နေပြည်တော်ရှိ လွှတ်တော်ပေါ်၌ ဒရုန်းပျံသန်းခဲ့သည့် ပြင်သစ်နိုင်ငံသား ဖမ်းဆီးခံထားရ

အေအက်ဖ်ပီ

နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းပျံသန်းခဲ့မှုဖြင့် ပြင်သစ်ကမ္ဘာလှည့်ခရီးသည်တစ်ဦး ဖမ်းဆီးခံထားရကြောင်း ပြင်သစ်သံရုံးက ယနေ့အတည်ပြုခဲ့သည်။

အဆိုပါအမျိုးသားသည် အစိုးရအဆောက်အဦးပေါ်တွင် ဒရုန်းပျံသန်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကာ ထိုသို့ ပျံသန်းမှုကို မြန်မာနိုင်ငံတွင် ဥပဒေအရ တားမြစ်ထားသည်။

၂၀၁၇ ခုနှစ်ကလည်း သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းဖြစ်သူတို့မှာ ထိုပြစ်မှုဖြင့်ပင် အဖမ်းခံခဲ့ရသည်။

ဖမ်းဆီးခံထားရသည့် ပြင်သစ်နိုင်ငံသား၏ ဓာတ်ပုံနှင့် ၎င်း၏ နိုင်ငံကူးလက်မှတ်အချက်အလက်များအပြင် ၎င်း၏ဒရုန်း ဓာတ်ပုံအား ပြည်တွင်းမီဒီယာတွင် ဖော်ပြခဲ့သည်။

“ပြင်သစ်အမျိုးသားသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် လွှတ်တော်အဆောက်အဦးပေါ်၌ ဒရုန်းအား ပျံလွှတ်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၇ ရက်၊ ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရသည်” ဟု ပြင်သစ်သံရုံးက ပြောကြားသည်။ ၎င်းအား နေပြည်တော်တွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။

၎င်း ဖမ်းဆီးခံထားရမှုကို မိသားစုထံအကြောင်းကြားထားပြီး ၎င်းပြန်လည်လွတ်မြောက်ရေးအတွက် သံရုံးအမှုထမ်းများက ကြိုးပမ်းနေသည်ဟု ပြောကြားသည်။

မည်သည့်အတွက်ကြောင့် ၎င်းက ဒရုန်း လွှတ်တင်ခဲ့သည်ကို သေချာစွာ မသိရှိရသေးသလို မြန်မာအာဏာပိုင်များထံလည်း မေးမြန်းနိုင်ခြင်းမရှိသေးပေ။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကလည်း တူရကီနိုင်ငံပိုင် TRT ရုပ်သံလွှင့်ဌာနအတွက် မှတ်တမ်းအစီအစဉ် ရိုက်ကူးနေသည့် စင်ကာပူသတင်းထောက် Lau Hon Meng နှင့် မလေးရှားသတင်းထောက် Mok Choy Lin တို့သည် မြန်မာသတင်းထောက် အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့နှင့်အတူ အဖမ်းခံခဲ့ရသည်။

ဒဏ်ငွေသာ ပေးဆောင်ရလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် လွှတ်တော်အဆောက်အဦးပေါ်တွင် ဒရုန်းပျံသန်းခဲ့မိကြောင်း ၎င်းတို့က ဝန်ခံခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံ လေကြောင်းဥပဒေဖြင့် ၎င်းတို့မှာ ထောင်ဒဏ် နှစ်လစီ ချမှတ်ခံခဲ့ရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar