ရန်ကုန်ပန်းချီပြခန်းသစ်မှ ပန်းချီဖခင်ကြီး၏လက်ရာများ

မြန်မာနိုင်ငံတွင် ခေတ်ပြိုင်ပန်းချီ၏ ဖခင်ကြီးဟု အချို့ကယူဆသော အမျိုးသားတစ်ဦး၏ လက်ရာများကို ပြသခြင်းဖြင့် ရန်ကုန်၏အသစ်လွင်ဆုံး ပန်းချီပြခန်းကို ဖွင့်လှစ်လိုက်သည်။

စတိဗ်တစ်ခ်နာ ရေးသားသည်။

ရန်ကုန်မြို့တွင်း ဆူးလေဘုရားအနီး မြို့၏အသစ်လွင်ဆုံး ပန်းချီပြခန်းနေရာကို ကျယ်ဝန်းသည့်အခန်းများနှင့် မြင့်မားသည့်မျက်နှာကျက်များရှိသော ကိုလိုနီခေတ်အဆောက်အအုံတစ်ခု၌ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး သဘာဝအလင်းရောင်လည်း ကောင်းစွာရရှိသည်ဖြစ်ရာ ပြခန်းတစ်ခုအတွက် အကောင်းဆုံးနေရာပင်ဖြစ်သည်။

ကလသာပန်းချီပြခန်းKalasa Art Space ကို ရန်ကုန်ပန်းချီလောကတွင် ခြောက်နှစ်ကြာ လုပ်ကိုင်လာသည့် အသက် ၂၈ နှစ်အရွယ် မစုထွေးအောင်နှင့် ရန်ကုန်ပန်းချီလောကတွင် နှစ် ၂၀ ကျော်ကြာ ကျင်လည်ခဲ့သော အသက် ၄၂ နှစ်အရွယ်ရှိ သူ့ခင်ပွန်း ဦးထူးအောင်ကျော်တို့က စက်တင်ဘာ ၂၈ တွင် ဖွင့်လှစ်ခဲ့သည်။ သူတို့စုံတွဲက နာမည်ရပြီးဆရာကြီးများနှင့် ထွန်းသစ်စပန်းချီဆရာများ၏ လက်ရာများကို ရောနှောပြနိုင်မည့် နေရာတစ်ခုကို ဖန်တီးပေးချင်ခဲ့သည်။

“ကျွန်မက မြန်မာ့ပန်းချီကို ကမ္ဘာကို ချပြယုံတင်မက နည်းနည်းကစဉ့်ကလျားဖြစ်နေတဲ့ မြန်မာပန်းချီအဖွဲ့အစည်းအတွက် အချက်အခြာကျတဲ့ အစိတ်အပိုင်းတစ်ခုကိုလည်း ဖြည့်ဆည်းပေးနိုင်တဲ့ ပန်းချီပြခန်းတစ်ခုကို လိုချင်နေခဲ့ပါတယ်” ဟု ၎င်းက Frontier ကို ပြောသည်။ ပြခန်းက နိုင်ငံ၏ပြောင်းလဲဖြစ်ပေါ်နေသော ပန်းချီလောကအကြောင်းနှင့် မစုထွေးအောင်၏ ကျယ်ပြန့်သည့်သုတကို ရောင်ပြန်ဟပ်နေပြီး ပြခန်းတွင် သေးငယ်သည့် စာကြည့်တိုက်တစ်ခုလည်းပါဝင်သည်။

ကလသာ ဟူသည့်ပြခန်း၏အမည်မှာ သက္ကဋဘာသာစကား သျှီခါရာ Shikhara မှဆင်းသက်လာပြီး တောင်ထိပ်ဟု အဓိပ္ပာယ်ရသည်။ ယင်းအမည်က ပုဂံရှိ ၁၂ ရာစုက အာနန္ဒာဘုရားကဲ့သို့ ရှေးဟောင်းဘာသာရေးအဆောက်အအုံများကို ဖုံးအုပ်သည့် ခေါင်မိုးချွန်းကဲ့သို့ ပိသုကာပုံစံကို ရည်ညွှန်းပြီး အောင်မြင်ခြင်းနှင့် ကြွယ်ဝခြင်းသဘောကို ဆောင်ယူသည်။

မြန်မာပန်းချီဆရာများကို ပုံသွင်းသည့်သဘော အသက်ဝင်ဆုံးနှင့် ၎င်းတို့အပေါ် အရှည်ကြာဆုံး သြဇာလွှမ်းမိုးမှုမှာ ၁၉၆၂ မှ ၂၀၁၁ အတွင်း အာဏာရှင်စစ်အစိုးရ အုပ်ချုပ်မှုကာလတွင် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ဖိနှိပ်မှုဖြစ်နေသည်။ ယင်းအတွက် အနုပညာရှင်အများအပြားမှာ ထောင်ချခံခဲ့ရသည်။

ဆင်ဆာစနစ်ကြောင့် ထိုအချိန်က အနုပညာရှင်များ၏ ဖန်တီးမှုများကို ပို၍နက်နက်ရှိုင်းရှိုင်း ကြည့်တတ်ရန်လိုသည်။ ယင်းမွန်းကျပ်သည့်အနုပညာဝန်းကျင်တွင်ရှိခဲ့သည်က အသက် ၇၃ နှစ်အရွယ် ပြခန်း၏ ပထမဆုံးဧည့်ပန်းချီဆရာ ဦးအောင်မြင့်က ဖန်တီးခဲ့သည့် ပန်းချီလက်ရာဖြစ်သည်။

မြန်မာ့ခေတ်ပြိုင်ပန်းချီ၏ဖခင်ကြီးဟု အချို့က ယူဆသည့် ဦးအောင်မြင့်သည် မြန်မာ့လွတ်လပ်ရေးနှင့် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး၏ စပ်ကူးမတ်ကူးကာလကြား ၁၉၄၆ တွင် မွေးဖွားခဲ့သည်။ ၎င်း၏ရှည်ကြာသည့် အနုပညာသမားဘဝတွင် ရေးဆွဲနည်းမျိုးစုံ မီဒီယမ်များစွာ အသုံးပြုခဲ့ပြီး ယင်းတို့ထဲတွင် ဆီဆေး၊ အခရိုင်းလစ်၊ ကြွေ၊ ပန်းပုနှင့် ပါဖောမင့်အာ့တ်တို့ပါဝင်သည်။

ဦးအောင်မြင့်သည် လူငယ်ဘဝတည်းက ပန်းချီကို စိတ်ဝင်စားခဲ့သည်။

“ကျွန်တော် ငယ်ငယ်တုန်းက သောကြာနေ့ဆို ဘက်ပတစ်ကျောင်းက ပန်းချီသင်တဲ့ဆရာဆီ သွားလည်တယ်။ သူက အစပိုင်းမှာ ကျွန်တော့်အပေါ်ပထမဆုံးသြဇာလွှမ်းမိုးတဲ့သူပေါ့” ဟု သူက Frontier ကို ပြောသည်။ ဆယ်ကျော်သက်တစ်ယောက်အဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စည်ကားလှသည့် ပုသိမ်ဆိပ်ကမ်းတွင် ဇနီးဘက်မှ ဦးလေးတော်စပ်သူ၏ သြဇာလွှမ်းမိုးမှုခံရသည်။ ယင်းဦးလေးက ကိုလိုနီခေတ်တွင် ပိသုကာပညာရှင်နှင့် ပန်းချီဆရာတစ်ယောက်အဖြစ်  လေ့ကျင့်သင်ကြားပေးခဲ့ပြီး ငယ်ရွယ်သည့် သူ့ဆွေမျိုးသားချင်းကို ပျိုးထောင်အားပေးခဲ့သည်။

ဦးအောင်မြင့်သည် ရန်ကုန်တက္ကသိုလ်တွင် ဘီအေ(စိတ်ပညာ) ဘာသာရပ်သင်ယူရင်း ကိုယ်တိုင်လေ့လာ သင်ယူသူတစ်ဦးအဖြစ် တိုးတက်အောင်ကြိုးစားခဲ့ပြီး နိုင်ငံ၏အထင်ရှားဆုံး ပန်းချီဆရာတစ်ဦးဖြစ်လာခဲ့သည်။

စက်တင်ဘာ ၂၈ ရက်က ဖွင့်ခဲ့သော ကလသာပြခန်းမှ ဦးအောင်မြင့်၏ လက်ရာကားချပ်များ။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

စက်တင်ဘာ ၂၈ ရက်က ဖွင့်ခဲ့သော ကလသာပြခန်းမှ ဦးအောင်မြင့်၏ လက်ရာကားချပ်များ။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

သူ့တကိုယ်တော်ပြပွဲကို ၁၉၆၀ ပြည့်နှစ်က ရန်ကုန်၌ ပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ သူ့တကိုယ်တော်ပြပွဲများကို မြန်မာ၊ ဂျာမနီ၊ အမေရိကန်၊ ဂျပန်နှင့် အာရှတိုက် အခြားနေရာများတွင် စုစုပေါင်း ၁၆ ကြိမ်ပြသခဲ့ပြီးဖြစ်သည်။ သူ့လက်ရာများကို ကမ္ဘာတဝန်း စုဆောင်းသိမ်းဆည်းထားသည့် လက်ရာများထဲ၌ အသားပေး ထည့်သွင်းပြသသည်များရှိပြီး ဂျပန်မှ ဖူကူအိုကာအနုပညာပြခန်း၊ စင်ကာပူ လက်ရာ အမျိုးသားအနုပညာ ပြခန်းနှင့် နယူးယော့ခ်ရှိ ဂတ်ဂင်ဟိုင်းမ်ပြတိုက်တို့ကဲ့သို့  ကျော်ကြားသည့် ပြည်ပပြခန်းများတွင် ပြသသည်။

“၁၉၇၀ ပြည့်နှစ်မှာ ပက်ဘလိုပီကာဆိုလို ပန်းချီဆရာတွေရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်တော် စိတ္တဇပန်းချီပုံစံကို ပြောင်းခဲ့တယ်” ဟုဦးအောင်မြင့်ကပြောသည်။

“အထူးသဖြင့်တော့ အဲဒီအချိန်က ကျွန်တော်အကြိုက်ဆုံး ပန်းချီဆရာက ပေါလ်ကလီးပဲ။ အခုထိပါပဲ” ဟု သူကပြောသည်။ ပေါလ်ကလီးသည် ၁၉၄၀ က သေဆုံးခဲ့ပြီး ၎င်း၏လက်ရာများမှာ အိပ်မက်ဆန်ဆန် အမှန်လွန်ဝါဒ၊ စိတ္တဇနှင့် ဂျီသြမေတြီပုံများသုံး၍ ရေးဆွဲသောပန်းချီပုံစံများကို ပေါင်းစပ်သုံးထားသည်။

လွန်ခဲ့သည့်လက ပြီးဆုံးခဲ့သည့် ကလသာပြပွဲတွင် နောက်ပိုင်းပိုကျသော သူ့လက်ရာတွင် စိတ္တဇနှင့် အမှန်လွန်ဝါဒ၏ သြဇာများရှိနေသေးသည်။ ထို့ပြင် ၂၀၀၂ လောက်က ဦးအောင်မြင့်စတင်ခဲ့သည့် ‘မွေးသမိခင်နှင့် သူ့ရင်သွေး’ ဟုခေါ်ဆိုသည့် လက်တန်းရေးဆွဲသော အစီအစဉ်တစ်ခုလည်းပါဝင်သည်။

ဦးအောင်မြင့်တွင် ရန်ကုန် အင်းလျားကန်အနီးက သူ့အိမ်တွင် စတူဒီယိုနှင့် ပြခန်းတစ်ခုရှိသည်။

“ကျွန်တော့်အသက်အရွယ်ကြောင့် ပြခန်းကိစ္စတွေ အများကြီးမလုပ်နိုင်တော့ဘူး” ဟု ၎င်းကပြောသည်။

“အများအားဖြင့်တော့ ကျွန်တော်က အခရိုင်းလစ်ကို သုံးပါတယ်။ ဆီဆေးလည်းသုံးပါတယ်။ ပန်းပုရုပ်ကလေးတွေအတွက် တခါတလေ ကြွေထည်မြေထည်ကို သုံးတတ်တယ်” ဟုလည်း၎င်းကပြောသည်။

စစ်အုပ်ချုပ်ရေးကာလအတွင်း ဦးအောင်မြင့်သည် သူ့ညီအစ်ကိုတစ်ယောက်ရှိသော ဂျာမနီသို့ သွားရောက်လေ့ရှိပြီး ယင်းခရီးစဉ်များကြောင့် ဥရောပရှိ ပန်းချီပြခန်းများသို့ သွားရောက်ကြည့်ရှုခွင့်ရခဲ့သည်။ စစ်အုပ်ချုပ်ရေးခေတ်က ပြည်ပသို့ခရီးထွက်ရေး ခွင့်ပြုချက်ရရန်မှာ လွန်စွာခက်ခဲကြောင်းလည်း ၎င်းကပြောသည်။

၎င်းက နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း ယခင်ခေတ်ကာလက နိုင်ငံရေးမှာ အလွန်အန္တရာယ်ကြီးကြောင်း ဖွင့်ဟပြောကြားသည်။ ဦးအောင်မြင့်တွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက်ရှိပြီး မြေးမိန်းကလေး နှစ်ယောက်နှင့် မြေးယောက်ျားလေး တစ်ယောက်လည်းရှိသည်။ ၎င်း၏အငယ်ဆုံးမြေးမလေးက ပန်းချီကို စိတ်ဝင်စားပြီး ကွန်ပျူတာသုံးအယ်နီမေးရှင်းကို သင်ယူနေကြောင်း၊ အခြားမြေးမလေးကလည်း အနုပညာဝါသနာရှိပြီး သြစတြေးလျတွင် ပိသုကာပညာကို သင်လျက်ရှိကာ လက်ဝတ်ရတနာများ ဒီဇိုင်းထုတ်ရသည်ကို ပျော်မွေ့ကြောင်းဆိုသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

Kalasa Art Space သည် ကျောက်တံတားမြို့နယ် ၃၄ လမ်း၊ အမှတ် ၁၃၁ ပထမထပ်တွင်ရှိပြီး နာမည်ကြီး ၉၉၉ ရှမ်းခေါက်ဆွဲဆိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည်။ ပြခန်းကို နေ့စဉ် နံနက် ၉ နာရီမှာ ည ၈ နာရီထိဖွင့်လှစ်ပြီး နောက်ထပ်ပြပွဲများအတွက် သတင်းအချက်အလက်ကို Kalasa Art Space ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကြည့်ရှုနိုင်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.