အေအက်ဖ်ပီ
တရုတ်နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းတွင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်သွားမှုကြောင့် အနည်းဆုံးတစ်ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။
ရှန်ကျန်းခရိုင်၊ တိုင်ဇူမြို့၏ အရှေ့ဘက် ရေမိုင် ၉၀ (၁၆၉ ကီလိုမီတာ) အကွာတွင် ဇန်နဝါရီ ၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲခန့်က နစ်မြုပ်ခဲ့သည့် အဆိုပါသင်္ဘောပေါ်တွင် လူ ၁၅ ဦး ပါရှိကြောင်း ဒေသခံ ရေကြောင်းအာဏာပိုင်များကို ကိုးကားပြီး ဆင်ဟွာသတင်းတွင် ရေးသားထားသည်။
ထိုင်ဝမ်နိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သည့် ကောင်းရှုန်းမြို့မှ ထွက်ခွာလာသည့် ၂၆၂ ပေရှည် အဆိုပါကုန်တင်သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၁၄ ဦးနှင့် ထိုင်ဝမ်နိုင်ငံသားတစ်ဦး ပါရှိပြီး လက်ရှိအချိန်အထိ လေးဦးအား ကယ်ဆယ်ထားပြီးဖြစ်သည်ဟု ဆင်ဟွာက ရေးသားထားသည်။
ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် ပလောင်းတွင် မှတ်ပုံတင်ထားသည့် ထိုသင်္ဘောအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်များနှင့် လေယာဉ်များအား အာဏာပိုင်များက စေလွှတ်ထားသည်ဟု ထိုင်ဝမ်အမျိုးသားကယ်ဆယ်ရေးဗဟိုဌာနက သတင်းထုတ်ပြန်သည်။
မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းအား သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုလည်း ဆင်ဟွာက ရေးသားထားသည်။