ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း ထားဝယ်စီးပွားရေးဇုန်ကိစ္စ ဆွေးနွေးဖွယ်ရှိ

ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်ကြာ ထိုင်းနိုင်ငံသို့ ခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကိစ္စအား ဆွေးနွေးမည်ဟု ထိုင်းမီဒီယာများက ရေးသားထားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ဇွန် ၂၃ မှ ၂၅ ရက်နေ့အထိ တရားဝင်ခရီး သွားရောက်မည် ဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် အခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ထိုင်းနိုင်ငံက ဆွေးနွေးသွားမည်ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak ကို ကိုးကားကာ ဘန်ကောက်ပို့စ်သတင်းစာက ဇွန် ၁၆ ရက်နေ့က ရေးသားထားသည်။

ထို့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကိစ္စများ ကိုင်တွယ်ရန်အတွက် နှစ်နိုင်ငံ အဆင့်မြင့် ပူးတွဲ ကိုယ်စားလှယ်အဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။

“ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မြန်မာအစိုးရသစ်က ဆက်လက်ဆောင်ရွက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံလုံးရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလို့ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“ဒီရေနက်ဆိပ်ကမ်း ပြီးစီးသွားတာနဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံအတွက်တင် မကပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးတွေကိုပါ တိုးတက်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားရှိနေသည့် Sumut Sakhon သို့လည်း သွားရောက်မည်ဖြစ်သည်ဟု Pattaya Mail သတင်းစာက ရေးသားထားသည်။

၎င်းသည် ဒေသတွင်းရှိ မြန်မာအလုပ်သမားများနှင့် ဇွန် ၂၃ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည်ဟု ဒုတိယအုပ်ချုပ်ရေးမှူး Niwat Rungsakhon က သတင်းစာကို ပြောကြားသည်။

အဆိုပါဒေသတွင် မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၂၂,၇၅၇ ဦးရှိပြီး ဒေါ်အောင်ဆန်းစုကြည်က နေရာနှစ်နေရာသို့ သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့် ခရီးစဉ်နှင့် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံပွဲအား အစစအရာရာ စနစ်တကျ ရှိနေစေရေးအတွက် အသေးစိတ်ပြင်ဆင်ပြီး ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်ပါ အစီအမံများ ဆောင်ရွက်ထားပြီးဖြစ်သည်ဟု Niwat Rungsakhon က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် မေလနှောင်းပိုင်းတွင် ထိုင်းနိုင်ငံသို့ ငါးရက်ကြာ သွားရောက်ခဲ့သည်။ ထိုခရီးသည် ၂၄ နှစ်အတွင်း ၎င်း၏ ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာလုပ်သားများကလည်း ၎င်းကို တခဲနက် ကြိုဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေကြသူ မြန်မာအလုပ်သမား သုံးသန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။

ယခုခရီးစဉ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရရှိပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယမြောက် ပြည်ပခရီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးထင်ကျော်နှင့်အတူ မေလအတွင်းက လာအိုနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.