မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ရေးအပါအဝင် မူ ၁၄ ချက်ကို ပင်လုံညီလာခံ၌ အတည်ပြု လက်မှတ်ထိုး

ရဲမွန်

နိုင်ငံအတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင်နေထိုင်သူများအား တိုက်ရိုက် (သို့) သွယ်ဝိုက်၍ ပိုင်ဆိုင်ခွင့်မရှိစေရေးမူအပါအဝင် ၁၄ ချက်ကို တတိယအကြိမ် ပင်လုံညီလာခံက အတည်ပြုလိုက်ပြီး ပြည်ထောင်စုသဘောတူစာချူပ်၏ အစိတ်အပိုင်း(၂)အဖြစ် ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် ငြိမ်းချမ်းရေးအတွက် အရေးပါသည့် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်ပြီး သဘောတူညီချက်များ ရရှိအောင် မညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ဇွန် ၁၁ ရက်နေ့က စတင်ကာ ခြောက်ရက်ကြာပြုလုပ်ခဲ့သော ညီလာခံအစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များက အဆိုပါ မူ ၁၄ ချက်ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယနေ့ ညီလာခံနောက်ဆုံးရက်တွင် အတည်ပြုပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းမူ ၁၄ ချက်တွင် နိုင်ငံရေးကဏ္ဍနှင့်ပတ်သက်၍ ကျား/မဆိုင်ရာတန်းတူညီမျှမှု မူလေးချက်ပါဝင်ခဲ့ပြီး ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃ဝ ရာခိုင်နှုန်းပါဝင်ရေးကို အားပေးရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။

စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ တစ်ချက်သာပါဝင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုအချက်မှာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် အများပြည်သူ အကျိုးစီးပွားအတွက် စီးပွားရေးဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို ရေးဆွဲချမှတ် ဖော်ဆောင်ခွင့်ရှိမည်ဖြစ်ပြီး ထိုသို့ရေးဆွဲရာတွင် ပြည်ထောင်စုစီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို သဟဇာတဖြစ်စေရေးနှင့် ဆက်စပ်သော အခြားတိုင်းဒေသကြီး/ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေး ထည့်သွင်းစဉ်းစားရန်ဟူ၍ြ ဖစ်သည်။

လူမှုရေးကဏ္ဍတွင်မူ ခုနှစ်ချက်အတည်ပြုနိုင်ခဲ့ပြီး လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် အားလုံးအကျုံးဝင် ပညာရေးစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) စနစ် ဖော်ဆောင်ရန်တို့ပါဝင်သည်။

ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးမှုဆိုင်ရာ အန္တရာယ်လျှော့ချရေး (Harm Reduction)၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သောမူဝါဒများ ချမှတ်ဆောင်ရွက်ရန်နှင့် ကလေးသူငယ် အခွင့်အရေးရရှိရန်နှင့် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးအပြင် ကလေးသူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု ခြောက်ချက် (six grave violations) ပပျောက်ရေးကို ဦးတည်၍ စီမံချက်ချမှတ် ဆောင်ရွက်ရန်စသည့် အချက်များလည်း လူမှုရေးကဏ္ဍ၌ ပါဝင်သည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် ပါဝင်သည့် အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံများ ခေါင်းစဉ်အောက်တွင် နိုင်ငံသားများသာ မြေယာပိုင်ဆိုင်ခွင့်အပါအဝင် မြေယာကိုအသုံးပြု၍ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည်ဟူသည့် အချက်နှစ်ချက် ပါဝင်သည်။

အဆိုပါသဘောတူညီချက်များအား ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)အဖြစ် လက်မှတ်ထိုးပြီးနောက် ဦးဆောင်သဘာပတိဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းက ညီလာခံသဘောထား ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။ နောက်တစ်ကြိမ်ညီလာခံကို ယခုနှစ်အတွင်း တစ်ကြိမ်နှင့် ၂ဝ၁၉ ခုနှစ်အတွင်း နှစ်ကြိမ် ကျင်းပနိုင်ရန် သန္နိဋ္ဌာန်ပြုခဲ့ကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နောက်ထပ်ကျင်းပမည့် ညီလာခံ သုံးကြိမ်တွင်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်အဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ချမှတ်နိုင်ရေးတို့ကိုလည်း ကြေညာချက်၌ ဖော်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံမူ ၁၄ ချက်သာ ရရှိသော်လည်း ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသည့် လုံခြုံရေးကဏ္ဍအတွက် သဘောတူညီမှုများ ရရှိအောင် မညှိနှိုင်းနိုင်ခဲ့ဟု ညီလာခံအပိတ် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

”လုံခြုံရေးကဏ္ဍမှာတော့ ဒီတစ်ကြိမ်မှာ သဘောတူညီမှုတွေရရှိအောင် မညှိနှိုင်းနိုင်ခဲ့ပါဘူး။ လုံခြုံရေးကဏ္ဍကို ညှိနှိုင်းကြရာမှာ အဖက်ဖက်က သတိကြီးစွာနဲ့ ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အများကြီး အရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်မှဖြစ်မှာပါ”ဟု ၎င်းက ပြောကြားသည်။

ယခု တတိယအကြိမ် ပင်လုံညီလာခံတွင် ကဏ္ဍလေးခုမှ အချက် ၁၄ ချက်အပြင် ပြီးခဲ့သည့် ဒုတိယအကြိမ် ညီလာခံအစည်းအဝေးတွင် ၃၇ ချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သောကြောင့် ပြည်ထောင်သဘောတူစာချုပ်တွင် စုစုပေါင်း ၅၁ ချက်ကို ထည့်သွင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar