20140519-1-6.jpg

title=
နေပြည်တော်၊ မတ် ၁၈
အစိုးရသစ်လက်အောက်တွင် ပြည်ထောင်စုဝန်ကြီးဌာနများအား အရေအတွက် လျော့ချရာတွင် သမဝါယမဝန်ကြီးဌာနအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်သို့သာ ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြုခဲ့သည်။
“သမဝန်ကြီးဌာနက ချေးငွေတွေရယူပြီး ကျေးလက်ပြည်သူတွေကို ပြန်ချေးတဲ့ အလုပ်ပဲ လုပ်တာကြောင့် ဒါနဲ့ ဆက်နွယ်တဲ့ မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနအောက်ကို ပို့သင့်ကြောင်း အကြံပြုလိုပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မုံရွာမြို့နယ် ကိုယ်စားလှယ် ဦးသန့်စင်မောင်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။
သမဝါယမဝန်ကြီးဌာနသည် ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု လျော့ချရေးအတွက်ဆိုကာ ကျေးလက်နေ တောင်သူလယ်သမားများအား ချေးငွေများ ပေးအပ်ခြင်း၊ လယ်ယာသုံး စက်ကိရိယာများအား အကြွေးစနစ်ဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံမှ ချငွေများ ရယူထားရာ ထိုချေးငွေများမှာ အတိုးနှုန်းမြင့်မားသည်ဟုဆိုပြီး ဝေဖန်မှုများလည်း ခံနေရသည်။
သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းမည့် ပြည်ထောင်စုဝန်ကြီးဌာနများစာရင်းအား ပြည်ထောင်စုလွှတ်တော်သို့ မတ် ၁၇ ရက်က အဆိုပြု တင်ပြခဲ့သည်။ လက်ရှိ ဝန်ကြီးဌာန ၃၆ ခုမှ ဝန်ကြီးဌာနအချို့အား ပူးပေါင်းကာ အချို့အား ပယ်ဖျက်ကာ ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိတော့မည် ဖြစ်သည်။
အဆိုပါ ဝန်ကြီးဌာနများစာရင်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာနများ လျှော့ချခြင်းကြောင့် အသုံးစရိတ်များ လျော့ကျခြင်းအပြင် ဆက်စပ်လုပ်ငန်းများအား ယခင်ထက်ပိုပြီး ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နိုင်ခြင်း၊ ယခင်က ဌာန တစ်ခုနှင့်တစ်ခု ဘော်လီဘောပုတ်ကာ ခေါင်းရှောင်နေမှုမျိုး မရှိတော့ခြင်း၊ သမ္မတ၏ မူဝါဒကို အမြန်အကောင်အထည် ဖော်နိုင်ခြင်းစသည့် ကောင်းကျိုးများ ပေါ်ပေါက်လာမည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည်။
ယခင်ဝန်ကြီးဌာနများထဲကအချို့ကို ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုမူ အသစ်ဖွဲ့စည်းခဲ့သည်။ အချို့ဝန်ကြီးဌာနများကိုမူ မူလအတိုင်းသာ ထားရှိသည်ကို တွေ့ရသည်။
သမဝါယမ၊ ရထားပို့ဆောင်ရေး၊ အားကစားနှင့် သိပ္ဗံနှင့် နည်းပညာ ဝန်ကြီးဌာနများကို ပယ်ဖျက်သွားမည်ဖြစ်ရာ အဆိုပါ ဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကို အခြားဝန်ကြီးဌာနများတွင် ပေါင်းစည်းမည်ဖြစ်သည်။ ထို့ပြင် ယခင်က သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအစား ယခုအခါ တစ်ခုတည်းသာ ထားရှိမည်ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဖျက်သိမ်းခံရသော သတ္တုတွင်း၊ သမဝါယမ၊ အားကစားနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ကို မည့်သည့်ဝန်ကြီးဌာနများအောက်တွင် ထားရှိမည်ကို အစိုးရဝန်ထမ်းများနှင့် ပြည်သူများသိရှိစေရန် ရှင်းလင်းပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အစိုးရသစ်တွင် ဝန်ကြီးဌာန ၂၁ ခုနှင့် ဝန်ကြီး ၁၈ ဦးသာ ထားရှိရခြင်းအကြောင်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က မတ် ၂၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရှင်းလင်းပြောကြားကာ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်သည်။
သတင်း- စိုးသန်းလင်း နှင့် ဆန်းဦး