မြန်မာနိုင်ငံတွင် လေကြောင်းလိုင်း ပြေးဆွဲရန်အတွက် ပြည်တွင်းမှ မိတ်ဖက်တစ်ဦးနှင့် ဆွေးနွေးနေမှုမှာ ရပ်တန့်သွားပြီဟု AirAsia ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။
ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် AirAsia က မြန်မာပြည်တွင်း၌ လုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိသည့် မြန်မာလေကြောင်းလိုင်းပိုင်ရှင် မိတ်ဖက်တစ်ဦးနှင့် ဆွေးနွေးနေသည်ဟု ပြီးလသည့် မတ်လက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် မေ ၁၅ ရက်နေ့ ဘန်ကောက်တွင် ပြုလုပ်သည့် AirAsia ပွဲတစ်ခုတွင် ဖာနန်ဒက်စ်က ထိုသို့ ဆွေးနွေးနေမှုမှာ ရပ်တန့်သွားပြီဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားကြောင်း ရိုက်တာသတင်းတွင် ရေးသားထားသည်။
“ဆွေးနွေးညှိနှိုင်းမှုတွေကို ရပ်တန့်လိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လက်တလောမှာတော့ ကျွန်တော်တို့ ရှေ့ဆက်တိုးမှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ ပြန်တော့ကြည့်ဦးမှာပါ။ ဒါပေမယ့် အခုချိန်မှာ မြန်မာပြည်ကို မသွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
၎င်းတို့ မည်သူနှင့် ဆွေးနွေးခဲ့သည်ဆိုသည်ကိုမူ ဖာနန်ဒက်စ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
အဲအေးရှားသည် ၎င်း၏ မိခင်နိုင်ငံဖြစ်သည့် မလေးရှားအပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်နှင့် ထိုင်းနိုင်ငံများတွင် လေကြောင်းလိုင်းများ လုပ်ကိုင်နေသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း ပုဂ္ဂလိကနှင့် အစိုးရလေကြောင်းလိုင်း ၁၁ ခုက ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ်များကို ပြေးဆွဲပေးနေသည်။ ထိုလေကြောင်းလိုင်းများအားလုံးကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များက ပိုင်ဆိုင်ထားကြပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းမှာမူ နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည်။
ဂျပန်နိုင်ငံမှ အကြီးဆုံးလေကြောင်းလိုင်းကြီးဖြစ်သည့် ANA က မြန်မာနိုင်ငံတွင် ဖက်စပ် လေကြောင်းလိုင်းတစ်ခု ထူထောင်ရန် ထပ်မံကြိုးပမ်းသွားမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက ပြောကြားခဲ့သည်။ ထိုသို့ ဖက်စပ်လေကြောင်းလိုင်း ထူထောင်ရန် ANA က နှစ်ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပြီးနောက် တတိယအကြိမ် ကြိုးစားရန် စီစဉ်နေခြင်းဖြစ်သည်။