အင်န်အယ်လ်ဒီ အစိုးရ၊ တပ်မတော်ကို အညံ့ခံ ဆက်ဆံနေရသလား

အင်န်အယ်လ်ဒီ အစိုးရဟာ တပ်မတော်ကို အညံ့ခံ၊ အရှုံးပေး၊ တစ်ဖက်သတ် လိုက်လျော ဆက်ဆံနေတာမျိုး မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုသမျှ အခြေအနေအောက်မှာ တိုင်းပြည်နဲ့ ပြည်သူကောင်းဖို့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်နေတာကို မြင်တွေ့နိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံးလုံး ပြည်သူတွေ စိတ်အဝင်စားဆုံး ကိစ္စကတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တပ်မတော်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောစကား၊ အဲဒီအပေါ် တပ်မတော်ရဲ့ တုန့်ပြန်မှု၊ တဆက်တည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ဘက်က ဦးဖြိုးမင်းသိန်းအပေါ် နောက်ပိုင်းမှာ ဘယ်လိုဆက်ဆံလာလေမလဲ စတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။

တဆက်တည်း နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေအကြား ပေါ်ပေါက်လာတဲ့ မေးခွန်းတစ်ခုကတော့ တပ်မတော်ခေါင်းဆောင်တွေဟာ ရွေးကောက်ခံပါတီနဲ့ ရွေးကောက်ခံ အစိုးရခေါင်းဆောင်တွေရဲ့ ပြောစကားနဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံ ဖြစ်နေတယ်၊ ဒါကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရဘက်ကလည်း အလျှော့ပေး လိုက်လျောပြီး ဆက်ဆံနေရသလား ဆိုတာပါ။

အင်န်အယ်လ်ဒီ အစိုးရဟာ တပ်မတော်ကို အညံ့ခံ၊ အလျှော့ပေး၊ လိုက်လျော ဆက်ဆံနေရသလား၊ လက်ရှိ အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ဆက်ဆံရေး ဘယ်အခြေအနေ ရှိနေသလဲဆိုတာ လေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်က ရန်ကုန် ဆီဒိုးနားဟော်တယ်မှာ USAID နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်အကိုင် ဖန်တီးပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီပွဲအတွင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောတဲ့ မိန့်ခွန်းထဲမှာ ခုလို စကားလုံးတွေ ပါဝင်သွားပါတယ်။

“အရပ်သား အုပ်ချုပ်ရေးစနစ် တက်လာပေမဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ကျနော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်ဆံနေရတဲ့ဥစ္စာက နိုင်ငံ့အကြီးအကဲ Level တစ်ခုထဲကို ထပ် ဆက်ဆံနေရတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး” ဆိုပြီး ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ အဲဒီပြောဆိုချက် မီဒီယာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့သွားပြီးတဲ့နောက် တပ်မတော်ဘက်က ဦးဖြိုးမင်းသိန်းကို အပြုသဘောဖြင့် ရေရှည်ဆက်ဆံရန် မသင့်လျော်သူ အဖြစ် သတ်မှတ်ပြီး အရေးယူပေးဖို့ အစိုးရဆီ တောင်းဆိုတဲ့ အခြေအနေအထိ တင်းမာခဲ့ပါတယ်။ နောက်ပိုင်း ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို စာရေးတောင်းပန်ပါတယ်။ ကြားထဲမှာ ဦးဖြိုးမင်းသိန်းရဲ့ ပြောစကားနဲ့ပတ်သက်ပြီး ဒါဟာ အစိုးရရဲ့ သဘောထားရပ်တည်ချက် မဟုတ်တဲ့အကြောင်း၊ ဒီပြောကြားမှုကြောင့် နိုင်ငံတော် အစိုးရနဲ့ တပ်မတော်ကြား အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အကြောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အနေနဲ့ ဆောင်ရွက်ရမယ့်အပိုင်းကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ အင်န်အယ်လ်ဒီပါတီဟာ တပ်မတော်ဘက်ကို မလိုက်လျောခဲ့ပါဘူး။ အလားတူ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဖြစ်ခဲ့ ပျက်ခဲ့တာတွေအတွက်၊ တပ်မတော်ဟာ အရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို အင်န်အယ်လ်ဒီအစိုးရ၊ လွှတ်တော် ဘယ်နေရာ တစ်ခုခုမှာမှ တာဝန်ယူတာကို ကြိုက်နှစ်သက်မယ့်ပုံ မရှိပါဘူး။

သိပ်မကြာသေးခင် ပြီးခဲ့တဲ့ ၂၀၁၇ မေလ ၅ ရက်နေ့တုန်းကလည်း အင်န်အယ်လ်ဒီပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သဘောထား တစ်ရပ် ထုတ်ပြန်ထားပါသေးတယ်။

အကြောင်းရင်းကတော့ အင်န်အယ်လ်ဒီပါတီနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ မဟုတ်မမှန်၊ လုပ်ကြံသတင်းတွေနဲ့စပ်လျဉ်းလို့ ဦးဝင်းထိန်ရဲ့ မှတ်ချက်စကား တစ်ခွန်းကြောင့်ပါ။ ဦးဝင်းထိန်က “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ တချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား မှန်းဆရခက်တယ်” ဆိုပြီး ဖြေကြားခဲ့လို့ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော်ဘက်က သူတို့ကို ပုတ်ခတ်ပြောဆိုတယ်၊ ဒီအတွက် ကန့်ကွက်တယ်၊ လိုအပ်သလို ဆက်ပြီးတုန့်ပြန်သွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဦးဝင်းထိန်အနေနဲ့ တပ်မတော်ဘက်ကို တောင်းပန်ခဲ့တယ် ဆိုတဲ့သတင်း ထွက်လာပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ဘယ်လို အရေးယူ ဆောင်ရွက်ထားတာမျိုးမှ မတွေ့ရပေမဲ့ ထုတ်ပြန်ချက်ကိုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထိပ်ဆုံးမှာ တင်ထားတာကို ဒီကနေ့အချိန်ထိ ဖြုတ်သိမ်းခြင်း မပြုသေးတာကို တွေ့ရပါတယ်။

ဒါတွေကို ကြည့်ပြီး ရွေးကောက်ခံပါတီ၊ ရွေးကောက်ခံ အစိုးရနဲ့ပတ်သက်ရင် တပ်မတော်ဘက်က ဆတ်ဆတ်ထိမခံ ဖြစ်နေသလား၊ အင်န်အယ်လ်ဒီ ပါတီဘက်က အလျှော့ပေး၊ အညံ့ခံ လိုက်လျော ဆက်ဆံနေသလား ဆိုတဲ့မေးခွန်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရအာဏာ ရပါတယ်။ ဒီအခါ ၂၀၀၈ ဖွဲ့စည်းပုံအရ သီးခြားလိုလို ရပ်တည်နေတဲ့ တပ်မတော်နဲ့ စပြီးထိတွေ့ ဆက်ဆံရပါတယ်။ အင်န်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေဆီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အဲဒီအချိန်က ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမယ့် အင်န်အယ်လ်ဒီ အစိုးရထဲမှာ တပ်မတော်ဘက်က နေရာတချို့ ရယူလိုကြောင်း ညှိနှိုင်းတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ အရေးကြီးတဲ့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်နေရာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အင်န်အယ်လ်ဒီပါတီဟာ တပ်မတော်ဘက်ကို မလိုက်လျောခဲ့ပါဘူး။ အလားတူ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဖြစ်ခဲ့ ပျက်ခဲ့တာတွေအတွက်၊ တပ်မတော်ဟာ အရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို အင်န်အယ်လ်ဒီအစိုးရ၊ လွှတ်တော် ဘယ်နေရာ တစ်ခုခုမှာမှ တာဝန်ယူတာကို ကြိုက်နှစ်သက်မယ့်ပုံ မရှိပါဘူး။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းကို လွှတ်တော် အထူးကိစ္စရပ်များဆိုင်ရာ ကော်မရှင်မှာ ဥက္ကဋ္ဌတာဝန် ပေးခဲ့ပါတယ်။ အလားတူ လူများစုဖြစ်လာတဲ့ အင်န်အယ်လ်ဒီ အမတ်တွေဟာ လွှတ်တော်တွင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကို ပြဋ္ဌာန်းပါတယ်။ ဒါကို တပ်မတော်ဘက်က လက်မခံနိုင်ပါဘူး၊ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့တောင် စွပ်စွဲပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီပါတီဟာ အဲဒီ ဥပဒေကို ပြဋ္ဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်၊ တိုင်းပြည်ရဲ့ အဓိက ခေါင်းဆောင်အဖြစ် သတ်မှတ်အောင် လုပ်နိုင်ခဲ့ကြပါတယ်။

အလားတူ အစိုးရတာဝန်ယူခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်း စီးပွားရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ ဖြစ်စေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာဖြစ်စေ၊ ရခိုင်ဒေသအရေး ကိုင်တွယ်ရာမှာဖြစ်စေ၊ လက်ရှိ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ဆောင်ရွက်နေတဲ့ မဘသအဖွဲ့ ဖျက်သိမ်းရေး အကောင်အထည်ဖော်ရာမှာဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ တပ်မတော် ခေါင်းဆောင်တွေဘက်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ကိစ္စတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေတာချည်းပဲ ဖြစ်ပါတယ်။

တချို့ကိစ္စတွေကို တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်တာမျိုးကလွဲရင် ကျန်ကိစ္စအားလုံးမှာ ကိုယ့်မူဝါဒ ကိုယ်ကိုင်စွဲ ရပ်တည်လုပ်ကိုင်နေတာ မြင်တွေ့ကြရပါတယ်။ ဒီအချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ တနည်းအားဖြင့် အင်န်အယ်လ်ဒီ အစိုးရနဲ့ တပ်မတော် ဆက်ဆံရေးမှာ အင်န်အယ်လ်ဒီဟာ တပ်မတော်ကို အညံ့ခံ၊ အရှုံးပေး၊ တစ်ဖက်သတ် လိုက်လျော ဆက်ဆံနေတာမျိုး မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုသမျှ အခြေအနေအောက်မှာ တိုင်းပြည်နဲ့ ပြည်သူကောင်းဖို့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်နေတာကို မြင်တွေ့နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar