မူလကော်မတီဝင်တွေပါတဲ့ အရေးပေါ်ညီလာခံ ခေါ်ပေးဖို့ ထုတ်ပယ်ခံရသူများက ပြည်ခိုင်ဖြိုးပါတီကို ထပ်မံ တောင်းဆို

နေပြည်တော်၊ မေ ၄

မူလ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ အားလုံးပါဝင်တဲ့ အရေးပေါ် ညီလာခံတစ်ခု အမြန်ဆုံးကျင်းပပေးဖို့ အကျိုးအကြောင်းမပါတဲ့ အကြောင်းကြားစာနဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူအချို့က တောင်းဆိုလိုက်ပါတယ်။

“လက်ရှိဖွဲ့စည်းဆောင်ရွက်နေတဲ့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဟာ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ တရားမဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်” လို့ နေပြည်တော်ရှိ အမရာဟိုတယ်မှာ မေ ၄ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှာ သူတို့ရဲ့ သဘောထားကို ထုတ်ပြန်လိုက်တာပါ။

ပါတီဥက္ကဋ္ဌ ရာထူးကရော၊ ပြည်ခိုင်ဖြိုး ပါတီဝင်အဖြစ်ကပါ ထုတ်ပယ်ခံလိုက်ရပြီး လက်ရှိ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ်တာဝန် ယူထားတဲ့ သူရဦးရွှေမန်းရဲ့ ကော်မတီအဖွဲ့ဝင်တွေက ယနေ့ရှင်းလင်းပွဲကို ပြုလုပ်တာဖြစ်ပါတယ်။

ဒီကိစ္စတွေဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်မှာ ညီလာခံနဲ့ ရွေးချယ်ထားတဲ့ ပါတီတာဝန်ရှိသူအချို့ကို အဲဒီအချိန်တုန်းက သမ္မတအဖြစ်တာဝန်ယူနေလို့ ပါတီဥက္ကဋ္ဌရာထူးတာဝန်တွေ ထမ်းဆောင်ခြင်းမပြုနိုင်တဲ့ ဦးသိန်းစိန်နဲ့ နီးစပ်သူတွေက အင်အားသုံးဖယ်ရှားပြီးနောက် ပြည်ခိုင်ဖြိုးပါတီတွင်းဖြစ်ပွားနေတဲ့ ပြဿနာတွေရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။

ထုတ်ပယ်ခံရသူတွေကတော့ သူတို့နေရာမှာ အခြားသူတွေ အစားထိုးခန့်အပ်ထားတာတွေဟာ ပါတီစည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်မှု မရှိဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် နိုင်ငံအနှံ့မှာရှိတဲ့ ပါတီဗဟိုကော်မတီဝင် ၁၃၆ ဦးရဲ့ လက်မှတ်နဲ့ မူလဗဟိုအလုပ်အမှုဆောင်တွေပါဝင်တဲ့ အရေးပေါ်ညီလာခံတစ်ခု အမြန်ဆုံးခေါ်ယူပေးဖို့ဆိုပြီး ဧပြီ ၂၉ ရက်နေ့က တောင်းဆိုတာပါလို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်ခိုင်ဖြိုးမှာ လက်ရှိတာဝန်ယူထားသူအချို့က လက်မှတ်တွေဟာ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော် သက်တမ်းမကုန်ဆုံးမီ ဇန်နဝါရီလကုန်ပိုင်းက ကောက်ခံခဲ့တာဖြစ်တာကြောင့် တရားမဝင်ဘူးလို့ မီဒီယာအချို့ကို ဖြေကြားထားပါတယ်။

ထုတ်ပယ်ခံရသူတွေကတော့ လက်မှတ်ရေးထိုးခဲ့သူတွေဟာ အရေးပေါ်ညီလာခံခေါ်ယူရေးကိစ္စ ဖြစ်တယ်ဆိုတာကို သိရှိထားတာကြောင့် အကျိုးအကြောင်းခိုင်လုံတယ်လို့ ဒီကနေ့ရှင်းလင်းပွဲမှာ ပြန်လည်ချေပပါတယ်။ လက်မှတ်ကောက်ခံချိန်တုန်းက အစိုးရအာဏာ လွှဲပြောင်းဖို့ရှိတဲ့ကာလမို့ အခြေအနေအချိန်အခါအရ ခေတ္တဆိုင်းငံ့ထားခဲ့တာလို့ သူတို့ကပြောတယ်။

တောင်းဆိုတာမရရင် ဘာဆက်လုပ်မလဲဆိုတဲ့မေးခွန်းကိုေတာ့ “ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း လမ်းဆုံးအောင်လုပ်ပါမယ်” လို့ ထုတ်ပယ်ခံရသူတစ်ဦးဖြစ်တဲ့ ဦးဇော်မြင့်ဖေကဆိုပါတယ်။ မီဒီယာ တွေ့ဆုံပွဲမှာ ဦးဆောင်ရှင်းလင်းသူတွေထဲမှာ ပါဝင်တဲ့ ဦးအေးမောက်နဲ့ ဦးဝင်းသန်းကတော့ ပါတီမှာ နေရာပြန်ရလိုတာကြောင့် အခုလိုတောင်းဆိုနေတာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

“ကိုယ်ဆွဲထားတဲ့ ကိုယ့်စည်းမျဉ်းကို လိုက်နာပြီးတော့မှ အစဉ်အလာကြီးမားတဲ့ ပါတီကြီးပဲဖြစ်စေချင်တယ်” လို့ ဦးဝင်းသန်းကပြောပါတယ်။ ပါတီ အခြေခံဥပဒေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ပါတီညီလာခံဖြစ်တယ်လို့ ပြဋ္ဌာန်းထားတာကြောင့် သူတို့ကို ထုတ်ပယ်ချင်ရင် ပထမအကြိမ် ညီလာခံတုန်းက ရွေးချယ်ထားတဲ့သူတွေ အားလုံးပါဝင်တဲ့ အရေးပေါ် ညီလာခံတစ်ခု ကျင်းပပြီး အဆုံးအဖြတ် ခံယူဖို့လိုတယ်လို့ သူတို့က ရပ်တည်ပြောဆိုနေကြတာပါ။

ထုတ်ပယ်ခံရသူတွေရဲ့ ပြောဆိုချက်အရေတာ့ လက်ရှိအချိန်မှာသူတို့မပါဝင်တဲ့ ညီလာခံတစ်ခုကို ခေါ်ယူဖို့ ပြည်ခိုင်ဖြိုးက လုပ်နေတယ်လို့ သိရပါတယ်။ ဒါဟာ ပါတီရဲ့ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့လည်း သူတို့က ယုံကြည်ထားကြပါတယ်။

“ပထမအကြိမ် ပါတီညီလာခံရဲ့ ဆုံးြဖတ်ချက်နဲ့ ရွေးချယ်ထားတဲ့ ပါတီဗဟိုကော်မတီဝင်နဲ့ အလုပ်အမှုဆောင်များရဲ့ သက်တမ်းဟာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကျမှသာလျှင် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီသက်တမ်းအတွင်းမှာ တရားဝင်လျက်ရှိပါတယ်” လို့ ဦးဇော်မြင့်ဖေက ပြောတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ပြိုင်ဘက် အင်န်အယ်လ်ဒီပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့တာမို့ လက်ရှိအခြေအနေဟာ ပါတီရဲ့ အနာဂတ်အပေါ် ဘယ်လိုသက်ရောက်နိုင်လဲဆိုတဲ့ မေးခွန်းကိုတော့ “ကျန်းမာရေး မကောင်းတော့ဘူး။ ဘေးကကြည့်ရင်တောင် ပေါ်လွင်ထင်ရှားပါတယ်” လို့ ဦးဇော်မြင့်ဖေက ပြောပါတယ်။

ပါတီက ထုတ်ပယ်ခံရသူတွေ ဦးဆောင်တဲ့ ဒီရှင်းလင်းပွဲဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လနောက်ဆုံးပတ်ကပြုလုပ်တဲ့ ပထမအကြိမ်ရှင်းလင်းပွဲမှာ သူတို့တောင်းဆိုတဲ့အချက်တွေကိုလည်း ပါတီကတရားဝင် မတုံ့ပြန်သေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးမှာ လက်ရှိတာဝန်ယူထားသူတွေကို Frontier က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မေးမြန်းလို့ မရသေးပါဘူး။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar