A man shows his inked finger after voting at a polling station in Muse, northern Shan State, on November 8. (Phyo Maung Maung | AFP)
နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲနေ့တွင် မဲပေးအပြီးမင်တို့ထားသည့်လက်သန်းကို ပြသနေသော မူဆယ်မြို့ခံတစ်ဦးကို မြင်တွေ့ရစဉ်။ (ဖြိုးမောင်မောင် | အေအက်ဖ်ပီ)

လူများစုပါတီ ထွက်ပေါ်မလာခဲ့တဲ့ ရှမ်းလွှတ်တော်မဲရလဒ်

နိုဝင်ဘာရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် ရှမ်းပြည်နယ်အတွင်း နေရာအချို့တွင် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားပါတီများနှင့်သာ ပူးပေါင်းပါက ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင်သည့် အနေအထားပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ သို့တိုင် ရွေးကောက်ပွဲအလွန်ကာလကိုမူ ရွေးကောက်ခံအမတ်တစ်ဦးအသတ်ခံရခြင်းနှင့် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကန့်ကွက်မှုများက လွှမ်းမိုးခဲ့သည်။

ဟိန်းသာ ရေးသားသည်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းက မဲရလဒ်များကမူ လွန်ခဲ့သော ၂၀၁၅နှင့် နှိုင်းယှဉ်ပါက ကြီးကြီးမားမား အပြောင်းအလဲမရှိခဲ့ပေ။

အတွင်းကျကျ လေ့လာသုံးသပ်ကြည့်ပါက အခြေအနေမှာ ထင်ထားသည်ထက် ပို၍ရှုပ်ထွေးနေသည်။ ပြည်ထောင်စုအဆင့်လွှတ်တော်များအတွက် ရှမ်းပြည်နယ်အတွင်းက မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီ အနိုင်ရရှိသည့် နေရာအရေအတွက်သည် ၂၀၁၅နှင့်ယှဉ်လျှင် ယခုနှစ်တွင် အနည်းငယ်သာပိုခဲ့သည်။ သို့သော် အင်န်အယ်လ်ဒီပါတီသည် ယခုနှစ်တွင် အင်အားချိန်ခွင်လျှာညှိ၍ ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်နိုင်သည်အထိ ပြည်နယ်မဲဆန္ဒနယ်အများအပြားတွင် အနိုင်ရရှိခဲ့သည်။

 ၂၀၂၁၊ ဖေဖော်ဝါရီလတွင် လွှတ်တော်အသစ်များ စတင်သည့်အခါ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများအတွက် ယခုအနိုင်သည် ပို၍အရေးပါလာဖွယ်ရှိသည်။

မြန်မာနိုင်ငံတွင် လွှတ်တော်ဥက္ကဋ္ဌကို ရွေးကောက်ခံကိုယ်စားလှယ်များအနက်က တစ်ဦးအား မဲပေး၍တင်မြှောက်ရသည်။ သို့ဖြစ်ရာ မဲဆန္ဒနယ်၅၀ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သည့် မည်သည့်ပါတီ သို့မဟုတ် မည်သည့်နိုင်ငံရေး အစုအဖွဲ့ကမဆို လွှတ်တော်ဥက္ကဋ္ဌကို အလွယ်တကူတင်မြှောက်နိုင်သည်။

လွန်ခဲ့သည့်ငါးနှစ်ခန့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲတွင် နေရာအချို့ကို အနိုင်ရရှိခဲ့သည်။​ ယင်းနေရာအချို့နှင့် ပြည်နယ်လွှတ်တော်အတွင်းက ဖွဲ့စည်းပုံအရပါဝင်သည့် တပ်မတော်သားကိုယ်စားလှယ် သုံးပုံတစ်ပုံနှင့် ပေါင်းလိုက်သောအခါ လွှတ်တော်ဥက္ကဋ္ဌကိုသာမက ဒုတိယဥက္ကဋ္ဌကိုပါ စိတ်ကြိုက်ရွေးချယ်နိုင်ခဲ့သည်။

ယခုနှစ် နိုဝင်ဘာ၈ရက်၊ ရွေးကောက်ပွဲတွင်မူ အင်န်အယ်လ်ဒီက ပြည်ခိုင်ဖြိုးပါတီထက် ရှမ်းပြည်နယ်လွှတ်တော်အတွက် နေရာပိုမိုအနိုင်ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်နှင့်သာ ပူးပေါင်းပါက နေရာအများစုထိန်းချုပ်၍ လွှတ်တော်ဥက္ကဋ္ဌကို စိတ်ကြိုက်ရွေးချယ်နိုင်သည့် အခြေအနေတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ အင်န်အယ်လ်ဒီသည် SNLDနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုသက်တမ်းတစ်လျှောက် ပူးပေါင်းမှုအစဉ်အလာရှိရာ ၎င်းတို့အကြား မည်သို့ပူးပေါင်းဆောင်ရွက်မည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

အင်န်အယ်လ်ဒီပါတီသည် ပြည်ခိုင်ဖြိုးပါတီ ယခင်ကအနိုင်ရခဲ့သည့် လားရှိုး၊ ကျိုင်းတုံနှင့် ရပ်စောက်တို့တွင် အနိုင်ရရှိခဲ့သည်။ အချုပ်အားဖြင့်ဆိုသော ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၃၃ခုတွင် အင်န်အယ်လ်ဒီက အနိုင်ရရှိခဲ့သည်။ SNLD ပါတီကမူ ယခင်က ပြည်နယ်အတွင်း မဲဆန္ဒနယ်၂၄ခု၌သာ အနိုင်ရရှိခဲ့သော်လည်း ယခုနှစ်တွင် ၂၆နေရာ အနိုင်ရရှိခဲ့သည်။

အင်န်အယ်လ်ဒီပါတီနှင့် SNLDပါတီတို့ ပေါင်းလျှင် အနိုင်ရရှိသည့် စုစုပေါင်းမဲဆန္ဒနယ် အရေအတွက်မှာ ၅၉နေရာဖြစ်သည်။ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးတို့ ပေါင်းလျှင်လည်း စုပေါင်းမဲဆန္ဒနယ်သည် ၅၉နေရာရှိနေသည်။ သို့တိုင် ပြည်နယ်လွှတ်တော်အတွက် အနိုင်ရသူများအနက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်နှစ်ဦးနှင့် နိုင်ငံရေးပါတီငါးခုက အမတ်များလောင်း၂၀ဦး၊ စုစုပေါင်း ၂၂ဦးရှိနေရာ ပြည်နယ်လွှတ်တော်တွင် လူများစုဖြစ်ရေးက မဟာမိတ်စုဖွဲ့မှုအပေါ်တွင် မူတည်လာသည်။

အင်န်အယ်လ်ဒီပါတီက ရွေးကောက်ပွဲအနိုင်ရပြီး မကြာမီတွင် တိုင်းရင်းသား၄၈ပါတီကို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ထားသည်။ “တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်”ဟု အင်န်အယ်လ်ဒီပါတီက တိုင်းရင်းသားပါတီများကို ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ကြေညာထားသည်။

“ကျွန်တော်တို့က စိတ်တူကိုယ်တူပါတီတွေကို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်မှ တိုက်တွန်းလိုပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ နိုင်ငံတည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန်အရေးကြီးလှပါတယ်”ဟု အင်န်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ဖရွန်းတီးယားမြန်မာကို နိုဝင်ဘာအတွင်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်း အနိုင်ရရှိသည့် ပါတီများနှင့် ရင်းနှီးသောဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းက ပြည်ခိုင်ဖြိုးပါတီအတွက် အားသာချက်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် နေရာခုနှစ်ခုတွင် အနိုင်ရရှိခဲ့သည့် ပအိုးအမျိုးသားအဖွဲ့ချုပ်နှင့် နှစ်နေရာတွင် နိုင်ခဲ့သည့် ဝအမျိုးသားပါတီတို့ဖြစ်သည်။

လွန်ခဲ့သည့်ဇူလိုင်တွင် ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်က ပြည်ခိုင်ဖြိုးပါတီနှင့် မဟာမိတ်အဖြစ်က ရပ်စဲကြောင်း ကြေညာခဲ့သည်။ ၎င်းတို့နှစ်ပါတီအကြား မဟာမိတ်ဖွဲ့ထားသဖြင့် ၂၀၁၅ရွေးကောက်ပွဲတွင် ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်ယှဉ်ပြိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။ သို့တိုင် ၎င်းပါတီနှစ်ခုအကြား နိုင်ငံရေးအယူအဆခွာပြဲသဖြင့် မဟာမိတ်အဖြစ်မှ ရပ်စဲသည့် ပုံစံမျိုးတော့မဟုတ်ပေ။

ပြည်နယ်လွှတ်တော်အတွက် ခုနှစ်နေရာတွင် အနိုင်ရရှိခဲ့သည့် တအာင်းမျိုးသားပါတီ တာဝန်ရှိသူများကမူ ၎င်းတို့သည် ပါတီကြီးများထံက ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းမှုများကို လက်ခံဆွေးနွေးလိုကြောင်း ဖရွန်းတီးယားမြန်မာသို့ ပြောဆိုထားသည်။

“ဘယ်ပါတီက ကျွန်တော်တို့ကို အခွင့်အရေးပိုပေးမလဲ၊ နောက်ပြီး ဘယ်ပါတီက ကျွန်တော်တို့ ဒေသအတွက် အကောင်းဆုံးလုပ်ပေးမလဲဆိုတဲ့အချက်အပေါ်အခြေခံပြီး ဆုံးဖြတ်သွားမှာပါ”ဟု တအာင်းအမျိုးသားပါတီ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတာဝန်ခံ ဦးကျော်အောင်က ပြောသည်။

လက်ရှိအချိန်အထိ ၎င်းတို့သည် အင်န်အယ်လ်ဒီပါတီက ပေးပို့သော စာကိုသာလက်ခံရရှိသေးကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့ (အင်န်အယ်လ်ဒီပါတီရဲ့) အိတ်ဖွင့်ပေးစာကို လက်ခံရရှိပါတယ်။ တွေ့ဆုံညှိနှိုင်းဖို့လည်း ဆန္ဒရှိပါတယ်”ဟု ၎င်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီအစိုးရသက်တမ်းငါးနှစ်အတွင်း ၎င်းတို့ဒေသက ပဋိပက္ခအရှိန်သည် အလွန်မြင့်မားခဲ့သောကြောင့် တအာင်းအမျိုးသားပါတီသည် ပြည်ခိုင်ဖြိုးထက်စာလျှင် အင်န်အယ်လ်ဒီပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာပိုများကြောင်း ဦးကျော်အောင်ကဆိုသည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို “အကြမ်းဖက်အဖွဲ့အစည်းများ”အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တောင်းဆိုခဲ့သည်။ ယင်းသို့တောင်းဆိုမှုကို လွှတ်တော်က လိုက်လျောခဲ့ခြင်းမရှိပေ။

“ဒီလိုတိုက်တွန်းမှုကြောင့် ငြိမ်းချမ်းရေးစကားဝိုင်းတွေအစား ပိုပြီးရှုပ်ထွေးတဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တအာင်းအမျိုးသားပါတီ အပါအဝင် တိုင်းရင်းသားပါတီတွေက ပြည်ခိုင်ဖြိုးနဲ့သဘောထားခြင်းမတိုက်ဆိုင်ပါဘူး”ဟု ဦးကျော်အောင်က ပြောသည်။

ပါတီများအကြားပူးပေါင်းဆောင်ရွက်မှုမှာ ပြည်နယ်လွှတ်တော်တွင်သာမက ပြည်ထောင်စုအဆင့်လွှတ်တော်တွင်လည်း ရှိနိုင်ပေသည်။

ပြည်ထောင်စုလွှတ်တော်တွင် သမ္မတကိုရွေးကောက်တင်မြှောက်ပြီး အစိုးရဖွဲ့နိုင်သည်အထိ လိုအပ်သော ကိုယ်စားလှယ်အရေအတွက် အနိုင်ရရှိသဖြင့် အင်န်အယ်လ်ဒီပါတီသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ရွေးချယ်ခန့်အပ်ပိုင်ခွင့်ရှိနေသည်။

၂၀၁၅တွင် အင်န်အယ်လ်ဒီသည် ပြည်ခိုင်ဖြိုးနှင့် SNLDပါတီတို့ယှဉ်လျှင် ရှမ်းပြည်နယ်လွှတ်တော်တွင် နေရာအနည်းငယ်တွင်သာ အနိုင်ရရှိခဲ့သည်။ သို့သော် ပါတီဝင်တစ်ဦးဖြစ်သူ (လားရှိုး-၁)မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ဒေါက်တာလင်းထွဋ်ကို အာဏာရပါတီက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ ယခုတွင်မူ အင်န်အယ်လ်ဒီနှင့် SNLD ပါတီတို့အကြား ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် အပေးအယူများ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။

“၂၀၁၅နဲ့ယှဉ်ရင် ရွေးကောက်ပွဲရလဒ်က အကြီးအကျယ်ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်က ၂၀၁၅တုန်းကနဲ့မတူ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတယ်”ဟု SNLDပါတီ၏ ဥပဒေအကြံပေး စိုင်းအောင်မြင့်ဦးက ပြောသည်။

ယင်းသို့ပါတီနှစ်ခုအကြား ဖြစ်လာဖွယ်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာ မည်သည့်အတိုင်းအတာအထိ အားကောင်းသည်ကို သွေးတိုးစမ်းသည့် ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ခဲ့သေးသည်။

နိုဝင်ဘာ၂၁ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းက အင်န်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်သည့် ဦးထိုက်ဇော်သည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ဦးထိုက်ဇော်နှင့် SNLDပါတီအမတ်လောင်း နှစ်ဦးစလုံး ဆန္ဒမဲပေါင်း ၁၁၀,၀၀၀နီးပါးစီ ရရှိခဲ့ကြပြီး ဦးထိုက်ဇော်က ၅၄မဲဖြင့် ကပ်၍အနိုင်ရခဲ့သည်။

ဦးထိုက်ဇော်လုပ်ကြံသတ်ဖြတ်ခံရမှုကို SNLDပါတီက အပြင်းအထန်ကန့်ကွက်ရှုံ့ချခဲ့ပြီး ၎င်းတို့နှင့် မည်သို့မျှလည်း ဆက်နွှယ်မှုမရှိကြောင်း ဆိုသည်။ SNLD ပါတီတာဝန်ရှိသူတစ်ဦးကမူ အဖုအထစ်ရှိသည့် အုပ်စုနှစ်ခုကြားသို့ “ခဲတစ်လုံးကောက်ပစ်လိုက်”သည့် ပုံစံမျိုးဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။

၂၀၁၅ရွေးကောက်ပွဲကာလတွင် ပြည်ခိုင်ဖြိုးပါတီအတွက် ရှမ်းပြည်နယ်၊ မြို့တော်တောင်ကြီးတွင် မဲဆွယ်ပေးနေသော ဒေသခံတစ်ဦးကို မြင်တွေ့ ရစဉ်။ (ရဲအောင်သူ | အေအက်ဖ်ပီ)

မဟာမိတ်ပြုခြင်းအနုပညာ

သို့သော် အင်န်အယ်လ်ဒီနှင့် SNLDတို့ သဘောတူညီမှု တစ်စုံတစ်ရာ ရရှိနိုင်မည်လော ဆိုသည်က စိတ်ဝင်စားဖွယ်မေးခွန်းဖြစ်သည်။ ဒီမိုကရေစီလှုပ်ရှားမှု သက်တမ်း တစ်လျှောက် မဟာမိတ်များဖြစ်ခဲ့သော်လည်း ၂၀၁၅ရွေးကောက်ပွဲအပြီး အာဏာခွဲဝေမှုတွင် သဘောတူညီမှုမရရှိသဖြင့် အင်န်အယ်လ်ဒီနှင့် SNLDတို့အကြားက ဆက်ဆံရေးမှာ အေးစက်သွားခဲ့သည်။

လွန်ခဲ့သည့်ငါးနှစ်က ရွေးကောက်ပွဲအပြီးတွင် အင်န်အယ်လ်ဒီက SNLDပါတီကို ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးသုံးနေရာ ကမ်းလှမ်းခဲ့သည်။ သို့သော် SNLDက လက်မခံခဲ့ပေ။ အင်န်အယ်လ်ဒီပါတီက ဝန်ကြီးနေရာများအတွက် မည်သူ့ကို ရွေးချယ်မည်ကို ၎င်းတို့ဆုံးဖြတ်မည်ဟုဆိုသောအခါ SNLD တာဝန်ရှိသူများက လက်မခံခဲ့ပေ။

“SNLD က ဝန်ကြီးချုပ်နေရာကိုလိုချင်ခဲ့တာ။ ဒီနှစ်တော့ အင်န်အယ်လ်ဒီက အရင်ကထက် ပိုပြီးကောင်းတဲ့နေရာ ကမ်းလှမ်းမယ်ထင်တာပဲ”ဟု နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် မိုင်းတုံမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးအမတ်လောင်းကို ရှုံးနိမ့်ခဲ့သူ ဦးအောင်ကျော်ဦးက ပြောသည်။

ညှိနှိုင်းဆွေးနွေးမှုများအဆင်မပြေသည့်နောက်တွင် အင်န်အယ်လ်ဒီပါတီက ပြည်ခိုင်ဖြိုးပါတီဝင်များကိုသာ ပြည်နယ်အစိုးရအဖွဲ့တွင် ရွေးချယ်ပါဝင်စေခဲ့သည်။ ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီပါတီတို့မှာ ဆက်ဆံရေးကောင်းမွန်သည် ပါတီများမဟုတ်ရာ ယင်းဆုံးဖြတ်ချက်မှာ အလွန်အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်။

အင်န်အယ်လ်ဒီပါတီက ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ကို ဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့သော်လည်း ၎င်းတို့သည် ယခင်လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ရင်းနှီးသောလူများဖြစ်ပြီး ပြည်ခိုင်ဖြိုးမှ ထုတ်ပယ်ခံထားရသူများ ဖြစ်သည်။ သို့သော် ရှမ်းပြည်နယ်တွင်မူ ပြည်နယ်အစိုးရတွင် တာဝန်ထမ်းဆောင်ရန် အင်န်အယ်လ်ဒီက ရွေးချယ်သူများကို ပြည်ခိုင်ဖြိုးကလည်း စောဒကမတက်ခဲ့ပေ။

SNLDက ပြည်နယ်ဝန်ကြီးသုံးနေရာကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သောအခါ အင်န်အယ်လ်ဒီပါတီက ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ကို ပြည်ခိုင်ဖြိုးပါတီဝင်များအား ပြည်နယ်အစိုးရအဖွဲ့တွင် ခန့်အပ်ရန် ညွှန်ကြားခဲ့ကြောင်း အဆိုပါဖြစ်စဉ်များကို သိရှိထားသူ သတင်းရင်းမြစ်များက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်များအကြား ပြည်နယ်လွှတ်တော်အတွင်း အချို့ကိစ္စရပ်များ ဆွေးနွေးရာတွင် သဘောထားကွဲလွဲမှုနှင့် တင်းမာမှုအချို့ရှိသော်လည်း ပြည်နယ်အစိုးရအဖွဲ့တွင်းက နှစ်ပါတီဝန်ကြီးများအကြား အခြေအနေမှာ ယင်းသို့မဟုတ်ပေ။

“ဒီလွှတ်တော်ထဲမှာ ပွတ်တိုက်မှုတွေက အများကြီးပဲ။ ဝန်ကြီးချုပ်လင်းထွဋ်က စွမ်းဆောင်ရည်မကောင်းလို့ ဝေဖန်ခံခဲ့ရတယ်။ ဒါပေမဲ့ သူဒီအခြေအနေအောက်မှာ ထိန်းထိန်းသိမ်းသမ်းလုပ်နိုင်ခဲ့တယ်”ဟု ဦးအောင်ကျော်ဦးက ပြောသည်။

သို့သော် အင်န်အယ်လ်ဒီပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကမူ ၎င်းတို့သည် SNLD ကို ပြည်နယ်လွှတ်တော်တွင်သာမက ပြည်နယ်အစိုးရတွင်ပါ ပြည်ခိုင်ဖြိုးထက် နေရာပိုပေးလိုကြောင်း ဆိုသည်။

“သူတို့ (SNLD)ကို ပြည်နယ်အစိုးရအဖွဲ့မှာ အရေးပါတဲ့နေရာတစ်နေရာတော့ ပေးသင့်တယ်။ ဒါမှလည်း သင့်တော်မှာကိုး။ ကျွန်တော်တို့ကတော့ သူတို့တွေကို ပြိုင်ဘက်ပါတီကလို့ မထင်ဘူး”ဟု ရှမ်းပြည်နယ်မြောက်ပိုင်းက အမည်မဖော်လိုသော အင်န်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အင်န်အယ်လ်ဒီပါတီသည် SNLD ပါတီကို ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးနေရာအတော်များများသာမက ဝန်ကြီးချုပ်နေရာကိုပင် ကမ်းလှမ်းခဲ့လိမ့်မည်ဟု ထင်မှတ်ထားကြောင်း ယခင်သီပေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကဆိုသည်။ ယင်းသို့ဆိုသည်မှာ အင်န်အယ်လ်ဒီပါတီ၏ တိုင်းရင်းသားပါတီများကိုပေးပို့သည့် ဖိတ်ခေါ်စာနှင့် “အမျိုးသားညီညွတ်ရေးအစိုးရ”ဖွဲ့စည်းမည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောဆိုမှုများကို ကိုးကား၍​ ဦးရဲထွန်းက မှတ်ချက်ပြုခြင်းဖြစ်သည်။

သို့သော် လွန်ခဲ့သော ငါးနှစ်အတွင်း ရှမ်းပြည်နယ်လွှတ်တော်တွင် ပါတီတစ်ခုက အစိုးရဖြစ်ချိန်တွင် ကျန်တစ်ပါတီက စစ်တပ်နှင့်ပူးပေါင်း၍ လွှတ်တော်ကို လွှမ်းမိုးရန် ကြိုးပမ်းခဲ့ကြောင်း ၎င်းကဆိုသည်။

“ပါတီတစ်ခုတည်းကပဲ အာဏာအရပ်ရပ်ရယူထားရင် ဒါက အာဏာရှင်စနစ်ဖြစ်သွားမယ်။ အပြန်အလှန်ထိန်းကျောင်းမှုက လုံးဝရှိတော့မှာမဟုတ်ဘူး”ဟု ၎င်းကပြောသည်။

SNLD ဒုတိယဥက္ကဋ္ဌ-၁ စိုင်းညွန့်လွင်က ၎င်းတို့အနေဖြင့် အင်န်အယ်လ်ဒီပါတီ၏ ဖိတ်ခေါ်မှုကို ကြိုဆိုကြောင်းနှင့် မည်သို့တုံ့ပြန်ရမည်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောသည်။

“အခုထက်ထိတော့ သီးခြားဆက်သွယ်ဆောင်ရွက်တာမျိုးတော့ မရှိသေးပါဘူး။ ကျွန်တော်တို့လည်း နှစ်ဦးနှစ်ဘက် သဘောတူတဲ့ရလဒ်ထွက်နိုင်မဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးတော့ လုပ်ဖို့ဆန္ဒရှိပါတယ်”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၎င်းယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲနေ့၌ မဲမသမာမှုဖြစ်စဉ်အချို့ကို မျက်မြင်ကြုံတွေ့ခဲ့ရကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကန့်ကွက်လွှာများ

ရွေးကောက်ပွဲအလွန်တွင် ကန့်ကွက်လွှာအများအပြား တင်သွင်းမှုရှိသဖြင့် ပါတီများ၏ အနိုင်ရမဲဆန္ဒနယ်မြေများ အပြောင်းအလဲဖြစ်ပေါ်နိုင်ရာ အကယ်၍သာ ယင်းသို့ ပြောင်းလဲသွားပါက ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများအပေါ် ထိခိုက်လာနိုင်မည်လော ဟူသည့် စဉ်းစားချက်များလည်းရှိနေသည်။

မဲရှုံးကိုယ်စားလှယ်လောင်းများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရလဒ်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း၄၅ရက်အတွင်း ငွေကျပ်၅၀၀,၀၀၀ ပေးသွင်း၍ ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းနိုင်သည်။ ယင်းသို့တင်သွင်းသည့်အခါ ကော်မရှင်က ခုံရုံးတစ်ခုဖွဲ့စည်း၍ အမှုကို စစ်ဆေးကြားနာစေသည်။

ခုံရုံးသည် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်သည်အထိ အခွင့်အာဏာရှိနေပြီး ခုံရုံး၏ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ကော်မရှင်သို့ အယူခံဝင်နိုင်သည်။ ကော်မရှင်သည် ယင်းသို့တင်သွင်းသည့် ရွေးကောက်ပွဲဆိုင်ရာ အမှုများကို စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်တရားရုံးများတွင် အယူခံဝင်ခွင့်မရှိပေ။

ပြည်ခိုင်ဖြိုးပါတီသည် ရှမ်းပြည်နယ်တွင်လည်း အနိုင်ရအင်န်အယ်လ်ဒီ ကိုယ်စားလှယ်များကို ကန့်ကွက်လွှာအများအပြား တင်သွင်းခဲ့သည်။ တရားမျှတမှုမရှိ ဟုဆိုကာ ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲတစ်ခုလုံး ပြန်လည်ကျင်းပပေးရန် တောင်းဆိုထားသည်။ ရှမ်းပြည်နယ်တွင်လည်း အခြားနိုင်ငံတစ်ဝန်းကကဲ့သို့ပင် ပြည်ခိုင်ဖြိုးပါတီဝင်များသည် ပုံစံ-၁၉ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ကြသည်။ ပုံစံ-၁၉ဆိုသည်မှာ မဲရုံများက မဲရလဒ်များကို ပေါင်းချုပ်သည့် အနိုင်အရှုံးစာရင်းဖြစ်သည်။ ယင်းပုံစံကိုလက်မှတ်မထိုးသည့်တိုင် ရွေးကောက်ပွဲရလဒ်ကို မည်သို့မျှမထိခိုက်နိုင်ပေ။

လားရှိုးမြို့တွင်မူ အင်န်အယ်လ်ဒီပါတီသည် ကလေးသူငယ်များကို မဲပေးစေခဲ့ကြောင်းနှင့် နိုဝင်ဘာ၇ရက် (မဲမဆွယ်ရသည့်နေ့)တွင် ဝန်ကြီးချုပ်ဦးလင်းထွဋ်သည် မဲဆွယ်စည်းရုံးခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲထားသည်။ လားရှိုးမြို့နယ်တွင် ပုံစံ-၁၉တွင် လက်မှတ်ရေးထိုးရန် အခြားပါတီသုံးခုကလည်း ငြင်းဆန်ခဲ့သည်။

ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်များတွင်မူ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မမှန်မကန် လုပ်ဆောင်မှုများ အများအပြားရှိကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များက ယင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့  တိုင်ကြားစာပေးပို့ထားသည်။

အင်န်အယ်လ်ဒီပါတီက မဲဆန္ဒနယ်သုံးခုတွင် အနိုင်ရရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင်လည်း SNLDက ကြိုတင်မဲပေးသည့်ကိစ္စနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တိုင်ကြားထားသည်။

သို့သော် နိုင်ငံရေးပါတီမည်မျှက တိုင်စာများပေးပို့သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ငွေကျပ်၅၀၀,၀၀၀ပေးသွင်း၍ တရားဝင်ကန့်ကွက်လွှာတင်သွင်းမည်ကိုမူ အတိအကျ မသိရှိရသေးပေ။

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မြင့်ဝင်းကမူ ပါတီများက တင်သွင်းထားသော ကန့်ကွက်လွှာအရေအတွက်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းသည် ကန့်ကွက်လွှာတင်သွင်းမှုအများဆုံး ဒေသဖြစ်ကြောင်း ပြောသည်။ ပြီးလျှင် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဒုတိယအများဆုံး ကန့်ကွက်လွှာတင်သွင်းထားကြောင်း ၎င်းကဆိုသည်။

ကန့်ကွက်လွှာအများအပြားတွင် ပါဝင်သည့်တူညီသောအကြောင်းအရာမှာ အသက်မပြည့်သေးသူများကို မဲပေးစေခြင်းဖြစ်ပြီး ကန့်ကွက်လွှာအများဆုံး တင်သွင်းသည်က ပြည်ခိုင်ဖြိုးပါတီဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် တပ်မဲများနှင့် တပ်မတော်သားများ၏ ကြိုတင်မဲများနှင့်ပတ်သက်၍ ကန့်ကွက်လွှာများက ၂၀၁၅ကထက်စာလျှင် လျော့နည်းသွားကြောင်း ဦးဇော်မြင့်ဝင်းက ဆိုသည်။ ယင်းမှာ ရွေးကောက်ပွဲဖြစ်စဉ်အတွင်း တိုးတက်မှုတစ်ခုဖြစ်သည်။

လွန်ခဲ့သည့်ငါးနှစ်က လားရှိုးအပါအဝင် အချို့မြို့နယ်များတွင် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၏ ကြိုတင်မဲများမှာ အလွန်အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ ယင်းမဲအများအပြားကြောင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့သည်။

ယခုနှစ်တွင်မူ တိုင်ကြားမှုအများစုက မဲဆန္ဒနယ်အတွင်းက ရွေးကောက်ပွဲမတိုင်မီ ကောက်ယူခဲ့သော ကြိုတင်မဲများဖြစ်သည်။ နိုဝင်ဘာ၈ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ကာလအတွင်း ကျရောက်နေသည်ဖြစ်ရာ ကော်မရှင်က အသက်၆၀နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲပေးစေခဲ့သည်။

ယင်းသို့ဆောင်ရွက်လိုက်သဖြင့် ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အိုများသည် ရွေးကောက်ပွဲနေ့တွင် လူအများအပြားစုဝေးရာ မဲရုံများသို့ မဲပေးရန်သွားရောက်စရာမလိုတော့ပေ။ ယင်းကလည်း ကိုဗစ်-၁၉ကူးစက်ခံရခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

ငြိမ်းချမ်းရေးနှစ်၃၀ပြည့်အခမ်းအနားအတွက် ကြိုတင်လေ့ကျင့်နေသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ စစ်သမီးများကို ၂၀၁၉၊​ ဧပြီလအတွင်းက မြင်တွေ့ခဲ့ရစဉ်။ (စတိဖ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

လက်နက်ကိုင်အဖွဲ့များ၏ အင်အားပြမှု

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ရွေးကောက်ပွဲမတိုင်ခင်ကာလများက ၎င်းတို့လိုချင်သည့်မဲရလဒ်ဖြစ်ပေါ်လာအောင် လွှမ်းမိုးခဲ့ကြောင်း နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများက ဆိုသည်။ ယင်းအကြောင်းကို ဖရွန်းတီးယားမြန်မာက သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်များတွင် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော  ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ပူးပေါင်းကြံစည်၍ ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ်များကို အသာစီးရယူ၊​ အနိုင်ရခဲ့ကြောင်း အင်န်အယ်လ်ဒီပါတီက စွပ်စွဲထားသည်။

၂၀၁၅တွင် အင်န်အယ်လ်ဒီပါတီသည် ဝတပ်ဖွဲ့ဝင်များ၏ ထောက်ခံမှုကြောင့် မိုင်းတုံပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မိုင်းတုံ-၂)တို့တွင် အနိုင်ရရှိခဲ့သည်။

“၂၀၁၅တုန်းက ဝတပ်ဖွဲ့ဝင်တွေက အင်န်အယ်လ်ဒီကို မဲပေးခဲ့ကြတယ်။ ဘာကြောင့်လဲတော့ ကျွန်တော်လည်းမသိဘူး။ ဒီနှစ်မှာတော့ ဝတပ်ဖွဲ့ဝင်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီက အပေးအယူလုပ်ခဲ့တယ်။ အဲဒါကြောင့် ဝတွေက ပြည်ခိုင်ဖြိုးပါတီကို မဲပေးလိုက်ကြတာလို့ ကျွန်တော်ယူဆတယ်”ဟု ဦးအောင်ကျော်ဦးက ပြောသည်။ ၎င်းသည် လက်ရှိမိုင်းတုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နိုဝင်ဘာ၈ရက်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မိုင်းတုံ-၁)တွင် ထပ်မံအနိုင်ရရှိခဲ့ပြီး ဝအမျိုးသားပါတီကမူ အင်န်အယ်လ်ဒီအနိုင်ရခဲ့သည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မိုင်းတုံ-၂)ကို အနိုင်ရရှိခဲ့သည်။

“တောင်ပိုင်းက ဝတပ်ဖွဲ့ဝင်တွေက ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေတိုင်းထဲက မြို့နယ်ခြောက်မြို့နယ် အပြင်ဘက်မှာ စခန်းချထားတာ … ကျွန်တော်ထင်တာကတော့ ဝအဖွဲ့က ပြည်ခိုင်ဖြိုးနဲ့ မြေကိစ္စအပေးအယူလုပ်ထားတယ်။ အပြန်အလှန်အားဖြင့် ဝတွေက ပြည်ခိုင်ဖြိုးနဲ့သူ့မဟာမိတ် ဝအမျိုးသားပါတီကို မဲပေးမယ်ဆိုတာမျိုးပေါ့”ဟု ၎င်းကပြောသည်။

ဝတပ်ဖွဲ့ဝင်များ၏ ထောက်ခံမှုမရှိတော့ကြောင်းကို ၂၀၁၅နှင့် ယခုနှစ်တွင် ၎င်းရရှိခဲ့သည့် မဲရလဒ်ကွာဟချက်က သက်သေဖြစ်သည်ဟု ဦးအောင်ကျော်ဦးက ဆိုသည်။ ၂၀၁၅တွင် ၎င်းသည် ဆန္ဒမဲ ၈,၀၀၀ကျော် (ဆန္ဒမဲအားလုံး၏ ၄၀ရာခိုင်နှုန်းကျော်) ရရှိခဲ့သော်လည်း ယခုနှစ်တွင် မဲ၃,၀၀၀ကျော်သာ ရရှိခဲ့သည်။

“ဝတွေက ဒီတစ်ကြိမ်တော့ ပြည်ခိုင်ဖြိုးကိုမဲပေးတယ်ဆိုတာ သေချာသွားပြီ”ဟု ၎င်းကပြောသည်။

မိုင်းဆတ်မြို့နယ်တွင်လည်း အင်န်အယ်လ်ဒီပါတီ၏ မဲရှုံးကိုယ်စားလှယ်လောင်းက တရားမမျှတသည့် ဖြစ်စဉ်အချို့ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ “ဒီမြို့မှာ မဲမသမာမှုတွေ ရှိခဲ့တယ်။ UWSA ရဲ့ တောင်ပိုင်းတပ်ဖွဲ့ဝင်တွေက အသက်မပြည့်သေးတဲ့သူတွေကို မဲပေးခိုင်းဖို့ မဲရုံဝန်ထမ်းတွေကို ဖိအားပေးခဲ့တယ်”ဟု ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (မိုင်းဆတ်-၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက ပြောသည်။

သက်မပြည့်သေးသူများကို မဲပေးစေခဲ့သည့်အပေါ် ကော်မရှင်အဖွဲ့ခွဲသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း ထိုမြို့နယ်နှစ်ခုလုံးတွင် ဒုတိယမဲအများဆုံးရရှိသည့် SNLDပါတီက ဆိုသည်။ တိုင်ကြားခံရသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်သာ ပြစ်မှုထင်ရှား၍ ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံရပါက SNLD ပါတီက ထိုနေရာကို ရယူနိုင်မည်ဖြစ်သည်။

မိုင်းဖြတ်မြို့နယ်တွင်မူ ဒေသခံပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က SNLD ကိုယ်စားလှယ်လောင်းကို အွန်လိုင်းပေါ်တွင် အသရေဖျက်မှုဖြင့် ရဲတပ်ဖွဲ့ထံတွင် တရားစွဲဆိုခဲ့သည်။ နမ်းယွန်းပြည်သူ့စစ်အဖွဲ့သည် ရွေးကောက်ပွဲနေ့တွင် ဒေသခံများကို မဲရုံသို့ အကြိုအပို့စီစဉ်ပေးခဲ့ပြီး အပြန်အလှန်အဖြစ် ပြည်ခိုင်ဖြိုးပါတီကို မဲပေးစေခဲ့ကြောင်း SNLD ကိုယ်စားလှယ်လောင်းက ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သဖြင့် ပြည်သူ့စစ်အဖွဲ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု နယ်ခံရဲအရာရှိတစ်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မိုင်းဖြတ်-၂)တွင် အင်န်အယ်လ်ဒီကို ကျော်လွန်၍ အနိုင်ရရှိခဲ့သည်။ SNLD ကိုယ်စားလှယ်လောင်းကမူ ၎င်း၏ရေးသားချက်မှာ မှန်ကန်ကြောင်း အခိုင်အမာဆိုပြီး အင်န်အယ်လ်ဒီပါတီကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ကန့်ကွက်သွားမည်ဖြစ်ကြောင်း အာရ်အက်ဖ်အေသတင်းဌာနက ဖော်ပြသည့် သတင်းတစ်ပုဒ်တွင်ပါရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းပြည်သူ့စစ်များသည် ၎င်းတို့၏ဒေသတွင် ရွေးကောက်ပွဲနေ့၌ မဲမသမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ SNLD ပါတီဝင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(ရှမ်း-၅)ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ကန့်ကွက်စာတစ်စောင် ပေးပို့ထားသည်။

ရွေးကောက်ပွဲနေ့တွင် အသက်မပြည့်သေးသူများကို မဲပေးစေခြင်း၊​ အခြားသူ၏ မဲဆန္ဒရှင်သက်သေခံလက်မှတ်ဖြင့် မဲပေးခြင်းစသည့်ဖြစ်စဉ်များ ကွတ်ခိုင်မြို့နယ်၊  တာမိုးညဲမြို့ရှိ မဲရုံတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောသည်။ ယင်းမြို့တွင်အခြေစိုက်သည့် တာမိုးညဲပြည်သူ့စစ်သည် အင်အားတောင့်တင်းသော ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သည်။

နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် ကွတ်ခိုင်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးသူရလွင် အနိုင်ရရှိခဲ့သည်။ ဦးသူရလွင်သည် တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်လွင်၏ သားဖြစ်သည်။  ယင်းအမှုကို တင်ပြသောအခါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စုံစမ်းစစ်ဆေးပေးရန် ငြင်းဆန်ခဲ့ပြီး ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်ရန်သာ ညွှန်ကြားခဲ့ကြောင်း ဦးမော်ထွန်းအောင်က ပြောသည်။

“ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေအရ ဒီရွေးကောက်ပွဲရလဒ်ကို လွတ်လပ်ပြီး တရားမျှတယ်လို့ လက်မခံနိုင်ပါဘူး”ဟု ၎င်းကပြောသည်။

မောင်မောင် ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar