မြယာကုန်းဖြစ်ရပ်ကြောင့် ဖမ်းဆီးခံထားရသူများ၏ အာမခံ ပယ်ချခံရ

ရန်ကုန်၊ ဇွန် ၂

မြယာကုန်းမတည်ငြိမ်မှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယဖြင့် ထိမ်းသိမ်းခံထားရသူများ၏ အာမခံလျှောက် ထားမှုကို မင်္ဂလာတောင်ညွှန့်တရားရုံးက ပယ်ချလိုက်သောကြောင့် ၎င်းတို့အား အင်းစိန်ထောင်အတွင်း ဆက် လက်ထိန်းသိမ်းထားမည်ဖြစ်သည်။

ပြီးခဲ့သည့် မေ ၉ ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြယာကုန်းရပ်ကွက်တွင် မူဆလင်များ နေထိုင်သည့်တိုက်ခန်းကို ဝင်ရောက်ရှာဖွေရာမှ စတင်ခဲ့သည့် အဆိုပါ မတည်မငြိမ်မှုနှင့်ပတ်သက်ပြီး တရားရုံးက လူငါးဦးနှင့် ရဟန်းဝတ်နှစ်ဦးကို ဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ရဲက အလိုရှိနေသူများအနက်မှ ရဟန်းဝတ်နှစ်ဦးမှအပ ကျန်လူငါးဦးဖြစ်သော တင်လင်းထိုက်၊ တင်ဌေးအောင်၊ မြတ်ဖုန်းမော်၊ ကိုလတ်နှင့် မအောင်အောင်မြင့်တို့ကို ရဲကထိန်းသိမ်းထားပြီး ပုဒ်မ ၅၀၅(ဂ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၂ ရက်နေ့နောက်ပိုင်း ထပ်မံရုံးထုတ်ခဲ့သည့် ဇွန် ၂ ရက်နေ့၊ နံနက်ခင်းတွင် သံသယမှုဖြင့် ထိန်းသိမ်းခံထားရသူများ ရောက်မလာမီ နံနက် ၈ နာရီခန့်ကတည်းက ၎င်းတို့ကို ထောက်ခံသူများက မင်္ဂလာတောင်ညွှန့်တရားရုံးရှေ့တွင် လာရောက်စုဝေးခဲ့ကြသည်။

ရုံးထုတ်မတိုင်မီ တစ်ရက်ဖြစ်သော ဇွန် ၁ ရက်နေ့၊ မွန်းလွဲပိုင်းက မျိုးချစ်အမည်ခံထားသည့်အခြားတက်ကြွ လှုပ်ရှားသူများဖြစ်သော ကိုဝင်းကိုကိုလတ်အပါအဝင်လေးဦးကို ကမာရွတ်တရားရုံးတွင် ရုံးထုတ်ရာ၌လည်း ၎င်းတို့ကို ထောက်ခံသူများက လာရောက်စုဝေးဆန္ဒပြခဲ့ကြသေးသည်။

နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကိုင် လုံခြုံရေးအစောင့်ရှောက်များပါဝင်သည့် အချုပ်ကားသည် မင်္ဂလာတောင်ညွှန့်တရားရုံးသို့ ရောက်လာခဲ့ပြီး ထိန်းသိမ်းခံထားရသူများကို တရားရုံးအချုပ်ခန်းအတွင်း ခေတ္တ ချုပ်နှောင်ထားခဲ့သည်။

အချုပ်ခန်းအတွင်း နာရီဝက်ခန့်ကြာမြင့်သည့် ချုပ်နှောင်ထားစဉ်အတွင်း ၎င်းတို့ကိုထောက်ခံသူများက အလှည့်ကျ သွားရောက်တွေ့ဆုံခဲ့ကြပြီး အားပေးထောက်ခံကြောင်း ပြသခဲ့ကြသည်။

နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တရားခွင်၌ စစ်ဆေးမှုကို စတင်ခဲ့သော်လည်း သက်ဆိုင်ရာက တရားရုံး၏ အကျယ်အဝန်းကို အကြောင်းပြပြီး လူဦးရေအကန့်အသတ်ဖြင့်သာ တရားခွင်ကို တက်ရောက်ခွင့်ပြုခဲ့သည်။

တရားရင်ဆိုင်မှုအတွင်း တင်လင်းထိုက်၊ တင်ဌေးအောင်နှင့် မြတ်ဖုန်းမော်တို့သုံးဦးက အာမခံ လျှောက်ထားခဲ့သော်လည်း ရုံးတော်က ပယ်ချခဲ့သည်။

“သူတို့ ကိုယ်တိုင် ခရိုင်ရဲကိုသတင်းပေးပြီး သွားရောက်အဖမ်းခံတာဆိုတော့ ထွက်ပြေးတိမ်းရှောင်ဖို့လည်း မဟုတ်ဘူး။ ရဲရဲရင်ဆိုင်တယ်။ သို့သော်လည်း တရားရုံးက ရုန်းရင်းဆန်ခတ်မှုဖြစ်တဲ့အတွက် အာမခံ မပေးသေးဘူးဆိုပြီး အမိန့်ချတယ်”ဟု ၎င်းတို့၏ ရှေ့နေဦးအေးပိုင်ကပြောသည်။

အာမခံပယ်ချခံရပြိးနောက် ၎င်းငါးဦးက တရားခွင်မှပြန်အထွက်တွင် အစိုးရက တရားဥပဒေစိုးမိုးရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟု အော်ဟစ်ဝေဖန်ခဲ့ကြသည်။

၎င်းတို့အား လာမည့် ဇွန် ၁၆ ရက်နေ့တွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

မြယာကုန်းမတည်ငြိမ်မှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို အာမခံပယ်ချပြီး ဆက်လက်ထိန်းသိမ်းထားသော ကြောင့် အမျိုးသားရေးအမည်ခံဖြင့် မူဆလင်များကို ပစ်မှတ်ထား လှုပ်ရှားနေသူ ကိုးဦးအထိ အစိုးရက ထိန်းသိမ်းထားခြင်းဖြစ်သည်။

အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်ခုကို မကျေနပ်သဖြင့် ၂၀၁၆ ခုနှစ်အတွင်းက ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သည့်အတွက် ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနှင့် ကိုနေဝင်းအောင်တို့လေးဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ နောက်တိုးပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားကာ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားဆဲဖြစ်သည်။

ယင်းအမှုနှစ်ခုလုံးတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခံထားရသည့် ဦးသုစိတ္တနှင့် ဦးပညာဝံသတို့ နှစ်ဦးကိုမူ တရားခွင်များတွင် ယနေ့အချိန်အထိ မြင်တွေ့ရခြင်းမရှိသေးပေ။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar