ဒလလှေသချုႋင်းမှ ထိခိုက်ပင်ပန်း လှေဖျက်လုပ်ငန်း

ရန်ကုန်မြို့တဖက်ကမ်း ဒလကမ်းခြေ၌ လှေသုဘရာဇာဟုခေါ်ကြသည့် အလုပ်သမားအဖွဲ့သည် ငါးဖမ်းလှေဟောင်းများမှ သစ်များဖြုတ်ခွာယူရန် ပင်ပန်း၍ အန္တရာယ်များလှသောအလုပ်ကို အားသွန်ခွန်စိုက် လုပ်နေကြသည်။

စာသားနှင့် ဓာတ်ပုံ – ခွန်ယံ

ရန်ကုန်မြစ်၏ ဒလဘက်ကမ်းခြေတွင် ငါးဖမ်းလှေဟောင်းများမှ သစ်များကို အကောင်းပြန်ရအောင် ခွာဖြုတ်ယူ၍ အသက်မွေးဝမ်းကျောင်းနေရသော အလုပ်သမားအုပ်စုအတွက် ယင်းလုပ်ငန်းက ခါးဆစ်များကို နာကျင်ကိုက်ခဲအောင်ပင်ပန်းလွန်းလှသည်။

လှေဟောင်းများစွန့်ပစ်ထားရာကို လှေသချုႋင်းဟုခေါ်ပြီး ထိုလှေများကို ဖျက်သူတို့အား လှေသုဘရာဇာများဟု နာမည်ပြောင်ပေးထားကြသည်။

ယင်းလုပ်ငန်း၌ လုပ်သား ၂၀ ခန့်ရှိကာ အသက်အရွယ်အားဖြင့် ၁၄ နှစ်မှ ၆၉ နှစ်အထိရှိကြသည်။ သူတို့ထဲတွင် လှေသချုႋင်း၌ ၃၄ နှစ်ကြာ လုပ်ကိုင်လာသော ၄၈ နှစ်ရှိပြီဖြစ်သည့် ဦးစိုးအောင်လည်းအပါအဝင်ဖြစ်သည်။

ထိုသို့ဖြုတ်ထုတ်ရာတွင် လှေတစ်စီးကို ရက်၂၀ ခန့်ကြာမြင့်လေ့ရှိသည်။ သံပြားသံဘောင်များကို ဂဟေဖြင့် အပိုင်းပိုင်းဖြတ်ထုတ်ရသည်။ သစ်သားများ အထိအနာမရှိအောင် ဂရုတစိုက်ဖြုတ်ခွာရသည်။ သစ်သားထဲနစ်မြှုပ်နေသည့် တစ်လက်မခန့်လုံးပတ်ရှိသော သံမူလီများကိုမူ သံတူကြီးများဖြင့် ရိုက်ထုတ်ရသည်။

ငါးဖမ်းလှေဟောင်းမှ အောက်ဆီအက်စီတိုင်လင်းမီးဖြင့် ဖြတ်ယူထားသည့် သံပြားကြီးများ၏ အလေးချိန်မှာ ပျမ်းမျှအားဖြင့် ကီလိုဂရမ် ၃၀ မှ ၅၀ (ပိဿာ ၂၀ မှ ၃၀) ခန့်ရှိကြသည်။ လုပ်သားများခမျာ ယင်းသံပြားကြီးများကို သိမ်းဆည်းရာနေရာသို့ ရွှံ့နွံများကိုရုံး၍သယ်ယူကြရသည်။ ရွှံ့ထဲနစ်နေသည့် သံတိုသံစများမှာ ခြေဗလာသမားတို့အဖို့ အလွန်အန္တရာယ်များလှသည်။ အလုပ်ကြပ်၊ အလုပ်သမားခေါင်းတချို့က လည်ရှည်ဘွတ်ဖိနပ်၊ လက်အိတ်များဝတ်ဆင်နိုင်သော်လည်း အလုပ်သမားများမှာ ဘာအကာအကွယ်မှ မဝတ်နိုင်ကြပေ။

“သူဌေးဖက်ကတော့ အကာအကွယ်ပစ္စည်း ဘာမှမပေးပါဘူး။ လုပ်ငန်းခွင်ထဲမှာ ထိမိ ရှမိတာကို ကိုယ်ဖြစ်ရင် ကိုယ်တိုင်ကုရတာပဲ” ဟု ဦးစိုးအောင်ကပြောသည်။

Khun Yam | Frontier

Khun Yam | Frontier

အကာအကွယ်မဲ့သည့် အခြေအနေမျိုးတွင် လုပ်ကိုင်ရသဖြင့် ခန္ဓာကိုယ်အနှံ့၌ ဒဏ်ရာများကို တွေ့နေရသည်။ လေးလံသော သံဘောင် သံပြား သစ်သားများကို သယ်ယူရခြင်း၊ ခွန်အားသုံးပြီး ထုရိုက်ရခြင်းကြောင့် အပတ်တိုင်းလိုလို အကိုက်အခဲပျောက်ဆေးထိုးရသည်။ သို့မဟုတ်လျှင် ညောင်းညာကိုက်ခဲပြီး နေလို့ထိုင်လို့ မကောင်းတော့ပေ။

“လုပ်စရာအလုပ်မရှိတော့ ဘဝဝမ်းစာအတွက်  လုပ်နေရတာပဲ ၊ တခါတခါနားရင် အကိုက်အခဲပျောက်ဆေး ထိုးရတယ်။ မဟုတ်ရင် ကားသွားမယ်လေ” ဟု ဦးစိုးအောင်က ပြောသည်။

အကာအကွယ်ဆို ဖိနပ်ပင်မပါသည့် ရွံဗွက်ထဲတွင် အလုပ်လုပ်နေရသဖြင့် အလုပ်သမားတိုင်းလိုလို ခြေဖဝါးသံစူးခြင်း၊ သစ်တုံး သစ်သားများကို ထမ်းသည့်အခါ သစ်သားထဲကျန်နေသည့် သံမူလီများက ပုခုံးကိုစူးခြင်းခံကြရသည်။

ဤမျှသာ မဟုတ်သေးပါ။ သံဘောင်များကို ထမ်းသည့်အခါတွင်လည်း ရွှံ့ဗွက်ထဲ ခြေချော်လဲကျသဖြင့် သံဘောင်က လူကို ပြန်ဖိမိခြင်းများ မကြာခဏ ဖြစ်တတ်သည်။

Khun Yam | Frontier

Khun Yam | Frontier

ဦးစိုးအောင်တို့ လုပ်ဖော်ကိုင်ဖက် ဦးဖိုးနီမှာ လှေပျက်ထဲမှ လေးလုံးတွဲအင်ဂျင် တစ်လုံးကို ထမ်းထုတ်ကြရာမှ အင်ဂျင်ခြေထောက်ပေါ်ကျကာ သူ့ခြေမ တစ်ချောင်းဖြတ်လိုက်ရရှာသည်။

ဦးစိုးအောင်မှာ ထိုမတော်တဆမှုကို မျက်ဝါးထင်ထင်မြင်လိုက်မိသော်လည်း အန္တရာယ်များသော ထိုအလုပ် ဆက်မလုပ်အောင် မတားနိုင်ပါချေ။ အလုပ်သမားတိုင်း ဒဏ်ရာမရဖူးသူဟူ၍ မရှိပေ။

“နားရက်ယူလိုက်ရင် ပိုက်ဆံမရတော့ဘူးလေ။ ကိုယ့်မှာက ကလေးနဲ့ မိန်းမနဲ့ မိသားစုရှိတယ်။ တော်ရုံတန်ရုံ ညောင်းညာကိုက်ခဲတာမျိုးဆို မနားရဲဘူး၊ ဆေးသောက်ပြီး လုပ်တာပဲ” ဟု ဦးစိုးအောင်က ဂဟေဆော်ထားသည့် သံပြားကိုရေလောင်းရင်းပြောသည်။

ဦးစိုးအောင်တို့ မိသားစု ငါးယောက်သည် အလုပ်ရှင်ပေးထားသည့် သစ်သားအဟောင်းထားသော ဝိုင်းထဲတွင်နေကြသည်။ ဦးစိုးအောင် ယခုအလုပ်ကို လုပ်ကိုင်နေသည်မှာ အသက် ၁၄ နှစ်ကတည်းကဖြစ်သည်။ ယခု သူ့အသက် ၄၈ နှစ်ရှိနေပြီဖြစ်သည်။

Khun Yam | Frontier

Khun Yam | Frontier

လှေအဟောင်းကို ဖျက်ထုတ်ရာမှ ရလာသည့်သစ်သားများကို တစ်တန်လျှင် ကိုးသိန်းခန့်ဖြင့် ပြန်ရောင်းသည်။ သို့သော် အလုပ်သမားများသည် တစ်ရက်ကို ရှစ်ထောင်ကျပ်သာရပြီး အလုပ်သမားခေါင်းဆောင်သည်သာ ကျပ်တစ်သောင်းရသည်။

အလုပ်ချိန်ကို မနက် ၇ နာရီမှ ညနေ ၅ နာရီထိ သတ်မှတ်ထားပြီး နားချိန်သည် နေ့လယ်ထမင်းစားချိန် ၁၂ နာရီမှ ၁ နာရီထိသာဖြစ်သည်။ သူတို့တွင် အလုပ်ပိတ်ရက်ဟူ၍မရှိဘဲ နားချင်သည့်ရက်တွင် နားနိုင်သော်လည်း ထိုနေ့အတွက် လုပ်အားခမရရှိပေ။

လှေငယ်အချို့ကိုမူ ပြန်မရောင်းတော့ဘဲ ရန်ကုန်မြစ်ထဲ စွန့်ပစ်သည်လည်းရှိသည်။ ထိုစွန့်ပစ်သည့် လှေများကိုရှာပြီး ကမ်းစပ်ကိုဆွဲလာကာ တစ်စစီ ဖြုတ်ထုတ်ရောင်းချကြသည်။ ပင်လယ်ပြင် ငါးဖမ်းစက်လှေအကြီး တစ်စီးကို ကျပ်သိန်းတစ်ရာခန့်ပေးဝယ်ရပြီး ဖြုတ်ရောင်းအပြီး ကျပ် ၂၅ သိန်းမှ သိန်း ၅၀ ကြား အမြတ်ကျန်သည်။

Khun Yam | Frontier

Khun Yam | Frontier

ငါးဖမ်းစက်လှေဟောင်းများ လှေသချုႋင်းရောက်လာသည့်အခါ မြစ်စောင့်နတ်ကို ပူဇော်သောအားဖြင့် လှေဦးထိပ်တွင် ချည်ထားသည့် အဝတ်ဖြူ အဝတ်နီ နှစ်စကို လှေသချုႋင်းရှိ သစ်ပင်တစ်ပင်၌ ပြောင်းရွှေ့ချည်နှောင်ထားကြသည်။

ယခုအလုပ်ကို စွန့်ခွာဖို့ရှိလားဟု ဦးစိုးအောင်ကို မေးရာမှာတော့

“သက်သက်သာသာနဲ့ လုပ်ရတဲ့ အလုပ်ရှိရင် ပြောင်းချင်တာပေါ့။ ဒါပေမဲ့ မနက်ဖြန် ထမင်းစားဖို့အတွက်တော့ ဒီနေ့ ဒီအလုပ်ပဲ ဆက်လုပ်နေရဦးမယ်”

ခေါင်းစီးဓာတ်ပုံ – ခွန်ယံ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.