မြန်မာကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရန် စတင် လေ့လာ ဆောင်ရွက်နေ

မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းရေပိုင်နက်ကို စောင့်ရှောက်ဖို့အတွက် မြန်မာ့ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့ လေ့လာစူးစမ်းတင်ပြသွားရန် အစိုးရက ၎င်းတို့ကို တာဝန်ပေးထားတယ်လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မြန်မာကမ်းခြေစောင့်တပ်ကို ဖွဲ့စည်းနိုင်ဖို့အတွက် ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ တခြားနိုင်ငံတွေမှာ ဘယ်လို ဆောင်ရွက်သလဲ၊ မြန်မာနိုင်ငံမှာ ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာ၊ ဒါတွေကို လေ့လာသုံးသပ်တင်ပြဖို့ ကျွန်တော်တို့ကို နိုင်ငံတော်က တာဝန်ပေးထားပါတယ်” လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က သောင်တင်သင်္ဘောနှင့် ပတ်သက်ပြီး စက်တင်ဘာ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားပါတယ်။

ရေကြောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ နည်းလမ်းနှစ်မျိုးနဲ့ ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားတာ၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းတာမျိုးကဲ့သို့ လုပ်ငန်းတွေကို နိုင်ငံတကာတွင် သက်ဆိုင်ရာ ရေတပ်များက တာဝန်ယူ ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။

လူမှောင်ခိုကုန်ကူးတာတွေ၊ တရားမဝင် ငါးခိုးဖမ်းမှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုသယ်ယူမှုများကို တားဆီးဖို့၊ နိုင်ငံနယ်နိမိတ်ကို စောင့်ရှောက်ပေးတာနဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ကမ်းခြေစောင့်တပ်ဖွဲ့တွေက ဆောင်ရွက်လေ့ရှိတယ်လို့ ဆိုပါတယ်။

“တနင်္သာရီတိုင်းမှာ ကျွန်းစု ၈၀၀ ကျော်ရှိတဲ့အထဲမှာ ဟိုတယ်တွေ ဖွင့်ထားကြပြီ။ အဲဒီမှာ တည်းတဲ့လူတွေက ပင်လယ်ထဲ လည်ကြမယ်ဆိုရင် တပ်မတော်ဆိုတာ တစ်ခုချင်းကို ကြည့်ဖို့ သူတို့အတွက် မဖြစ်နိုင်ပါဘူး။ ဒါတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆို နိုင်ငံတော်မှာ Coast Guard (ကမ်းခြေစောင့်တပ်)ကို ဖွဲ့စည်း တည်ထောင်ရမှာ ဖြစ်ပါတယ်” လို့ ဦးသောင်းကြိုင်က ပြောပါတယ်။

ပင်လယ်တွင်း အပန်းဖြေထွက်သူများ အန္တရာယ်ကြုံတွေ့ရပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကမ်းခြေစောင့်တပ်က လုပ်ဆောင်ရမယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာတော့ Coast guard ဆိုတာ မရှိသေးဘူး” လို့ သူက ဆိုပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့တွေကို နိုင်ငံတကာတွင် ပုံစံလေးမျိုးနဲ့ ဖွဲ့စည်းကြရာမှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ ထားရှိတာ၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ ထားရှိတာ၊ ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်မှာ ထားရှိတာတွေအပြင် သမ္မတနဲ့ ဝန်ကြီးချုပ်များကဲ့သို့ နိုင်ငံတော်အကြီးအကဲများလက်အောက်မှာ တိုက်ရိုက်ထားရှိ ဖွဲ့စည်းတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“သမ္မတရုံးတို့၊ ဝန်ကြီးချုပ်ရုံးတို့အောက်မှာ တိုက်ရိုက် ဖွဲ့စည်းတာဆို မလေးရှားဆို အဲဒီလိုဖွဲ့စည်းတာ။ အိန္ဒိယ coast guard ဆို ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းတာ” လို့ ဦးသောင်းကြိုင်က ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး လစ်ဟာနေတဲ့ လုံခြုံရေးကို ဆောင်ရွက်ပါတယ်။ ရေကြောင်းနဲ့ဆိုင်တဲ့ မှုခင်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ရေတပ်တစ်ခုတည်းနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး။ အဲဒီအတွက်ကြောင့် coast guard ဖွဲ့စည်းဖို့ လိုအပ်ပါတယ်ဆိုတာ ကျွန်တော်တို့က နိုင်ငံတော်ကို တင်ပြထားပါတယ်။ နိုင်ငံတော်ကလည်း စိတ်ဝင်စားစွာ စပြီးတော့ ဆောင်ရွက်နေပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေကြောင်းရဲတပ်ဖွဲ့ရှိပေမယ့် သင်္ဘောကဲ့သို့ အထောက်အကူပြုပစ္စည်းတွေ မရှိတဲ့အတွက် မြိတ်နဲ့ ကော့သောင်းလို ကမ်းရိုးတန်းမြို့တွေမှာပဲ အခြေစိုက်နိုင်ပါသေးတယ်။ ပင်လယ်ပြင်လုံခြုံရေးအတွက် တပ်မတော် (ရေ) တစ်ခုတည်းကပဲ လက်ရှိမှာ ဆောင်ရွက်ပေးနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရန်ကုန်မြို့က ခုနစ်မိုင်အကွာ ပင်လယ်ပြင်ထဲမှာ သင်္ဘောဟောင်းတစ်စီး လာရောက်သောင်တင်မှု ဖြစ်ပွားခဲ့ပြီးနောက် ပင်လယ်ပြင်လုံခြုံရေးအတွက် ပြည်သူတွေဘက်က မေးခွန်းထုတ်မှုတွေ ပေါ်ထွက်လာပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဖျက်စီးဖို့ ဆွဲယူလာတဲ့အဲဒီသင်္ဘောဟောင်းကြီးဟာ ပင်လယ်ပြင်မှာ ရာသီဥတုအခြေအနေကြောင့် ကြိုးတွေပြတ်သွားတဲ့အတွက် ဆွဲယူလာတဲ့သင်္ဘောက စွန့်ပစ်ထားခဲ့တာဖြစ်တယ်လို့ ရေတပ်က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရေဒါမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပြီးနောက် ဆွဲသင်္ဘောကိုလည်း လိုက်လံထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar