မြန်မာစစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်သင့်ဟု ကုလသမဂ္ဂပြောကြား

အေအက်ဖ်ပီ

မြန်မာနိုင်ငံ၏ အင်အားကြီးမားသော စစ်တပ်အား နိုင်ငံရေးမှ ဖယ်ထုတ်သင့်သည်ဟု ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးများက ယနေ့ ပြောကြားလိုက်သည်။ ရိုဟင်ဂျာများအား လူမျိုးသုန်း လုပ်ဆောင်မှုအတွက် ထိပ်တန်းဗိုလ်ချုပ်ကြီးများကို အရေးယူရန် ထပ်တလဲလဲ တောင်းဆိုထားသည့် ၎င်းတို့၏ နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်စဉ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စစ်တပ်၏ ရက်စက်သည့် စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းခန့်မှာ ဘင်္ဂလားဒေရှ့်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ဲကြသည်။

စာမျက်နှာ ၄၄၄ မျက်နှာပါရှိသည့် ကုလသမဂ္ဂ၏ အစီရင်ခံစာထဲတွင် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များအား အစားထိုးရန်နှင့် တပ်မတော်ဟု သိထားသည့် အဖွဲ့အစည်းအနေဖြင့် တိုင်းပြည်အုပ်ချုပ်မှုအပေါ်တွင် ထပ်မံလွှမ်းမိုးမှု မရှိတော့စေရန် တိုက်တွန်းထားသည်။

လွှတ်တော်များ၏ ကိုယ်စားလှယ်နေရာ သုံးပုံတစ်ပုံကို ရယူထားသလို ဝန်ကြီးဌာန သုံးခုအား ထိန်းချုပ်ထားခြင်းဖြင့် မြန်မာနိုင်ငံတွင် တပ်မတော်က လွှမ်းမိုးထားသည်။

သို့သော် အစီရင်ခံစာထဲတွင် မြန်မာအရပ်သားအစိုးရအနေဖြင့် “တပ်မတော်အား မြန်မာနိုင်ငံရေးလောကမှ ဖယ်ထုတ်ရေးအတွက် ထပ်မံ ဆောင်ရွက်သင့်သည်” ဟု ဖော်ပြထားသည်။

လုပ်ငန်းဆောင်ရွက်ချိန် ၁၈ လ ကြာမြင့်ပြီး နှိုက်နှိုက်ချွတ်ချွတ် တွေ့ဆုံမေးမြန်းမှုပေါင်း ၈၅၀ ကျော်အား အခြေပြု လေ့လာကာ အသေးစိတ်ရေးသားထားသည့် ကုလသမဂ္ဂ၏ အစီရင်ခံစာက တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းအရာရှိကြီးများကို လူမျိုးသုဉ်း လုပ်ဆောင်မှုဖြင့် စုံစမ်း စစ်ဆေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားသည်။

မြန်မာစစ်တပ်ကမူ မှားယွင်းစွာလုပ်ဆောင်ခဲ့မှုမရှိကြောင်း ငြင်းဆိုထားပြီး စစ်ဆင်ရေးများမှာ ရိုဟင်ဂျာသောင်းကျန်းသူများကို အမြစ်ဖြတ်ချေမှုန်းရန်သာဖြစ်သည်ဟု ပြောကြားသည်။

သို့သော် စစ်တပ်၏ မဟာဗျူဟာမှာ အမှန်တကယ်လုံခြုံရေး ခြိမ်းခြောက်မှုများနှင့် နှိုင်းယှဉ်ပါက အချိုးအစား မကျကြောင်း ကုလသမဂ္ဂအဖွဲ့ ပြောကြားသည်။

တပ်မတော်အား ပြန်လည်ဖွဲ့စည်းသင့်သည်ဟု စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားပြီး အဆိုပါလုပ်ငန်းစဉ်တွင် လက်ရှိခေါင်းဆောင်ကို အစားထိုးခြင်းဖြင့် စတင်သင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှသာ စစ်တပ်အုပ်စိုးမှုအောက်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်ကြီးများအကြား သိမ်မွေ့သော အားပြိုင်မှု ရှိနေဆဲဖြစ်သည်။

လွှတ်တော်များထဲတွင် ၎င်းတို့ ရှိနေခြင်းကြောင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုများကို ဗီတိုအာဏာဖြင့် ကန့်ကွက်နိုင်သလို အရပ်သားအုပ်ချုပ်မှုသို့ အပြည့်အဝကူးပြောင်းရန်ကိုလည်း အလွန်အမင်းခက်ခဲစေသည်။

အရေးပါသည့် ဝန်ကြီးဌာနသုံးခုဖြစ်သော ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးတို့မှာလည်း ၎င်းတို့ လက်ထံတွင် ရှိနေပြီး လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအား စောင့်ကြည့်မှုအနည်းငယ်ဖြင့် ၎င်းတို့က လုပ်ဆောင်နိုင်နေကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar