မိတ္ထီလာအား ပြန်လည် ကုစားခြင်း

အသွင်မတူသော လူအုပ်စုနှစ်စု၏ အကြမ်းဖက်မှုများဖြင့် တစ်စစီကြေမွခဲ့ရပြီးနောက် သုံးနှစ်အကြာတွင် မိတ္ထီလာမြို့မှာ ဘာသာပေါင်းစုံအပေါ် နားလည်ရန် အားပေးမြှင့်တင်သော ကြိုးပမ်းမှုများကြောင့် တစ်ဖြည်းဖြည်းခြင်း ပြန်လည် နလန်ထူလာလျက်ရှိသည်။ 

ကျော်ဖုန်းကျော် ရေးသားသည်။

ဓာတ်ပုံများ – ယုယုမြင့်သန်း / အသွင်ကူးပြောင်းမှုအား ပုံဖော်ကြည့်ခြင်း

typeof=

အိမ်နီးချင်းကောင်းများဖြစ်ကြသည့် အစ္စလမ်ဘာသာဝင် မမူရာ (ဝဲဘက်)နှင့် ဗုဒ္ဓဘာသာဝင် မအေးကြည်ဖြူတို့သည် ၂၀၁၃ ခုနှစ် ဘာသာရေးပဋိပက္ခအတွင်း မီးရှို့ခြင်းခံခဲ့ရသော ချမ်းအေးရပ်ကွက်တွင် အိမ်ချင်းကပ်လျက် နေထိုင်ခဲ့ကြသူများဖြစ်သည်။ “ကျွန်မတို့က ဘာတွေဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ သူငယ်ချင်းကောင်းတွေပါ” ဟု ဒေါ်မူယာက ဆိုသည်။ “ကျွန်မတို့မိသားစုနှစ်စုလုံးက မီးဘေးကနေလွတ်မြောက်ဖို့ အတူတကွ ကြိုးစားခဲ့ကြတာပါ။ ကျွန်မတို့ ထွက်ပြေးတဲ့အချိန်မှာ ကြည်ဖြူက ကျွန်မရဲ့  ညီမငယ်လေးကို ချီပြီးပြေးခဲ့တာပါ။ သူကူညီခဲ့တာကို ကျွန်မဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ ဗဟိုဈေးအနီးရှိ မွတ်ဆလင်တစ်ဦးပိုင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဗုဒ္ဓဘာသာဝင်သုံးဦး ဝင်ရောက် ထိုင်လိုက်ကြပြီးနောက် တိတ်ဆက်ငြိမ်သက်စွာ စကားပြောဆိုလျက်ရှိသည်။ ထိုမြင်ကွင်းမှာ ဖုန်ထူသော ကုန်သွယ်ရေးမြို့တွင် ဘာသာမတူသူ လူအုပ်စုနှစ်စုအကြားရှိ အကြမ်းဖက်မှုများကြောင့် တုန်လှုပ်ခြောက်ခြားစေခဲ့ရသည့် လွန်ခဲ့သောသုံးနှစ်အချိန်ခန့်ကမူ တွေးကြည်၍ပင် မဖြစ်နိုင်သော မြင်ကွင်းမျိုးဖြစ်သည်။

အနှီလက်ဖက်ရည်ဆိုင်အတွင်းရှိ ယခုကဲ့သို့သောမြင်ကွင်းမှာ သွေးထွက်သံယိုမှုများကြောင့် ဖြစ်ပွားခဲ့ရသည့် မိတ္ထီလာ လူမှုအသိုင်းအဝိုင်း၏ စိတ်ဒဏ်ရာများအား တစ်ဖြည်းဖြည်းခြင်း ကုစားခဲ့ပြီးဖြစ်သည်ဟု ညွှန်းဆိုခဲ့ခြင်းလည်း ဖြစ်ပေသည်။

မိတ္ထီလာ၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုမှာ မွတ်ဆလင်တစ်ဦးပိုင် ရွှေဆိုင် တစ်ဆိုင်အတွင်း အချင်းများမှုမှတစ်ဆင့် ပဋိပက္ခတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့ရပြီးနောက် သံဃာတော်တစ်ပါး သတ်ဖြတ်ခံရပြီးနောက်တွင်မှု ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။ သုံးရက်ကြာဖြစ်ပွားခဲ့သည့် သွေးထွက်သံယိုမှုတွင် မီးရှို့မှုများနှင့် ဝင်ရောက်လုယက်ခြင်းများဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၃ ဦး သေဆုံးခဲ့ရသည်။ အများစုမှာ မွတ်ဆလင်များဖြစ်ကြပြီး အိမ်များစွာမှာလည်း ပြာကျသွားခဲ့ကာ လူပေါင်း ၁၂,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

typeof=

ဦးသန်းမြင့်ဆွေ (ဝဲဘက်) နှင့် ဦးဘုတ်ကြီးတို့အား တွေ့ရစဉ်။ မွတ်ဆလင်တစ်ဦးဖြစ်သူ ဦးဘုတ်ကြီး၏ အိမ်အား ဗုဒ္ဓဘာသာဝင်များသာ ပါရှိသည့် ဦးသန်းမြင့်ဆွေ၏ ဆောက်လုပ်ရေးအဖွဲ့က တည်ဆောက်ပေးခဲ့သည်။ ၎င်းတို့သည် ၂၀၁၃ ခုနှစ်အတွင်း ပျက်ဆီးသွားခဲ့သော ဦးဘုတ်ကြီး၏အိမ်အား ပြန်လည်ပြင်ဆင်ခဲ့ကြသည်။ “ကျွန်တော်က သူတို့အဖွဲ့နဲ့ အကြိမ်တော်တော်များများ အလုပ်လုပ်ဖူးပါတယ်။ သူ့ကို ကျွန်တော်ယုံတယ်လေ။ အခြားမွတ်ဆလင်တစ်ယောက်ကို ငှားလို့ရပေမယ့် သူက သူငယ်ချင်းကောင်းဆိုလည်းဟုတ်တယ်။ အလုပ်သမားကောင်းဆိုလည်း ဟုတ်တယ်ဆိုတော့ သူ့ကိုပဲငှားဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ဦးဘုတ်ကြီးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူ ၁၀၀,၀၀၀ ခန့်နေထိုင်သော မိတ္ထီလာမြို့မှာ မွတ်ဆလင် အများအပြား နေထိုင်ရာ မြို့တစ်မြို့ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ ကျောက်ပတောင်းနှင့် တောင်ကြီးမြို့တို့၏ လမ်းလေးဂွဆုံမြို့ ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် အရေးပါသော ကုန်သွယ်ရေးဒေသတစ်ခုလည်း ဖြစ်သည်။

“ပဋိပက္ခဖြစ်ပွားပြီး တစ်လလောက်ပဲကြာတဲ့အချိန်မှာ ဘာသာပေါင်းစုံ လှုပ်ရှားဆောင်ရွက်မှုတွေကို ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်” ဟု မွတ်ဆလင်လူမှုအသိုင်းအဝိုင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဆန်းဝင်းရှိန်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် Frontier က တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် မွတ်ဆလင်အမျိုးသားများ ပါဝင်သည့် အဖွဲ့သည် နေအိမ်မီးရှိူ့ခံခဲ့ရသည့် လူမှုအသိုင်းအဝိုင်းနှစ်ခုစလုံးမှ လူပုဂ္ဂိုလ်များနေထိုင်ရာ စခန်းသို့ သွားရောက်လည်ပတ်ခဲ့ကြသည်ဟုလည်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က အိုးမဲ့အိမ်မဲ့တွေနဲ့ စကားပြောခဲ့တယ်။ လိုအပ်တာတွေကို လှူဒါန်းခဲ့တယ်။ လူတွေက ကျွန်တော်တို့ကို [အတူတကွ] တွေ့မြင်ရတဲ့အပေါ်မှာ အံ့သြခဲ့ကြတယ်” ဟုလည်း ၎င်းက ပြောသည်။

ဦးဆန်းဝင်းရှိန်၏ အဆိုအရ လူအုပ်စုနှစ်စုအကြားတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် နှစ်လ၊ သုံးလကြာသည်အထိ တင်းမာမှုများ မြင့်မားခဲ့သည်။

“ခြောက်လလောက် ကြာတဲ့ခါမှာတော့ လူအနည်းငယ်ကလွဲပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့တယ်” ဟုလည်း ၎င်းကဆိုသည်။

တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုမရှိဘူးဆိုရင် ပဋိပက္ခတွေထပ်ဖြစ်ပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားမယ့်အပေါ်မှာ ကျွန်တော်စိုးရိမ်ပါတယ်

typeof=

မိတ္ထီလာရှိ မဘသထောက်ခံသူများက “အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေမူကြမ်း”အား အတည်ပြုခြင်းအတွက် မဘသ၏ အောင်မြင်သောလှုပ်ရှားမှု အထိမ်းအမှတ်တစ်ရပ်အဖြစ် အောင်ပွဲခံအခမ်းအနား ကျင်းပရန် ၂၀၁၅ ခုနှစ်၊ စက်တာဘာလတွင် ပြင်ဆင်ခဲ့ကြသည်။ ထိုဥပဒေလေးခုမှာ မြန်မာမွတ်ဆလင် အသိုင်းအဝိုင်းအား ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ခြင်းခံထားရသည်။

ဦးဆန်းဝင်းရှိန်မှာ မိတ္ထီလာတွင်အခြေစိုက်သည့် ဘာသာပေါင်းစုံ လှုပ်ရှားဆောင်ရွက်မှုများ မြှင့်တင်ရေးအဖွဲ့တစ်ဖွဲ့၏ ဒုဥက္ကဋ္ဌဖြစ်ပြီး အစိုးရက ဖွဲ့စည်းထားသည့် ခရိုင်အဆင့် ဘာသာပေါင်းစုံအဖွဲ့၏ ဒုတိယအတွင်းရေးမှူးလည်း ဖြစ်သည်။

“လူအုပ်စုနှစ်စုအကြားမှာ ကြောက်လန့်မှုတွေနဲ့ မလုံခြုံမှုတွေ တစ်ဝဲလည်လည် ဖြစ်နေခဲ့ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။ “ကျွန်တော့်ရဲ့  အသက် ၈၀ အရွယ်မိခင်ဖြစ်သူကလည်း မိတ္ထီလာ ဇာတိဖွားတစ်ဦးပါ။ သူ့ဘဝမှာ အခုလို အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးပါဘူး” ဟု ၎င်း၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ၏ သားဖြစ်သူ အထက်တန်းကျောင်းသားတစ်ဦးလည်း သေဆုံးခဲ့ရသည့် အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးသွားခဲ့ရသူများအတွက် ကြေကွဲဝမ်းနည်းလျက်ရှိသူ ဦးဆန်းဝင်းရှိန်က ပြောကြားသည်။

အဆိုပါအကြမ်းဖက်မှုသည် မိတ္ထီလာမြို့၏ စီးပွားရေးကို အနှောက်အယှက်ပေးခဲ့ပြီး ဗဟိုဈေးရှိ စီးပွားရေးလုပ်ငန်းများမှာလည်း သုံးပုံနှစ်ပုံခန့် ကျဆင်းသွားခဲ့ရသည်ဟု စိတ်ဒဏ်ရာ နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ သင်တန်းတစ်ခုကို တက်ရောက်နေသည့် မြို့ခံတစ်ဦးဖြစ်သူ ကိုအောင်မျိုးထွဋ်က ဆိုသည်။

အကြမ်းဖက်မှု၏ ရိုက်ခိုက်မှုအား ခံစားရဟန် မရှိသော်လည်း စိတ်ဒဏ်ရာများ ခံစားနေရသူများစွာ ရှိနေသေးဟု ၎င်းကဆိုသည်။

“သေလုမျောပါး ဒဏ်ရာရရခဲ့တဲ့ ကျွန်တော့်အသိ အမျိုးသားတစ်ဦးက လူကြားထဲမှာဆိုရင် သူအဆင်ပြေပါတယ်လို့ ပြောဆိုလေ့ရှိပေမယ့် သူ့ကို သီးသန့် နှစ်သိမ့်ဆွေးနွေးတဲ့အခါမှာ သူတွေ့ကြုံခဲ့ရတာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားပြီး ပြောလေ့ရှိပါတယ်” ဟု ကိုအောင်မျိုးထွဋ်က ပြောကြားခဲ့သည်။

typeof=

အသက် ၃၁ နှစ်အရွယ် မမေဦးခင် (ဝဲဘက်) နှင့် အသက် ၂၃ နှစ်အရွယ် ကိုနိုင်းနိုင်းတို့အား တွေ့ရစဉ်။ ကိုနိုင်းနိုင်းမှာ ၂၀၁၃ ခုနှစ် ပဋိပက္ခအပြီးတွင် မမေဦးခင်နှင့်အတူ အလုပ်လုပ်ခဲ့သည့် ဖက်ရှင်စတိုးဆိုင်သို့ ပြန်လည်သွားရောက် အလုပ်လုပ်ကိုင်ရန် တွန့်ဆုတ်ခဲ့ဖူးသည်။ “ပဋိပက္ခက တစ်ဖက်နဲ့တစ်ဖက်အကြားမှာရှိတဲ့ ယုံကြည်မှုကို ပျက်ဆီးစေခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အလုပ်လုပ်တဲ့နေရာမှာပဲ လုပ်ချင်တော့တယ်” ဟု ၎င်းကဆိုသည်။ ၎င်းသည် ထိုဆိုင်သို့ ယခင်နှစ်က ပြန်လည်သွားရောက်ခဲ့သည်။ မမေဦးခင်နှင့် အခြားသောမွတ်ဆလင်များသည် ၎င်း၏ လိင်ဘဝ ဖြစ်တည်မှုနှင့်ပတ်သက်၍ မိတ္ထိလာရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းထက် ပိုမိုလက်ခံပေးခြင်းကြောင့် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

မိတ္ထီလာမြို့တွင်းရှိ တင်းမာမှု လျော့ကျရေး ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် ၈၈ မျိုးဆက်မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုထိန်လင်းခိုင်က ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြား ဆက်ဆံရေးများ တိုးတက်လာခဲ့ပြီ ဖြစ်သည်ဟုဆိုသည်။

ဥပမာအားဖြင့် ပဋိပက္ခအတွင်း ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသူတစ်ဦးမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး မိတ္ထီလာသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်မှ စတင်ကာ စော်ကားပြောဆိုခံရမှုများ သို့မဟုတ် ဖိနှိပ်ခံရမှုများ ကြုံတွေ့ရခြင်း မရှိခဲ့ဟု ၎င်းက ထောက်ပြခဲ့သည်။

“ကျွန်တော့်အမြင်အရ ပဋိပက္ခရဲ့ အကြောင်းအရင်းက ဘာလဲဆိုတာကို နှစ်ဖက်စလုံးက နားလည်ခဲ့ပြီဖြစ်လို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ်နေပါပြီ” ဟု မွတ်ဆလင်တစ်ဦး ငှားရမ်းထားသည့် နေအိမ်တစ်အိမ်တွင် အလှပြင်ဆိုင် ဖွင့်ထားသည့် ဗုဒ္ဓဘာသာဝင် မိသားစုတစ်စုမှ ကိုထင်လင်းခိုင်က ဆိုသည်။

သို့သော် လတ်တလော တိုးတက်မှုတွင် လူမှုအသိုင်းအဝိုင်းအတွင်းရှိ သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်အတွက် သွယ်ဝိုက်သော ညွှန်းဆိုမှုများလည်း ရှိနေဖွယ်ရှိသည်။

The Voice သတင်းဌာန၏ မိတ္ထီလာအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သူ ကိုကျော်စိုးမိုး၏ အဆိုအရ မဘသ၏ အဖွဲ့ခွဲတစ်ဖွဲ့ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ခြင်းခံထားရသည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီဟု ၎င်းတို့ကို၎င်း ခေါ်ဆိုနေသောအဖွဲ့အား လွန်ခဲ့သောတစ်လခန့်က ဖွဲ့စည်းခဲ့သည်။  မဘသဆိုသည်မှာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဟုဆိုသည့် ဗုဒ္ဓဘာသာ အမျိုးသားရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဝါဒမှိုင်းတိုက်သော စကားများဖြန့်ဖြူးနေသည့် အခမ်းအနားများအား မိတ္ထီလာမြို့၌ တစ်လလျင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ကျင်းပခဲ့သည်ဟုလည်းမိတ္ထီလာဒေသခံများကဆိုသည်။

ထိုအခမ်းအနားများမှာ ဘာသာမတူသူ လူအုပ်စုအကြားတွင် အမုန်းတရားများ ဖြစ်ပေါ်စေခဲ့သည်ဟု ဦးဆန်းဝင်းရှိန်က ပြောဆိုခဲ့သော်လည်း ကိုထိန်လင်းခိုင်၏ အဆိုအရ ထိုအခမ်းအနားများကို စိတ်ဝင်စားသူအရေအတွက်မှာ လျော့ကျသွားခဲ့ပြီးဖြစ်သည်။

မိတ္ထီလာမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ရှုံးနိမ့်ခဲ့ရသည့် ရှားရှားပါးပါး မဲဆန္ဒနယ်တစ်နယ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ်လက ဖြစ်ရပ်မှာ ထိုရလဒ်ကို ဖြစ်ပေါ်စေသော အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ တစ်နေရာကို အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထင်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကမူ မိမိအနိုင်ရရှိပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်ပွားခဲသည့် သွေးထွက်သံယိုမှုက ၎င်းအား “မိတ္ထီလာမြို့ခံတစ်ဦး ဖြစ်ရခြင်းအတွက် အရှက်ရစေခဲ့ရပြီး” နိုဝင်ဘာရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခြင်းမပြုခဲ့ဟု ပြောကြားသည်။

typeof=

မိတ္ထီလာချမ်းအေးမြို့ရှိ အသက် ၃၄ နှစ်အရွယ် ကိုဇော်မင်း (ယာဘက်) နှင့် အသက် ၂၃ နှစ်အရွယ် ကိုဇော်မင်းဦးတို့ကို တွေ့ရစဉ်။ အနီးပတ်ဝန်းကျင်ရှိအိမ်များမှာ ၂၀၁၃ ခုနှစ် ပဋိပက္ခများအတွင်းတွင် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ယခုအခါတွင် အိမ်အသစ်များအား အစိုးရ၏ အထောက်အကူ တစ်စိတ်တစ်ဒေသအပါအဝင် ဘာသာရေးအဖွဲ့များ၏ အကူအညီဖြင့် တည်ဆောက်လျက်ရှိသည်။ “ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေက ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ချမ်းအေးရပ်ကွက်ထဲမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတာပါ” ဟု ကိုဇော်မင်းက ဆိုသည်။ ကိုဇော်မင်းဦးကလည်း “အစတုန်းကတော့ ကျွန်တော့်ရဲ့ မွတ်ဆလင်သူငယ်ချင်းတွေနဲ့ အရင်တုန်းကလိုမျိုး ခြင်းလုံးကစားဖို့ တွန့်ဆုတ်သွားခဲ့ရတယ်။ [ဒါပေမယ့်] ကိုဇော်မင်းက ကျွန်တော့်လိုပဲ ခြင်းလုံးခတ်တာ အရမ်းဝါသနာကြီးတယ်။ ကျွန်တော်တို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ တက်တူးဆိုလည်း သူရော ကျွန်တော်ရော နှစ်ယောက်လုံး ဝါသနာ ပါပါတယ်” ဟု ပြောကြားခဲ့သည်။

မိတ္ထီလာမြို့တွင် ရှုံးနိမ့်ခဲ့ရသည့် အခြားသူတစ်ဦးမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် ဒေါ်ခင်ဝိုင်းကြည်ပင် ဖြစ်သည်။ ၎င်းမှာ ယခင်က ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) အား ကိုယ်စားပြုခဲ့ပြီး ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေအား လွှတ်တော်တွင် အဆိုပြုခဲ့သူဖြစ်သည်။

မိတ္ထီလာမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးနိမ့်ခဲ့ရခြင်းအတွက် အကြောင်းရင်းအမျိုးမျိုး ပေါ်ထွက်ခဲ့သည်။

ကိုကျော်စိုးမိုးကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိတ္ထီလာရှိ မဲရုံများတွင် အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပါက တိုင်းပြည်အား မွတ်ဆလင်များ လွှမ်းမိုးသွားလိမ့်မည်ဆိုသော အန်(န်)အယ်လ်ဒီ ဆန့်ကျင်ရေးလှုပ်ရှားမှု၏ လွှမ်းမိုးမှုကို ကျေးလက်ဒေသများရှိ မဲဆန္ဒရှင်များ ခံခဲ့ရသည်ဟု ၎င်းက ယုံကြည်ထားသည်။

ကိုထိန်လင်းခိုင်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးလှုပ်ရှားမှုမှာ ထိရောက်မှုမရှိသောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်နှင့်ပတ်သက်၍ မိတ္ထီလာမြို့တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးအား ဖြေကြားခဲ့သူများအားလုံးက ထိုအကြမ်းဖက်မှုအား ရည်ရွယ်ချက်ရှိရှိ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

 “ဒီပဋိပက္ခနောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့ ပဉ္စလက် လက်တစ်ချောင်းရှိပါတယ်” ဟု အကြမ်းဖက်မှု ဖြစ်ပွားနေစဉ် မိမိ၏ ကျောင်းပရဝုဏ်အတွင်း၌ မွတ်ဆလင် ၈၀၀ ခန့်အပါအဝင် လူပေါင်း ၁,၀၀၀ ကျော် ခိုလှုံနိုင်ရန် နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ချီးမွှမ်းခံခဲ့ရသည့် ဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားခဲ့သည်။  

အကြမ်းဖက်မှုများမဖြစ်ပွားမီအချိန်က မိတ္ထီလာရှိ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အသိုင်းအဝိုင်းအကြား မိသားစုဝင်များကဲ့သို့ အတူကွနေထိုင်ခဲ့ကြသည်ဟု ဆရာတော်က မိန့်ကြားသည်။

“သူတို့က [မွတ်ဆလင်များ] ဒီနေရာမှာ ရာစုနှစ်များစွာ နေထိုင်ခဲ့ကြတာပါ” ဟုလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

“ပုံမှန်အခြေအနေ တစ်ရပ်မှာဆိုရင် ပဋိပက္ခဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဖြစ်ရတဲ့ အကြောင်းအရင်းကလည်း ရည်ရွက်ချက်ရှိရှိ လုပ်ခဲ့လို့ပါ” ဟု ဆရာတော်က မှတ်ချက်ပြုခဲ့သည်။

နှစ်ဖက်စလုံးမှ လူပုဂ္ဂိုလ်များအတွက် မိမိကျောင်းဝင်းထဲတွင် နေရာထိုင်ခင်းစီစဉ်ပေးပြီးနောက် နာရီပိုင်းမျှအကြာတွင် အတူတကွ စကားပြောဆိုခြင်းများနှင့် စားနပ်ရိက္ခာများ ဝေမျှ စားသောက်ခဲ့ရသည်ဟုလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

ပညာရေးမှာ နားလည်မှုတည်ဆောက်ခြင်းနှင့် ပဋိပက္ခရှောင်ရှားခြင်းအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟုလည်း ဆရာတော်က မှတ်ချက်ပြုခဲ့သည်။ ဆရာတော်မှာ မိတ္ထီလာမြို့ရှိ ဗုဒ္ဓဘာသာ၊ မွတ်ဆလင်၊ ခရစ်ယာန်နှင့် ဟိန္ဒိူအသိုင်းအဝိုင်းမှ ကလေး ၁၅ ဦးစီအား အတူတကွ ပညာသင်ပေးခြင်းကိုလည်း အခြားဘာသာရေး ခေါင်းဆောင်များနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။

တင်းမာမှုများ လျော့ကျသွားပြီဖြစ်သော်လည်း အကြမ်းဖက်မှုဖြစ်စဉ်အတွင်း လူများစွာကြုံတွေ့ခဲ့ရသည့် စိတ်ဒဏ်ရာများမှ ပြသနေသည်မှာ ၎င်းတို့အနေဖြင့် ပုံမှန်ဘဝများသို့ ပြန်လည်ရောက်ရှိနိုင်ဖွယ် နည်းပါးသည်ဟူ၍ပင် ဖြစ်သည်။

လူမှုအသိုင်းအဝိုင်းအတွင်း အပြန်အလှန် နားလည်မှုကို အားပေးမြှင့်တင်ရန်ပြုလုပ်သည့် ဘာသာပေါင်းစုံ လှုပ်ရှားမှု အကြောင်းအား လက်ဖက်ရည်ဆိုင်တွင် ဦးဆန်းဝင်းရှိန်က Frontier ကို ပြောကြားနေသည့် စကားဝိုင်းသို့ အခြားမိတ္ထီလာ မြို့ခံတစ်ဦးဖြစ်သည့် ကိုမင်းအောင်လည်း ဝင်ရောက်လာသည်။

“တစ်ဖက်နဲ့ တစ်ဖက်အကြားမှာ ရန်ငြိုးအချို့ ရှိနေတုန်းပါပဲ” ဟု မငြိမ်မသက်မှုအတွင်း တိုက်ခိုက်ခံခဲ့ရသည့်အတွက် ဦးခေါင်းတွင် ဒဏ်ရာရရှိကာ ဆေးရုံတွင် ကုသမှု ခံခဲ့ရသည့် ကိုမင်းအောင်က ဆိုသည်။ ဆေးရုံတွင် ၎င်းရှိနေခြင်း၏ အကျိုးဆက်များကို ဝန်ထမ်းများက ကြောက်လန့်နေသည့်အတွက် ကုသမှုခံယူပြီးနောက်တွင် ဆေးရုံမှ ထွက်သွားပေးရန် ပြောကြားခြင်း ခံခဲ့ရသည်ဟုလည်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

မြို့နေလူထုသည် မငြိမ်မသက်မှုများ ပေါ်ပေါက်စေမည့် အခြားမတော်တဆဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည့်အပေါ်တွင်လည်း စိုးရိမ်ပူပန်လျက်ရှိသည်ဟု ကိုမင်းအောင်က ဆိုသည်။

“တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုမရှိဘူးဆိုရင် ပဋိပက္ခတွေထပ်ဖြစ်ပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားမယ့်အပေါ်မှာ ကျွန်တော်စိုးရိမ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar