ပဲရစ်၊ ဇူလိုင် ၂၇
မြန်မာနိုင်ငံအပါအဝင် အခြားခုနစ်နိုင်ငံမှ နိုင်ငံသားများအနေဖြင့် ပြင်သစ်ဗီဇာလျှောက်ထားရာတွင် စောင့်ဆိုင်းရသည့်အချိန်အား ၄၈ နာရီအထိ လျှော့ချသွားမည်ဟု ပြင်သစ်ဝန်ကြီးချုပ်က ယမန်နေ့က ပြောကြားသည်။
၂၀၁၆ ခုနှစ်အတွင်းက ပဲရစ်နှင့် Nice တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကျဆင်းသွားသည့် ကမ္ဘာလှည့် ခရီးသွားအရေအတွက်ကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာက ရေးသားထားသည်။
ပြင်သစ်ဝန်ကြီးချုပ် Edouard Philippe ၏ ပြောကြားချက်အရ မြန်မာ၊ ထိုင်း၊ ရုရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုနှင် အင်ဒိုနီးရှားနိုင်ငံများမှ နိုင်ငံသားများအနေဖြင့် ပြင်သစ်ဗီဇာလျှောက်ထားရာတွင် ဗီဇာရရှိရန် ၄၈ နာရီသာ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။
အဆိုပါနိုင်ငံသားများအနေဖြင့် ယခင်က ဗီဇာလျှောက်ထားရာတွင် အနည်းဆုံး ၁၀ ရက်ခန့်အထိ စောင့်ဆိုင်းရလေ့ရှိသည်ဟု ရိုက်တာကရေးသားထားသည်။
အခြားနိုင်ငံအချို့တွင် ဆောင်ရွက်ထားပြီးဖြစ်သည့် အဆိုပါအစီအစဉ်အား လာမည့်နှစ်တွင် ဗီယက်နမ်နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံများအတွက်ပါ တိုးချဲ့သွားမည်ဖြစ်သည်။
ထို့ပြင် ပြင်သစ်နိုင်ငံ၏ လေဆိပ်များရှိ နိုင်ငံကူးလက်မှတ် စစ်ဆေးသည့်နေရာများတွင် ဝန်ထမ်းများ တိုးချဲ့ခန့်အပ်မည်ဖြစ်ရာ ဥရောပသမဂ္ဂနိုင်ငံများမှ နိုင်ငံသားမှာ မိနစ် ၃၀ နှင့် အခြားနိုင်ငံသားများမှာ ၄၅ မိနစ်သာ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းက ပြင်သစ်နိုင်ငံ ဂျီဒီပီ၏ ခုနစ်ရာခိုင်နှုန်းအထိ ရှိနေပြီး လူနှစ်သန်းခန့်အား အလုပ်အကိုင်ပေးထားသည်ဟု ရိုက်တာက ရေးသားထားသည်။
ပြီးခဲ့သည့်နှစ်က ပြင်သစ်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၈၃ သန်း လာရောက်ခဲ့ကာ ယခုနှစ်တွင် ၈၉ သန်းအထိ လာရောက်ရန် မျှော်မှန်းထားသလို ၂၀၂၀ ပြည့်နှစ်တွင် သန်း ၁၀၀ အထိ ရှိလာရန် ရည်မှန်းထားသည်။