ဦးထင်ကျော် ကျန်းမာရေးကြောင့် အနားယူခြင်းမဟုတ်

ဉာဏ်လှိုင်လင်း

လွန်ခဲ့တဲ့သုံးရက် (မတ် ၂၁ ရက်နေ့) က ရာထူးကနေ နှုတ်ထွက်သွားတဲ့ သမ္မတဦးထင်ကျော်ဟာ ကျန်းမာရေးကြောင့် အနားယူခဲ့ တာမဟုတ်ဘူးလို့ သူ့ရဲ့ ဇနီးဖြစ်သူ သုံးခွမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလွင်က မီဒီယာအချို့ကို ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီလို နားဖို့ဆိုတာ ရုတ်တရက်ကြီးလုပ်တာ မဟုတ်ပါဘူး။ အစောကတည်းက ကြိုတင်စီစဉ်တာပါ”လို့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အဦးအတွင်း မတ် ၂၃ နေ့လည်ပိုင်းက မီဒီယာတွေနဲ့တွေ့ဆုံစဉ် သူက ပြောလိုက်တာပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အာဏာရပြီးချိန်မှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မတင်မြှောက်နိုင်တဲ့အတွက် ရယူခဲ့ရတဲ့ဒီတာဝန်ကို ကနဦးကတည်းက အများဆုံး သုံးလကနေ ခြောက်လအထိသာ ထမ်းဆောင်ဖို့ မျှော်မှန်းထားတဲ့အကြောင်းကိုလည်း ဒေါ်စုစုလွင်က ဆက်လက်ပြောကြားပါတယ်။

အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားရတဲ့အတွက် ခွဲစိတ်ကုသမှု ခံယူထားသူဖြစ်လို့ ဦးထင်ကျော်အတွက် ကျန်းမာရေးကောင်းစေဖို့ ဆုတောင်းပေးကြသူ၊ စိတ်ပူပေးကြသူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဒေါ်စုစုလွင်က ပြောသလို လက်ရှိအခြေအနေမှာ တိုးတက်လာနေပြီလို့လည်း အသိပေးခဲ့ပါတယ်။

“ဒါပေမယ့် ပြီးခဲ့တဲ့တစ်လကျော်လောက်က စင်ကာပူမှာ ဆေးသွားစစ်တော့ ကောင်းပါတယ်။ သူလည်း ဝိတ်ပြန်တက်လာတယ်”လို့ ဒေါ်စုစုလွင်က ဆိုပါတယ်။

ဒါ့အပြင် အခုလိုတာဝန်ကနေ နုတ်ထွက်လိုက်တဲ့အတွက် သမ္မတတစ်ဦးခံစားခွင့်ရှိတဲ့ ပင်စင်ရခြင်း၊ မရခြင်းကိုလည်း သူတို့မိသားစုက စိတ်ပင် ကူးမထားတဲ့အကြောင်း ဒေါ်စုစုလွင်က မီဒီယာတွေကို ထုတ်ဖော်ပြောဆိုပါာတယ်။

“ဘယ်တုန်းကမှ ပင်စင်အတွက်ပဲဖြစ်ဖြစ်၊ ဘာအခွင့်အရေး အတွက်ပဲဖြစ်ဖြစ် အန်တီတို့က စဉ်းစားထားတဲ့လူတွေမဟုတ်ပါဘူး။ အန်တီတို့က တိုင်းပြည်အတွက် အမ(ဒေါ်အောင်ဆန်းစုကြည်) ပြောသလိုပေ့ါ ကိုယ်ဘာပေးနိုင်မလဲပဲ အန်တီတို့ စဉ်းစားပါတယ်။ တိုင်းပြည်ကနေ ဘာရနိုင်မလဲလို့ အန်တီတို့ တစ်ခါမှ စိတ်ကူးတဲ့ ကိစ္စမဟုတ်ပါဘူး”လို့ သူက ဆိုပါတယ်။

သမ္မတတာဝန်ယူချိန်ကစလို့ ပြည်ထောင်စုလွှတ်တော်နာယကထံ အပ်နှံထားတဲ့ မိသားစုပိုင်ဆိုင်မှုစာရင်းကိုလည်း ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့သူက ဖွင့်ဖောက်စစ်ဆေးနိုင်ကြောင်း ဒေါ်စုစုလွင်က အသိပေးခဲ့ပါတယ်။

ဒါ့အပြင် ဦးထင်ကျော်နေရာမှာ အစားထိုးတာဝန်ယူစေဖို့ ပါတီကစီစဉ်နေတဲ့ ဦးဝင်းမြင့်(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း)ကိုလည်း ပြည်သူတွေ အားပေးထောက်ခံကြဖို့ ဒေါ်စုစုလွင်က ပန်ကြားခဲ့ပါသေးတယ်။

“ဝမ်းသာသလို နောက်လုပ်မယ့် ပုဂ္ဂိုလ်အတွက်လည်း အဲဒီအတိုင်းပဲ စေတနာထားပြီး ဝိုင်းဝန်းကူညီပေးပါလို့ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ရှိတာကြောင့် ဦးထင်ကျော်ဟာ နေပြည်တော်မှာပဲ ဆက်လက် နေထိုင်မယ်လို့ သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar