အင်ဒိုနီးရှားအလံ လွှင့်ထူထားတဲ့ သင်္ဘောဟောင်းတစ်စီး မြန်မာ့ရေပြင်မှာ တွေ့ရှိ

အေအက်ဖ်ပီ

အင်ဒိုနီးရှားအလံ လွှင့်ထူထားပြီး သင်္ဘောအမှုထမ်းတွေ၊ ကုန်စည်တွေမပါပဲ သံချေးတက် ဆွေးမြေ့နေတဲ့ ကုန်တင်သင်္ဘောတစ်စီးကို မြန်မာ့ကမ်းရိုးတန်းအနီးမှာ ယခုအပတ်အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က ပြောပါတယ်။

Sam Rataulangi PB 1600 ဆိုတဲ့အမည်နဲ့ သင်္ဘောကို ငါးဖမ်းသမားတွေက ရန်ကုန်မြို့အနီး ကမ်းခြေကနေ ရေမိုင် ခုနစ်မိုင်လောက်အကွာ မုတ္တမပင်လယ်အော်အတွင်းမှာ မျောနေတာ တွေ့ရှိခဲ့ပါတယ်။

အဲဒီသင်္ဘောကို အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဆီကို ဆွဲယူလာတာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

အာဏာပိုင်တွေနဲ့ ရေတပ်က တာဝန်ရှိသူတွေက သင်္ဘောပေါ်ကို သြဂုတ် ၃၀ ရက်နေ့ အစောပိုင်းက တက်ရောက်ပြီး အခြေအနေကို စစ်ဆေးခဲ့ကြတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သင်္ဘောပေါ်မှာ သင်္ဘောအမှုထမ်းတွေ၊ ကုန်စည်တွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းက သင်္ဘောတွေ သွားလာမှုကို စာရင်းပြုစုထားတဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ အဲဒီသင်္ဘောကို ၂၀၀၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး တန်ချိန် ၂၆,၅၀၀ ရှိပါတယ်။

သင်္ဘောပေါ်က အချက်ပြကိရိယာက နောက်ဆုံးအချက်ပြခဲ့တာကတော့ ၂၀၀၉ ခုနှစ်က ထိုင်ဝမ်ကမ်းခြေအနီးကနေ ဖြစ်ပါတယ်။

ဒါဟာ စွန့်ပစ်ထားတဲ့ သင်္ဘောတစ်စီး မြန်မာ့ရေပြင်မှာ ပထမဆုံး တွေ့ရှိရတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

အိုမင်းပြီး ပင်လယ်ပြင်မှာ သွားလာဖို့ မသင့်တော်တော့တဲ့ သင်္ဘောတွေကို တခါတရံမှာ ဘင်္ဂလားဒေရှ့် တောင်ပိုင်းက စစ်တကောင်းကို ဆွဲယူသွားကြလေ့ရှိပါတယ်။ အဲဒီမှာတော့ သင်္ဘောဟောင်းတွေကို ဖျက်သိမ်းတဲ့လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar