သမ္မတထရမ့်နှင့် ပြောဆိုခဲ့မှုကြောင့် ကချင်သိက္ခာတော်ရဘုန်းတော်ကြီးကို တရားစွဲပြီ

ရဲမွန်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အခြားထိပ်တန်းတပ်မတော်အရာရှိ သုံးဦးနှင့် ၎င်းတို့၏ မိသားစုများအား အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မိန့်ချမှတ်လိုက်ခြင်းကို မိမိထောက်ခံကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဖော်ပြောဆိုခဲ့သောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဘုန်းတော်ကြီး ခါလမ်ဆမ်ဆန် Hkalam Samson ကို တရားစွဲဆိုလိုက်သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခေါင်းဆောင်အဖြစ် ဇူလိုင် ၁၇ ရက်က အိမ်ဖြူတော်၌ သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရာတွင် အမေရိကန်အစိုးရက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦး၊ ဗိုလ်မှူးချုပ်အောင်အောင်တို့နှင့် ၎င်းတို့၏ မိသားစုဝင်များအား အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းအတွက် မိမိက အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ကြောင်း ဘုန်းတော်ကြီး ခါလမ်ဆမ်ဆန်က သမ္မတထရမ့်ကို ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမူဆလင်များအပေါ် ရက်စက်မှုများနှင့် မြန်မာပြည်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း ကြေညာအပြီး နောက်တစ်ရက်တွင် သိက္ခာတော်ရ ဘုန်းတော်ကြီးက အထောက်အကူပြုပါသည်ဟုဆိုသော ဒဏ်ခတ်ပိတ်ဆို့မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က သြဂုတ်လ ၂၆ ရက်တွင် မြစ်ကြီးနားမြို့နယ်တရားရုံး၌ အမှုစွဲဆို တိုင်တန်းလိုက်ခြင်းဖြစ်သည်။

ဘုန်းတော်ကြီး ခါလမ်ဆမ်ဆန်အား စွဲဆိုချက်အပေါ် တရားရုံး၏ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၉ ရက်တွင် ချမှတ်လိမ့်မည်ဟု ‘မြစ်ကြီးနားသတင်းဂျာနယ်’ အပါအဝင် ကချင်မီဒီယာများက သြဂုတ် ၂၇ ရက်၌ သတင်းရေးသားဖော်ပြကြသည်။

သြဂုတ်လ ၂၈ ရက်က ဘုန်းတော်ကြီး ခါလမ်ဆမ်ဆန်ကို Frontier က ဆက်သွယ်မေးမြန်းရာတွင် တရားရုံးမှ ထွက်လာသောစာကို သိရှိထားကြောင်း၊ သို့သော် တရားရုံးက မိမိထံဆက်သွယ်အကြောင်းကြားမှု မပြုသေးကြောင်း၊ သမ္မတထရမ့်နှင့် မိမိတွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းကြောင့် တရားစွဲအရေးယူခံရမည်ဟု ဘယ်တုန်းကမှ မိမိမထင်မိခဲ့ကြောင်းပြောသည်။

“ကျွန်တော်တို့နိုင်ငံမှာ တကယ်ဖြစ်နေတာတွေကိုပဲ ကျွန်တော်ပြောခဲ့တာပဲ။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပြောဆိုမှုကို တပ်မတော်က စိတ်ဆိုးသွားတယ်ထင်ပါတယ်” ဟု ဖုန်းဖြင့်ဆက်သွယ်ရာတွင် Frontier ကို ပြောပြသည်။

အဖွဲ့ဝင် လေးသိန်းကျော်ရှိသော ခရစ်ယာန်အသင်းတော်၏ ခေါင်းဆောင် ဘုန်းတော်ကြီး ခါလမ်ဆမ်ဆန်က မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်မရှိကြောင်း၊ ဖိနှိပ်မှု၊ ညှင်းပန်းနှိပ်စက်မှုများလည်း ဖြစ်ပေါ်လျက်ပင် ရှိနေသေးကြောင်း အမေရိကန်သမ္မတနှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးအတွက် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို အာရုံထားကူညီပေးပါရန် အမေရိကန်အစိုးရကို ကျွန်တော်တို့ တိုက်တွန်းတောင်းဆိုပါသည်” ဟု သိက္ခာတော်ရက သမ္မတထရမ့်ကို ပြောဆိုခဲ့သည်။

“ထရမ့်အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့ခံ တပ်မတော်အရာရှိတွေဟာ အမေရိကန်ကို သွားစရာမလိုအပ်တာကြောင့် ဘာမှတော့ ထိခိုက်မှုမရှိလှပါဘူး” ဟု စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁၆ ရက်ကပြောသည်။

ကချင်လူငယ်တက်ကြွလှုပ်ရှားသူ Lum Zawng ကမူ ကချင်လူငယ်တွေဟာ ဘုန်းတော်ကြီး ခါလမ်ဆမ်ဆန်ဘက်ကပဲ ရပ်တည်မှာဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့် ခြိမ်းခြောက်ခံနေရကြောင်း ပြောသည်။

“ဒါက ရာဇဝတ်မှု တစ်ခုမဟုတ်ပါဘူး။ သူက နိုင်ငံထဲက အခြေအနေကို ဆွေးနွေးပြောဆိုခဲ့တာပဲ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ဒါနဲ့ပတ်သက်ပြီး တခုခုလုပ်ဆောင်ပေးသင့်ပါတယ်” ဟု သြဂုတ်လ ၂၈ ရက်က Frontier ကို ဖုန်းဖြင့် ပြောသည်။

“စစ်တပ်မှာလည်း တရားစွဲခွင့်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ စစ်တပ်က တင်လာသမျှအမှုတွေကို မတရားတဲ့အမှုတွေကိုပင်ဖြစ်စေ တရားရုံးက ဘယ်တော့မှပယ်မချခဲ့ပါဘူး” ဟု သူကပြောသည်။

မနှစ်က ဒီဇင်ဘာလအတွင်း Lum Zawng နှင့် အခြားကချင်တက်ကြွလှုပ်ရှားသူ နှစ်ဦးတို့သည် မြစ်ကြီးနားတွင် စစ်ဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြသဖြင့် ထောင်ဒဏ် ခြောက်လနှင့် ဒဏ်ငွေ ကျပ် ငါးသိန်း ချမှတ်ခံခဲ့ကြရသည်။

တပ်မတော်ကို သိက္ခာကျစေမှု ပုဒ်မ ၅၀၀ ဖြင့် စီရင်ချက်ချမှတ်ခံခဲ့ကြရခြင်းဖြစ်သည်။ ကန့်ကွက်ဆန္ဒပြပွဲတွင် ထိုခေါင်းဆောင် သုံးယောက်ပြောကြားသော မိန့်ခွန်းများကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Lum Zawng နှင့် အခြားတက်ကြွလှုပ်ရှားသူတို့၏ အယူခံလွှာကို ကချင်ပြည်နယ်တရားရုံးက မတ်လ ၂၉ ရက်တွင် ပယ်ချခဲ့သည်။ တတိယတစ်ဦးဖြစ်သူ ‘မနန်းပု’ ကိုမူ ထောင်တွင်း၌ သူ၏ကျန်းမာရေး အခြေအနေကြောင့် လွှတ်ပေးခဲ့သည်။.

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.