ပေါ်ပြူလစ်ဝါဒီများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခြိမ်းခြောက်မှု

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အကြီးမားဆုံးစိန်ခေါ်မှုမှာ လူများစု ဗမာလူမျိုးများ၏ စိတ်သဘောထားများ ပြောင်းလဲရေးပင် ဖြစ်သည်။

ASHLEY SOUTH ရေးသားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ ၂ဝ၁၆ ခုနှစ်တွင် အာဏာရလာချိန်၌ နိုင်ငံရေးနှင့် လူမှုရေး တိုးတက်မှု အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ချက်များ မြင့်မားလာခဲ့သည်။ သို့သော်လည်း စိတ်ပျက်ဖွယ်ကောင်းသည်မှာ ယခုအချိန်အထိ တိုးတက်မှု ရှိမလာသေးပေ။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ဖြစ်ပြီး နိုင်ငံရေးအထက်တန်းလွှာများ၏ သဘောထားက အဓိက အတားအဆီးဖြစ်နေသည်။

ယခုအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကသာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက်က ညှိနှိုင်းခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးထားပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ထိုစဉ် ပြည်ထောင်စုငြိမ်းရေးစာချုပ်ဆီသို့ သွားသည့် လမ်းကြောင်းတစ်ခုအဖြစ် NCA က မျှော်မှန်းထားပြီး  အလွန်အမင်း အမွှန်းတင်ထားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ အကြီးအကျယ် စိတ်ပျက်စရာကောင်းနေသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား အသိုင်းအဝိုင်းများနှင့် မြန်မာအစိုးရတို့အကြား တစ်နိုင်ငံလုံး အတိုင်းအတာမဟုတ်သည့် ဆွေးနွေးတိုင်ပင်မှုများကို တပ်မတော်က ကန့်သတ်လျက်ရှိသည့်အပြင် တိုင်းရင်းသားများ စိုးရိမ်နေသည့် အဓိကပြဿနာများကို ဆွေးနွေးရန်လည်း တပ်မတော်က ငြင်းဆန်လျက်ရှိသည်။

ယခုကဲ့သို့အခြေအနေတွင် တိုင်းရင်းသားများဘက်မှ လွန်စွာစိတ်ပျက်နေသည်ကို နားလည်နိုင်ပေသည်။ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်မှုအား ယာယီ ရပ်ဆိုင်းရန် မကြာသေးမီက ဆုံးဖြတ်ခဲ့သည်။

ရေတိုကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အရှိန်အဟုန်နှင့် ရိုးသားမှု ဖြည့်သွင်းရန် အဆောတလျင် လိုအပ်နေသည်။ အပြန်အလှန်အနေဖြင့် KNU နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွင် ဆက်လက်ပါဝင်စေရန် ညိနှိုင်းမှုကို အရှိန်မြင့်စေနိုင်သည့် ဦးစားပေးကိစ္စအနည်းငယ်ကို သတ်မှတ်ဖော်ထုတ်ခြင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် အသုံးဝင်နိုင်ပါသည်။

ထိုပြဿနာများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကျယ်ပြန့်သည့် စာသင်ကျောင်းစနစ်များကို အသိအမှတ်ပြုခြင်း၊ ငွေကြေးထောက်ပံ့ခြင်းနှင့် အစိုးရကျောင်းများတွင် မိခင်ဘာသာသင်ကြားခြင်း၊ သယံဇာတများအား သာတူညီမျှ စီမံမှုတို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပေးအပ်သည့် မြေယာ စာရွက်စာတမ်းများကို အသိအမှတ်ပြုခြင်း၊ တရားမျှတမှုမရှိသည့် မြေယာဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ သို့မဟုတ် ရပ်ဆိုင်းခြင်းနှင့် မြေယာများ မတရားသဖြင့်သိမ်းယူခံရသည့် ပြည်သူများအတွက် မြေယာများပြန်ပေးခြင်း၊ လျော်ကြေးပေးအပ်ခြင်းတို့ကဲ့သို့ မြေယာပြဿနာများ ပါဝင်နိုင်သည်။

အဆိုပါ တောင်းဆိုမှုများထဲက မည်သည့်အရာကမျှ ဖယ်ဒရယ်ဝါဒနှင့် ၂ဝဝ၈ အခြေခံဥပဒေပြောင်းလဲရေးတို့အတွက် ဆက်လက် တိုက်ပွဲဝင်သူများအား ဟန့်တားမည် မဟုတ်ပေ။

များပြားလွန်းသည့် တောင်းဆိုမှု

အထက်တွင် ဖော်ပြခဲ့သည့် ပြဿနာများနှင့် ပတ်သက်၍ ကြားကာလ သဘောတူမှုများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ယခင်ကနှင့်စာလျှင် ယုံကြည်မှုကို တည်ဆောက်နိုင်သည့် လွယ်ကူလျင်မြန်သည့် နည်းလမ်းပါဝင်သည်။

သို့သော်လည်း အခြေခံကျသည့် ပြဿနာမှာ တိကျသည့် ပြဿနာများမဟုတ်ဘဲ အစိုးရအဖွဲ့ထဲမှ ခေါင်းဆောင်များနှင့် အထူးသဖြင့် စစ်တပ်ခေါင်းဆောင်များက တိုင်းရင်းသားအရပ်သားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ နစ်နာချက်၊ ပြင်းပြသည့် ရည်မှန်းချက်များကို အပြုသဘောဖြင့် အသိအမှတ်ပြုရန် ယေဘုယျအားဖြင့် ဆန္ဒမရှိကြခြင်းဖြစ်သည်။

ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ် မတိုင်မီအချိန်ကတည်းက အဓိကအားဖြင့် ဗမာအများစုပါဝင်သည့် မြို့ပြနိုင်ငံရေး အထက်တန်းလွှာများက လူနည်းစုတိုင်းရင်းသားများကို ဒုတိယတန်းစား နိုင်ငံသားများအဖြစ်သာ ရှုမြင်ခဲ့ကြပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို တည်ထောင်ရာတွင် လူအများစု၏ ဦးဆောင်မှုကို လက်ခံလိမ့်မည်ဟု ယူဆခဲ့ကြသည်။

ယင်းကဲ့သို့ စီးပိုး၍ လူမျိုးကြီးဝါဒဆန်သော သဘောထားများတွင် တပ်မတော်နှင့် ၎င်းမူဝါဒများက အထင်ရှားဆုံး နမူနာဖြစ်သည်။ ယင်းဝါဒများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မူကြီးခြောက်ခုက လမ်းညွှန်သင့်သည်ဆိုသည်လည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အမှတ်လက္ခဏာနှင့် နိုင်ငံရေးသမားတို့နှင့် ပတ်သက်သည့် သဘောထားအယူအဆမှာ ကိုလိုနီခေတ်က လူမျိုးစုဆိုင်ရာ အယူအဆများအပေါ်တွင် အခြေခံသည်။ ယင်းအယူအဆများမှာ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်မှုအောက်တွင် နိုင်ငံသားဖြစ်မှု၊ ဖြစ်နိုင်ခြေများကို ဘောင်ခတ်ရန် ဖြစ်လာခဲ့သည်။

တိုင်းရင်းသားလူမျိုးစု အမှတ်လက္ခဏာ၏ အခြေခံအကြောင်းတရားများအပေါ် ဆိုးကျိုးသက်ရောက်မှုအဖြစ် မကြာသေးမီက ရိုဟင်ဂျာတို့၏ ဆိုးဝါးသည့် အဖြစ်အပျက်က ပြသခဲ့သည်။

ရိုဟင်ဂျာတို့အပါ် မလိုမုန်းထားမှုနှင့် လူမျိုးစုရှင်းလင်းရေးတို့ မြင့်မားလာမှုမှာ သာမာန်လူထုအကျိုးကို လိုလားသည်ဆိုသည့် အမျိုးသားရေးဝါဒီ နိုင်ငံရေးရေချိန်မြင့်မားလာမှုနှင့်အတူ ဖြစ်ပေါ်လာခဲ့သည်။

ဗုဒ္ဓဘာသာအခြေခံဝါဒီ ဘုန်းတော်ကြီးများနှင့် အခြားသူများက မြန်မာနိုင်ငံသည် မည်သို့ဖြစ်သည်ဆိုသည့် အလျှော့မပေးသည့် အယူအဆများဖြင့် လူ့အသိုင်းအဝိုင်းများကို စည်းရုံးသိမ်းသွင်းလျက်ရှိကာ ၎င်းတို့၏ ကျဉ်းမြောင်းသည့် သတ်မှတ်ချက်များနှင့် မကိုက်ညီသူများကိုသာ ချွင်းချန်ကာ ရံဖန်ရံခါ အဓမ္မ စည်းရုံးနေသည်။

ပေါ်ပြူလစ်ဝါဒီတို့၏ သွေးဆောင်သည့် ပြောကြားချက်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ကာ စည်းရုံးမှုပြုရန် ရှိနေသေးသည်။ သို့သော်လည်း ယင်းမှာ မကြာမီ ဖြစ်လာဖွယ်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တောင်းဆိုမှုမှာ များပြားလွန်းနေသည်ဟု ဗမာအသိုင်းအဝိုင်းမှ လူအချို့က ယူဆမှု ရှိနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားအများစု၏ ပြင်းထန်သည့်တုံ့ပြန်မှုကို သတိဖြင့် တားဆီးကာကွယ်ရန်မှာ ပါဝင်ပတ်သက်သည့် ဗမာများက ပိုင်ရှင်စိတ်ဓါတ်ရှိမနေရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသည့် မည်သည့်နိုင်ငံရေး ဖြေရှင်းချက်တွင်မဆို ပူးပေါင်းပါဝင်ရေးတို့မှာ အရေးကြီးမည်ဖြစ်သည်။

တနည်းအားဖြင့် အန္တရာယ်မှာ ဖြေရှင်းချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ပုဂ္ဂလိက သဘောတူချက်တစ်ခုကဲ့သို့ ရှုမြင်ကြမည့်အရေးကိုဖြစ်သည်။ ယင်းသို့ရှုမြင်ပါက ထိုအချက်ကို ပေါ်ပြူလစ် နိုင်ငံရေးသမားများက အမြတ်ထုတ်သွားနိုင်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောက်တွင် ငုပ်လျှိုးနေသည့် အဖြစ်မှန်တို့ကို ပြည်သူလူထုက ပို၍ကျယ်ပြန့်စွာ သိရှိရန်လိုသည်။ ထို့အပြင် ပဋိပက္ခဒဏ်ခံဧရိယာနှင့် အပစ်ရပ်ဒေသတို့တွင် နေထိုင်လျက်ရှိသည့် ပြည်သူများ တွေ့ကြုံနေရသည့် အန္တရယ်ရှိပြီး မရေရာသော အခြေအနေတို့ကို သိရန်လည်း လိုအပ်သည်။

ပေါ်ပြူလစ်ဝါဒ၏ ခြောက်လှန့်မှု

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သတင်းတုအပါအဝင် သတင်းမှားများကြောင့် ဖြစ်ပေါ်သည့် အန္တရာယ်မှာ ၂ဝ၂ဝ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲမတိုင်မီ အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားများက NLD ကို ပန်း၍တိုက်ခိုက်ရန် ကြိုးပမ်းနေစဉ် ပို၍မြင့်မားလာဖွယ်ရှိနေသည်။

ရိုဟင်ဂျာတို့၏ ဒုက္ခကို အသိအမှတ်ပြုရန် လက်ရှိအစိုးရ၏ ငြင်းပယ်မှုကြောင့် ရိုးဖြောင့်မှုမရှိသည့် ပေါ်ပြူလစ်ဝါဒီတို့က အားယူရန် ကြိုးစားလာနိုင်သည်။ သာဓကအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ  ဗမာအဓိက ယုံကြည်ချက်ကို စွန့်လွှတ်ခိုင်းခြင်းဟု ယူဆလာနိုင်ပြီး ဖယ်ဒရယ်ဝါဒအဓိပ္ပါယ်ဖွင့်မှုအပေါ် တမင်ရည်ရွယ်ပုံဖျက်မှုနှင့်အတူ ပြည်ထောင်စု စည်းလုံးရေးကိုလည်း ထိခိုက်စေနိုင်သည်။

ယင်းကဲ့သို့ အန္တရာယ်ရှိနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ခွဲမထွက်ရေးကို တာဝန်ယူရမည်ဆိုသည့် မကြာသေးခင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်းဆိုမှုမှာ လွန်စွာ စိုးရိမ်ဖွယ်ဖြစ်သည်။ ခွဲမထွက်ရဆိုသည့် အပိုဒ်မှာ NCA တွင် ပါဝင်ခြင်းမရှိပေ။ ဗမာတို့၏ အခွင့်ထူးများ လျှော့ချမှုများရှိနေသည်ဆိုသည့်နှင့့်် ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ်အောင် လှုံ့ဆော်မှုများအပြင် တရားမဝင် မူးယစ်ဆေးဝါးများပြဿနာအပေါ် စည်းရုံးစုစည်းနိုင်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစေးကပ်သည့် လူသိများသော အဖွဲ့အစည်းများကိုလည်း အသုံးချအမြတ်ထုတ်နိုင်သည်။

မြို့ပြဧရိယာရှိ လူ့အများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မူးယစ်ဆေးဝါးပျံ့နှံ့မှု၊ ရောင်းဝယ်မှု၊ သုံးစွဲမှုတို့အတွက် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် အပြစ်ပုံခြင်းနှင့် တွဲဖက်မြင်လေ့ရှိသည်။ လက်နက်ကိုင်အဖွဲ့တော်တော်များများက မူးယစ်ဆန့်ကျင်ရေး ပေါ်လစီကို အသံကျယ်ကျယ်ဖြင့် အော်နေသော်လည်း တပ်မတော်မဟာမိတ် ပြည်သူ့စစ်များကမူ ဆန့်ကျင်ဘက်သဘောတွင် ရှိနေသည်။

မရိုးသားသည့် နိုင်ငံရေးသမားများက မြန်မာနိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား အလွဲသုံးစားပြုမှုများနှင့် ပတ်သက်၍ ကျယ်ပြန့်စွာပျံ့နှံ့လျက်ရှိသော စိုးရိမ်မှုများအပေါ် မူးယစ်ဆေးဝါးစစ်ပွဲတစ်ပွဲကို တိုက်ခိုက်ရန် ပိုင်းဖြတ်ထားသည့် အာဏာရှင်ခေါင်းဆောင်ကြီးများကဲ့သို့ တင်ပြရင်း အသားယူနိုင်သည်။

မူးယစ်ဆေးဝါးကြောင့်ဖြစ်သော အန္တရာယ်နှင့် ပြဿနာကို အစိုးရနှင့် ၎င်း၏ နိုင်ငံတကာမိတ်ဖက်များက ဂရုမစိုက်ခြင်းတို့သည် ပြည်တွင်းက စိုးရိမ်စရာများနှင့် နိုင်ငံတော်အပါအဝင် အကူအညီပေးရေးအေဂျင်စီအများစု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကြား ကြီးမားသည့် ကွာဟချက်ရှိနေကြောင်း ပြသနေသည့် လက္ခဏာဖြစ်သည်။

အကြမ်းဖက်ပေါ်ပြူလစ်ဝါဒအတွင်း သက်ဆင်းခြင်းကို တားဆီးကာကွယ်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တိုက်ရိုက် သက်ရောက်မှုမရှိသည့် ပြည်သူများ၏ စိုးရိမ်မှု၊ မှားယွင်းသည့်အယူအဆတို့ကို ကိုင်တွယ်ရန် လိုအပ်ပါသည်။

နိုင်ငံသားဖြစ်မှု၊ နိုင်ငံ-လူ့အဖွဲ့အစည်း ဆက်ဆံရေးသဘာဝအပေါ် နိုင်ငံအရေး ဆွေးနွေးမှုတစ်ခုဖြစ်ရန် လိုအပ်ပါသည်။ ခေါင်းဆောင်များနှင့် သာမာန်ဗမာပြည်သူများသည် တိုင်းရင်းသားများ၏ မကျေနပ်ချက်များ၊ ပြင်းပြသည့်ဆန္ဒများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရှိတရားတို့ကို ပါဝင်ဖော်ထုတ်ပေးရန် လိုအပ်ပါသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar