ဆိပ်ကြီးခနောင်တိုက လှေသင်္ဘောပြင်ဆရာများ

ရန်ကုန်မြို့တွင်းအချက်အချာ၏ ဟိုမှာဘက်ကမ်းရှိ နွမ်းပါးသည့်မြို့နယ်လေးတွင် လှေသင်္ဘောပြင်လုပ်ငန်းက ဒေသခံအများစုအတွက် အဓိက အသက်မွေးဝမ်းကျောင်းဖြစ်နေပြီး လုပ်ငန်းအချို့မှာ အန္တရာယ်များသည့် အနေအထားရှိနေကြသည်။

စာသား – ဆုမြတ်မွန်၊ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြို့ထဲပိုင်းမှ စက်လှေဖြင့်သွားပါက မိနစ် ၂၀ ခန့်သွားရပြီး နေထိုင်သူဦးရေ  ၃၄,၀၀၀ အနက် အများစု၏ အဓိကအလုပ်အကိုင်မှာ လှေသင်္ဘောပြင်လုပ်ငန်းဖြစ်ကာ ဆင်းရဲပြီးဖွံ့ဖြိုးမှုနိမ့်ကျသော ဒေသတစ်ခုဖြစ်သည်။

ရန်ကုန်မြစ်၊ တွံတေးတူးမြောင်း၊ တွံတေးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကျွန်းနေရာဖြစ်သည့် ဆိပ်ကြီးခနောင်တိုတွင် နေထိုင်သူတို့အတွက် ရေလမ်းခရီးသည် အရေးကြီးသော ဘဝအစိတ်အပိုင်း တစ်ခုဖြစ်ကာ စက်တပ်သမ္ဗာန် ကူးတို့သမားများအတွက် ဝင်ငွေရင်းမြစ်တစ်ခုဖြစ်သည်။

မြစ်ကိုဖြတ်၍ ဆိပ်ကြီးခနောင်တိုမှ မြို့ထဲပိုင်းသို့သွားရသော ကုန်ကျစရိတ်မှာ စက်သမ္ဗာန်လုံးချင်း တစ်ခေါက်လျှင် ကျပ် ၂,၀၀၀ ရှိပြီး စက်လှေကြီးဖြင့်ဆိုပါက ကျပ် ၃,၀၀၀ အထိ မြင့်တက်သည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

မြစ်ကိုဖြတ်၍ ရန်ကုန်အသွားနှင့် မြစ်အောက်ပိုင်း အိမ်နီးချင်းဒလမြို့နယ်သို့ ခရီးအသွားအလာမှာ မှန်မှန်ကြီး မြင့်မားလာနေ၍ ကူးတို့လုပ်ငန်း လုပ်ကိုင်နေသူများမှာ လက်မလည်အောင်ဖြစ်နေသည်။

ဆိပ်ကြီးခနောင်တိုမြို့ ချမ်းမြေ့ရိပ်သာ(၃) ရပ်ကွက်ရှိ မြစ်ကမ်းတလျှောက်တွင် အလုပ်သမားများစွာသည် ငါးဖမ်းလှေနှင့် ကုန်တင်သင်္ဘောများအပါအဝင် ရေယာဉ်များပြုပြင်၊ သို့မဟုတ် တည်ဆောက်သည့် လုပ်ငန်းများဖြင့် မအားလပ်အောင်ရှိနေကြသည်။

ဤရပ်ကွက်မှာ ဆိပ်ကြီးခနောင်တိုမြို့ရှိ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်အနက် တစ်ခုအဖြစ်ပါဝင်ပြီး လှေနှင့် သင်္ဘောများပြင်ဆင်ရန်၊ သို့မဟုတ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်နေရာဖြစ်သဖြင့် လွန်းတင်ထားသော၊ သို့မဟုတ် တစ်ဖက်စောင်းထားသော လှေများ၊ သင်္ဘောများကိုတွေ့ရသည်။

လွန်းတင်နေရာများ လုံခြုံစေရန်နှင့် စက်သံများ၊ သတ္တုပစ္စည်းများကို ထုရိုက်သံများက ပတ်ဝန်းကျင်ကို မထိခိုက်စေရန် နံရံမြင့်များ ကာပေးထားသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အသက် ၂၉ နှစ်အရွယ် ကိုကျော်ဇေယျသည် ဤနေရာတွင် သင်္ဘောလွန်းတင်လုပ်ငန်းများ စတင်ဆောင်ရွက်ချိန် ၁၉၉၉ ခုနှစ်ကတည်းက ချမ်းမြေ့ရိပ်သာ(၃) ရပ်ကွက်သို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ထိုအချိန်က သူ့မိဘများသည် အလုပ်အကိုင်ရှာဖွေရန် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့မှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

ပထမဦးစားပေးထားပြီး သူရွေးချယ်ထားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း မဟုတ်သော်လည်း ကိုကျော်ဇေယျသည် ငါးဖမ်းလှေများ ပြင်ဆင်ရာတွင် လက်သမားအဖြစ် လုပ်ကိုင်လျက်ရှိသည်။

“ကျွန်တော်က စက်ပြင်ဆရာ ဖြစ်ချင်တာ။ အဲဒီလိုဖြစ်ဖို့က အကုန်အကျများလွန်းတယ်” ဟု Frontier ကို သူပြောပြချိန်တွင် အသက် ၂၇ နှစ်အရွယ် သူ့ဇနီး မသန်းသန်းထွေးက သူ့ဘေး၌ သူတို့၏သမီးငယ်ကို နို့တိုက်လျက်ရှိသည်။

သူ့နေ့စဉ်ဝင်ငွေမှာ ကျပ် ၁၈,၀၀၀ ရှိပြီး ညဘက်ပါဆင်းဖို့လိုပါက ကျပ် ၃၆,၀၀၀ အထိရှိကြောင်း ကိုကျော်ဇေယျကပြောသည်။ သို့ရာတွင် ဖျားနာမှာ၊ ထိခိုက်ဒဏ်ရာရမှာ အမြဲပူပန်နေရသည်။

“မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်ရင် ကျွန်တော်တို့ ငွေမစုနိုင်တော့ဘူး။ ရရစားစားပါပဲ” ဟု သူကပြောသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အလုပ်သမားများအတွက် အန္တရာယ်အများဆုံးအချိန်မှာ ဒီရေအမြင့်ဆုံးတက်ချိန်ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအချို့ကို ဒီရေအမြင့်ဆုံးအချိန် နာရီပိုင်းလောက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရသည်။ အလုပ်ပြီးစီးအောင် တက်သုတ်ရိုက် ဆောင်ရွက်ရသောကြောင့် တခါတရံ ထိခိုက်ဒဏ်ရာရတတ်သည်။

“ကျွန်တော့်မှာ သာမန်ထိခိုက်ဒဏ်ရာ ရတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ကြီးတော့ တခါမှ မဖြစ်ဖူးသေးပါဘူး” ဟု သူကပြောသည်။

အနည်းအကျဉ်းသာ ထိခိုက်ပျက်စီးနေသော လှေငယ်တစ်စီးကို နှစ်ပတ်အတွင်းပြီးအောင် ပြင်နိုင်သော်လည်း ဆိုးဆိုးရွားရွား ပျက်စီးနေသော ရေယာဉ်များကိုမူ လေးလခန့်အထိ အချိန်ယူပြင်ဆင်ရသည်။

ကျုံပျော်မှ အသက် ၄၄ နှစ်အရွယ် ဒေါ်သန်းသန်းမြင့်သည်လည်း အလုပ်ရှာရန် လွန်ခဲ့သော ၁၉ နှစ်က ဆိပ်ကြီးခနောင်တိုသို့ ရောက်လာခဲ့သည်။ သူ့ခင်ပွန်းမှာ သင်္ဘောကျင်းလုပ်သားဖြစ်ပြီး သူတို့အိမ် ဆောက်ထားသောနေရာမှာ သူ့ခင်ပွန်း၏ အလုပ်ရှင်ကပေးထားသော မြေကွက်ဖြစ်သည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သူ့ယောကျ်ားဝင်ငွေမှာ တစ်လကျပ် ၉၀,၀၀၀ ရှိသော်လည်း မိသားစုဝင် ၁၀ ဦး၏ နေထိုင်စရိတ်အတွက် မလောက်ငကြောင်း ဒေါ်သန်းသန်းမြင့်ကပြောသည်။

ကလေးများထဲမှ အရွယ်ရောက်သူအချို့က ကွမ်းယာရောင်းခြင်း၊ သင်္ဘောကျင်းထဲတွင် အလုပ်ကြမ်း ဝင်လုပ်ခြင်းတို့ဖြင့် ဒေါ်သန်ုးသန်းမြင့်ကို ထောက်ပံ့ကြသည်။

“ငွေကလေး နည်းနည်းပါးပါးစုဖို့ အခွင့်သာတဲ့အချိန်ကတော့ နွေရာသီပဲရှိပါတယ်။ အဲဒီအချိန်ကတော့ လှေပြင်တဲ့အလုပ်က ပိုများလို့ပါ” ဟု ဒေါ်သန်းသန်းမြင့်ကပြောသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အသက် ၂၇ နှစ်အရွယ် ကိုအောင်မျိုးသူသည် သင်္ဘောကျင်းတွင် ဂဟေဆော်သည့် ဝရိန်ဆရာအဖြစ် လုပ်ခဲ့သည်မှာ ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ မိသားစုလယ်ယာကို စွန့်ခွာလာခဲ့သော လွန်ခဲ့သည့် သုံးနှစ်ကတည်းကဖြစ်သည်။

“ကျွန်တော်က ရွှံ့ထူတဲ့လယ်ကွင်းထဲမှာ လယ်သမားမလုပ်ချင်တဲ့သူဆိုတော့ အခုအလုပ်လုပ်ရတာ  ကျွန်တော်ပျော်ပါတယ်” ဟု သူက Frontier ကိုပြောသည်။

သူ့အလုပ်က အန္တရာယ်များကြောင်း ကိုအောင်မျိုးသူကဝန်ခံသည်။ ဂဟေဆော်ရင်း မတော်တဆထိခိုက်၍ သေဆုံးသူ ဆယ်ဦးခန့်ရှိကြောင်း သူသိထားပြီး အချို့မှာ ဓာတ်လိုက်သေဆုံးခြင်းဖြစ်သည်။

သူသည်တစ်ရက်ကို ကျပ် ၁၅,၀၀၀ ရသော်လည်း လခစားလုပ်ရသည်ကို သူပိုသဘောကျသည်။

 “ဒီအလုပ်က အန္တရာယ်များတယ်ဆိုတာသိပေမဲ့ စားဝတ်နေရေးအတွက်မို့ ကျွန်တော့်မှာ တခြားလည်း ရွေးစရာလမ်းမရှိပါဘူးလေ” ဟု သူကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.