ဖေဖော်ဝါရီ၂၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစုများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မြန်မာဟာ ကျရှုံးနိုင်ငံ (သို့) ကျရှုံးအမျိုးသားနိုင်ငံ ဖြစ်သွားနိုင်သလား

မကြာသေးခင်ကထွက်ပေါ်လာတဲ့ မြန်မာနိုင်ငံဟာ ‘ကျရှုံးနိုင်ငံ’ ဖြစ်သွားလေမလားဆိုတဲ့ ဆွေးနွေးချက်မှာ ပိုပြီးကြီးမားတဲ့ ပြဿနာတစ်ခုကို ထည့်မတွက်ကြပါဘူး။ အဲဒါကတော့ စစ်အစိုးရနဲ့ အရပ်သားအစိုးရတို့က ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ အားလုံးတစ်သားတည်းဖြစ်သော ပြည်ထောင်စုမြန်မာ ဆိုတဲ့ခံယူချက်ကို မြန်မာနိုင်ငံသားတွေ လက်မခံထားကြဘူးဆိုတဲ့ အချက်ပါပဲ။

DAVID I STEINBERG ရေးသားသည်။

ဖေဖော်ဝါရီ၁ရက်မှာ အာဏာအသိမ်းခံလိုက်ရပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ဖရိုဖရဲအခြေအနေတွေကြောင့် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံတစ်ခုဖြစ်လာနေပြီလို့ တော်တော်များများက ပြောလာကြပါတယ်။ ကျရှုံးနိုင်ငံဆိုတဲ့စကားရပ်ဟာ ပြိုလဲနေတဲ့ ဒါမှမဟုတ် အုပ်ချုပ်ရေးယန္တယား လည်ပတ်မှုမရှိတော့တဲ့ နိုင်ငံတွေနဲ့ အစိုးရတွေရဲ့ အခြေအနေကိုဖော်ပြဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာတုန်းက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတာပါ။ ဒီဝေါဟာရဟာ ဗျူရိုကရေစီဆန်တဲ့ လုပ်ရပ်တွေနဲ့ တခြားမှားယွင်းမှုတွေအထိ ကျယ်ကျယ်ပြန့်ပြန့် အကျုံးဝင်ပါတယ်။ ဒါ့ပြင် ဒီဝေါဟာရကို အုပ်ချုပ်နိုင်မှုမရှိခြင်းကနေ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခြင်းမျိုးအထိ အုပ်ချုပ်မှုညံ့ခြင်း အဆင့်အမျိုးမျိုးနဲ့ပတ်သက်ပြီးတော့လည်း အသုံးပြုထားပါတယ်။

ကျရှုံးနိုင်ငံဆိုတဲ့စကားရပ်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိပေမဲ့ အစိုးရတစ်ရပ်ဟာ  ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု၊ ပညာသင်ကြားနိုင်ရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ လုံခြုံမှုရှိရေးနဲ့ အဆင့်အတန်းမှီရေး၊ နိုင်ငံတကာကလက်ခံနိုင်တဲ့ ရပ်တည်မှုတစ်ရပ်ရှိရေးစတာတွေကို ပုံမှန်အနေအထားမှာရှိနေဖို့ မဆောင်ရွက်နိုင်ဘူးဆိုရင် ဒီလိုအခြေအနေမျိုးကို ကျရှုံးနိုင်ငံလို့ခေါ်ပါတယ်။ ဒီလိုနိုင်ငံမျိုးတွေမှာ  ပြည်တွင်းအကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ အခြေခံအဆောက်အအုံ ယိုယွင်းပျက်စီးမှုတွေ မကြာခဏ တွေ့ကြုံခံစားကြရပါတယ်။

အထူးသဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကျန်းမာရေးစနစ်ပြိုလဲခြင်းအပါအဝင် မြန်မာနိုင်ငံမှာတွေ့ကြုံနေရတဲ့ နယ်ပယ်ပေါင်းစုံက အုပ်ချုပ်မှုပျက်ပြားခြင်းဟာ ကမ္ဘာကလျစ်လျူရှုမထားသင့်တဲ့ လူသားဆိုင်ရာဖြစ်ရပ်ဆိုးကြီး တစ်ခုဖြစ်ပါတယ်။ လူအမြောက်အများ အဖမ်းခံကြရပြီး လူ၁,၀၀၀ကျော် (ဖော်ပြထားတဲ့အရအတွက်ထက်များနိုင်) ကျဆုံးခဲ့ကြရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ခုခံမှုတွေနဲ့ တော်လှန်မှုတွေတစ်နိုင်ငံလုံးအနှံ့ ပေါ်ပေါက်နေတာကြောင့် ပရမ်းပတာအခြေအနေတွေကို ပိုဆိုးသွားစေပါတယ်။ ဒါကြောင့် မကြာခင်ထွက်ပေါ်လာမယ့် ဘယ်အစိုးရမဆို အခုလိုရှေ့မှာ အကျဘက်ရောက်လာနိုင်တဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို အကောင်းဘက်ရောက်အောင်လုပ်နိုင်ပါ့မလား မေးခွန်းထုတ်စရာ ရှိလာပါတယ်။

ဒါပေမဲ့ ‘ကျရှုံးနိုင်ငံ’ကို သာမာန်အဓိပ္ပာယ်ဖွင့်ဆိုရာမှာ မေ့ထားတတ်ကြတဲ့ ဖြစ်တန်ခြေ အခြေအနေတစ်ခု ရှိနေပါတယ်။ အစိုးရတစ်ရပ်ဟာ ပြည်သူပြည်သားတွေအတွက် ထိုက်သင့်တဲ့ လူနေမှုအဆင့်အတန်းတစ်ရပ် မပေးစွမ်းနိုင်ရင်တောင်မှ အုပ်စိုးမှုအားကောင်းတဲ့အစိုးရလို့ သတ်မှတ်နိုင်ပါတယ်။​ ဘာကြောင့်လဲဆိုတော့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးစတဲ့ စစ်ရေးလုံခြုံရေးတပ်ဖွဲ့တွေပါဝင်ပြီး ခြိမ်းခြောက်ထိန်းချုပ်နိုင်တဲ့အာဏာကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုတွေ့နေရတဲ့ နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားမှုဟာ လတ်တလောမှာတော့ အကြီးအကျယ် အငြင်းပွားစရာရှိသလို နောက်ဘာဆက်ဖြစ်မယ်ဆိုတာလည်း မသေချာလှပါဘူး။ ၁၉၄၈၊  လွတ်လပ်ရေး ရပြီးကတည်းက တည်ရှိပြီးဖြစ်တဲ့ သူ့ရဲ့အင်အားဩဇာကို ထပ်မံချဲ့ထွင်ဖို့ကြိုးပမ်းရာမှာ တပ်မတော်တစ်ခုလုံးဟာ အခုထက်ထိ စည်းလုံးညီညွတ်မှုရှိနေသေးပုံရပါတယ်။ စစ်ခေါင်းဆောင်တွေအကြား အတွင်းမှာ အားပြိုင်မှုတွေ ရှိနိုင်ပေမဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ စစ်တပ်တစ်ခုလုံးရဲ့ အာဏာစက်ဖွဲ့စည်းတည်ဆောက်ပုံကို ပြိုကွဲစေမယ့် ဂိုဏ်းဂဏကွဲမှုတွေ မပေါ်ပေါက်လာအောင် ကာကွယ်ထားနိုင်သလို တပ်တွင်း စည်းလုံး ညီညွတ်မှုကိုလည်း အခိုင်အမာ ထိန်းသိမ်းထားနိုင်ပါသေးတယ်။ ၂၀၂၀ ရွေးကောက်ပွဲကတစ်ဆင့် (စစ်တပ်ကိုမနှစ်သက်ကြောင်း) ပြည်သူတွေက ဆန္ဒမဲနဲ့ ထုတ်ဖော်ခဲ့တာမျိုး၊ နောက်ပိုင်း လူထုအုံကြွဆန္ဒပြပွဲတွေနဲ့ ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်းလှုပ်ရှားမှုတွေရှိခဲ့ပေမဲ့ တပ်တွင်းစည်းလုံးမှုအခိုင်အမာ တည်ဆောက်ထားနိုင်တာကြောင့် တပ်မတော်ဟာ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တည်နိုင်စွမ်း ရှိနေဦးမှာပါ။

ဒီလိုဆိုပေမဲ့လည်း ပြည်သူလူထုရဲ့ဆန္ဒက အရေးပါလှပါတယ်။ အားကောင်းမောင်းသန်တဲ့ ကျရှုံးနိုင်ငံတစ်ခုဟာ အလွယ်တကူ ပြိုလဲမသွားပါဘူး။ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတာကြောင့် ကျရှုံးနိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ အားကောင်းမောင်းသန်မှုဟာ ခေတ္တခဏသာ ဖြစ်ပါလိမ့်မယ်။ အပေါ်ကနေ အာဏာနဲ့ ဖိနှိပ်ပြီး အတင်းထိန်းချုပ်ထားတဲ့ စည်းလုံးညီညွတ်မှုဟာ အချင်းချင်းအကွဲအပြဲကနေသော်လည်းကောင်း၊ နိုင့်ထက်စီးနင်းအုပ်စိုးမှုမှာ အက္ခရာကျတဲ့အစိတ်အပိုင်းတွေရဲ့ စုဖွဲ့မှုအသစ် သို့မဟုတ် ယိုယွင်းပျက်စီးမှုကြောင့် သော်လည်းကောင်း ပြိုလဲသွားနိုင်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကိုကျရှုံးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်တာဟာ နိုင်ငံရဲ့ အရင်ကတည်းကရှိနေတဲ့ ပြဿနာတွေကို အပြည့်အဝ မထပ်ဟပ်စေပါဘူး။ တိတိကျကျပြောရမယ်ဆိုရင် ၁၉၄၈မှာ လွတ်လပ်ရေးရပြီး နိုင်ငံတစ်ခုရယ်လို့ စဖြစ်တည်လာကတည်းက မြန်မာဟာ တည်ဆောက်ရေးမအောင်မြင်ခဲ့တဲ့ အမျိုးသားနိုင်ငံတစ်ခု (failed nation) ဖြစ်နေနှင့်ခဲ့တာပါ။ အဲဒီအချိန်မှာ ကျရှုံးနိုင်ငံ (failed state) အဆင့်တောင် မရောက်သေးပါဘူး။

စတည်ကတည်းကရှိခဲ့တဲ့ အကွဲအပြဲ

“Nation”ဆိုတဲ့ ဝေါဟာရဟာ အများအသိအမှတ်ပြုခံထားရတဲ့ နိုင်ငံ သို့မဟုတ် တိုင်းပြည်တစ်ခုနဲ့ တစ်စိတ်တစ်ပိုင်းသာ သက်ဆိုင်တယ်လို့ ဆိုရမှာပါ။ ဒီအသုံးအနှုန်းဟာ သက်ဆိုင်တဲ့လူ့အဖွဲ့အစည်းဝင် လူပုဂ္ဂိုလ်တွေအတွက်တော့ စိတ်ခံစားမှု သို့မဟုတ် ပြည်တွင်းရေးရာနဲ့သက်ဆိုင်မှုကို ဆိုလိုတာဖြစ်ပြီး ဥပဒေစံနှုန်းတွေအရ ဖွင့်ဆိုတဲ့ “State” ဆိုတဲ့ ဝေါဟာရနဲ့ ကွဲပြားပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ state  (နိုင်ငံ) တစ်ခုရဲ့ နိုင်ငံသားဖြစ်နိုင်ပေမဲ့ မိမိကိုယ်ကို နိုင်ငံရဲ့လူမျိုးစုဝင်လို့သတ်မှတ်ထားတဲ့ လူအဖွဲ့အစည်းနဲ့ တစ်လုံးတစ်ဝတည်းဖြစ်တည်မှုဆိုတဲ့ စိတ်ခံစားချက်တော့ ရနိုင်မှာမဟုတ်ပါဘူး။

“Nation” ဆိုတဲ့ ဝေါဟာရဟာ သူတို့ကိုယ်ပိုင် စံသတ်မှတ်ချက်တွေ၊ ယဉ်ကျေးမှုတန်ဖိုးတွေ၊ ဘုံတူညီတဲ့ သမိုင်းကြောင်းမျှဝေကြတဲ့ လူတစ်စုကို ဆိုလိုတာပါ။ သူတို့နေထိုင်ရာ နယ်မြေတစ်ခု အတည်တကျလည်း ရှိကြပြီး ဒီနယ်မြေမှာ အတူနေကြတဲ့ သူတွေအပေါ် သစ္စာရှိကြမယ်ဆိုတဲ့ ခံယူချက်တစ်ရပ်လည်း သူတို့မှာ ရှိကြပါတယ်။

တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် nation ဆိုတာ တိုင်းပြည်နဲ့ပတ်သက်လာရင် စိတ်ခံစားမှုဆိုင်ရာကိုယ်ပိုင် အမှတ်သညာနဲ့ တိုင်းပြည်အပေါ် သစ္စာစောင့်သိတဲ့ လူမျိုးစုတွေစုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်ခုကို ဆိုလိုတာပါ။ Nation (အမျိုးသားနိုင်ငံ) ဆိုတာ နေထိုင်ရာနယ်မြေတည်နေရာ၊ ဘာသာရေးယုံကြည်ချက်၊ အသုံးပြုတဲ့ ဘာသာစကား ဒါမှမဟုတ် လက်ခံကျင့်သုံးတဲ့ ယဉ်ကျေးမှု၊ ဆက်ခံရရှိထားတဲ့ အမွေအနှစ် ဒါမှမဟုတ် အတွေ့အကြုံစတဲ့ သတ်မှတ်ချက်တွေရှိတာထက် ပိုပါတယ်။ ဒီအချက်တွေအားလုံး အရေးပါကောင်းပါပေမဲ့ ဒီအချက်တွေကို ထိတွေ့ကိုင်တွယ်လို့မရဘဲ စိတ်ခံစားချက်အရ အချင်းချင်းနားလည်မှုနဲ့ သဟဇာတဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်မှုမှာ ပါဝင်ပေါင်းစည်းနေပါတယ်။

အထက်မှာ ပြောထားတဲ့အချက်အားလုံးနဲ့ တစ်သားတည်းကျတဲ့ တိုင်းပြည်နိုင်ငံမျိုး သမိုင်းမှတ်တမ်းတွေ လက်လှမ်းမီတဲ့ အတိတ်ရာဇဝင်မှာ မရှိခဲ့သလို အခုမျက်မှောက်ခေတ်သစ်ကမ္ဘာမှာလည်း မရှိနိုင်ပါဘူး။ လူမျိုးစုဝိသေသနဲ့ နေထိုင်ရာနယ်မြေ မတူညီခြင်းနဲ့ လူမျိုးစုနယ်ပယ် မတူညီမှုကြောင့် တစ်မျိုးသားလုံး ညီညွတ်ရေးအတွက် ဆက်ပြီး အပြင်းအထန်ကြိုးပမ်းနေရခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် နိုင်ငံတွေ (state) နေရာအနှံ့မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့ကြပါတယ်။ ဒါ့ပြင် တိုင်းပြည်လူဦးရေရဲ့ အစိတ်အပိုင်းတချို့ဟာ ခေါင်းပုံဖြတ်ခံရခြင်း၊ တရားခိုင်းစားခံရခြင်း၊ အခွင့်အရေးတွေ ပိတ်ပင်ခံရခြင်း၊ ဒါမှမဟုတ် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးအရဖိနှိပ်ခြင်း စတဲ့အကြောင်းအရင်းတွေကြောင့်လည်း ကွဲပြားမှုတွေ ဖြစ်ပေါ်ရပါတယ်။ မြန်မာနိုင်ငံဟာ ဒီလိုပဋိပက္ခတွေ အများအပြားတည်ရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဘာကြောင့် မြန်မာနိုင်ငံဟာ ထူးခြားတဲ့အခြေအနေတွေ ရှိနေတာလဲ။

ကိုလိုနီခေတ်မတိုင်ခင် မြန်မာနိုင်ငံဟာ အင်အားတောင့်တင်းပြီး မကြာမကြာ ရန်ပြုကျူးကျော်တတ်တဲ့ တိုင်းပြည်နိုင်ငံတစ်ခုဖြစ်ပြီး ဗမာတိုင်းရင်းသားခေါင်းဆောင်တွေက သူတို့ပိုင်နယ်မြေအပြင် အခုအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဒေသက အစိတ်အပိုင်းတွေဖြစ်တဲ့ နယ်ပယ်ပိုင်းခြား မသတ်မှတ်ရသေးတဲ့ တခြားတိုင်းရင်းသား လူမျိုးစုနယ်မြေတွေကိုပါ မင်းပြုအုပ်ချုပ်ခဲ့ကြပါတယ်။၁၇၈၅ခုနှစ်မှာ ရခိုင်ဘုရင့်နိုင်ငံတော်ကို မြန်မာနိုင်ငံထဲ အဓမ္မသွပ်သွင်းခဲ့ပါတယ်။ဗမာနန်းတော်နဲ့ ဗြိတိသျှအစိုးရတို့က သီးခြားလွတ်လပ်သောနေရာအဖြစ် အသိအမှတ်ပြုခံထားရတဲ့ အခုကယားပြည်နယ်လို့ခေါ်တဲ့ ကရင်နီနယ်မြေကိုလည်း နောက်ပိုင်းမှာ တဖြည်းဖြည်း သိမ်းသွင်းခဲ့ပါတယ်။

ဒီလိုဖြစ်နေရခြင်းက တိုင်းပြည်ကိုတည်ဆောက်ပုံနဲ့ ဗြိတိသျှကိုလိုနီအုပ်ချုပ်သူတွေနဲ့ လွတ်လပ်ရေးဆွေးနွေးစဉ်က ရယူခဲ့တဲ့ သဘောတူညှိနှိုင်းချက်တွေကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။ ကိုလိုနီခေတ်မတိုင်ခင်က ဗမာပြည်ဟာ အင်အားတောင့်တင်းပြီး ဘေးအိမ်နီးချင်းနိုင်ငံတွေကို ရန်လိုတဲ့အပြင် ဗမာတိုင်းရင်းသားတွေ အုပ်စိုးခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ ဗမာဘုရင်တွေဟာ ထိုစဉ်က ဗမာပိုင်နက်သာမက အခု ဘေးအိမ်နီးချင်းနိုင်ငံတွေအဖြစ် တည်ရှိခဲ့တဲ့ တခြားတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ပိုင်နက်တွေကိုပါ ကျူးကျော်သိမ်းပိုက်အုပ်ချုပ်ခဲ့ပါတယ်။ ၁၇၈၅မှာ ရက္ခိုင့်ဘုရင်နိုင်ငံတော်ကို အင်အားသုံးဖျက်သိမ်းခဲ့ပြီး ဗမာပြည်ထဲသွတ်သွင်းခဲ့သလို ကိုလိုနီလက်ထက်က ဗြိတိသျှအစိုးရကရော ဗမာတွေဦးစီးတဲ့ တရားစီရင်ရေးစနစ်ကပါ လွတ်လပ်တဲ့နယ်မြေများအဖြစ် အသိအမှတ်ပြုခဲ့တဲ့ ကရင်နီပြည်နယ်(ယခုကယားပြည်နယ်)ကို တိတ်တဆိတ် အမည်ပြောင်းလဲပစ်ခဲ့ပါတယ်။

လွတ်လပ်ရေးရဖို့ ကြိုးပမ်းကြစဉ်အခါက ဗြိတိသျှအစိုးရဟာ မြန်မာနိုင်ငံကို နိုင်ငံတစ်နိုင်ငံတည်းအဖြစ် ဒါမှမဟုတ် သီးခြားနယ်မြေတွေအဖြစ် သတ်မှတ်ရမလားဆိုပြီး ဆုံးဖြတ်ဖို့ဖြစ်လာပါတယ်။ ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ရက်မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်လက်မှတ်ရေးထိုးဖို့အတွက် ဆွေးနွေးပွဲမှာပါဝင်တဲ့ လူနည်းစုတိုင်းရင်းသားခေါင်းဆောင်တွေကို ဖက်ဒရယ်စနစ်ထူထောင်ဖို့ ကတိကဝတ်ပြုခဲ့ပေမဲ့ အဲဒီစာချုပ်ကပဲ ဗမာတိုင်းရင်းသားအုပ်စုလက်ထဲကို တစ်တိုင်းပြည်လုံးချုပ်ကိုင်တဲ့အာဏာကို ဝကွက်အပ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ဒေသတစ်ခုလွတ်မြောက်ရေးအတွက် သို့မဟုတ် ဖက်ဒရယ်စနစ်နဲ့ အလားတူပုံစံ အာဏာနဲ့သယံဇာတမျှဝေတဲ့စနစ် ရရှိဖို့ လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတော့တာပါပဲ။

လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်ရေးအတွက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းက အစိုးရဟာ ဗမာဆိုတဲ့ ဝိသေသလက္ခဏာအောက်မှာ အခမ်းအနားတွေ၊ ပညာရေးစနစ်၊ လူမှုရေးအရ အကြပ်ကိုင်ခြိမ်းခြောက်မှု ဒါမှမဟုတ် အင်အားပြမှုတွေကတစ်ဆင့် တိုင်းရင်းသားလူမျိုးစုတွေအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့လို့ပါပဲ။ ဒီလိုပြုမူခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားတဲ့ လူနည်းစုတွေရဲ့ ယဉ်ကျေးမှုတွေကို လေးစားပါ့မယ်ဆိုတဲ့ အချက်တွေနဲ့ လုံးဝဆန့်ကျင်နေခဲ့တာပါ။ လူနည်းစုလူမျိုးစုတွေဟာ စီးပွားရေးအရ ခွဲခြားဆက်ဆံခံရခြင်းတွေ ကြုံတွေ့ခဲ့ရသလို လူမှုရေးနဲ့နိုင်ငံ့အရေးအရာတွေမှာလည်း ဘေးဖယ်ထုတ်ခံခဲ့ရပါတယ်။ အခြေအနေကို ပိုဆိုးစေတာကတော့ လူနည်းစုတိုင်းရင်းသားတွေနေထိုင်ရာ နယ်မြေတွေမှာ ပေါများကြွယ်ဝတဲ့ အဖိုးတန်သဘာဝ သယံဇာတတွေ၊ စီးပွားရေးအလားအလာတွေနဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ မဟာဗျူဟာမြောက် နယ်နိမိတ်ချင်းထိစပ်မှု စတဲ့ အခြေအနေတွေရဲ့ အကျိုးကျေးဇူးတွေကို ခံစားခွင့်မရကြပါဘူး။ လူမျိုးအုပ်စု တော်တော်များများကတော့ သူတို့ဒေသကို ဗမာက ဗဟိုချုပ်ကိုင်မှုနဲ့အုပ်ချုပ်တာထက် သူတို့ကိုယ်တိုင် ပိုပြီးထိထိရောက်ရောက် အုပ်ချုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

ဒါကြောင့် လူနည်းစုလူမျိုးစုတော်တော်များများက ဗဟိုအစိုးရဗမာအာဏာပိုင်တွေကို ဆန့်ကျင်တော်လှန်ကြသလို လွတ်လပ်ရေးအတွက်လည်း တောင်းဆိုနေကြဆဲပါ။ အာဏာလက်ကိုင်အုပ်ချုပ်ခဲ့တဲ့ တပ်မတော်ဟာ ဖက်ဒရယ်စနစ်တောင်းဆိုမှုတွေကို ခွဲထွက်ဖို့အတွက်ပထမခြေလှမ်းအဖြစ် နာမည်တပ်ပြီး တိုင်းရင်းသား လူနည်းစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကြီးကြီးမားမား ပေးအပ်ခဲ့ခြင်းမရှိတာကြောင့် မျိုးဆက်နှစ်ဆက်တိုင် တော်လှန်ရေးက ရှည်ကြာလာခဲ့ပါတယ်။

၂၀၁၆က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ခုတွင် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များကို အစိုးရအဖွဲ့ဝင်များ၊ စစ်ခေါင်းဆောင်များနှင့် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

တစ်လုံးတစ်ဝတည်း စိတ်ဓာတ်ပျောက်ရှမှု

ခွဲထွက်ရေးတစ္ဆေခြောက်လှန့်ခံရတဲ့ တပ်မတော်ဟာ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိကထားအာရုံစိုက်ခဲ့သလို ဘယ်လိုခွဲထွက်မှုမျိုးကိုမဆို အဖြစ်မခံဘဲ ပိတ်ပင်တားဆီးခဲ့ပါတယ်။ ခွဲထွက်ရေးအိပ်မက်ဆိုးဟာ တပ်မတော်ရဲ့ စစ်ဘက်မူဝါဒတွေအပေါ် သက်ရောက်မှုရှိခဲ့ရုံမက တပ်ထိပ်ပိုင်းခေါင်းဆောင်ဖြစ်လာမယ့်သူတွေကို ရွေးချယ်မှုနဲ့ တိုင်းပြည်ရဲ့ ပညာရေးမူဝါဒတွေအပေါ်လည်း ရိုက်ခတ်မှုရှိခဲ့ပါတယ်။

တိတိပပဖွင့်ဆိုထားခြင်းမရှိတဲ့ ‘ဖက်ဒရယ်ဝါဒ’ဆိုတဲ့ စကားလုံးကို  တပ်မတော်ဟာ ၂၀၁၂ လောက်ကစပြီး အနိမ့်ဆုံးအဆင့်အနေနဲ့ သဘောတ​ရားရေးရာအ​​ရ စတင်လက်ခံလာပါတယ်။ ဒါပေမဲ့ အနာဂတ် ဖက်ဒရယ်စနစ် တစ်ရပ်အတွက် သတ်မှတ်ပြဋ္ဌာန်းချက်တွေကို ဆွေးနွေးတဲ့အခါမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးအကြား အယူအဆမျိုးစုံ ငြင်းခုန်ဆွေးနွေးခဲ့ရပါတယ်။ တိုင်းရင်းသားတွေအကြားက မတူညီတဲ့ ဖက်ဒရယ်ရေးရာအငြင်းပွားမှုတွေကို ဆွေးနွေးညှိနှိုင်းရာမှာ ယခင်တပ်မတော်အစိုးရသာမက ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကလည်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။

၂၀၁၈က ကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ တပ်မတော်ဟာ သာမန်ထက်ပိုမိုရယူထားတဲ့ အာဏာတွေနဲ့ ပတ်သက်ပြီး နိုင်ငံ့သမိုင်းကြောင်းအရ အခုလိုရယူရတာဖြစ်ကြောင်း အမြဲကာကွယ်ပြောဆိုပါတယ်။ “တချို့ဒေသမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ၅၂သန်းကို ကိုယ်စားမပြုပါဘူး။ အလားတူပဲ နိုင်ငံရေး ပါတီတွေဆိုတာကလည်း သက်ဆိုင်ရာပါတီကို ထောက်ခံသူတွေကိုပဲ ကိုယ်စားပြုတာပါ။ ကျနော်တို့ရဲ့ တပ်မတော်ဟာ တိုင်းရင်းသားပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကိုယ်စားပြုရတဲ့အဖွဲ့အစည်းဖြစ်တယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။

သူအဲဒီလိုပြောခဲ့တာ အရင်ကရောမှားသလို အခုအခြေအနေအရဆိုလည်း မှားယွင်းနေဆဲပါပဲ။ ယခင်အတိတ်ကနဲ့ မကြာသေးခင်က အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ တပ်မတော်ထိပ်တန်းခေါင်းဆောင်များဟာ ဗုဒ္ဓဘာသာဝင်​ ဗမာလူမျိုးတွေချည်းပါပဲ။ ဖက်ဒရယ်စနစ်ကို အားပေးအားမြှောက်ပြုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကြောင့် တိုင်းရင်းသားတွေရဲ့ ကောင်းကျိုး၊ အရေးပါမှုနဲ့ ပတ်သက်ပြီး ပိုပြီးမျှော်လင့်ကောင်း မျှော်လင့်ထားကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီအစိုးရဟာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်၊ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စာနာစိတ်ကင်းမဲ့ခဲ့ပါတယ်။

တပ်မတော်က တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်းနဲ့ နိုင်ငံတော်သစ္စာဖောက်သူအဖြစ် တပ်မတော်က သတ်မှတ်ထားတဲ့ စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ) ဟာ တိုင်းရင်းသားလူမျိုးစုတွေအတွက် ကမ်းလှမ်းချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအများစုအတွက်ကတော့ ဒီကမ်းလှမ်းမှုတွေဟာ ပြောပလောက်စရာမဟုတ်သလို အရမ်းလည်းအခါလင့်နေပါပြီ။

“နိုင်ငံဖြစ်ခြင်း”မှာ အပြုသဘောနဲ့ အနှုတ်သဘောဆောင်တဲ့ အယူအဆတွေပါဝင်နိုင်ပါတယ်။ လူတွေကျင်းပဖန်တီးတဲ့ပြိုင်ပွဲ၊ ပြပွဲတွေမှာ နိုင်ငံ့ဂုဏ်ဆောင်တာ (ဥပမာ အားကစား၊ အိုလံပစ်နဲ့ အလှမယ်ပြိုင်ပွဲ စသဖြင့်)မျိုးရှိသလို တစ်ဘက်မှာလည်း “တခြားအုပ်စု”တွေကို မလိုမုန်းထားခြင်း (ဥပမာ ရိုဟင်ဂျာလူမျိုးများ)၊ ဒါမှမဟုတ် မြန်ဆန်လွန်းတဲ့ လူမှုရေးအပြောင်းအလဲဟာ အန္တရာယ်ရှိပြီး တခြားသူတွေ (ဥပမာ လူမျိုးနွယ်စုအချို့နှင့် ဘာသာရေးအရအုပ်စုအချို့) ကို အားကောင်းမောင်းသန် တန်ပြန်နိုင်ဖို့ ညီညွတ်မှုလိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးပဲဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ အချက်တစ်ချက်အဖြစ် ရေရှည်ယုံကြည်မှုနဲ့ အဲဒီကတစ်ဆင့် ပေါက်ဖွားလာမယ့် မျှော်လင့်ချက်တစ်စုံတစ်ရာတည်ရှိဖို့ လိုအပ်နေပါတယ်။ ဒီလိုယုံကြည်မှုမျိုးကို တပ်မတော်နဲ့ လူနည်းစုဝင်တွေအကြားမှာသာမက၊ အင်န်အယ်လ်ဒီနဲ့ လူနည်းစုတွေကြားမှာလည်းပဲ​ မြင်တွေ့ရခြင်းမရှိပါဘူး။ ဒါ့ပြင် နယ်နိမိတ်ချင်း ထိစပ်နေတဲ့တိုင်းရင်းသားတွေ အပါအဝင် (ချွင်းချက်အနည်းငယ်ကလွဲလို့) လူနည်းစုအုပ်စုဝင်တွေအချင်းချင်းကြားမှာလည်း ဒီလိုယုံကြည်မှုမျိုး မတွေ့ရှိရပါဘူး။

ပထမအုပ်စုကတော့ အခုမြန်မာပြည်ရယ်လို့ဖြစ်လာမယ့်နေရာမှာ နေထိုင်ခဲ့ကြတဲ့ ကချင်၊ ကရင် ဒါမှမဟုတ် တခြားတိုင်းရင်းသားအုပ်စုဝင်တွေပါပဲ။ ပြီးတော့ လူများစုဗမာတွေဟာ လူနည်းစုတိုင်းရင်းသားတွေကို အာဏာရှိတဲ့ရာထူးအဝန်းအဝိုင်းကနေ လုံးဝဘေးဖယ်ထုတ်ခဲ့ပါတယ်။ ရာထူးအာဏာ ပေးခဲ့ရင်တောင် စည်းတွေ၊ ဘောင်တွေခတ်ထားပြီး မည်ကာမတ္တရာထူးမျိုးနဲ့ ပွဲလမ်းသဘင်၊ အခမ်းအနားတက်ရာထူးထက် မပိုပါဘူး။ (လွတ်လပ်ရေးရပြီးကာစ အရပ်သားအစိုးရလက်ထက်မှာ အာဏာမရှိတဲ့သမ္မတရာထူးနဲ့ ၂၀၁၁ကစပြီး ဒုတိယ သမ္မတရာထူးတွေက ဥပမာတွေပါ)။ ဒါပေမဲ့ ထင်ရှားတဲ့ တိုင်းရင်းသားလူမျိုးစု အားလုံးနီးပါးဟာ နိုင်ငံတကာက နယ်စပ်တွေမှာ လှည့်လည်သွားလာ နေထိုင်ကြတာကြောင့် မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိရမယ်ဆိုတာမျိုးတွေ သိပ်မရှိကြတော့ပါဘူး။ ထိုင်းနိုင်ငံနဲ့ ယူနန်ပြည်နယ်အတွင်းက ရှမ်းတွေ၊ အိန္ဒိယနိုင်ငံအတွင်းက နာဂတွေ၊ နောက် ယူနန်ပြည်နယ်အတွင်းက ဝနဲ့ ကချင် (ဂျိန်းဖော)တွေ၊ ထိုင်းနယ်စပ်က မွန်နဲ့ကရင်တွေ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာတွေနဲ့ တခြား ဥပမာပေးလို့ရတဲ့ အလားတူ လူမျိုးနွယ်စုတွေ အများကြီး ရှိနေပါသေးတယ်။

ကိုယ့်ကိုယ်ကို နိုင်ငံတစ်ခုလို့ သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းမှာ နေထိုင်တဲ့လူတွေအားလုံးကို လွှမ်းခြုံပြီး တစ်သားတည်းဖြစ်စေတဲ့ စိတ်ခံစားမှုတုံ့ပြန်ချက်ဆိုတာမျိုး တကယ်တော့မရှိပါဘူး။ ခြွင်းချက်အနေနဲ့ စစ်ဖြစ်နေတဲ့အချိန်လို နိုင်ငံတကာအကျပ်အတည်းတစ်ခုမျိုး ကြုံတွေ့ရတဲ့အချိန်ကလွဲရင် အထက်မှာတင်ပြခဲ့တဲ့ အခြေအနေမျိုးမရှိနိုင်ပါဘူး။ ပြည်ပကနေ ဝင်ရောက်ကျူးကျော်စစ်ပွဲဆင်နွှဲမှုဟာ ခေတ်ဟောင်းတုန်းက နည်းလမ်းဟောင်းဖြစ်တဲ့ နယ်ချဲ့ဝါဒပါပဲ။ ဒါပေမဲ့ ပြင်ပကနေတင်သွင်းတယ်လို့ ယူဆရဖွယ်ရှိတဲ့ စီးပွားရေးအရ ထိန်းချုပ်မှုနဲ့ လူမှုဆိုင်ရာအပြောင်းအလဲတွေဟာ ဒီလိုနိုင့်ထက်စီးနင်းပြုကျင့်မှုရဲ့ ခေတ်ပြိုင်ဥပမာတွေပါပဲ။

စစ်အစိုးရနဲ့ အရပ်သားအစိုးရအပါအဝင် အစိုးရအဆက်ဆက်ဟာ “ငါတို့”  [အားလုံးသည် မြန်မာဖြစ်သည်] ဆိုတဲ့ ခံယူချက် ပြည်သူတွေအကြားပေါက်ဖွားလာဖို့ အတင်းအဓမ္မကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဖေဖော်ဝါရီ ၁၂ရက်မှာကျရောက်တဲ့ ပြည်ထောင်စုနေ့ဆိုတာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အခါ အတူပါဝင်ဖို့ ပင်လုံညီလာခံမှာ လူနည်းစုတိုင်းရင်းသားခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြတဲ့နေ့ကို အထိမ်းအမှတ်ပြု ကျင်းပကြတာပါ။ ဒါပေမဲ့ 

အဲဒီသမိုင်းတွေ မြန်မာမှုပြုခံရပြီး ဗမာဆန်အောင် ပုံသွင်းခံခဲ့ရပါတယ်။ ဥပမာအားဖြင့် နေရာဒေသ အခေါ်အဝေါ်တွေကို သူ့နဂိုမူလ တိုင်းရင်းသားအမည်နာမတွေအစား မြန်မာမှုပြုလိုက်တာမျိုးပါပဲ။ မြန်မာနိုင်ငံ အလယ်ပိုင်းကနေ အစွန်အဖျားဒေသတွေအထိ ကျင့်သုံးခဲ့တဲ့ ယဉ်ကျေးမှုအရ လွှမ်းမိုးမှုတွေဟာ တကယ်တော့ အသုံးမဝင်သလို ဖြစ်ဖြစ်မြောက်မြောက်လည်း မရှိခဲ့ပါဘူး။

ဖြစ်နိုင်ခြေမရှိပေမဲ့ အလွန်တရာထူးခြားတဲ့ နိုင်ငံရေးနဲ့အာဏာအရွေ့တွေ မြန်မာပြည်မှာသာ ပေါ်ပေါက်လာခဲ့ပြီး ပွင့်လင်းပြီးထိရောက်တဲ့ အုပ်ချုပ်မှုနဲ့အတူ ပြည်သူ့ထောက်ခံမှု၊ ပြည်ပအထောက်အပံ့တွေသာ ရရှိခဲ့မယ်ဆိုရင် နိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ် ကျဆင်းသွားမယ့်အခြေအနေကို ရှောင်လွဲနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုဟာ အင်မတန်လျင်မြန်တဲ့အပြင် ကောင်းကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ လူကြိုက်များဝါဒကျင့်သုံးတဲ့ အစိုးရတွေဟာ အကျင့်ပျက်ခြစားမှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာညံ့ဖျင်းမှုတွေကို လက်ခံနိုင်ဖွယ်ရာမရှိဘဲ မူဝါဒအကောင်အထည်ဖော်တဲ့အပိုင်းမှာ ပိုပြီးအားကောင်းလာနိုင်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက ကျန်တဲ့သူတွေအတွက် စံနမူနာဖြစ်နေဖို့က အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေကို တန်းတူဆက်ဆံဖို့အတွက်ဆိုရင်တော့ အာဏာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းတွေ၊ ပညာရေးစနစ်နဲ့ မျိုးဆက်နဲ့ချီပြီး ဗမာလူမျိုးတွေကြားထဲမှာ အမြစ်တွယ်နေတဲ့ အစွဲအာဃာတတွေကို ဖျောက်ဖျက်ခြင်းစတဲ့ အပြုသဘောဆောင်တဲ့အပြောင်းအလဲတွေ လုပ်ဖို့လိုပါတယ်။

ဒီလို အပြောင်းအလဲဖြစ်လာဖို့ဆိုရင် သက်ဆိုင်သူအားလုံးက ဆယ်စုနှစ်ပေါင်းများစွာ စုပေါင်းအားထုတ်ဖို့ လိုပါတယ်။ အပြောင်းအလဲတကယ်ဖြစ်လာမယ်ဆိုရင်တောင် နှေးကွေးပြီး ချောချောမွေ့မွေ့ ဖြစ်နိုင်ဖို့ ခက်ခဲတဲ့အပြင် လူအများအပြားကို စိတ်ပျက်အားလျော့စေနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ကံဆိုးမိုးမောင်ကျမှုဟာ ဆက်လက်တည်ရှိနေနိုင်ပြီး ကျရှုံးနိုင်ငံအဖြစ်သာမက ကျရှုံးလူမျိုးစုနိုင်ငံအဖြစ်ပါ ဆက်ရှိနေမှာပါ။ မြန်မာပြည်သူပြည်သားတွေကတော့ ဆိုးကျိုးဒဏ်တွေကို ဆက်လက်ခံစားရဖွယ်ရှိနေပါတယ်။ အဲဒီလို မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။

David I Steinberg သည် ဝါရှင်တန်ဒီစီရှိ ဂျော့ဂျ်တောင်းတက္ကသိုလ်မှ  အာရှရေးရာတွင် ထင်ရှားသော ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar