ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် လုပ်ငန်းသုံးခုအတွက် အီးယူက ယူရိုသန်း ၇၀ ကူညီ

ရန်ကုန်၊ ၂၁ ဒီဇင်ဘာ

မြန်မာနိုင်ငံတွင် အစားအစာနှင့် အာဟာရ ဖူလုံမှုမြှင့်တင်ရန်၊ တရားဥပဒေစိုးမိုးရေး တိုးတက်ကောင်းမွန်စေရန်နှင့် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ယူရိုသန်း ၇၀ ထပ်မံ အကူအညီပေးမည်ဟု ဥရောပသမဂ္ဂ (အီးယူ)က ယနေ့ ကြေငြာခဲ့သည်။

“ဒီရန်ပုံငွေအသစ်က မြန်မာနိုင်ငံက အဓိက ပြဿ နာသုံးခုကို ဖြေရှင်းဖို့အတွက် ဖြစ်တယ်။ ပထမဆုံးအနေနဲ့ ငါးမွေးမြူရေး စီမံကိန်းမှတဆင့် ဆင်းရဲမှု လျှော့ချရေး၊ အစားအစာနှင့် အာဟာရဖူလုံမှု မြှင့်တင်ရေးအတွက် ကူညီပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ မြန်မာနိုင်ငံက ရဲတွေကို ခေတ်မှီတဲ့ ရဲနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေအဖြစ် အသွင်ကူးပြောင်းရန်အတွက် ဆက်လက်ပြီး ကူညီပံ့ပိုးပေးမယ်။ နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကျွနု်ပ်တို့ရဲ့ အထောက်အကူများကို မြင့်တင်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ သံအမတ် ရိုလန်ကိုဘီရာက ပြောကြားထားသည်။

အဆိုပါ ယူရိုသန်း ၇၀ အနက် သန်း ၂၀ အား ရေရှည်တည်တံ့သည့် ငါးမွေးမြူရေးစီမံကိန်းဖြင့် ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနှင့် အာဟာရ ဖူလုံမှု မြှင့်တင်ရေးအတွက် သုံးစွဲမည်ဖြစ်သည်။

တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် ထိရောက်သော၊ ကျွမ်းကျင်သော၊ လူ့အခွင့်အရေးနှင့် အခြေခံကျသည့် လွပ်လပ်ခွင့်များကို လေးစားလိုက်နာကာ ကောင်းမွန်သော နိုင်ငံတကာကျင့်သုံးမှုများကို ကျင့်သုံးသည့် တာဝန်ခံမှုရှိသော ဝန်ဆောင်မှုပေးနိုင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသွင်အဖြစ် ပြုပြင်ပြောင်းလဲရေးအတွက် ယူရိုသန်း ၃၀ သုံးဆွဲရန် သတ်မှတ်ထားသည်။ အဆိုပါစီမံကိန်းသည် ယခင်က အောင်မြင်မှုရခဲ့သည့် ဥရောပသမဂ္ဂ၏ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် စီမံချက်အား ဆက်လက်အကောင်အထည်ဖေါ်ဆောင်ပေးနေသော စီမံကိန်းဖြစ်သည်။

ကျန် ယူရိုသန်း ၂၀ ကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေးအား ပူးတွဲစောင့်ကြပ် ကြည့်ရှုသည့်စနစ်၊ အမျိုးသားနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ ပဋိပက္ခ အကျိုးသက်ရောက်မှု ခံစားရသည့်နေရာများတွင် လူမှုစီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် နည်းလမ်းများအား ပံ့ပိုးပေးခြင်းဖြင့် အဆိုပါ အထောက်အပံ့သည် ရေရှည်တည်တံ့သည့် စစ်မှန်သော ငြိမ်းချမ်းရေး၊ လုံခြုံမှုနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးတို့အား ပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု အီးယူက သတင်းထုတ်ပြန်ထားသည်။

“၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးတွေကို စတင်ကတည်းက ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်း၊ ရန်ပုံငွေအမြောက်အများကို ခွဲဝေသတ်မှတ်ပေးခြင်း၊ စီမံချက်များကို စတင်အကောင်အထည်ဖေါ်ခြင်းနဲ့ ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင်ဖို့အတွက် အားပေးတိုက်တွန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ်ပံ့ပိုးမည့် ရန်ပုံငွေတွေက အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ ကျွန်ုပ်တို့ ရေရှည်ပါဝင်မှုရဲ့ နောက်ထပ် ခိုင်မာတဲ့ အရိပ်လက္ခဏာ တစ်ခုပဲဖြစ်ပါတယ်” ဟု ရိုလန်ကိုဘီရာက ပြောကြားသည်။

သတင်း- Frontier သတင်းအဖွဲ့

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar