ဒေါ်လာသန်း ၃၈၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၂၆

အမေရိကန်ဒေါ်လာ သန်း ၃၈၅ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ကျင်းပသည့် ဖမ်းမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် တရားဝင် အခမ်းအနားသုံးခုတွင် ဖျက်ဆီးခဲ့သည်ဟု အဆင့်မြင့် ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် စုစုပေါင်းတန်ဖိုး ဒေါ်လာ သန်း ၂၂၀ တန်ဖိုးရှိသည့် ဘိန်း၊ ဟီးရိုးအင်း၊ ကိုကိန်းနှင့် စိတ်ကြွဆေးပြားများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

“ကျွန်တော်တို့ စံချိန်တင် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တွေမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ ပိုမိုလုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်” ဟု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ ဦးမျိုးကြည်က အေအက်ဖ်ပီကို ပြောကြားသည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် အခမ်းအနားသည် မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပသည့် ဖမ်းမိမူးယစ်ဆေးဝါးများ ဖျက်ဆီးသည့် အခမ်းအနားများအနက် အကြီးဆုံး အခမ်းအနားဖြစ်သည်။

မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကလည်း မူးယစ်ဆေးဝါးများ ဖျက်ဆီးသည့် အခမ်းအနားကို ရှမ်းပြည်နယ်၊ ပုံပါကျင်ရှိ ကျေးရွာတစ်ခုတွင် ယနေ့ကျင်းပခဲ့ကြသည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိကပ်နေသည့်နေရာတွင် အင်အား ၂၅,၀၀၀ ခန့်ရှိသည့် ကိုယ်ပိုင်စစ်တပ်ကို ဖွဲ့စည်းကာ အုပ်ချုပ်နေသည့် UWSA က မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်မှုများတွင် ၎င်းတို့ ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကို အမြဲ ငြင်းဆိုလေ့ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ထုတ်လုပ်မှုအပြင် ပြည်တွင်း၌ မူးယစ်ဆေးဝါး သုံးဆွဲသူ များပြားလာခြင်းကိုလည်း စိန်ခေါ်မှုတစ်ခုအဖြစ် ရင်ဆိုင်လာရသည်။

စိတ်ကြွဆေးထုတ်လုပ်မှုများ တိုးပွားလာသည်ဟု လေ့လာသူများက ပြောကြားကြပြီး လက်နက်ကိုင်အုပ်စုများကလည်း ၎င်းတို့ထုတ်လုပ်သည့် စိတ်ကြွဆေးပြားများအား ပြည်ပသို့ တင်ပို့ခြင်းအပြင် ပြည်တွင်းရှိ သုံးဆွဲသူများထံကိုလည်း ဦးတည်ကာ ဈေးကွက်ရှာဖွေလာကြသည်။

၂၀၁၆ ခုနှစ်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် တပ်မတော်အရာရှိများအပါအဝင် မူးယစ်ဆေးဝါးအမှုဖြင့် လူပေါင်း ၁၃,၅၀၀ ကျော်ကို အရေးယူခဲ့ရာ ၂၀၁၅ ခုနှစ်ကထက် နှစ်ဆကျော် များပြားလာခြင်းဖြစ်သည်ဟု အေအက်ဖ်ပီက ၎င်းတို့ ရရှိသည့် စာရင်းများကို ကိုးကား ရေးသားထားသည်။

“၂၀၀၆ ခုနှစ်ကနေစတင်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုက နှစ်စဉ်တိုးလာနေပါတယ်” ဟု ရဲမှူးကြီးဝင်းနိုင်က ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar