တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ စစ်ဘက်အရာရှိကြီးတစ်ဦးကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဖယ်ထုတ်မယ်လို့ သမ္မတရုံးက ပြောကြားလိုက်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်ကို ရွှေ့ပြောင်းဖို့အတွက် စီစဉ်နေပြီး မကြာခင်မှာ အကောင်အထည်ဖော်နိုင်မယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သမ္မတရုံးပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
“လမ်းညွှန်ချက်ကျပြီးပါပြီ။ မူကျပြီးပါပြီ။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်” လို့သူကပြောပါတယ်။
အဲဒီလိုပြောင်းရွှေ့မှုကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတဟာ ဥပဒေနဲ့အညီ ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းတွေကို လိုသလိုဖွဲ့စည်းနိုင်ပြီး လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို လိုသလို သတ်မှတ်နိုင်သလို လိုအပ်တဲ့ ဝန်ထမ်းတွေကိုလည်း ခန့်အပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူကို မကြာသေးမီက ခန့်အပ်ခဲ့ပြီး အဲဒီလို ခန့်အပ်ခြင်းဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဝန်ကြီးဌာန အပြောင်းအလဲပြုလုပ်ဖို့ ပြင်ဆင်တာဖြစ်တယ်လို့ ဦးဇော်ဌေးကပြောပါတယ်။
အခုလို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ တစ်စုံတစ်ဦး၊ အစုအဖွဲ့တစ်ခုရဲ့တိုက်တွန်းမှု၊ အကြံပြုမှုတွေကြောင့် လုံးဝ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်အရ သမ္မတအောက်တွင် တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အဆင့်ဆင့်တာဝန်ခံကြရတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၊ ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် အဆင့်ဆင့် သွားတဲ့ပုံစံဖြစ်ပါတယ်။ ဒီမူအတိုင်းလဲ သမ္မတအောက်မှာရှိဖို့ဆိုပြီးတော့ ပြန်သုံးသပ်ပြီးတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ရွှေ့လိုက်တာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
အစိုးရရဲ့ ဒီလိုဆုံးဖြတ်ချက်ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်မှာရှိတဲ့ တိုင်းဒေသကြီး၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေဟာ တပ်မတော်သား ပြည်ထောင်စုဝန်ကြီး လက်အောက်ကနေ အရပ်သား ပြည်ထောင်စုဝန်ကြီးလက်အောက်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
“အုပ်ချုပ်ရေးယန္တယား ပိုမိုခိုင်မာအောင်၊ တောင့်တင်းအောင် ပြုလုပ်တာဖြစ်ပါတယ်” လို့ ဦးဇော်ဌေးကပြောပါတယ်။
အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးရပြီး ခရိုင်နဲ့ မြို့နယ်အဆင့်ကနေ ရပ်ရွာအောက်ခြေအထိ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရပြီး လုပ်ပိုင်ခွင့်အပြည့်အဝရှိတဲ့ဌာနဖြစ်ပါတယ်။