ဒေသအစိုးရတွေ အခွန်ကောက်ခံဖို့ နည်းပညာက ကူညီပေးနေ

စည်ပင်ခွန်တွေကို ကွန်ပျူတာအသုံးပြုပြီး စနစ်တကျနဲ့ မှန်ကန်မြန်ဆန်စွာ ကောက်ခံနိုင်ဖို့ ရှေ့ပြေးစီမံကိန်းအဖြစ်နဲ့ ဆောင်ရွက်နေတဲ့ မြို့လေးမြို့ထဲမှာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးလည်း ပါဝင်ပါတယ်။

ထွန်းခိုင် ရေးသားသည်။

“အခုဆိုရင် လူတွေက ရေမသုံးဘူးဆို ရေဘားတွေပိတ်ထားကြတဲ့ အကျင့်ရနေပြီ”လို့ တောင်ကြီးမြို့က ရေမီတာ ဘားတွေကို လက်ညှိုးထိုးပြရင်း ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနက  ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးဌေးမောင်က ပြောပါတယ်။

အရင်ကဆိုရင် ဒီရေဘားတွေကို ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ဖွင့်ထားတတ်ပြီး ကန်တွေမှာ ရေပြည့်နေလည်း လူတွေက ရေဘားကိုပိတ်ထားကြဖို့ သတိမေ့နေတတ်တယ်လို့ ဦးဌေးမောင်ကပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရရုံးစိုက်တဲ့ တောင်ကြီးမြို့နယ်မှာ နွေဆိုရင်ရေရှားပါးတဲ့ ပြဿနာကို နှစ်တိုင်းရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ရေသုံးစွဲတဲ့သူတွေဟာ ဘယ်လောက်သုံးသုံး တစ်လကို ၂,၀၀၀ ကျပ်ဝန်းကျင်ပဲ ပေးဆောင်ခဲ့ရပါတယ်။

ရေမီတာတွေတပ်ထားပေမယ့် သုံးသုံး၊ မသုံးသုံး ပုံသေ၂,၀၀၀ ကျပ် သတ်မှတ်ကောက်ခံတာကြောင့် ရေသုံးစွဲတဲ့သူတွေက ရေမီတာဘားတွေမှာ နံပါတ်တွေ တက်နေခဲ့တာကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ကြပါဘူး။

ရေကန်ထဲမှာ ရေပြည့်နေလည်း ရေဘားကို ဆက်ပြီးဖွင့်ထားခဲ့တာကြောင့် အစိုးရအစီအစဉ်နဲ့ ဖြန့်ဝေပေးနေတဲ့ ရေတွေဟာ တစ်စုံတစ်ယောက်မှ အသုံးမပြုရဘဲ မြေကြီးထဲကို ပြန်လည်စိမ့်ဝင်သွားခဲ့ပါတယ်။

ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီက ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ၂၀၁၆ ခုနှစ်မှာ စတင်ပြီး ကြိုးစားပါတော့တယ်။ ဒီအတွက် နည်းပညာအခြေခံတဲ့ စောင့်ကြည့်မှုစနစ်တစ်ခုကို ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်ဝက်မှာ သူတို့ စပြီး စမ်းသပ်ခဲ့ပါတယ်။

အဲဒါကတော့ ရေသုံးစွဲတဲ့သူတွေဆီကို စည်ပင်ဝန်ထမ်းတွေကိုယ်တိုင် သွားရောက်စေပြီး ရေမီတာဖတ်တဲ့ စနစ်ကို Application တစ်ခုအသုံးပြု မှတ်တမ်းတင်တဲ့စနစ် ဖြစ်ပါတယ်။

ရေမီတာကောက်ခံဖို့ အပလီကေးရှင်းအသုံးပြုနေတဲ့ တောင်ကြီးမြို့က စည်ပင်ဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ-တေဇလှိုင်

ရေမီတာကောက်ခံဖို့ အပလီကေးရှင်းအသုံးပြုနေတဲ့ တောင်ကြီးမြို့က စည်ပင်ဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ-တေဇလှိုင်

လူတွေရေဘယ်လောက် သုံးစွဲသလဲဆိုတာကို မီတာဖတ်ပြီး ပိုက်ဆံကောက်တဲ့စနစ်ဟာ အခြားနိုင်ငံတွေမှာ မထူးဆန်းတဲ့ သမရိုးကျကိစ္စတစ်ခု ဖြစ်နိုင်ပေမဲ့ မြန်မာနိုင်ငံအတွက်တော့ အတော်လေးထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

အိမ်ခြေ ၂၅,၀၀၀ လောက်ရှိတဲ့ တောင်ကြီးမြို့မှာ ရေမီတာကောက်ခံဖို့အတွက် ဝန်ထမ်းတွေဟာ ရက်ပေါင်းများစွာ ကြာမြင့်အောင် ပြင်ဆင်ရပါတယ်။

အခွန်ဆောင်စေဖို့အတွက် အိမ်တစ်အိမ်ကို နှိုးဆော်စာ၊ ပြေစာနဲ့ ရုံးလက်ခံစာရွက်ဆိုပြီး သုံးရွက်စီလိုအပ်တဲ့အတွက် အိမ်ခြေ ၂၅,၀၀၀ အတွက် စာရွက် ၇၅,၀၀၀ ကို လက်နဲ့ ရေးဖြည့်ဖို့ လိုပါတယ်။

“ဘဏ္ဍာနှစ်ရဲ့ခြောက်လအတွင်းမှာ သုံးလလောက်က ဒီစာရင်းတွေပဲ ရေးနေရတယ်”လို့ ရှမ်းပြည်နယ်၊ စည်ပင် သာယာရေးကော်မတီက အမှုဆောင်အရာရှိ ဦးအေးကိုက ပြောပါတယ်။

သူတို့အလုပ်ချိန်အများစုကို စာရွက်စာတမ်းတွေနဲ့ပဲ အချိန်ကုန်ခဲ့ရတဲ့ ဝန်ထမ်းတွေဟာ ရေမီတာတွေ သွားဖတ်ဖို့အတွက် အချိန်လုံလုံလောက်လောက် မရရှိခဲ့ကြပါဘူး။ စနစ်သစ်မှာတော့ ဝန်ထမ်းတွေဟာ ရေမီတာတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ကြီးကြပ်သူအရာရှိဆီကို ပို့ဆောင်ကြရပါတယ်။  

အဲဒီအချက်အလက်တွေကို ကြီးကြပ်တဲ့အရာရှိက ကွန်ပျူတာမှာစာရင်းသွင်းပြီး အရင်ကလက်ရေးနဲ့ရေးတဲ့ စာရွက်တွေအစား ကွန်ပျူတာနဲ့ ပရင့်ထုတ်ပြီး ပြန်လည်ဖြန့်ဝေ နှိုးဆော်တဲ့စနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။

ဒီစနစ်ထဲမှာ ရေခွန်(Water meter)အပြင် အခြားအခွန်တွေဖြစ်တဲ့ ပစ္စည်းခွန်(User Fees)၊ စီးပွားရေးလိုင်စင်ခွန် (Business License)၊ ဈေးခွန်(Market License)၊ ဘီးခွန်(Wheel tax)နဲ့ ကြော်ငြာခွန်(Advertising Tax) တို့ ကောက်ခံဖို့အတွက်ပါ အသုံးပြုပါတယ်။

“(လူတွေစိတ်ထဲ)မသမာမှု လုပ်သလားဆိုတဲ့ သံသယပျောက်သွားတယ်။ ပြေစာမှာ လက်ရေးနဲ့ ဖြည့်တာ မပါတော့ဘူး”လို့ ဦးအေးကိုက ပြောပါတယ်။

ပြောင်းလဲလိုက်တဲ့စနစ်သစ်ကြောင့် ဝန်ထမ်းတွေ မရိုးမသားလုပ်သလားဆိုတဲ့ သံသယချုပ်ငြိမ်းသွားသလို စည်ပင်ကိုအသိမပေးဘဲ အဆောက်အအုံတွေ တိုးချဲ့တာ၊ ရေတွေ ခိုးယူသွယ်တန်းတာတွေကိုလည်း စောင့်ကြည့်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ဥပမာအားဖြင့် အဆောက်အအုံတွေအပေါ် ကောက်ခံတဲ့ ပစ္စည်းခွန်ဟာ စတင်ကောက်ခံချိန်မှာ ခြံဝန်းအတွင်းမှာရှိတဲ့ အိမ်တွေကို မိုဘိုင်းဖုန်း ဒါမှမဟုတ် တပ်ဘလက်နဲ့ ဓာတ်ပုံရိုက်ကူးထားပြီး သိမ်းဆည်းထားတဲ့စနစ်ကို ကျင့်သုံးထားတယ်လို့ ဦးအေးကိုက ပြောပါတယ်။

နောက်ခြောက်လအကြာ ပြန်လည်ကောက်ခံတဲ့အချိန်မှာ စည်ပင်ကိုအသိမပေးဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဓာတ်ပုံမှတ်တမ်းနဲ့ အလွယ်တကူ တိုက်ဆိုင်စစ်ဆေးနိုင်တယ်လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ်၊ စည်ပင် သာယာရေးကော်မတီက အမှုဆောင်အရာရှိ ဦးအေးကို။ ဓာတ်ပုံ- တေဇလှိုင်

ရှမ်းပြည်နယ်၊ စည်ပင် သာယာရေးကော်မတီက အမှုဆောင်အရာရှိ ဦးအေးကို။ ဓာတ်ပုံ- တေဇလှိုင်

ကွန်ပျူတာစနစ် ပြောင်းလဲသုံးစွဲတဲ့နောက်ပိုင်းမှာ ဝန်ထမ်းတွေဘက်က ပြည်သူတွေဆီ အခွန်အမှန်တကယ် သွားရောက် ကောက်မကောက်ဆိုတာကိုလည်း စောင့်ကြည့်နိုင်ခဲ့ပြီး အခွန်ရတဲ့နှုန်းလည်း တိုးလာတယ်လို့ သူက ဆက်ပြောပါတယ်။

ရှမ်းပြည်နယ် စည်ပင် သာယာရေးကော်မတီရဲ့ တရားဝင်စာရင်းဇယားတွေအရ ကွန်ပျူတာစနစ်နဲ့ ကောက်ခံခဲ့အပြီးမှာ အဆောက်အအုံတွေအပေါ် ကောက်ခံတဲ့ ပစ္စည်းခွန် ၁ ဒသမ ၇ ရာခိုင်နှုန်းလောက် ပိုရလာတယ်လို့ ဆိုပါတယ်။

“အရင် ကျပ် ၂၀၀၀ စီပဲ ကောက်နေတဲ့ရေခွန်ဆိုရင် တချို့ဆို သိန်းဂဏန်းအထိ ဆောင်ရတာရှိတယ်။ ဒါကို သုံးတဲ့သူတွေက မငြင်းဘူး ပေးဆောင်တယ်။ သူတို့တကယ်သုံးတယ်ဆိုတာ စက်မှာပေါ်နေတာပဲ”လို့ ဦးအေးကိုကပြောပါတယ်။

တကယ်တော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေအတွက် စည်ပင်ကကောက်ခံတဲ့ အခွန်မှန်မှန်ကန်ကန် ရရှိဖို့က အတော်လေးအရေးပါ ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေအရ စည်ပင်သာယာရေးအဖွဲ့တွေဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

နောက်ပြီး ပြည်ထောင်စုအဆင့်ဆီကနေ အပြည့်အဝ ရန်ပုံငွေအမှီအခိုကင်းတဲ့ အဖွဲ့အစည်းဖြစ်ပြီး ကိုယ်ကောက်ခံရရှိတဲ့ အခွန်ငွေကို ကိုယ်တိုင် ပြန်လည်စီမံခန့်ခွဲခွင့်လည်းရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီရရှိတဲ့အခွန်ငွေတွေကနေပဲ မြို့အတွက် အမှိုက်သိမ်းတာ၊ ရေပေးဝေတာ၊ ပန်းခြံတွေ ပြုပြင်တိုးချဲ့တာ စတဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေကို ဗဟိုအစိုးရကို မှီခိုစရာမလိုဘဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက လုပ်ခွင့်ရကြတာ ဖြစ်ပါတယ်။

“စည်ပင်သာယာရေးလုပ်ငန်းတွေ မြို့အတွက် တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ပထမဦးဆုံး ဝင်ငွေများများ ရဖို့လိုတယ်”လို့  ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီက အမှုဆောင်အရာရှိ ဦးအေးကိုကပြောပါတယ်။

ဒီအတွက် အခွန်ငွေ မှန်မှန်ကန်ကန်ရအောင် နည်းပညာကိုအသုံးပြုပြီး ကောက်ခံဖို့က အရေးပါလာပြီလို့ သူက ဆိုပါတယ်။

လက်ရှိအချိန်မှာ ကွန်ပျူတာစနစ်အသုံးပြုပြီး အခွန်ငွေကောက်တဲ့စနစ်ကို ရှမ်းပြည်နယ် တောင်ကြီး၊ ကရင်ပြည် နယ် ဘားအံနဲ့ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်နဲ့ မြောင်းမြမြို့တွေမှာ စတင်မိတ်ဆက်နေပြီလို့ နည်းပညာ အထောက်အကူ ပေးနေတဲ့ KOE KOE TECH က ဒေါ်ပပထွန်းက ပြောပါတယ်။

အာရှဖောင်ဒေးရှင်း (Asia Foundation) က ငွေကြေးထောက်ပံ့ပေးထားပြီး “Myan Khon”လို့ အမည်ပေးထားတဲ့ ဒီစနစ်ကို အခြားမြို့တွေမှာလည်း မိတ်ဆက်ဖို့ ကြိုးစားနေတယ်လို့ ဒေါ်ပပထွန်းက ဆက်လက် ပြောကြားပါတယ်။

ဒီစနစ်ဟာ အခွန်တွေကို စနစ်တကျ စည်းကျပ်ဖို့ တစ်ခုတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း ရည်ရွယ်တယ်လို့ ဦးအေးကိုက ပြောပါတယ်။

တောင်ကြီးမြို့ မြင်ကွင်း။ ဓာတ်ပုံ-တေဇလှိုင်

တောင်ကြီးမြို့ မြင်ကွင်း။ ဓာတ်ပုံ-တေဇလှိုင်

ရေသုံးစွဲတဲ့ အချက်အလက်တွေ၊ အမှိုက်စွန့်ပစ်တဲ့ အချက်အလက်စတာတွေကို မြေပုံကနေ မှတ်တမ်း တင်ထားနိုင်ပြီး ဘယ်နေရာကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်မယ်ဆိုတာကို အလွယ်တကူ ဆုံးဖြတ်နိုင် လာမယ်လို့ သူက မျှော်လင့်နေပါတယ်။

ဒါပေမဲ့ အရာအားလုံးကတော့ လွယ်လင့်တကူနဲ့ ပြောင်းလဲနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ကွန်ပျုတာတွေကိုတီထွင်ပြီး စာရွက်စာတမ်းတွေနေရာမှာ နည်းပညာနဲ့ ဆော့ဝဲလ်တွေ နေရာယူလာတာ ကမ္ဘာပေါ်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်ပေမယ့် တစ်နိုင်ငံလုံးလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က လျှပ်စစ်မီးမရတဲ့ မြန်မာနိုင်ငံအတွက်တော့ နည်းပညာဟာ အသစ်အဆန်းတစ်ခုဖြစ်နေဆဲပါ။

အစိုးရရုံးတွေမှာ ကိုလိုနီခေတ်က စနစ်တွေအတိုင်း ထောင်နဲ့ သောင်းနဲ့ချီတဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေကို လက်ရေးနဲ့ ရေးမှတ်နေဆဲဖြစ်ပြီး အစိုးရဝန်ထမ်းတွေဟာလည်း အခြေခံ ကွန်ပျုတာကိုယ်တွယ်နည်းလို နည်းပညာပိုင်းဆိုင်ရာတွေမှာ အားနည်းနေဆဲဖြစ်ပါတယ်။

“ကွန်ပျူတာသုံးတတ်တဲ့ ဝန်ထမ်းတွေဆို သိပ်အခက်အခဲမရှိဘူး။ မသုံးတတ်တဲ့သူတွေကျ အစက ပြန်သင်ပေးရတာတွေ ရှိတာပေါ့”လို့ ဒေါ်ပပထွန်းက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နေပြည်တော်ကို မမှီခိုရတဲ့ တစ်ခုတည်းသောလုပ်ငန်းဖြစ်တဲ့ စည်ပင်သာယာ အခွန်အခတွေကို မှန်မှန်ကန်ကန် ကောက်ခံပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက် ဒါဟာ စတင်ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်။

“ဖြစ်နိုင်တယ်ဆို အွန်လိုင်းကတောင် အခွန်ဆောင်ဖို့ထိ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ တစ်ဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ကြိုးစားနေပါတယ်”လို့ ဦးအေးကိုက ပြောပါတယ်။ 

ခေါင်းစီးဓာတ်ပုံ- အပလီကေးရှင်းကို စမ်းသပ်နေသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.