြောက်လအတွင်း ဘဏ္ဍာရေးလိုငွေ ကျပ် ဘီလျံ ၂,၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသော အဆိုပါ ခြောက်လကာလအတွင်း အစိုးရက ကျပ်ဘီလျံ ၁၀,၀၀၀ ကျာ်သုံးစွဲရန် လျာထားခြင်းဖြစ်သည်။
အများဆုံးဖြတ်တောက်ခံရသည့် ဝန်ကြီးဌာနမှာ စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ပြီး ကျပ် ၁၉,၉၉၀ ဒသမ ၈၅၃ သန်းဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာန၏ ဆောက်လုပ်ရေးနှင့် စက်ကိရိယာအတွက် တင်ပြတောင်းခံငွေများထဲမှ ထိုပမာဏကို ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ဘတ်ဂျက်တောင်းခံမှုတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်၏ ၂၇ ရာခိုင်နှုန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၁ ရာခိုင်နှုန်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ၁၂ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် တတိယနေရာတွင်ရှိနေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ဘတ်ဂျက် စုစုပေါင်း၏ သုံးရာခိုင်နှုန်းသာရှိပြီး ပညာရေးမှာလည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အလားတူ ခြောက်လကာလအတွင်း ရရှိသည့် ဘတ်ဂျက်နှင့်နှိုင်းယှဉ်လျှင် ရရှိငွေ ကျပ် ဘီလျံ ၂၀၀ ကျော် လျော့နည်းသွားသည်။ သို့သော် စုစုပေါင်း ဘတ်ဂျက်၏ ခုနစ်ရာခိုင်နှုန်းရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ဝန်ကြီးအဖြစ်တာဝန်ယူနေသည့် နိုင်ငံတော်သမ္မတရုံးမှာ ဘတ်ဂျက်ဖြတ်တောက်ခံရခြင်း မရှိပေ။ ထို့အတူ ဖြတ်တောက်ခံရမှု ကင်းလွတ်စာရင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့လည်း ပါဝင်သည်။
ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စု အစိုးရအဖွဲ့ တောင်းခံသည့် အသုံးစရိတ်များထဲမှ ဆောက်လုပ်ရေး၊ စက်ပစ္စည်းဆိုင်ရာ ငွေလုံးငွေရင်းပမာဏများကို လျှော့ချဖြတ်တောက်ခြင်းဖြစ်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
အသုံးစရိတ်များ တောင်းခံရာတွင် အချက်အလက်၊ အတိုင်းအတာပမာဏ၊ စံချိန်စံညွှန်းများ တိကျစွာဖော်ပြရန်နှင့် ပျက်ကွက်သူများကို ထိရောက်စွာအရေးယူရန်လည်း ကော်မတီက တိုက်တွန်းထားသည်။ ထို့ပြင် စီမံကိန်း လျာထားခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စိစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် မြို့နယ်အဆင့်မှစ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနတာဝန်ရှိသူများ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ကော်မတီက ထောက်ပြထားသည်။
ခြောက်လတာ အမျိုးသးစီမံကိန်းဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။