အင်းစိန်ထောင်၌ ထိန်းသိမ်းခံ ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့်တွေ့ဆုံမေးမြန်းချက်များ

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၂၃ ရက်အတွင်း ရေးသားခဲ့သည့်ပို့စ်များသည် တပ်မတော်၏ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟူသောအချက်ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး လင်းထွန်းက တပ်တွင်းအုပ်ချုပ်မှု ပျက်ပြားစေရန် ကြံရွယ်မှုပုဒ်မ ၅၀၅(က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တို့ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို Frontier Myanmar သတင်းထောက် နော်ဘတ်တီဟန်က သွားရောက်တွေ့ဆုံပြီး ၎င်း၏အမှုအခြေအနေနှင့် နိုင်ငံရေးသဘောထားခံယူချက်များကို မေးမြန်းခဲ့သည်။

မေး – ဦးမင်းထင်ကိုကိုကြီးရဲ့ အခုလက်ရှိ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါသလဲ။ နေကောင်းရဲ့လား။

ဖြေ – တကယ်တမ်းပြောရရင် အသည်းကင်ဆာဖြစ်နေတာကို လှီးထုတ်ထားရတဲ့အခြေအနေပါ။ ပုံမှန်ဆို ဒီဇွန်လထဲမှာ နောက်ဆက်တွဲဆေးစစ်တာတွေ၊ ဆေးဝါးကုသမှုတွေလုပ်ရမှာပါ။ ခွဲစိတ်ပြီးကင်ဆာအဆင့် ဘယ်လောက်ရှိသလဲ။ တိုးတက်မှုရှိလာသလားစတဲ့ အနေအထားတွေကို ပြန်စစ်ဆေးရမှာဖြစ်တယ်။ ဒါပေမဲ့ အခုလက်ရှိ အချုပ်ထဲမှာဆိုတော့ ဒါတွေတစ်ခုမှမလုပ်နိုင်သေးဘူး။ အချုပ်ကျနေစဉ်အတွင်းမှာ ဧပြီလက ဆေးရုံတော့တစ်ခါတက်ခဲ့ရတယ်။ ဒါပေမဲ့ အစိုးရဆေးရုံဆိုတော့ တန်းစီနေရတာနဲ့ လူများတာနဲ့ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ အလုပ်မဖြစ်ခဲ့ဘူး။ လုပ်ခွင့်လည်း သာမနေဘူးလေ။

မေး – အင်းစိန်ထောင်တွင်းနေရတဲ့ အခြေအနေနဲ့ အနေအထားကရော ဘယ်လိုရှိသလဲ။ သက်သောင့်သက်သာနေရရဲ့လား။

ဖြေ – အဆင်ပြေအောင်တော့ နေနေပါတယ်။ ဆေးရုံမှာသွားနေလို့ရတယ်လို့ သိထားပေမဲ့ ကျွန်တော့်ရဲ့ နိုင်ငံရေးဥပုသ် မကျိုးချင်တော့ သက်သောင့်သက်သာနဲ့ သွားမနေနိုင်ဘူးဖြစ်နေတာ။ ဆေးရုံမှာ သွားနေလို့ရတယ်ဆိုတာကို ကျွန်တော်သိပ်မကြာသေးခင်ကမှသိရတာ။ အင်းစိန်ထောင်ကို စရောက်တုန်းကဆို ဧပြီလ ၁၂ ရက်ဆိုတော့ နွေလယ်ခေါင်ကြီးလေ။ လေးပေ ရှစ်ပေအခန်းလေးထဲမှာ ပူလောင်ပြီး ရောဂါတစ်ဖက်နဲ့ အဆင်ပြေအောင် သည်းခံပြီးနေခဲ့ရတာပေါ့။ ဒါပေမဲ့ အဆင်ပြေအောင် ကြိုးစားပြီး ယနေ့ထိ နေနေပါတယ်။

မေး – လက်ရှိ အမှုအခြေအနေအပေါ်မှာရော ဘယ်လို သုံးသပ်ချင်သလဲ။ လွတ်မြောက်မယ်၊ ဒါမှမဟုတ် ပြစ်ဒဏ်ကျမယ်လို့ ထင်ထားတာမျိုး ရှိသလား။

ဖြေ – ကျွန်တော်လက်ရှိ ရင်ဆိုင်နေရတဲ့ အမှုအနေအထားကို ဆန်းစစ်ပြရရင် ကျွန်တော့်ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ပို့စ် ၁၁ ခုကို အစကတည်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ရဲစခန်းမှာ တိုင်ထားပြီးသားပဲ။ အဲ့ဒါကို ၅၀၅(က)နဲ့ တရားစွဲဖို့ တရားရုံးကို ထပ်လျှောက်တယ်ဆိုတော့ ဒါဟာ ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်နေတယ်ဆိုတာကို ဥပဒေပညာရှင်တွေက ပိုသိပါလိမ့်မယ်။ ပြီးတော့ ထပ်တိုးစွဲတဲ့ ပုဒ်မက နိုင်ငံတော်ပြိုကွဲဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ဥပဒေပုဒ်မကြီးလေ။

ကျွန်တော် အစကတည်းက တပ်မတော်ကို ပြိုကွဲအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ဘူး။ ကျွန်တော့်မူလရည်ရွယ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားပေး လုပ်နိုင်ဖို့ရယ်နဲ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နေရာက ထွက်ခွာသွားရေးပဲဖြစ်တယ်။ ဒါကို ကျွန်တော်အရင်ကတည်းက ပို့စ်တင်ပြီးပြောတယ်။ တပ်မတော်မှမဟုတ်ဘူး အင်န်အယ်လ်ဒီကိုလည်း အမြဲတိုက်တိုက်တွန်းတွန်းရေးခဲ့တာ။

ပြီးတော့ ကျွန်တော့်ကို တရားစွဲခဲ့တာ မတ်လ ၂၃ ရက်ကတည်းက အခုဆိုရင် သုံးလပြည့်တော့မယ်။ တပ်မတော်မှာ ဘာထိခိုက်မှုမှ မဖြစ်ခဲ့ဘူးလေ။ ကျွန်တော့်အမှုက စွဲချက်မတင်သင့်တာကို စွဲချက်အတင်ခံထားရတဲ့ သဘောဖြစ်နေတာ။ နောက်တစ်ချက်က တရားသူကြီးကရော ဘယ်လောက်အကြောက်တရားကင်းမဲ့စွာနဲ့ အမှုကိုစီရင်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်။ တကယ်တော့ အကြောက်တရားဆိုတာလည်း အဂတိထဲမှာပါတာပဲလေ။

မေး – ဖေ့ဘွတ်မှာ ပို့စ်တင်တာအတွက်နဲ့ ယခုလို တရားစွဲခံရတယ်ဆိုတဲ့အခြေအနေက ဘယ်လိုကြောင့်လို့ ထင်သလဲ။

ဖြေ – တကယ်တမ်းပြောရရင် ကျွန်တော်တပ်မတော်နဲ့ပတ်သက်ပြီးပို့စ်တင်တာ အခုမှမဟုတ်ဘူး။ ဟိုးအရင်နှစ်တွေကတည်းက တင်ခဲ့တာပဲ။ ဒါပေမဲ့ အခုမှ တရားအစွဲခံရတယ်ပေါ့နော်။ စွဲတာက ဖေဖော်ဝါရီလ ၁၅ ရက်ကနေ မတ်လ ၂၃ ရက်အတွင်းမှာတင်ခဲ့တဲ့ ပို့စ်တွေကြောင့် တရားစွဲခဲ့တာ။ ၂၀၂၀ ရွေးကောက်ပွဲနီးလာပြီဆိုတော့ တပ်မတော်ရဲ့ နိုင်ငံရေးသဘောထားကို ပြတယ်လို့ပဲ ယူဆစရာရှိတယ်။

မေး – ရုတ်တရက် တရားစွဲဆိုခံရပြီး အဖမ်းခံရတဲ့အချိန်မှာ အံ့သြသွားတာမျိုးရှိလား၊ ဒါမှမဟုတ် အဖမ်းခံရလိမ့်မယ်လို့ အစကတည်းက ကြိုတွက်ထားခဲ့တာမျိုးလား။

ဖြေ – ကျွန်တော်သေသေချာချာ မှတ်မိနေတာက မတ်လ ၂၉ ရက် သောကြာနေ့မှာ ကျွန်တော့်ကို အင်းစိန်ရဲစခန်းမှာ ၆၆(ဃ)နဲ့ အမှုဖွင့်တိုင်ကြားတယ်။ မတ်လ ၃၀ ရက် စနေနေ့ ညနေ ၃ နာရီနဲ့ ၄ နာရီအကြားမှာ မီဒီယာတစ်ခုက ကျွန်တော့်ကို ဖုန်းဆက်ပြီး ၆၆(ဃ)နဲ့ တိုင်ကြားခံရတဲ့အကြောင်းကို မေးတယ်။ အဲ့ဒီအထိ ကျွန်တော်သေချာမသိသေးဘူး။ ကျွန်တော်က ၃၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ခြေဥပြင်ဆင်ထောက်ခံပွဲအတွက် နေမကောင်းတဲ့ကြားက သွားဖို့လုပ်နေတာ။

အဲ့နေ့မှာ ကျွန်တော် နေပြည်တော်ကို နေ့ချင်းပြန်ပဲ သွားခဲ့တယ်။ တနင်္လာနေ့မနက်မှာတော့ အင်းစိန်ရဲစခန်းကိုသွားပြီး ၆၆(ဃ)ကိစ္စကို ကျွန်တော်သွားမေးတော့ ရဲစခန်းက ဟုတ်တယ် တိုင်ထားတယ်ဆိုပြီးအတည်ပြုတယ်။ ဒါပေမဲ့ သူတို့က ဆင့်ခေါ်စာကို ပြင်ဆင်နေတုန်းပဲလို့ပြောတာနဲ့ ကျွန်တော် အိမ်ပြန်လာခဲ့တယ်။ ဧပြီလ ၂ ရက်နေ့ထပ်သွားတော့ ကျွန်တော့်ကို ရဲစခန်းက အာမခံပေးတယ်။

ဒါပေမဲ့ နောက်တနေ့မှာပဲ ရဲစခန်းက အကြောင်းကြားလာတာက ဧပြီလ ၃ ရက်နေ့မှာ ကျွန်တော့်ကို ၅၀၅(က)နဲ့ တရားစွဲဖို့ အင်းစိန်တရားရုံးကို ဦးတိုက်လျှောက်ထားတာကြောင့် ကျွန်တော့်ကို နေ့ချင်းပဲ လာဖမ်းရလိမ့်မယ်လို့ ရဲစခန်းကဖုန်းဆက်တယ်။ အာမခံရကောင်းရနိုင်တာမို့ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားဖို့လိုတယ်လို့လည်း ပြောလာပါတယ်။ တရားရုံးကို ဧပြီလ ၁၂ ရက်နေ့သွားရမယ်လို့ပြောတယ်။ ကျွန်တော်လည်း ရဲစခန်းကိုသွားပြီးအဖမ်းခံခဲ့တယ်။ ရုံးထုတ်မှာ ကျွန်တော်က ကျွန်တော့်ဆေးမှတ်တမ်းတွေ အသေးစိတ် အကုန်ယူသွားတယ်။ ဒေါက်တာဝင်းနိုင်(ကုတင် ၅၀၀) ကဆရာကြီးရဲ့ ထောက်ခံစာတွေလည်း ပါတယ်။ အာမခံရလိမ့်မယ်လို့လည်း မျှော်လင့်ခဲ့တယ်။ ကျန်းမာရေးအခြေအနေကိုထောက်ပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တယ်လို့ ဥပဒေမှာပါတာကိုး။ ဒါပေမဲ့ အာမခံမရခဲ့တာကိုတော့ အတော်လေး အံ့သြခဲ့ပါတယ်။

မေး – ဦးမင်းထင်ကိုကိုကြီးရဲ့ ပို့စ်တွေရေးခဲ့၊ တင်ခဲ့တဲ့အပေါ်မှာရော ယုံကြည်ချက်အပြည့်ရှိသလား၊ ဒါမှမဟုတ် တင်ခဲ့မိတဲ့ပိုစ့်တွေနဲ့ပတ်သက်ပြီး တစုံတရာ နောင်တရမိတာမျိုး ဖြစ်မိသေးလား။

ဖြေ – လုံးဝနောင်တရတာမျိုး မရှိပါဘူး။ နိုင်ငံရေးကနေ တပ်မတော်ထွက်ခွာသွားဖို့ အခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်နိုင်ဖို့ ကျွန်တော် တချိန်လုံးပြောနေမှာပဲ။ အရင်ကလည်းပြောတယ်၊ အခုလည်းပြောမယ်၊ နောက်လည်းပြောနေမယ်။ တပ်မတော်က နိုင်ငံရေးကနေ ထွက်သွားမှ၊ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မယ်၊ အနာဂတ်မြန်မာနိုင်ငံဟာလည်း အရပ်သားအုပ်ချုပ်တဲ့ ဒီမိုကရေစီအစိုးရစစ်စစ်ကိုရမှာဖြစ်တယ်။

မေး – အခုနှစ်ပိုင်းမှာ တပ်မတော်ကိုဝေဖန်တဲ့ လူတွေတော်တော်များများကို အတော်လေး တရားစွဲဆိုနေတာတွေ တွေ့ရတယ်။ ဥပမာ လတ်တလော တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ ဒေါင်းတို့မျိုးဆက်တို့အဖွဲ့လိုမျိုးပေါ့။ ဘာလို့ အဲ့လိုတွေ ဖြစ်လာတာလဲ။

ဖြေ – ကျွန်တော် အစောပိုင်းက ပြောခဲ့သလိုမျိုး ၂၀၂၀ နီးလာတယ်အချိန်မှာ တပ်မတော်ရဲ့ သဘောထားတင်းမာမှုကို ပြသသလို ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ နိုင်ငံရေးအရ ပြောနိုင် လုပ်နိုင်မဲ့သူတွေကို ဖိနှိပ်လိုတဲ့သဘောကြောင့် ဖြစ်မယ်လို့ထင်ပါတယ်။

မေး – မေလ ၂၂ ရက်က သတင်းတစ်ခုမှာ ဦးမင်းထင်ကိုကိုကြီး တရားစွဲဆိုခံရတာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မတင်သင့်ဘူးလို့ သတင်းတွေမှာ ပြောထားတာမျိုးကိုတွေ့ရတယ်။ ဘာလို့အဲ့ဒီလိုပြောခဲ့တာလဲ။

ဖြေ – ဒေါ်စုနဲ့မဆိုင်ဘူးလို့တော့ မပြောခဲ့ပါဘူး။ ကျွန်တော့်အမှုကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုတာမျိုး မလုပ်ချင်ဘူးလို့ပြောခဲ့တာထင်တယ်။ ကျွန်တော့်ကို အီးယူကရော၊ အမေရိကန်သံရုံးဘက်ကရော ကိုယ်စားလှယ်တွေက လာရောက်တွေ့ဆုံပြီး ဘယ်သူ့ကို ဘာတောင်းဆိုချင်သလဲလို့မေးတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသတင်းစကားပါးချင်သလဲပေါ့၊ သူတို့ သယ်သွားပေးမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်က မလုပ်ချင်ဘူးလို့ပြောခဲ့တယ်။

သူက နိုင်ငံအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍပေါင်းများစွာနဲ့အလုပ်များနေတယ်။ ဒီလို မတရား တရားစွဲဆိုမှုတွေ၊ ထိန်းချုပ်ခံရတာတွေက အမြဲရှိခဲ့တာပဲ။ သူကိုယ်တိုင်လည်း အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရတယ်လေ။ ကျွန်တော့်ကိစ္စက သူ့ရဲ့ အရေးကြီးတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ရင် ပမွှားသာသာပဲဆိုတော့ ပြောဖို့လိုမယ်လို့ ကျွန်တော်မထင်ဘူး။

ဒါ့အပြင် သူက တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားလုံးကို ဘယ်သူမှ မြန်မာနိုင်ငံမှာမပြောခင် စပြောခဲ့တာ။ အခုလက်ရှိထိလည်း ပြောနေဆဲပဲ။ သူက တရားဥပဒေနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ၊ ချို့ယွင်းချက်တွေကို သိပြီးသားဖြစ်လို့သာ တရားဥပဒေစိုးမိုးရေးဆိုတာကို အသားပေးပြောခဲ့တာဖြစ်တယ်။ ဒီလိုလူမျိုးက တရားစီရင်ရေးကို တစုံတယောက်အတွက် ပါဝင်စွက်ဖက်မှာမဟုတ်ဘူး။ ကျွန်တော်ကလည်း ဒီလိုလုပ်ဖို့ လုံးဝကိုမမျှော်လင့်ထားဘူး။ လုပ်လည်းမလုပ်စေချင်ဘူးဆိုတော့ သူ့ကိုတောင်းဆိုဖို့ကို ကျွန်တော် စဉ်းစားနေဖို့တောင် မလိုဘူးထင်တယ်။

မေး – လက်ရှိရှေ့နေချုပ်က တပ်မတော်ဘက်ဂရောင်းကနေ လာတာလို့လည်း ရုံးထုတ်တစ်ခုမှာ ပြောခဲ့ဖူးတာရှိတယ်။ ဘာကိုဆိုလိုချင်တာလဲ။ သူက သမ္မတကိုအစီရင်ခံရမဲ့အစား တပ်မတော်ဘက်နဲ့ ပူးပေါင်းလုပ်နေတယ်ဆိုတာမျိုး ပြောချင်တာလား။

ဖြေ – အဓိကပြောချင်ခဲ့တာကတော့ တပ်မတော်က မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေတယ်ဆိုတာပါပဲ။ တရားစီရင်ရေးအပါအဝင် ကဏ္ဍအသီးသီးမှာ တပ်မတော်က လွှမ်းမိုးပါဝင်မှုတွေ ရှိနေခဲ့တယ်ဆိုတာကို ပြောချင်ခဲ့တာဖြစ်ပါတယ်။

မေး – Filmmaker (ရုပ်ရှင်ဇာတ်ကားဖန်တီးသူ)တစ်ယောက်အနေနဲ့ ဂုဏ်ယူရဆုံးမှတ်တိုင်က ဘာဖြစ်မလဲ။

ဖြေ – ဒါကတော့ အနုပညာကိစ္စပေါ့လေ။ ကျွန်တော်ရေးပြီး ကျွန်တော်ရိုက်ခဲ့တဲ့ အိမ်မက်အလွန်တို့၊ နောက်ဆုံးကဗျာတို့က ကျွန်တော်အကြိုက်ဆုံးကားတွေပါ။ ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ်လည်း အမြဲ ဂုဏ်ယူခဲ့တယ်။ တခြားကတော့ ငါးနှစ်လုံးလုံး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို ကျိုင်းတုံ၊ တောင်ကြီး၊ ပူတာအို၊ ကော့သောင်းစတဲ့ မြန်မာနိုင်ငံ အစွန်းဆုံးမြို့တွေအထိ တစ်လတစ်ကြိမ်ကျင်းပနိုင်ခဲ့တဲ့အတွက် အရမ်းဂုဏ်ယူတယ်။

မေး – ဖန်တီးခဲ့တဲ့အထဲက အကြိုက်ဆုံးရုပ်ရှင်ကိုပြောပါဆိုရင် ဘယ်ဇာတ်ကားတွေ ဖြစ်မလဲ။

ဖြေ – အကြိုက်ဆုံး ဇာတ်ကားကတော့ “နောက်ဆုံးကဗျာ” ပါ။ နောက်ပြီးတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး အချက် ၃၀ ကို စာတမ်းလေးတွေထိုးပြီး မှတ်တမ်းလိုမျိုးလေး ရိုက်ထားတာမျိုးလေးရှိခဲ့တယ်။ အဲ့တာလေးကိုလည်း အတော်ကြိုက်တယ်။

မေး – ဆရာရဲ့ အနုပညာက မြန်မာနိုင်ငံမှာ မှတ်တိုင်အဖြစ် ကျန်ရစ်နေမယ်လို့ ထင်သလား။

ဖြေ – အမှန်အတိုင်းပြောရရင် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်တော့ ကျွန်တော်ရဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံလုပ်ငန်းစဉ်တွေက ဗိုလ်ချုပ်ရုပ်ရှင်ရိုက်မှာမို့ ရပ်ထားလိုက်ရတယ်။ ပြီးတော့ ကျွန်တော်လည်း ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကနေ အထုတ်ခံလိုက်ရတယ်။ အနုပညာနဲ့ပတ်သက်တဲ့အလုပ်တွေ အများကြီး ထပ်လုပ်ချင်ပါတယ်။ ဒီကိစ္စတွေ ပြီးသွားရင်တော့ ဇာတ်ညွှန်းတွေရေးမယ်။ ဇာတ်ကားအသစ်တွေ ထပ်ရိုက်မယ်။ အနုပညာလုပ်ဆောင်ချက်တွေ အများကြီး ထားခဲ့ချင်ပါတယ်။

မေး – ဒေါ်အောင်ဆန်းစုကြည်မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ လုပ်နေခဲ့တယ်လို့လည်းသိရတယ်။ ဘယ်အခြေအနေထိ ရောက်နေပြီလဲ။ ပြီးစီးတဲ့အထိ ရိုက်ကူးဖို့ ဆန္ဒရှိသလား။

ဖြေ – အဲ့ဒီမှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့အတွက် အမေစုကနေ ၈ နာရီ အင်တာဗျူးပေးဖို့ တောင်းထားဖူးတယ်။ အမေစုကလည်းပေးမယ်ပြောခဲ့ဖူးတယ်။ ဒီစီမံကိန်းက ၂၀၁၂ ကတည်းက စခဲ့တာဖြစ်တယ်။ အမေစုက ၂၀၁၂ ကြားဖြတ်ရွေးေကောက်ပွဲကနေ စအလုပ်များလိုက်တာ အခုထိပဲ။ ကျွန်တော်လည်း ရုပ်ရှင်ပွဲတော်တွေ လုပ်နေရတော့ အဲ့ဒီဘက် မလှည့်မိဘူး။ အမေသာအချိန်ပေးမယ်ဆိုရင် ပြီးတဲ့အထိကို ရိုက်ချင်ပါတယ်။ အခုလက်ရှိတော့ အင်တာဗျူးက ၂ နာရီကြာ လုပ်ထားခဲ့ပြီးပါပြီ။

မေး – ဗိုလ်ချုပ်ရုပ်ရှင်ကရော ဘာလို့မရိုက်ဖြစ်တော့တာလဲ။ အဲ့ဒီအပေါ်မှာရော ဘာခံစားချက်ရှိသလဲ။

ဖြေ – ကျွန်တော်က ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး ပထမအဖွဲ့မှာကတည်းကပါတယ်။ ဇာတ်ညွှန်းဖြစ်မြောက်ရေးမှာ ကျွန်တော်က ဦးဆောင်ပါဝင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၃ အောက်တိုဘာအထိ ဇာတ်ညွန်းတစ်ခုကို ကျွန်တော်တို့ အဖွဲ့လိုက်ရေးလို့ ပြီးစီးခဲ့တယ်။ ကျွန်တော်တို့ဇာတ်ညွှန်ရေးတဲ့နေရာမှာ ပဲခူးမှာတစ်ခါ၊ မေမြို့မှာတစ်ခါ အဖွဲ့လိုက်သွားရေးခဲ့ကြတယ်။ နောက်တော့ ဘတ်ဂျက်အခက်အခဲကြုံလာလို့ မရိုက်ကူးဖြစ်ခဲ့ဘူး။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး ကော်မတီပြန်ဖွဲ့တယ်။ အဲ့ဒီမှာလည်း ကျွန်တော် ဇာတ်ညွှန်းနဲ့ ရိုက်ကူးရေးတာဝန်ခံအဖြစ် ထပ်ပြီးတာဝန်ယူခဲ့တယ်။

အမေစုက ၂၀၁၄ ခုနှစ်လောက်ကတည်းက ကျွန်တော့်ကို နှုတ်နဲ့တာဝန်ပေးခဲ့တာ။ ကျွန်တော်က ဇာတ်ညွှန်းကိုပြန်ပြင်ရေးချင်တယ်။ အချိန်ပေးဖို့ သူရဦးအောင်ကိုကို အချိန် ၆ လ တောင်းတယ်။ သူကသဘောတူတယ်။ ၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၈ ဇွန်လအထိပေါ့။ ကျွန်တော်ပြင်လို့ မပြီးဘူး။ တစ်လထပ်တိုးတယ်၊ တိုးရင်း တိုးရင်း ကိုးလနီးပါးကြာသွားတယ်။ နောက်ဆုံးကျွန်တော်က သူရဦၤးအောင်ကိုကို ပြောတယ်။ နောက်ဆုံးအနေနဲ့ တစ်လပဲထပ်ပေးပါ။ ကျွန်တော်မပြီးရင် ကျွန်တော်ထွက်ပါ့မယ်ဆိုတာကို ထပ်မပေးနိုင်တော့ဘူးဆိုပြီး ကျွန်တော့်ကို ထုတ်ခဲ့တယ်။

အဲ့ဒီကိစ္စကိုတော့ ကျွန်တော်တော်တော် စိတ်မကောင်းဘူး။ အဖွဲ့အလိုက်ရေးတာ ၁၈ လကြာတဲ့ ဇာတ်ညွှန်းကို ကျွန်တော် အချိန် ၉ လနဲ့မပြီးလို့ အထုတ်ခံလိုက်ရတဲ့ သဘောဖြစ်တယ်။ ကျွန်တော်ရေးနေတဲ့ ဇာတ်ညွှန်းထက်ပိုကောင်းတဲ့ အစီအစဉ်မရှိဘဲနဲ့ ကျွန်တော့်ကိုထုတ်ပစ်တာ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ပိုကောင်းသွားစရာ မရှိဘူးလို့ထင်တယ်။ တခြားနည်းလမ်းမရှိရင် ကျွန်တော့ကို တစ်လလောက်တော့ နောက်ဆုံးအခွင့်အရေးပေးသင့်တယ်လေ။ ကျွန်တော် တစ်သက်လုံးလုပ်လာခဲ့တဲ့ ကိစ္စပဲ။ အပြီးသတ်ထုတ်ပစ်လို့ကတော့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ပိုကောင်းသွားတာမျိုးမရှိဘူးလို့ထင်တယ်။ အဲ့ဒီအတွက် ဗိုလ်ချုပ်ရုပ်ရှင်အတွက် ကျွန်တော်စိတ်မကောင်းဘူး။

မေး – လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံမှာ ဆရာအဖြစ် သင်ကြားပေးနေရတဲ့အပေါ်မှာရော ဂုဏ်အယူရဆုံးအလုပ်က ဘာဖြစ်မလဲ။

ဖြေ – ကျွန်တော်တို့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကနေပြီးတော့ တစ်နှစ်ကို Filmmaker ၁၂ ယောက်မွေးထုတ်ပေးခဲ့တာ ၃ နှစ်အတွင်းမှာ ၃၆ ယောက်တိတိ မွေးထုတ်ပေးနိုင်ခဲ့တယ်။ သင်တန်းတစ်ခါပေးရင် လေးလခွဲလောက်ကြာတယ်။ ကျွန်တော်အပါအဝင် နိုင်ငံတကာက ပညာရှင်တွေကိုပါ ဖိတ်ခေါ်ပြီး သင်တန်းပို့ချပေးခဲ့တယ်။ ကျွန်တော်တို့ ရုပ်ရှင်သိပ္ပံကနေထုတ်လုပ်ခဲ့တဲ့ ကားတွေအများကြီးထဲက ၂၀၁၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ မှော် (vein) မှတ်တမ်းရုပ်ရှင်နဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေပြီးတော့ ဓာတ်ငွေ့ပိုက်လိုင်း မြန်မာနိုင်ငံကို ဖြတ်တဲ့တလျှောက်ရိုက်ကူးထားတဲ့ Across ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကိုတော့ ကျေနပ်အားအရဆုံးနဲ့ ဂုဏ်အယူရဆုံးပဲ။

မေး – စာသင်ကြားတာနဲ့ ကိုယ်တိုင်ရိုက်ကူးရတာ ဘယ်ဟာကို ပိုအရေးကြီးတယ်လို့ ထင်လဲ။ ဘယ်အပိုင်းကို ပိုလုပ်ဖြစ်ခဲ့လဲ။

ဖြေ – အမှန်က ကျွန်တော်က စာသင်ရတာကို လုံးဝဝါသနာမပါဘူး။ စာသင်ဖို့ စိတ်ကူးလည်းမရှိခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကို တက်တဲ့အခါ မြန်မာက နောက်ဆုံးမှာကျန်ကျန်နေတာ၊ ရောက်နေတာကို တွေ့ရတယ်။ ဒါကြောင့် ရုပ်ရှင်ပွဲတော်တွေ ဆက်တိုက်လုပ်နေရုံနဲ့တော့ တိုးတက်မှာမဟုတ်ဘူးလို့ တွေးခဲ့တယ်။ စာသင်တာက လိုအပ်ချက်အရ လုပ်နေခဲ့တာ၊ ဝါသနာအရ မဟုတ်ဘူး။ ကျွန်တော် စာသင်မှ filmmaker အသစ်တွေကို မွေးထုတ်ပေးမှဖြစ်မယ်လို့ ခံယူလို့ စာတွေသင်ပေးနေတာဖြစ်တယ်။ လိုအပ်ချက်တွေ ဖြည့်ပြီးရင်တော့ ကျွန်တော် ဇာတ်ညွှန်းတွေဆက်ရေးပြီး ရုပ်ရှင်ပဲ ဆက်ရိုက်မယ်။

မေး – မျိုးဆက်သစ် filmmaker တွေကို ဘာတွေသင်ပေးချင်သလဲ။

ဖြေ – လောလောဆယ် ဇာတ်ညွှန်းသင်တန်းဖွင့်ဖို့ ပြင်ဆင်နေတယ်။ ကျွန်တော် အမြဲပြောနေကျစကားရှိတယ်။ မြန်မာရုပ်ရှင်လောကကို ကယ်တင်မှာက မင်းသားလည်းမဟုတ်ဘူး၊ မင်းသမီးလည်းမဟုတ်ဘူး၊ ထုတ်လုပ်သူလည်းမဟုတ်ဘူး၊ ဇာတ်ညွှန်းပဲဖြစ်တယ်။ ဇာတ်ညွှန်းပညာရှင်တွေ အများကြီးလိုအပ်နေတယ်။ အဲ့တာကြောင့် အဲ့သင်တန်းကို ဖွင့်လှစ်မလို့ ဆုံးဖြတ်ပြီးပြင်ဆင်နေခဲ့တာ။ ဒီအမှုကိစ္စတွေပြီးရင်တော့ သင်တန်းကိစ္စကို ဆက်လုပ်မယ်။

မေး – လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်လောကရဲ့ အခြေအနေကို သုံးသပ်ပေးပါဦး။ အနာဂတ်မှာရော ဘာတွေဖြစ်လာစေဖို့ မျှော်လင့်ထားပါသလဲ။

ဖြေ – လက်ရှိ မြန်မာရုပ်ရှင်တွေမှာ ဇာတ်ညွှန်းကကောင်းလွန်းလို့ အရသာခံပြီးကြည့်ရတယ်လို့ ပရိသတ်ဘက်က အသံထွက်လာတာမရှိသေးဘူး။ ရုပ်တွေကောင်းလာတယ်၊ အသံတွေကောင်းလာတယ်၊ ရိုက်ကူးတင်ဆက်ပုံတွေ ကောင်းလာတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းကအရမ်းကောင်းပြီး ရုပ်ရှင်တကားလုံး ပြီးပြည့်စုံနေတယ်၊ ဘက်စုံကောင်းနေတယ်ဆိုတဲ့ ရုပ်ရှင်ကိုတော့ အခုထိ မတွေ့ဖူးသေးဘူး။ ရှိလည်းမရှိသေးဘူး။

မေး – မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကိုရော ဘယ်လိုထင်သလဲ။

ဖြေ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ်၊ လူ့အခွင့်အရေးမှာလည်းပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အနေအထား ကတော့ ၂၀၁၀ မတိုင်ခင် စစ်အုပ်ချုပ်ရေးအောက်မှာ နေရသလို အနေအထားမျိုးပြန်ဖြစ်နေတယ်။

မေး – အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဘယ်လိုအခြေအနေ ဖြစ်စေချင်သလဲ။

ဖြေ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ကမ္ဘာပေါ်မှာလည်း အလေးထားပြီး လုပ်ဆောင်နေတဲ့အရာပါ။ ကျွန်တော်တို့ လူ့အခွင့်ရေးနဲ့ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံရဲ့ ဆောင်ပုဒ်ကလည်း Society of Dignity ပေါ့လေ။ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က မရှိမဖြစ်လိုတယ်။ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်မှ၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဦးမင်းထင်ကိုကိုကြီးအမှု ပဏာမစစ်ဆေးမှုကို ဇူလိုင် ၁၈ ရက်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်သင့် မတင်သင့် တရားသူကြီး တစ်ဦးဦးက ဆုံးဖြတ်မည်ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – ဇူလိုင်လ ၄ ရက်က အင်းစိန်တရားရုံး၌ လက်ထိပ်ခတ်ခံထားရသော ဒါရိုက်တာမင်းထင်ကိုကိုကြီးက သတင်းထောက်များ၏အမေးကို ဖြေကြားနေစဉ်။ ဓာတ်ပုံ – သူရဇော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar