တပ်မတော်လေယာဉ်ပျက် အစိတ်အပိုင်းများ ရှာဖွေမှုကို ဆက်လက်ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင် ၄

ပြီးခဲ့သည့်လအစောပိုင်းက လူပေါင်း ၁၂၀ ကျော်နှင့်အတူ ပျက်ကျသွားခဲ့သည့် တပ်မတော်လေယာဉ်ပျက်၏ အစိတ်အပိုင်းများအား ရှာဖွေသည့်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်သည်။

ဇွန် ၇ ရက်နေ့ မွန်းလွဲပိုင်းက ပျက်ကျသွားခဲ့သည့် အဆိုပါလေယာဉ်ပျက်မှ Flight Data Recoder-FDR နှင့် Cockpit Voice Recoder – CVR တို့အား ဇွန် ၁၈ ရက်တွင် ဆယ်ယူရရှိခဲ့ပြီးဖြစ်သည်။

ထို့ပြင် ဇွန် ၈ ရက်မှ ဇူလိုင် ၂ ရက်အထိ လေယာဉ်အစိတ်အပိုင်း ၂၆၁ ခုအား ဆယ်ယူရရှိထားရာ လေယာဉ်ဦးပိုင်း (Nose Section) လေယာဉ်ကိုယ်ထည်ပိုင်း (Middle Fuselage) နှင့် လေယာဉ်အမြီးပိုင်း (Rear Section) ခွဲခြား၍ စိစစ်မှတ်တမ်းတင် ထားရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၃ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ တတိယအဖွဲ့အစည်း ပါဝင်သည့် ပူးပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေး ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကိုလည်း မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမည်ဖြစ်ပြီး အမှန်အတိုင်း သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စစ်ရေယာဉ် ၉ စီး၊ ဒေသခံ ငါးဖမ်းစက်လှေ ၈ စီး၊ ကျွမ်းကျင်ရေငုပ် အရာရှိ၊ စစ်သည် ၃၃ ဦးတို့ဖြင့် ရှာဖွေဆယ်ယူရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

မြိတ်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၁၂၄ ဦးအား သယ်ဆောင်ကာ ပျံသန်းလာသည့် တပ်မတော်(လေ)မှ Y8 အမျိုးအစား ကုန်တင်လေယာဉ်သည် ပင်လယ်ပြင်အတွင်း ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်ပါရှိသွားသည့် ခရီးသည်များ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။ လေယာဉ်ပေါ် လိုက်ပါသွားသူအများစု၏ ရုပ်အလောင်းများကိုလည်း ပြန်လည် တွေ့ရှိခဲ့ပြီးလည်း ဖြစ်သည်။

ယခုပျက်ကျခဲ့သည့် လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် တရုတ်နိုင်ငံမှ နောက်ဆုံး ရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီသာ ပျံသန်း အသုံးပြုရသေးသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar