မကောင်းဆိုးဝါးတွေ ပူးကပ်ရင် နှိမ်နှင်းဖို့အတွက် ပယောဂဆရာတွေက စွမ်းနိုင်တယ်လို့ မြန်မာပြည်က လူတချို့က ယုံကြည်နေကြဆဲဖြစ်ပြီး အဲဒီယုံကြည်ချက်ဟာ တစ်ခါတရံ ပယောဂဆရာအယောင်ဆောင်ထားတဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါ ကလေးငယ်သုံးဦး သေဆုံးခဲ့မှုလို ဝမ်းနည်းစရာ ဇာတ်လမ်းတွေနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်။
ထွန်းခိုင် ရေးသားသည်။
လူသားတွေကို ကိုက်ဖြတ်စားသောက်ဖို့ မကောင်းဆိုးဝါးတွေက နေရာအနှံ့မှာ စောင့်ကြည့်နေကြပါတယ်။
ဆိုးဝါးတဲ့ ဝိညာဉ်တွေက လူတွေကိုပူးကပ်ဖို့ ကြိုးစားနေပြီး အဲ့ဒိမကောင်းဆိုးဝါးတွေကို အနိုင်ယူဖို့အတွက် တစ်ခုတည်းသော အားကိုးရာက ပယောဂတွေကို နိုင်နင်းတဲ့ ဆရာထွန်းနိုင်ပဲဖြစ်တယ်လို့ လူတွေက အားကိုး တကြီး ယုံကြည်ခဲ့ကြပါတယ်။
ဆရာထွန်းနိုင်က အမွေးတိုင်နဲ့ ဖယောင်းတိုင်တွေထွန်းထားတဲ့ ဘုရားစင်ကိုကျောပေးပြီး ပါးစပ်ကလည်း ဂါထာမဏ္ဍိုုင်တွေကို ရွတ်ဖတ်နေပါတယ်။ လက်ကလည်း ဆန်တွေကို တစ်ဆုပ်ပြီးတစ်ဆုပ် လူအုပ်ထဲကို ကြဲပက်လိုက်ပြီးတော့ မကောင်းဆိုးရွားတွေ မပူးကပ်နိုင်အောင်ဆိုပြီး စီမံနေပြန်ပါတယ်။
ရန်ကုန်မြို့လယ်ကနေ လှိုင်မြစ်တစ်ဘက်ကမ်း ၁၅ မိုင်အကွာလောက်မှာရှိတဲ့ တွံတေးမြို့ကနေ တွံတေး တူးမြောင်းအတိုင်း နာရီဝက်လောက် စက်လှေစီးရတဲ့ ၁၉ မိုင်တာကုန်းဆိုတဲ့ ရွာလေးမှာ ပယောဂဆရာ ကိုထွန်းနိုင်တယောက် အောက်တိုဘာ ၂၀ ရက်နေ့၊ ည ၇ နာရီလောက်ကတည်းကစပြီး မကောင်းဆိုးဝါးတွေကို မောင်းနှင်နေတာ ဖြစ်ပါတယ်။
ညကလည်း တစ်ဖြည်းဖြည်းနက်လာခဲ့တာ သန်းခေါင်ယံအချိန်ကို ရောက်လာခဲ့ပါပြီ။ မကောင်းဆိုးဝါးကို ကြောက်ရွံ့နေကြတဲ့သူတွေကလဲ တားထားတဲ့ စည်းအပြင်ကို မထွက်ရဲပဲ ကျောက်ရုပ်တွေလို မလှုပ်မရှက်ငြိမ်သက်နေခဲ့ကြပါတယ်။
သရဲဖမ်းပွဲကိုလာကြည့်ကြတဲ့ ရွာနီးချုပ်စပ်ကလူတွေလဲ တဖြည်းဖြည်းနဲ့ ကိုယ့်အိမ်ကိုယ် ပြန်သွားကြပါပြီ။
ရုတ်တရက်ဆိုသလိုပဲ ပယောဂဆရာဆိုတဲ့ ကိုထွန်းနိုင်က အခန်းထောင့်တစ်နေရာမှာ လဲလျောင်းနေတဲ့ အသက်လေးနှစ်အရွယ်လောက်ရှိပြီဖြစ်တဲ့ ကလေးငယ်တယောက်ကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ ကန်ကျောက်ပြီး ပစ်ပေါက်ခဲ့တယ်လို့ မျက်မြင်တွေရှိသူတွေကဆိုပါတယ်။
“အဲဒိအချိန်မှာ ကျွန်မတို့လည်း အိမ်ပေါ်ပြေးတက်ပြီး ဒါပယောဂဆရာ မဟုတ်တော့ဘူး။ လူသတ်သမားဆိုပြီး အော်တော့တာပဲ”လို့ ပယောဂဆရာရဲ့ ဆေးကုသမှုကိုသံသယဖြစ်တာကြောင့် နာရီပေါင်းများစွာ စောင့်ကြည့်နေခဲ့တဲ့ ရွာခံတစ်ဦးဖြစ်တဲ့ နော်ဖောမေဆေးက ပြောပါတယ်။
နော်ဖောမေဆေးနဲ့ စောင့်ကြည့်နေသူတချို့ရဲ့ အော်သံက အိမ်ပြန်သွားတဲ့ ရွာသူရွာသားတွေကို ပယောဂကုသနေတဲ့အိမ်ကို ပြန်ရောက်လာစေခဲ့ပါတယ်။
ဆူဆူညံညံနဲ့ လူတွေ ပြန်ရောက်လာချိန်မှာတော့ ပယောဂဆရာကသူ့ရဲ့ကုသမှုကို ရပ်တန့်လိုက်ပါတယ်။ ကြမ်း ပြင်ပေါ်က မလှုပ်မရှက် လဲလျောင်းနေတဲ့ သူ့ကိုယုံကြည်တဲ့သူတယောက်ကို ဆန်မန်းတွေနဲ့ ပစ်ပေါက်လိုက်ပြီး ၁၉ မိုင်တာကုန်းရွာကနေ ချက်ခြင်းထွက်ခွာဖို့ စက်လှေကို စက်နှိုးခိုင်းလိုက်ပါတော့တယ်။
ပယောဂဆရာနဲ့ သူ့ကိုယုံကြည်သူတွေဟာ တွံတေးတူးမြောင်းတို့ကိုဖြတ်ပြီး ၁၉ မိုင်တာကုန်းရွာက တစ်ဘက်ခြမ်းမှာရှိတဲ့ မိုင်၂၀ တာကုန်းဆိုတဲ့ရွာကို ထွက်ခွာသွားပါတော့တယ်။
မကောင်းဆိုးဝါး ပူးကပ်ခံကြရသူများ
၁၉ ရာစုနှောင်းပိုင်းက ဖောက်လုပ်ခဲ့တဲ့ တွံတေးတူးမြောင်းဟာ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးကို ဆက်သွယ်ဖို့အတွက် အဓိကကျတဲ့ ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
တစ်ချိန်က လူသုံးများခဲ့တဲ့ တွံတေးတူးမြောင်းဟာ ဧရာဝတီနဲ့ ရန်ကုန်တို့အကြား ထပ်မံဖောက်လုပ်လိုက်တဲ့ ကားလမ်းတွေကြောင့် ယခုအချန်မှာတော့ အရင်ကလောက် မစည်ကားတော့ပါဘူး။
ကမ္ဘာတဝှမ်းက ထွက်ကုန်ပစ္စည်းတွေကို မိတ်ဆက်အပြီး ရက်ပိုင်းအတွင်းမှာ ဝယ်ယူလို့ရတဲ့အထိ ခေတ်မှီနေတဲ့ ရန်ကုန်ကနေ ၁၅ မိုင်လောက်သာဝေးတဲ့နေရာမှာရှိပေမယ့် တွံတေးမြို့နယ်ထဲက ကျေးရွာတွေဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။
“လူတွေက နေမကောင်းရင် ဆေးရုံဆေးခန်းမသွားချင်ကြဘူး။ ပယောဂဆရာတွေနဲ့ပဲ ကုချင်ကြတယ်”လို့ တွံတေးမြို့နယ် ၁၉ မိုင်တာကုန်းရွာကျေးရွာက နော်ဖောမေဆေးက ပြောပါတယ်။
ရွာခံတစ်ဦးဖြစ်တဲ့ နော်ဖောမေဆေးက ဖြစ်စဉ်တွေကို ပြန်ပြောင်းပြောပြပါတယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
သူဟာ ခရစ်ယာန်အသင်းတော်တစ်ခုဖြစ်တဲ့ သတ္တမနေ့ဥပုသ်အသင်းရဲ့ အကူအညီနဲ့ ၁၉ မိုင် တာကုန်းရွာကျေးရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ စေတနာရှင်တယောက် ဖြစ်ပါတယ်။
အစိုးရနဲ့ အသင်းတော်တို့က ပူးပေါင်းဖွင့်လှစ်တဲ့ ကျန်းမာရေးသင်တန်းဆင်းတယောက်ဖြစ်တဲ့သူက ပယောဂဆရာတွေကို ယုံကြည်ကြတဲ့ တွံတေးမြို့နယ်က လူတွေကို ခေတ်မီဆေးဝါးကုသတာမှုတွေခံယူကြဖို့ စည်းရုံးနေသူတယောက်လည်း ဖြစ်ပါတယ်။
ပယောဂဆရာ ကိုထွန်းနိုင်တစ်ယောက် ၁၉ မိုင်တာကုန်းရွာကို ခြေမချမီ နာရီပိုင်းအတွင်းကပဲ နော်ဖောမေဆေးဆီကို သတင်းတစ်ခု ရောက်ရှိလာပါတယ်။
အဲ့ဒါကတော့အသက်သုံးနှစ်အရွယ် ယောင်္ကျားလေးတယောက်၊ အသက်ရှစ်လအရွယ်နဲ့ အသက် နှစ်နှစ်အရွယ် အသီးသီးရှိကြတဲ့ မိန်းကလေးနှစ်ဦး၊ စုစုပေါင်း သုံးဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းပါ။
“ကျွန်မသံသယဖြစ်ခဲ့တယ်။ ဒီကလေးတွေက ကျန်းမာရေးကလဲ အကောင်းကြီး။ ကိုယ်မွေးပေးခဲ့တဲ့ ကလေးတွေလဲဖြစ်တော့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်”လို့ နော်ဖောမေဆေးက ပြောပါတယ်။
ဒီကလေးသုံးယောက်ဟာ မကောင်းဆိုးဝါး ဝင်စီးခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အသက်ခံရတာလို့ မျက်မြင်တွေက ဆိုပါတယ်။
သေဆုံးသွားကြတဲ့ ကလေးငယ်သုံးယောက်နဲ့ သူ့မိဘတွေဟာ တွံတေးမြို့ကနေ နာရီဝက်လောက် စက်လှေနဲ့ သွားရတဲ့ မိုင်၂၀ တာကုန်းဆိုတဲ့ရွာအစွန်က ငါးကန်တွေနားမှာ နေထိုင်ကြတာဖြစ်ပါတယ်။
ကိုထွန်းနိုင်ဟာ အိမ်လေးအိမ် စီတန်းဆောက်လုပ်ထားတဲ့ အဲဒီနေရာကို အောက်တိုဘာ ၁၈ ရက်နေ့က ရောက်လာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ မှတ်တမ်းတွေက ဆိုပါတယ်။
ထွန်းနိုင်ကို ယမန်ယူရန်အတွက် တွံတေးတရားရုံးသို့ နိုဝင်ဘာ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့က ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ
အဲဒီနေအိမ်တွေမှာ သရဲ၊ တစ္ဆေတွေရှိနေတဲ့အတွက် ရှင်းလင်းဖို့လိုတယ်လို့ဆိုပြီး ပယောဂဆရာက တစ်ခြံတည်းနေ အိမ်တွေက လူ ၁၉ ယောက်ကို အိမ်တအိမ်ထဲမှာ စုခိုင်းခဲ့တယ်လို့ ရဲမှတ်တမ်းတွေက ဆိုပါတယ်။
နောက်တော့ အဲဒီထဲက ကလေးငယ်တွေမှာ မကောင်းဆိုးဝါးတွေ ပူးကပ်နေတယ်ဆိုပြီး ပယောဂဆရာက စွပ်စွဲခဲ့ပြီး ခြေထောက်နဲ့ ကန်၊ တက်နင်း၊ လက်သီးနဲ့ထိုး စတာတွေ လုပ်ပြန်တယ်လို့ ရဲတွေရဲ့ ကနဦး စစ်ဆေးချက်ကို အခြေခံပြီး ထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
သုံးရက်ကြာ မကောင်းဆိုးဝါးနှိမ်နှင်းပွဲအတွင်းမှာ ကလေးငယ်သုံးယောက် သေဆုံးခဲ့ပြီးနောက် ကျန်တဲ့ နှစ်ယောက်ဟာလည်း စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
ကလေးတွေ ဘယ်လိုသတ်ဖြတ်ခံခဲ့ရတယ်ဆိုတာကို အသေအချာ မသိရသေးပေမယ့် အလောင်းတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေအရ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရတဲ့ အခြေအနေတွေရှိခဲ့တယ်လို့ အလောင်းတွေကို ပြန်ဖော်ရာမှာပါဝင်ခဲ့တဲ့ တွံတေးမြို့က စိတ္တသုခကုသိုလ်ပြုအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးပီတာဖြိုးက ပြောပါတယ်။
“ကလေးတစ်ယောက်ဆိုရင် ခေါင်းတောင် တစ်ခြမ်းပြားနေသလို ဖြစ်နေတယ်”လို့ သူက ပြောပါတယ်။
ကလေးသုံးယောက်အနက် နှစ်အလောင်းကို လူတွေစုထားပြီး မကောင်းဆိုးဝါး နှင်ထုတ်ခဲ့တယ်ဆိုတဲ့ အိမ် အနောက်ဘက်ခြမ်းက ရှာတွေ့ခဲ့တာဖြစ်ပြီး ကျန်တဲ့တစ်လောင်းကိုတော့ တွံတေးတူးမြောင်းထဲက ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
မကောင်းဆိုးဝါး ပူးကပ်ခံရတယ်လို့ စွပ်စွဲခံရပြီး အသက်ဆုံးရှုံးရတဲ့သူတွေထဲမှာ ကလေးသုံးယောက်တင်မကပါဘူး။ ကြောင်နှစ်ကောင်နဲ့ ဝက်တစ်ကောင်လဲပါတယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေရဲ့အလောင်းကို သွားရောက်ရှာဖွေသူတွေရဲ့အဆိုအရ သေဆုံးနေတဲ့ ကြောင်တစ်ကောင်ရဲ့ အလောင်းကို အိမ်အောက်မှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပြီး သီတင်းတစ်ပတ်အကြာမှာ အဲ့ဒိနေရာကို Frontier က သွားရောက်လေ့လာခဲ့ရာမှာတော့ အဲဒီ အိမ်တွေကို လူတွေစွန့်ခွာသွားပြီဖြစ်ပြီး ပယောဂဆရာ ဆေးကုရာမှာသုံးခဲ့တဲ့ ဆန်တွေပြန့်ကျဲနေတာကိုသာ တွေ့ခဲ့ရပါတယ်။
မကောင်းဆိုးဝါးအစစ်ကို ရှာဖွေခြင်း
ပယောဂဆရာနဲ့ သူ့လူတွေ စက်လှေမောင်းထွက်သွားတဲ့အချိန်မှာတော့ နော်ဖောမေဆေးနဲ့ ၁၉ မိုင်တာကုန်းက ရွာသားတွေက မကောင်းဆိုးဝါးအစစ်ဟာ ပယောဂဆရာသာဖြစ်တယ်လို့ သတ်မှတ်လိုက်ကြပါတော့တယ်။
သန်းခေါင်ယံအချိန်မှာ ပယောဂဆရာနဲ့ သူ့လူတွေ ထွက်ခွာသွားတဲ့ လမ်းကြောင်းအတိုင်း ထပ်ကျပ်မကွာလိုက်ကြဖို့ ရွာသားတွေက ဆုံးဖြတ်လိုက်ကြပါတော့တယ်။
“ကျွန်မတို့ သူ့ကိုထွက်ပြေးဖို့ အချိန်ပေးလိုက်ရင် နောက်တနေရာက ကလေးတွေ ထပ်သေကြတော့မယ်” လို့ နော်ဖောမေဆေးက ဆိုပါတယ်။
အဲဒီနောက်မှာတော့ ရွာသား၂၀ လောက်ဟာ ပယောဂဆရာရောက်နေတဲ့အိမ်ကို ဝိုင်းလိုက်ကြပါတော့တယ်။
ကိုထွန်းနိုင်က ပယောဂကုသတယ်ဆိုပြီး ထုထောင်းခဲ့တဲ့အတွက် ကလေးငယ်နှစ်ဦး သေဆုံးသွားပြီးနောက် စွန့်ပစ်ခဲ့သည့်နေရာ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
ပယောဂဆရာကို ဖမ်းဆီးတဲ့ညက ဖုန်းနဲ့ ရိုက်ထားပြီး လူမှုကွန်ယက်ပေါ်ကို ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုဖိုင်မှာတော့ ရွာသားတွေက “ဒီကလေးသုံးယောက် ဆုံးသွားတဲ့အတွက် မင်းတာဝန် ဘယ်လိုလုပ်ယူမလဲ”ဆိုတဲ့မေးခွန်းကို ပယောဂဆရာက ဒါဟာ “မိစ္ဆာတွေလက်ချက်”လို့သာ ပြန်ဖြေခဲ့ပါတယ်။
ခြောက်မိနစ်နဲ့ ၃၁ စက္ကန့်ကြာတဲ့ ဗီဒီယိုထဲမှာ ရွာသားတွေရဲ့မေးခွန်းကို ပယောဂဆရာက ဝမ်းနည်းပူဆွေးခြင်း၊ ထိတ်လန့်ခြင်းစတဲ့ အခြေအနေတွေတစ်စုံတရာမပြပဲ အေးအေးဆေးဆေးပဲ ပြန်ဖြေခဲ့တာ တွေ့ရပါတယ်။
ပယောဂဆရာက ကလေးတွေကို “ခြေထောက်ကြိုးတုပ်ပြီး ဇောက်ထိုးဆွဲပြီး ကန်တယ်” ဆိုတာနဲ့ “ပြင်းပြင်းထန်ထန် ထုထောင်းခဲ့တယ်”ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း အဖြေမပေးပဲ သူက ဆေးဝါးကုသခဲ့တာတာဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။
ရဲဘက်ကစွပ်စွဲချက်မှာတော့ ပရောဂဆရာဟာ ကလေးငယ်တွေကို ခြေထောက်ဖြင့်ကန်ခြင်း၊ တက်နင်းခြင်း၊ လက်သီးဖြင့် ထိုးခြင်းများ ဆက်လက်ပြုလုပ်ခဲ့တဲ့အအပြင် ပုဆိန်နဲ့ ထုခြင်းများပါ ပြုလုပ်ခဲ့တဲ့အတွက် လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှုစတဲ့ သံသယတွေနဲ့ ထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မကောင်းဆိုးဝါးများ၏ သားကောင်များ
မကောင်းဆိုးဝါး ပူးကပ်ခံနေရတယ်လို့ စွပ်စွဲချက်နဲ့ အသက်ပေးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ အလောင်းကို ပြန်ဖော်တော့ သူတို့ မိဘတွေအနီးအနားမှာ ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
“ကလေးအလောင်းတွေတွေ့တော့ ဝမ်းနည်းတာလဲ မတွေ့ရဘူး။ နောက်ဆုံးအချိန်အထိ သူတို့ ဇဝေဇဝါဖြစ် နေတုန်း”လို့ ဦးပီတာဖြိုးက ပြောပါတယ်။
မျက်မြင်တွေရဲ့ ပြောစကားအရ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မိဘတွေက ကလေးတွေဟာ မကောင်းဆိုးဝါး အမှန်တကယ် ပူးကပ်ခံနေရတယ်လို့ ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။
ပယောဂဆရာနဲ့ သူ့လူတွေ ၁၉ မိုင် တာကုန်းရွာက ထွက်သွားတဲ့အချိန်မှာ စက်လှေပေါ်ကိုမလိုက်ဖို့ ရွာသားတွေက အတင်းတားခဲ့တာကြောင့် ကျန်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။ ဒီလူတွေဟာလည်း ပယောဂဆရာပြောကြားတဲ့ ဇာတ်လမ်းကို အမှန်တကယ် သက်ဝင်ခဲ့ကြတယ်လို့ မျက်မြင်တွေကဆိုပါတယ်။
“ဒီကလေးတွေက ဘီလူးလေးတွေ။ ကျွန်မတို့ကို စားတော့မှာလို့ ကျွန်မကို သူတို့က ပြောတယ်”လို့ နော်ဖောမေဆေးက ပြောပါတယ်။
ပရောဂဆရာရဲ့ သုံးရက်ကြာ ဆေးဝါးကုသမှုအပြီးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ ကလေးငယ်တယောက်လည်း ရှိပါတယ်။ အဲဒီလေးနှစ်အရွယ်ကလေးငယ်ကို ရန်ကုန်မြို့ကို ခေါ်လာပြီး ဆေးဝါးကုသမှု ခံယူစေခဲ့ပါတယ်။
မသီသီအေးဟာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူနဲ့အတူ ကလေးကို ဆေးရုံမှာ လိုက်စောင့်ပေးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့အဆိုအရ ဖခင်ဖြစ်သူဟာ တခါတရံ ပုံမှန်စိတ်မဟုတ်ပဲ ကလေးဟာ မကောင်းဆိုးဝါးဆိုပြီး ဆေးရုံမှာ ပြောဆိုတာတွေကြုံရတယ်လို့ ဆိုပါတယ်။
“တခါတခါ သူ့ကလေးမဟုတ်ဘူး။ ဘီလူးလေးဆိုပြီးပြောတယ်။ အရုးလိုပဲ။ အဲဒါနဲ့ ကျွန်မလဲ နောက်ထပ်ကူမဲ့ သူတွေကို ဖုန်းဆက်ခေါ်ရတယ်”လို့ မသီသီအေးက ပြောပါတယ်။
ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သော်လည်း အသက်ရှင်ခဲ့သည့် ကလေးငယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
မကောင်းဆိုးဝါး ပူးကပ်တယ်ဆိုတဲ့ အဖြစ်အပျက်တွေဟာ တွံတေးတစ်ခုတည်းတင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံက နေရာအတော်များများမှာ ဖြစ်နေခဲ့ပါတယ်။
ရန်ကုန်မြို့ကနေ မိုင် ၁၀၀ လောက်ကွာဝေးတဲ့ ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြောင်းမြမြို့မှာလည်း ကျောင်းသူတွေ အစုလိုက်အပြုံလိုက် သရဲပူးတယ်ဆိုပြီး မေ့မျောခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် တိုင်းဒေသကြီးအစိုးရအစီအမံနဲ့ အမိန့်ထုတ်ပြန်တာတွေ၊ သေနတ်ပစ်ဖောက်ပြီး မကောင်းဆိုးရွားတွေကို နှိမ်နှင်းတာတွေ လုပ်နေရဆဲပါ။
ဘာသာရေးကိုအခြေခံတဲ့ ဂိုဏ်းတွေက မကောင်းဆိုးဝါးတွေ အမှန်တကယ်ရှိနေတယ်လို့ ယုံကြည်ကြပြီး သူတို့တွေဟာ လူသားတွေကို ရံဖန်ရံခါမှာ နှောင့်ယှက်ကြတယ်လို့ ယုံကြည်ကြပါတယ်။
ရွှေရင်ကျော်ဂိုဏ်းဟာ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းတဲ့နေရာမှာ မြန်မာနိုင်ငံတစ်ဝှမ်း လူသိများတဲ့ ဂိုဏ်းတစ်ခုလည်း ဖြစ်ပါတယ်။
မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာက အထက်တန်းကျောင်းမှာ ကျောင်းသူတွေကို ဝင်ရောက် နှောင့်ယှက်နေတယ်ဆိုတဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းဖို့အတွက် ရွှေရင်ကျော်ဂိုဏ်းက မကောင်းဆိုးဝါး နှိမ်နှင်းသူတွေကို အောက်တိုဘာလအတွင်းက ဖိတ်ကြားခဲ့ကြပါတယ်။
အဲ့ဒိကျောင်းဟာ သချိၤုင်းမြေဟောင်းနားမှာ ဆောက်လုပ်ထားတာဖြစ်တဲ့အတွက် မကျွတ်လွတ်တဲ့သူတွေက နှောင့်ယှက်နေတာလို့ နာမည်ကြီးနေပါတယ်။
ကျောင်းသူတွေကို သွားရောက်ကုသခဲ့တဲ့ ရွှေရင်ကျော်ဂိုဏ်းက ဦးခင်သန်းကတော့ အခြေအနေတွေက ဒိထက်ပိုရှုပ်ထွေးတယ်လို့ ဆိုပါတယ်။
“တယောက်ယောက်က နှောင့်ယှက်နေတာ။ အစီအမံတွေလဲ တော်တော်လေးလုပ်ခဲ့တယ်”လို့ ဦးခင်သန်းက ဆိုပါတယ်။
မကောင်းဆိုးဝါးကို နှိမ်နှင်းကြသူများ
မကောင်းဆိုးဝါးတွေပူးကပ်ရင် နှိမ်နှင်းဖို့အတွက် ပယောဂဆရာတွေက စွမ်းနိုင်တယ်လို့ မြန်မာပြည်က လူတချို့က ယုံကြည်နေကြဆဲပါ။
အဲဒီယုံကြည်ချက်ဟာ တစ်ခါတရံ ပရောဂဆရာအယောင်ဆောင်ထားတဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါ ဝမ်းနည်းစရာ ဇာတ်လမ်းတွေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
“ပရောဂဆရာအစစ်က ဘယ်တော့မှမရိုက်ဘူး။ သူ့အာဏာနဲ့ပဲ ကုတာ”လို့ ရန်ကုန်မြို့က ပယောဂတွေကို နှိမ်နင်းတဲ့ ဆရာဦးဇော်မင်းက ပြောပါတယ်။
ဒါပေမဲ့ လူသတ်မှုနဲ့ အဖမ်းခံထားရတဲ့ တွံတေးက ပယောဂဆရာဆိုသူ ကိုထွန်းနိုင်ကတော့ မကောင်းဆိုးဝါးနှိမ်နင်းတယ်ဆိုပြီး ရိုက်နှက်ညှင်းပန်းမှုတွေ လုပ်ခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
ကလေးတွေရဲ့အလောင်းတွေကို ပြန်လည်ဖော်ယူရာမှာ ပါဝင်ခဲ့တဲ့ စိတ္တသုခကုသိုလ်ပြုအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးပီတာဖြိုး။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
ဒါဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။
“သူကတော့ ဒီကလေးကို ရိုက်တာမဟုတ်ဘူး။ အထဲမှာ ပူးဝင်နေတဲ့သူကို ရိုက်တာဆိုပေမယ့် တကယ်ခံရတာက ကလေးပဲလေ” လို့ ဦးဇော်မင်းက ပြောပါတယ်။
“စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့သူတွေလဲရှိတယ်။ သူ့ကိုဘေးကနေပြီးတော့ ညွှန်ကြားပြီး ဒီလိုတွေလုပ်လို့ ပြောတယ်တို့၊ သူ့မှာ ဒါမျိုးတွေကို ကုသနိုင်တဲ့စွမ်းအားရှိတယ်လို့ ထင်တာပေါ့။ တကယ်ကမဟုတ်ဘူး။ အဲဒါမျိုးကို စိတ်ရောဂါလို့ ပြောလို့ရပါတယ်”လို့ မော်လမြိုင်တက္ကသိုလ်က စိတ်ပညာရှင်ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။
လူမမည်ကလေးငယ်တွေကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ပရောဂကို ယုံကြည်သူတွေထဲမှာ ကလေးငယ်တွေရဲ့ မိဘတွေလည်း အပါအဝင်ဖြစ်ပါတယ်။
ကိုယ်မွေးထားတဲ့ ကလေးငယ်ကို မိစ္ဆာတွေအဖြစ်သတ်မှတ်ပြီး မျက်စိရှေ့မှာတင် ရိုက်နှက်နေတာကို မိဘဖြစ်သူတွေက ဘာကြောင့်များ မတားခဲ့ပါသလဲ။
စိတ်ပညာရှင်တွေရဲ့အဆိုအရ လူတွေဟာ အခြေအနေတစ်ခုမှာ သူတို့စိတ်ထဲ ယုံကြည်ထိုက်တယ်လို့ သတ်မှတ်ထားတဲ့သူတစ်ဦးပြောတာကို ကျိုးကြောင်းစီလျော်ခြင်းရှိမရှိ မဆုံးဖြတ်နိုင်ပဲ အတင်းယုံကြည် တတ်လေ့ရှိကြတယ်လို့ သုံးသပ်ကြပါတယ်။
ဒီလိုအခြေအနေဟာ လူတစ်ယောက်ချင်းစီအပြင် လူအုပ်စုလိုက်လည်း ဖြစ်လေ့ရှိတယ်လို့ စိတ်ပညာရှင် ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။
“အခြေအနေတစ်ခုခုမှာ လူတွေက အတင်းယုံကြည်ချင်ယောင်ဆောင်တတ်ကြတယ်။ အုပ်စုလိုက်ဖြစ် တတ်ကြတယ်။ လူတွေသဘာဝမှာ” လို့ သူက ပြောပါတယ်။
မကောင်းဆိုးဝါးလား၊ စိတ်ပိုင်းဆိုင်ရာပြဿနာလား ငြင်းခုန်နေကြဆဲမှာပဲ တွံတေးမြို့နယ်က လူမမယ်ကလေးငယ်တွေ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
မကောင်းဆိုးဝါးတွေနဲ့ ပယောဂဆရာတွေ ရွာတွေမှာ ထပ်မံကျင်လည်ကျက်စားတာတွေမဖြစ်အောင် အစီအစဉ်တစ်ခုဆွဲမယ်လို့ တွံတေးမြို့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ သူတို့တွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်တာတွေလုပ်ဖို့ စီစဉ်နေတယ်။ တခြားလူတွေကို လည်း ဒါမျိုးတွေအတုယူနိုင်ဖို့ ဟောပြောပွဲတွေလုပ်ဖို့ လုပ်နေတယ်” လို့ ဒေါက်တာကျော်ဇင်ဦးက ပြောပါတယ်။
ခေါင်းစီးဓာတ်ပုံ- အခင်းဖြစ်ပြီး သီတင်းတစ်ပတ်အကြာမှာ အဲ့ဒိနေရာကို Frontier က သွားရောက်လေ့လာခဲ့ရာမှာတော့ အဲဒီ အိမ်တွေကို လူတွေစွန့်ခွာသွားပြီဖြစ်ပြီး ပယောဂဆရာ ဆေးကုရာမှာသုံးခဲ့တဲ့ ဆန်တွေပြန့်ကျဲနေတာကိုသာ တွေ့ခဲ့ရပါတယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ