ဇန်နဝါရီလ ၇ ရက်နေ့က တနင်္သာရီမြို့နယ်၊ မောတောင်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်သန်းသွားလာနေသည့် တော်လှန်ရေးရဲဘော်များ။ (ဓာတ်ပုံ- ဖရွန်တီးယား)

မဟာဗျူဟာကျသော မြန်မာပြည်တောင်ပိုင်းက မောတောင်

တနင်္သာရီတိုင်းအတွင်းရှိ အရေးပါသော နယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ကို ကေအင်န်ယူ ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်၏ ထိုးစစ်ဆင်အသာစီးရမှုကို အဟန့်အတားဖြစ်စေခဲ့သည်။ တစ်ဖက်တွင်လည်း လမ်းပိတ်ဆို့မှုများနှင့် နယ်စပ်ဂိတ်ပိတ်ထားမှုများကြောင့် ဒေသခံများ၏ လူနေမှုဘဝများ ခက်ခဲလာခဲ့သည်။

ဖရွန်တီးယား

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်၊ ရဟန်းသံဃာများ ဆွမ်းခံကြွနေချိန်တွင် မဇာဇာလွင်တစ်ယောက် မြို့မဈေးမှ အိမ်သို့ လမ်းလျှောက်၍ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“လူတွေအကုန်လုံး ပြေးကြတော့ ကျမလည်း လိုက်ပြေးတာပေါ့” ဟု သူက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) ဦးဆောင်သော တော်လှန်ရေးအင်အားစုများက စစ်ကော်မရှင် တပ်စွဲထားရာနေရာကို တိုက်ခိုက်လိုက်ခြင်းဖြင့် မောတောင်မြို့ သိမ်းပိုက်ရေးတိုက်ပွဲသည် လက်နက်ကြီးကျည်များနှင့် လေကြောင်းတိုက်ခိုက်မှုများကြား စတင်ခဲ့သည်။  

နာရီပိုင်းအတွင်းမှာပင် တော်လှန်ရေးအင်အားစုများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း ပထမဆုံးသော မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်များက စစ်ကော်မရှင်သည် နိုင်ငံအနောက်ဘက်နှင့် မြောက်ဘက်ရှိ လက်လွှတ်ခဲ့ရသော နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားနေခဲ့သည်။ ထို့ကြောင့် မဟာဗျူဟာကျသော ထိုနယ်စပ်ဂိတ်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ခြင်းသည် စစ်ရေးအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည့် ရှားရှားပါးပါး အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း မဇာဇာလွင်အတွက်မူ မြန်မာနိုင်ငံ၏ ငါးနှစ်တာ ကြာမြင့်လာပြီဖြစ်သော ပြည်တွင်းစစ် ရေစီးကြောင်းအခြေအနေအရပ်ရပ်ကို စဉ်းစားနေရန် အချိန်မရှိခဲ့ပါ။ သူ၏ လေးနှစ်အရွယ်သားငယ်ကို ဆွဲပွေ့ကာ ခင်ပွန်းဖြစ်သူနှင့်အတူ တိုက်ပွဲအရှိန်အဟုန် ငြိမ်သက်သွားသည်အထိ ဘေးလွတ်ရာသို့ ပြေးခဲ့ရသည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော သူသည် မြို့ထဲသို့ ပြန်ရောက်လာသည့်အခါ အိမ်၏ မျက်နှာကျက်မှာ ပြိုကျပျက်စီးနေသည်ကို တွေ့ခဲ့ရပြီး အိမ်အတွင်းရှိ ပစ္စည်းမှန်သမျှလည်း အကုန်လုံး ကြေမွပျက်စီးနေခဲ့ပြီ ဖြစ်သည်။

“ကျမ ငိုပဲ ငိုချင်တော့တယ်။ ဘာမှမတတ်နိုင်တော့သလို ခံစားရတယ်။ ကျမရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အိမ်လည်း ပျက်စီးသွားပြီ။ အလုပ်လည်း မရှိတော့ဘူး၊ ဘာမှလည်း မကျန်တော့ဘူး” ဟု သူက ဆိုသည်။

ဇန်နဝါရီလအတွင်း မောတောင်ရှိ မဇာဇာလွင်၏ နေအိမ်ကို ဖရွန်တီးယားက သွားရောက်ခဲ့ပြီး တတ်နိုင်သမျှ ပြန်လည်ပြင်ဆင်ထားသော သူ၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။ နံရံများတွင် လက်နက်ကြီးကျည်ဆန် အစအနများကြောင့် ဖြစ်ပေါ်နေသော အပေါက်အပြဲများရှိနေပြီး ကြမ်းပြင်ပေါ်တွင်လည်း ကွဲအက်နေသော အိုးခွက်ပန်းကန်များ ပြန့်ကျဲနေသည်။ ပျက်စီးနေသော သူ၏ဘုရားကျောင်းဆောင်မှာလည်း ပျက်စီးနေပြီး  ရုပ်မြင်သံကြားစက် အပျက်တစ်လုံးကိုလည်း တွေ့မြင်ခဲ့သည်။ 

ဇန်နဝါရီလ ၉ ရက်နေ့က မောတောင်မြို့ရှိ နေအိမ်၏ ဘုရားစင်ရှေ့တွင် တွေ့ရသော မဇာဇာလွင်။ (ဓာတ်ပုံ- ဖရွန်တီးယား)

မြို့အနှံ့တွင် တိုက်ပွဲများ၏ အကျိုးဆက်များကို လူသူကင်းမဲ့နေသည့် အခြေအနေများတွင်လည်း ထင်ရှားစွာ မြင်တွေ့နေရသည်။  စီးပွားရေးလုပ်ငန်းများ၊ ဆေးရုံများနှင့် ကျောင်းများမှာ ပိတ်ထားရပြီး၊ ရပ်ကွက်များအတွင်းရှိ လူများမှာလည်း အနီးနားရှိ တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြသဖြင့် လူသူဆိတ်သုဉ်းနေလျက်ရှိသည်။

စောင့်ကြည့်လေ့လာရေး အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော FE5 Tanintharyi ၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်အတွင်း တနင်္သာရီတိုင်း၌ တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ၆၀၀ ခန့် ဖြစ်ပွားခဲ့ပြီး၊ ထိုအထဲမှ ထက်ဝက်နီးပါးမှာ မောတောင်မြို့ တည်ရှိရာနှင့် အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ဒီဇင်ဘာလအထိ တနင်္သာရီတိုင်းအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ ၈၂,၈၀၀ ခန့် ရှိနေပြီဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ဒီအောင်ပွဲက ချိုသလား၊ ခါးသလား။ 

လတ်တလောတွင် မောတောင်မြို့သည် စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက်က လွတ်မြောက်နေပြီ ဖြစ်သည်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ရဲများနှင့် စစ်တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့များ မရှိတော့သည့်အတွက် စိတ်သက်သာရာရကြောင်း မြို့ခံများက ပြောဆိုကြသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄၈ ဦးကို တော်လှန်ရေးအင်အားစုများက မောတောင်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည်။ မြို့ကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းကြားသည်နှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအချို့လည်း ပြန်လည်ရောက်ရှိ လာခဲ့ကြသည်။

တစ်ချိန်တည်းတွင်လည်း စစ်ကော်မရှင်က လွှမ်းမိုးထားသည့် နိုင်ငံတစ်ခုတွင် တော်လှန်ရေးအင်အားစုများ၏ အောင်ပွဲနောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်ပြင်းထန်လှသည်။ မောတောင်မြို့သည် စစ်ကော်မရှင်၏ လမ်းပိတ်ဆို့မှုများကြောင့် ကုန်စည်ပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီး လေကြောင်းတိုက်ခိုက်မှု အန္တရာယ်နှင့်လည်း အမြဲတမ်းရင်ဆိုင်နေရကာ တိုက်ပွဲများမှာလည်း မြို့နှင့်မနီးမဝေးတွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

မောတောင်မြို့သည် စည်ကားလှသော ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းဒေသနှင့် နာရီဝက်ခန့်သာ ကားမောင်းရသည့် အကွာအဝေးတွင်ရှိသော်လည်း လူအများစုအတွက်မူ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးသွားခဲ့ပြီး လူနေမှုဘဝများမှာ ပိုမိုခက်ခဲလာခဲ့သည်။ 

ထိုင်းနိုင်ငံအစိုးရသည် အုပ်ချုပ်ရေးအာဏာပိုင်အသစ်များကို အသိအမှတ်ပြုခြင်း မရှိသေးသလို စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို နယ်စပ်ဂိတ်များ ဖွင့်ပေးခြင်း မရှိသေးပေ။ ထို့ကြောင့် မောတောင်မြို့၏ စီးပွားရေးအသက်သွေးကြောဖြစ်သော ထိုင်းနိုင်ငံသို့ သွားရာဂိတ်တံခါးမှာ ပိတ်ထားဆဲ ဖြစ်သည်။

မြန်မာဘက်ခြမ်းရှိ လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်၏ နံရံများတွင် ‘ညီညွတ်ခြင်းသည် အောင်မြင်ခြင်း’ နှင့် ‘KNU’ ဟူသော စာသားများကို မှုတ်ဆေးဘူးများဖြင့် ရေးသားထားပြီး ယခုအခါ ထိုစစ်ဆေးရေးဂိတ်ကို ယာယီဆေးခန်းအဖြစ် အသုံးပြုနေကြသည်။ 

ကေအင်န်ယူ အရာရှိတစ်ဦး၏ ပြောပြချက်အရ မောတောင်မြို့ရှိ လူဦးရေ ၃,၀၀၀ ခန့်အနက် သုံးပုံတစ်ပုံခန့်သာ မြို့ထဲတွင် ဆက်လက်နေထိုင်ကြတော့သည်။ အချို့မှာ သက်ကြီးရွယ်အိုများဖြစ်၍ ကျန်ရစ်နေခဲ့ခြင်းဖြစ်ပြီး၊ အချို့မှာမူ နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းပါက ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံရမည်စိုး၍သော်လည်းကောင်း၊ မိသားစုလိုက် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းကို မလိုလား၍သော်လည်းကောင်း ဆက်လက်နေထိုင်နေကြရသည်။

မြို့ပေါ်ရှိ လူများသည် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးစားသောက်ကြပြီး ယခုအခါ လုံခြုံရေးယူပေးထားသည့် လက်နက်ကိုင်တော်လှန်ရေးရဲဘော်များနှင့်အတူ ဖွင့်လှစ်ထားသော  စားသောက်ဆိုင်တချို့သို့ သွားရောက်ဝယ်ယူစားသောက်ကြရင်း ခက်ခဲသော အခြေအနေများကို ရင်ဆိုင်ကျော်ဖြတ်ရန် ကြိုးစားနေကြသည်။

ရှေ့တန်းစစ်မျက်နှာသို့ သွားရာလမ်းတစ်လျှောက်တွင် အမျိုးသမီးငယ်လေးများသည် မုန့်သိုင်းခြုံ၊ ကြက်သားကင်များနှင့် ဆေးပေါ့လိပ်များကို ရဲဘော်များထံ ရောင်းချပေးနေကြသည်။ သို့သော်လည်း မြို့ကို စွန့်ခွာသွားသူများ ပိုမိုများပြားကြောင်း မဇာဇာလွင်က ပြောသည်။

“တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတာ၊ အခုဆိုရင် လူတောင် သိပ်မကျန်တော့ဘူး” ဟု သူက ဆိုသည်။ 

ဒေသခံအများစုသည် ကေအင်န်ယူ၏ အုပ်ချုပ်မှုအောက်တွင် ပိုမိုလွတ်လပ်သည်ဟု ခံစားရသော်လည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရှိနေခြင်းနှင့် စစ်ကော်မရှင်၏ သတင်းပေး(ဒလန်) များ ရှိနေမည်ကို စိုးရိမ်ရခြင်း စသည့် ပဋိပက္ခ၏ နောက်ဆက်တွဲ အငွေ့အသက်များကြောင့် အချို့သော ဒေသခံများမှာ စကားပြောဆိုရာတွင် အထူးသတိထားနေကြရဆဲ ဖြစ်သည်။

ဇန်နဝါရီလ ၉ ရက်နေ့က လက်ရှိတွင် စစ်သုံ့ပန်းများထားရှိရာ အကျဉ်းထောင်အဖြစ် အသုံးပြုနေသည့် မောတောင်နယ်မြေရဲစခန်းရှိ အချုပ်ခန်းတစ်ခုဘေးတွင် ရပ်နေသည့် တော်လှန်ရေးရဲဘော်များ။ (ဓာတ်ပုံ- ဖရွန်တီးယား)

သူ၏ အမည်ကို ထုတ်ဖော်မပြောလိုသော ဈေးသည်တစ်ဦးကမူ သူ့အနေဖြင့် မြို့တွင်ပင် ဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း ဖရွန်တီးယားကို ပြောသည်။

“အခြေအနေတွေ ပိုကောင်းလာမလားဆိုတာ ကျမတို့ မသိဘူး။..ကျမက ကိုယ့်အနာဂတ်အတွက် မစဉ်းစားတော့ပါဘူး။ ကျမကလေးတွေအတွက်ပဲ ပိုကောင်းတဲ့ အနာဂတ်တစ်ခု ရစေချင်တာပဲ ရှိတယ်” ဟု သူက ဆိုသည်။ 

တစ်ချိန်တည်းမှာပင် မောတောင်မြို့မှ ၁၅ မိနစ်ခန့် ကားမောင်းရသည့် အကွာအဝေးတွင်ရှိသော မွန်ဘုန်းကြီးကျောင်းတစ်ကျောင်းသည် နိုဝင်ဘာလတိုက်ပွဲအပြီး စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံး၀ ပျက်စီးသွားခဲ့သည်။ ထိုကျောင်းက လူအများသည် တိုက်ပွဲမဖြစ်ပွားမီကတည်းက ကြိုတင်ရွှေ့ပြောင်းထားကြပြီး ဖြစ်သည်။

ပျက်စီးနေသည့် အပျက်အစီးပုံများကို ကြည့်ရှုစစ်ဆေးရင်း သူ၏တော်လှန်ရေးအမည်ဖြင့်သာ လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဗိုလ်ကြီး ကိုပင်လယ်က စစ်ကော်မရှင်သည် ဒေသခံလူထုနှင့် တော်လှန်ရေးအင်အားစုများအကြား အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပစ်မှတ်များကို ပစ်မှတ်ထားတိုက် ခိုက်နေခြင်း ဖြစ်သည်ဟု ပြောသည်။ 

ထိုသို့လုပ်ဆောင်ခြင်းမှာ နယ်စပ်ဒေသရှိ ခရစ်ယာန်ဘုရားကျောင်းများကို တိုက်ခိုက်ခြင်း အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကော်မရှင် လုပ်ဆောင်နေကျ ပုံစံတစ်ခုလည်း ဖြစ်သည်။

“စာသင်ကျောင်းတွေ မီးလောင်တာ၊ ဘုန်းကြီးကျောင်းတွေ ပြိုကျတာမျိုးဖြစ်ရင် ဒါတွေက တော်လှန်ရေးအဖွဲ့တွေကြောင့် ဖြစ်ရတာလို့ လူတွေကို ပြောစေချင်တာ။ တချို့နေရာတွေမှာတော့ သူတို့အကြံအောင်မြင်သလို တချို့နေရာတွေမှာတော့ မအောင်မြင်ပါဘူး” ဟု အသက် ၂၆ နှစ်အရွယ်ရှိ ကိုပင်လယ်က ပြောသည်။

မောတောင်မြို့ကို သိမ်းပိုက်နိုင်ရန်မှာ “အလွန်ခက်ခဲခဲ့သည်” ဟု ၎င်းက ဆိုသည်။ ယင်းမှာ အနည်းဆုံး၂ နှစ်ခန့် ကြိုတင်ပြင်ဆင်ခဲ့ရသည့် စီမံချက်၏ အောင်မြင်မှုရလဒ် ဖြစ်ကြောင်းလည်း သူက ဆိုသည်။ ထိုမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်နှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတို့က ကေအင်န်ယူနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ 

ထိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် မောတောင်မြို့ကို မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ပြီး ဝိုင်းဝန်း ပိတ်ဆို့ကာ ရှေ့တန်းစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ပြီး၊ နောက်ဆုံးတွင် စစ်ကော်မရှင်တပ်များကို မြို့အတွင်းရှိ နောက်ဆုံးလက်ကျန် စခန်းငယ်များအတွင်းသို့ ဆုတ်ခွာသွားသည်အထိ ဖိအားပေး တိုက်နိုင်ခဲ့ကြသည်။

စစ်ကော်မရှင်က ၎င်းတို့နောက်ဆုံး အမာခံစခန်း ကျသွားပြီးနောက် တပ်ဖွဲ့ဝင် ၁၈၀ ခန့်ကို မြို့ပြင်တစ်နေရာသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူချပေးခဲ့ပြီး လေကြောင်းပစ်ကူများဖြင့် မြို့ကို ပြန်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ 

ခဲယမ်းမီးကျောက် ပြတ်လပ်မှုများက စစ်ကော်မရှင်တပ်၏ ကြိုးပမ်းအားထုတ်မှုများကို ဟန့်တားရန် အခက်အခဲဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများက မိမိတို့ထိန်းချုပ်ထားရာ နယ်မြေကို ဆက်လက် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ကိုပင်လယ်က ပြောသည်။ 

နောက်ထပ်မြို့တစ်မြို့ကို အလုံးအရင်းနှင့် ဝင်ရောက်စီးနင်းမည့်အစား လက်နက်တပ်ဆင်မှုအပိုင်းတွင် များစွာသာလွန်သော စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခြင်းကို ရှောင်လွှဲရန် ၎င်းတို့က ရည်ရွယ်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများသည် အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။ စစ်ကော်မရှင်၏ “ထောက်ပံ့ရေးလမ်းကြောင်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထောက်အကူပြု ယန္တရားများ” ကို ဖြတ်တောက်ရန်မှာ ၎င်းတို့၏ ပစ်မှတ်များဖြစ်သည်ဟု သူက ဖြည့်စွက်ပြီး ပြောသည်။

“ကျနော်တို့အနေနဲ့  အောင်မြင်မှုရရှိမယ့်အချိန် ရောက်လာတော့လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု သူက ဆိုသည်။

ရှေ့ဆက်မည့် ခြေလှမ်းများ

အကယ်၍ အောင်မြင်ခဲ့ပါက ပီဒီအက်ဖ်များအနေဖြင့် တနင်္သာရီတိုင်း၏ အဓိကမြို့ကြီးနှစ်မြို့ဖြစ်သော မြိတ်မြို့နှင့် မြို့တော် ထားဝယ်မြို့တို့ကို နောက်ဆုံးတွင် သိမ်းပိုက်နိုင်ရန် ရည်မှန်းထားသည်။  

တနင်္သာရီတိုင်း၏ နယ်မြေအတော်များများကို တာဝန်ယူထားသည့် ကေအင်န်ယူ တပ်မဟာ (၄) က ခေါင်းဆောင်ပိုင်းတို့ကမူ ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် အရှေ့တောင်ဘက် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ရန် ရည်မှန်းထားကြောင်း ဖရွန်တီးယားကို ပြောသည်။

ကေအင်န်ယူ၏ အကျယ်ပြန့်ဆုံးသော နယ်မြေတစ်လျှောက်တွင် တပ်အင်အားများ ပြန့်ကျဲနေရသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မဟာ (၄) သည် အလွန်အမင်း သတိကြီးလွန်းသူများအဖြစ် ရှုမြင်ခံခဲ့ရသည်။ 

ကေအင်န်ယူ တပ်မဟာ (၄) သည် စစ်ရေးအရ ရင်ဆိုင်တိုက်ခိုက်မှုထက် သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ ကာစီနိုလုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေး စသည့် စီးပွားရေးအကျိုးအမြတ်များကို ပို၍ ဦးစားပေးနေသည်ဟု ဝေဖန်သူများက စွပ်စွဲခဲ့ကြသည်။

သို့သော်လည်း တပ်မဟာ (၄) ၏ ချဉ်းကပ်ပုံကို လေ့လာရာတွင် သမိုင်းကြောင်းအရ သင်ခန်းစာယူစရာများ ရှိနေသည်။ တပ်မဟာ (၄) ခေါင်းဆောင်များသည် ကေအင်န်ယူ ဗဟိုဌာနချုပ်ထံမှ “ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ အမြဲတမ်းရရှိထားကြတယ်” ဟု မြန်မာ့အရေးလေ့လာသူ Ashley South က ဖရွန်တီးယားကို ပြောသည်။ 

ယင်းသို့ ဖြစ်ရခြင်းမှာ ပထဝီဝင်အနေအထားအရ ကွာခြားနေခြင်းကြောင့် ဖြစ်သည်။ တပ်မဟာ (၄) နယ်မြေသည် ကျန်ရှိသော ကေအင်န်ယူနယ်မြေများနှင့် မွန်ပြည်နယ်ခြားကာ သီးခြားဖြစ်နေသည့် တစ်ခုတည်းသော နယ်မြေဖြစ်သည်။

ထိုသို့ အဆက်အသွယ်ပြတ်တောက်နေမှုကို ၁၉၉၇ ခုနှစ်တွင် အထင်အရှား မြင်တွေ့ခဲ့ရသည်။ ထိုစဉ်က စစ်တပ်သည် တည်ဆောက်ရေးပြီးစီးလုနီးပါး ဖြစ်နေသည့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်း တစ်လျှောက် ဒေသများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။ 

အရပ်သား ၁၀,၀၀၀ ကျော်မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ၎င်းတို့အထဲမှ အများအပြားမှာ ယနေ့တိုင် ဒုက္ခသည်များအဖြစ် ရှိနေဆဲဖြစ်သည်။ ထိုထိုးစစ်အတွင်း နယ်စပ်မြို့ဖြစ်သော ထီးခီးရှိ ကေအင်န်ယူတပ်မဟာ (၄) ဌာနချုပ်လည်း အသိမ်းခံခဲ့ရသည်။

စစ်တပ်သည် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန်အတွက် ဒေသခံရွာသားများကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများကို ပြုလုပ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ပြင်သစ်ရေနံနှင့် စွမ်းအင်ကုမ္ပဏီ Total သည် ယင်းလုပ်ရပ်များတွင် ကုမ္ပဏီမှ ကြံရာပါအဖြစ် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံရပြီး ဒုက္ခသည်လေးဦး၏ တရားစွဲဆိုမှုကို ခံခဲ့ရသည်။

အထိနာခဲ့သည့် ကေအင်န်ယူ တပ်မဟာ (၄) မှ ကျန်ရှိနေသူများသည် စစ်တပ်၏အင်အားကို မိမိတို့ထက် သာလွန်ကြောင်း ကောင်းစွာသဘောပေါက်ထားသဖြင့် ရှင်သန်ရပ်တည်ရေးအတွက် စီးပွားရေးလုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်ရန် တွက်ချက်ခဲ့ကြသည်။ 

“ဒီအခြေအနေဟာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ခရိုနီတွေနဲ့ မလွဲမရှောင်သာဘဲ အပေးအယူလုပ်ရတဲ့ ဆက်ဆံရေးမျိုးဆီကို ဦးတည်သွားစေခဲ့ပုံရပါတယ်” ဟု Ashley South က ပြောသည်။

သို့သော် ၂၀၂၃ ခုနှစ်တွင် ကေအင်န်ယူ တပ်မဟာ (၄) သည် တော်လှန်ရေးတိုက်ပွဲအတွင်း ပိုမိုအားစိုက်ပါဝင်လာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်ဝိုက်၌ စစ်ဆင်ရေးများကို စတင်ဖော်ဆောင်ခဲ့သည်။

စစ်တပ်၏နှစ်ရှည်လများ ဖိနှိပ်ညှဉ်းပန်းမှုများကို ခံခဲ့ရသော်လည်း ကရင်လူထုနှင့် ကေအင်န်ယူတို့မှာ အံ့ဩလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းရှိကြသည်ဟု Ashley South က ဆိုသည်။

“ပြီးခဲ့သည့် ၂ နှစ်အတွင်းမှာတော့ တပ်မဟာ (၄) ဟာ စစ်ကော်မရှင်ထံကနေ အရေးပါသောနေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းအားဖြင့် သူတို့၏ အရည်အချင်းနှင့် သတ္တိကို သက်သေပြနိုင်ခဲ့တယ်” ဟု သူက ဆိုသည်။

သို့​သော် တပ်မဟာ (၄) နယ်မြေဒေသခံ ကေအင်န်ယူခေါင်းဆောင်ပိုင်းတို့၏ အမြင်ကမူ ၎င်းတို့၏ စစ်လှုပ်ရှားမှုကို စစ်ကော်မရှင်ကို ဖြုတ်ချနိုင်ရေးထက် မိမိတို့နှင့် သက်ဆိုင်သည့်နယ်မြေများကို ထိုက်တန်စွာ ပြန်လည်ရယူရေးအဖြစ် ပိုမိုရှုမြင်ကြသည်။

နယ်စပ်ဒေသကို စုစည်းရန်၊ အခွန်ကောက်ခံရန်နှင့် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဝေးလံခေါင်သီသော ရှေ့တန်းစခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်း ပိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့သည်။ 

ထိုခြေလှမ်းသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများအတွင်းသို့ ကုန်စည်စီး ဆင်းမှု ပိုမိုလွယ်ကူချောမွေ့စေရန်အတွက်လည်း ရည်ရွယ်ခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုက လက်လွှတ်ခဲ့ရသည့် ကေအင်န်ယူဌာနချုပ်ဟောင်း မာနယ်ပလောကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းက စစ်ရေးအရှိန်အဟုန်ကို ပိုမိုမြင့်တက်စေခဲ့သည်။ 

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု၏ အဆိုအရ ပြီးခဲ့သည့်နှစ် ဇူလိုင်လအထိ မြန်မာနိုင်ငံ၏ ကီလိုမီတာ ၂,၄၀၀ ရှည်လျားသော နယ်စပ်မျဉ်းအနက် ကီလိုမီတာ ၈၀၀ နီးပါးကို ကေအင်န်ယူက ထိန်းချုပ်ထားပြီး ဖြစ်သည်။ ယခုအခါ မောတောင်မြို့နှင့် မြောက်ဘက်ရှိ ထီးခီးတို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ထိုထိန်းချုပ်နယ်မြေ အတိုင်းအတာမှာ ပိုမိုကျယ်ပြန့်လာဖွယ် ရှိသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အထက်ဘက်သို့ကြည့်လျှင်လည်း ကရင်နီတော်လှန်ရေးအင်အားစုများက လွှမ်းမိုးထားပြီး ရှမ်းပြည်နယ်ရှိ နယ်စပ်ဒေသများတွင်မူ စစ်ကော်မရှင်တပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား နယ်မြေများ အစိတ်စိတ်အမြွှာမြွှာကွဲနေဆဲဖြစ်သည်။

တနင်္သာရီမြို့နယ် ကေအင်န်ယူ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ညဝါးက တော်လှန်ရေးအင်အားစုများ၏ အဓိကရည်မှန်းချက်မှာ မြို့ကြီးများကို သိမ်းပိုက်ရန်ထက် ‘မဟာဗျူဟာကျသော နေရာများ’ ကို စိတ်ချလက်ချ ထိန်းချုပ်နိုင်ရန်ဖြစ်ကြောင်း ဖရွန်တီးယားကို ပြောသည်။

“မြို့ကြီးတွေကို သိမ်းပိုက်နိုင်ဖို့အတွက် ကျနော်တို့ကိုယ် ကျနော်တို့ ပိုပြီးခိုင်မာအောင် တည်ဆောက်ဖို့ အချိန်ထပ်ယူရဦးမယ်” ဟု မောတောင်မြို့ရှိ သိမ်းပိုက်ထားသော စစ်ကော်မရှင်စခန်းတစ်ခု၏ ဘေးတွင် ထိုင်ရင်း သူက ပြောသည်။

သို့သော်လည်း ယခုအခါတွင်မူ ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့သည် မောတောင်မြို့ရှိ အရပ်သားပြည်သူများ အတွက် တာဝန်ရှိလာပြီဖြစ်သည်။ ရာနှင့်ချီသော လူများမှာ လျှပ်စစ်မီးမရှိ၊ ဆေးဝါးလုံလောက်မှုမရှိသည့် အခြေအနေများကြားတွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန် အနီးနားရှိ တောတောင်များအတွင်း ခိုလှုံနေကြရပြီး အချို့မှာမူ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်တိမ်းရှောင်နေကြရသည်။

“သူတို့ကို ဒီမှာပဲနေဖို့ ကျနော်တို့ အတင်းအကျပ် မလုပ်နိုင်ပါဘူး။..ဒါပေမဲ့ ကျနော်တို့ မြို့ကို အုပ်ချုပ်နေတဲ့ကာလမှာ အခြေအနေတွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်” ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် မကြာမီကာလအတွင်း နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးလိမ့်မည်ကိုမူ သူက မျှော်လင့်မထားကြောင်း ပြောသည်။

နိုင်ငံတော်၏ ဝန်ဆောင်မှုယန္တရားများ လည်ပတ်နိုင်ခြင်း မရှိတော့သည့် အခြေအနေတွင် ဒေသခံများသည် တော်လှန်ရေးအဖွဲ့အစည်းများက ဝေငှထောက်ပံ့ပေးမှုများမှအပြင် တစ်ဦးကိုတစ်ဦးသာ အမှီပြု အားကိုးနေကြရသည်။ 

မောတောင်မြို့ပြင်ရှိ ကေအင်န်ယူ ထိန်းချုပ်နယ်မြေက ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုအာကာသည် ထိုင်းနိုင်ငံမှ လှူဒါန်းမှုများကို ဒေသခံများထံသို့ ဖြန့်ဝေပေးနေသည့် ‘မေတ္တာလူမှုကွန်ရက်’ အမည်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့ကို တည်ထောင်ရာတွင် ကူညီပေးခဲ့သူဖြစ်သည်။ 

“ကျနော်တို့ရဲ့ အဓိက အခန်းကဏ္ဍကတော့ လူအချင်းချင်း ချိတ်ဆက်ပေးဖို့ပါပဲ” ဟု ကိုအာကာက ဖရွန်တီးယားကို ပြောသည်။ 

အကူအညီများကို ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကွန်ရက်များ၊ ပရဟိတအဖွဲ့များနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှတစ်ဆင့် ရရှိခြင်းဖြစ်သော်လည်း ယခုအခါ အလှူငွေများမှာ နည်းပါးလာပြီ ဖြစ်သည်။

“ဒီမှာရှိတဲ့သူအားလုံးကို ထောက်ပံ့ပေးဖို့ မလုံလောက်ပါဘူး။..ကျနော်တို့ တစ်ရက်ချင်းစီကို ခက်ခဲစွာ ဖြတ်သန်းနေကြရတာပါ” ဟု ကိုအာကာက ဆိုသည်။

မဇာဇာလွင်အတွက်မူ ဘဝကို မည်သို့ဆက်လုပ်ရမှန်းမသိဘဲ အကျပ်ရိုက်နေသည့် အခြေအနေတွင် ရှိနေသည်။

“အရာအားလုံးကို အဆင်ပြေစေချင်တာပေါ့။ ဒါပေမဲ့ ဒီမှာက လူတွေမှ မကျန်တော့တာ။ အလုပ်လည်း မရှိတော့ဘူး။ ကျမမှာ ပိုက်ဆံလည်း မကျန်တော့ဘူး။ တကယ်ကို ခက်ခဲပါတယ်” ဟု လမ်းပေါ်တွင် ကစားနေသည့် သူ၏သားငယ်ကို ကြည့်ရင်း ပြောသည်။ 

LORCÁN LOVETT ရေးသားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.